အိပ်မက်နယ်ပယ် အထူးအခွင့်အရေး
Vol. 21 Ch. 206
စုချန်းသည် တိမ်တိုက်ကျားသစ်နှင့် အချိန်အတော်ကြာအောင် စကားပြောလဆိုပြီးမှ တဲဆီသို့ပြန်လာကာ အိပ်ယာဝင်ခဲ့လေသည်။ အိပ်ယာဝင်သည်၊ အနားယူသည်ဟု စကားအဖြစ်သာ ပြောရသည်။ အမှန်တော့ စုချန်းသည် အိပ်မက်နယ်ပယ်အတွင်း ဝင်ရောက်၍ လေ့ကျင့်နေခြင်းပင်တည်း။ ၎င်းသည် ညစဉ်ညတိုင်း စုချန်း ပြုလုပ့်မြဲ အလေ့အထ ဖြစ်လာ၏။
စုချန်း၏ လက်ဖျံပေါ်ရှိ ပုံစံကွက်သည် တဖြည်းဖြည်း နိုးထလာပြီး စုချန်း၏ အသိစိတ်အား အိပ်မက်နယ်ပယ်ဆီသို့ ခေါ်ဆောင်သွားလေသည်။ အတန်ကြာသော် အိပ်မက်နန်းတော် ဗဟုသုတခန်းမတွင် သူ ပြန်ပေါ်လာ၏။ နောက်ဆုံးတကြိမ် ပြန်လည်နိုးထခဲ့စဉ်က ဤနေရာသို့ သူ နောက်ဆုံးရောက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူက ဘေးခန်းသို့ဝင်ပြီး ကိုင်းဟွမ်ကောင်းကင်ဘုံနှင့် ပတ်သက်သည့် အကြောင်းအရာများကို လိုက်ရှာလိုက်၏။ သ်ု့သော် မည်သည့် အချက်အလက်မှ မတွေ့။ ဘာလဲဟ....ဘာဖြစ်တာလဲ .. ။ ယမန့်နေ့ညက သူသည် ကိုင်းဟွမ်ကောင်းကင်ဘုံကို ရောင်းချရန် ကြော်ငြာပြီး မူလစွမ်းအင်များကို ဆက်လက်လေ့ကျင့်နေခဲ့၏။ အများကြီးမဟုတ်တောင် အနည်းစုတော့ ရောင်းချရလိမ့်မည်ဟု သူ့အနေနှင့် တထစ်ချ ယူဆပြီးဖြစ်သည်။ သို့သော် ယခုတော့ နံရံပေါ်ရှိ သူ့ကြေညာချက်မှာ မည်သည့်သဲလွန်စမှ ရှာမရပဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့လေပြီ။ သူ့နည်းစနစ်ကို ဝယ်သွားသူစာရင်းတွင်လည်း လူတယောက်သာ ရှိနေကြောင်း သူတွေ့လိုက်ရ၏။
တခုခုတော့ မှားယွင်းနေခဲ့လေပြီ။ ဘာတွေများ ဖြစ်ပျက်နေသနည်း။ ထိုအခိုက်မှာပင် စုချန်း၏ ဘေးနားသို့ အိပ်မက်ဝိညာဉ် လုလု ရောက်ရှိလာတော့သည်။ သူမသည် တောင်ပံတဖြတ်ဖြတ်ခတ်ကာ ပျံသန်းနေရင်း သာယာညှင်းပြောင်းသော အသံနှင့် ရယ်မောနေ၏။
"မင်း ရောက်လာပြီကိုး ငါ တနေ့လုံး မင်းကို စောင့်နေတာ"
"ငါ့ကြော်ငြာ ဘယ်ရောက်သွားသလဲ"
စုချန်းက မေးလိုက်၏။
"ကျွန်မလည်း အဲဒီအကြောင်းကို ပြောချင်လို့ စောင့်နေတာ သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်းကို တီထွင်တဲ့လူဟာ ရှင်ကိုယ်တိုင်ပဲလား"
"ဒါမင်းကိစ္စမဟုတ်ဘူး ငါ့ကြော်ငြာ ဘာကြောင့် ပျောက်သွားသလဲဆိုတာပဲ ရှင်းပြစမ်းပါ"
စုချန်းက မကျေမနပ်နှင့် ပြောလိုက်၏။
"မေးနေစရာ လိုသေးလို့လား တယောက်ယောက်က ဒါကို ဖုံးကွယ်ပြီး ထုတ်လွှင့်တာကို တားဆီးထားလို့ပေါ့ရှင်"
လုလုက လေထဲတွင် စက်ဝိုင်းပုံ လှည့်ပတ်ပျံသန်းရင်း ပြောလိုက်၏။
"တယောက်တယောက်က ဖုံးကွယ်တယ် ဟုတ်လား"
စုချန်း၏ အကြည့်များက ရုတ်တရက် အေးစက်သွားသည်။ ဤအတိုင်းဆိုလျင် တယောက်ယောက်က နောက်ကွယ်တွင် ခလောက်ဆန်နေသည့် သဘောပါကလား။ အမှန်တော့ ကိုင်းဟွမ်ကောင်းကင်ဘုံကို အိပ်မက်နယ်ပယ်အတွင်း ထုတ်လွှင့်ရောင်းချရန် ဆုံးဖြတ်လိုက်ကတည်းက အရာရာတိုင်း လျောလျောရှုရှု ဖြစ်လိမ့်မည်ဟုတော့ စုချန်း ယူဆခဲ့သည်မဟုတ်။ သို့သော် တဖက်လူများ၏ တုံ့ပြန်မှု ဤမျှ မြန်ဆန်လိမ့်မည်ဟုလည်း သူ ထင်မထားခဲ့ချေ။ ယခုတော့ ကြော်ငြာ၍ သိပ်မကြာမီမှာပင် တစုံတယောက်က သူ့ကြော်ငြာကို ဖျောက်ဖျက်ပစ်ခဲ့လေပြီ။
"ကြော်ငြာတခုကို အဲဒီလို လက်လွတ်စပယ် ဖုံးကွယ်လို့ရသလား"
စုချန်းက မေးလိုက်၏။
"မင်းကြော်ငြာကို ဖျောက်ဖျက်ပစ်ချင်တာ ဘယ်သူတွေလဲ ဒါမှမဟုတ် ဘာကြောင့် ဖျောက်ပစ်ချင်ရတာလဲလို့ မင်းအနေနဲ့ မေးသင့်တာ ဒါပေမဲ့ မင်းမမေးခဲ့ဘူး ဟား ဟား ဟား သိပ်ကောင်းတယ် ဒါမျိူ း ဖြစ်လာမယ်မှန်း အစောကြီးကတည်းက မင်း ကြိုတွက်ထားတာကိုး"
လုလုက တောင်ပံတဖြတ်ဖြတ်ခတ်ကာ ပျံသန်းရင်း ရယ်ကာမောကာနှင့် ပြောလိုက်သည်။
"ငါမေးတာကို ဖြေစမ်းပါ"
စုချန်းကား ဒေါသထွက်နေခဲ့လေပြီ။
"ဘာကြောင့်လဲဆိုတော့ အဲဒီလူတွေမှာ အထူးအခွင့်အရေး ရှိနေလို့ပေါ့ကွာ"
လုလုက ပြန်ဖြေလိုက်သည်။
"ပြင်ပကမ္ဘာကြီးမှာလိုပဲ ဒီအထဲမှာလည်း အားကြီးသူတွေက အားနည်းသူတွေကို လွှမ်းမိုးနိုင်တယ် အိပ်မက်နယ်ပယ်ထဲက အခွင့်ထူးခံတချိူ့ဟာ ခုနက ပြောသလိုပဲ ထူးခြားတဲ့ လုပ်ပိုင်ခွင့်တချိူ့ ရှိနေကြတယ် သူတိုဟာ သူတို့ကြိုက်တယ် ဘယ်ကြော်ငြာစာမျိူ းကို မဆို ပေးပို့နိုင်တယ် ဖတ်ရှုနိုင်တယ် တချိူ့ ကြော်ငြာတွေကို ဖျောက်ဖျက်ပစ်နိုင်တယ် သေချာတာကတော့ အိပ်မက်နယ်ပယ်ထဲက ကြီးကြီးနမာစတာတယောက်က မင်းကြော်ငြာကိ သဘောကျပုံမရဘူး ဒါကြောင့်လည်း သူ သို့မဟုတ် သူမဟာ မင်းကြော်ငြာကို ဖျောက်ဖျက်ပစ်လိုက်တာပဲ"
"မင်းတို့က ဒီလူတွေကို လုပ်ပိုင်ခွင့်တချိူ့ ပေးထားတာပဲ"
"သဘာဝကျပါတယ်ကွ တကယ်လို့ မင်းအနေနဲ့ အထူးအခွင့်အရေးလိုချင်ရင် အိပ်မက်အမှုန် များများစားစားသုံးပြီး ဝယ်ယူရုံပေါ့ ဘာအကျိူ းကျေးဇူးမှမရှိပဲ ဒီလူတွေကို ငါတို့က အထူးအခွင့်အရေး ပေးထားစရာလား"
"အိပ်မက်သခင်ကတော့ ငွေဘယ်လိုရှာရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲကိုး"
စုချန်းက ဒေါသတကြီးနှင့် ရေရွတ်လိုက်၏။
"သူက အိပ်မက်နယ်ပယ်ကြီးတခုလုံးကို သက်ဝင်လှုပ်ရှားလာအောင်ကြိုးပမ်းနေတာပါကွာ"
လုလုက တခစ်ခစ်ရယ်မောရင်း ပြောလိုက်၏။ စုချန်း ဘာပြောရမှန်း မသိတော့။
လုလုနှင့် အတန်ကြာပြောဆိုပြီးနောက် အိပ်မက်နယ်ပယ်၏ အခွင့်အရေး ရရှိသူများကို သုံးမျိူ းသုံးစား ခွဲထားကြောင်း စုချန်း သိရှိလာ၏။ ၎င်းတို့မှာ: အဆင့်နိမ့်အိပ်မက်ဧည့်သည်၊ အလယ်အလတ်အဆင့် အိပ်မက်အရာရှိနှင့် အဆင့်မြင့် အိပ်မက်ဘုရင်များ ဟူ၍ ဖြစ်သည်။ အဆင့်တခုနှင့်တခု ရရှိသော အခွင့်အရေးမှာလည်း မတူကြ။ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန်မှာကား ငွေ၊ အချိန်နှင့် အသိညဏ်စွမ်းအားများ မြင့်မားနေရန် လိုအပ်၏။
အိပ်မက်နယ်ပယ်တွင် စုချန်းကဲ့သို့သော လူစားမျိူ းသည် အဆင့်နိမ့် အိပ်မက်ဧည့်သည် အဆင့်တွင်သာ ရှိနေသေးသည်။ မည်သည့် အခွင့်အရေးမှ ရသေးသည်မဟုတ်။ ထို့ကြောင့် စုချန်း၏ ကြောလ်ငြာကို အထူးအခွင့်အရေး ရရှိထားသူတယောက်က ဖျက်ဆီးပစ်လိုက်နိုင်ခြင်း ဖြစ်သည်။ ထိုအထူးအခွင့်အရေး ရရှိထားသူကလည်း အဆင့်မြင့် အိပ်မက်ဘုရင် စာရင်းဝင်များ ဖြစ်ဖို့ သေချာသလောက်ရှိသည်။ အကြောင်းမှာ အိပ်မက်ဘုရင် စာရင်းဝင်များသာ သူတပါး၏ ကြော်ငြာကို ဖျောက်ဖျက်နိုင်စွမ်း ရှိကြသည်မဟုတ်ပါလား။
"ဒီအတိုင်းဆိုရင် ဒီလူတွေ အိပ်မက်ဘုရင်အဆင့်မှာ ရှိနေသမျှ ငါ့အနေနဲ့ ဘာမှ ကြော်ငြာခွင့် မရှိတော့ဘူးဆိုတဲ့ သဘောလား"
စုချန်းက စိတ်ပျက်လက်ပျက် ပြောလိုက်၏။
"ဒီလိုလည်း မဟုတ်သေးဘူးကွ"
လုလုက ပြန်ပြောလိုက်၏။
"အိပ်မက်ဘုရင်တွေဟာ မင်းရဲ့ ကြော်ငြာကို ဖုံးအုပ်လို့ပဲ ရတယ် ဖျက်ပစ်လို့တော့ မရဘူး ဒီလို ဖုံးအုပ်ထားဖို့အတွက်လည်း အိပ်မက်အမှုန်နဲ့ ပေးချေရတယ်"
"ဒီတော့ မင်းဆိုလိုတာ ငါ့ကြော်ငြာကိ ဖုံးအုပ်ထားဖို့ သူတို့ နေ့တိုင်း အိပ်မက်အမှုန်တွေ ပေးနေရတာပေါ့ ဟုတ်လား"
"သိပ်မှန်တာပေါ့ ကုန်ကျစရိတ်ကလည်း အဆင့်အတန်းကို လိုက်ပြီး အမျိူ းမျိူ းရှိတယ်ကွ မင်းအနေနဲ့ အနာဂတ်မှာ မင်းကြော်ငြာတွေ ဒီလို ဖုံးအုပ်တာမခံချင်ရင် အထူးအခွင့်အရေးတွေ ရလာအောင် လုပ်နိုင်တယ် မင်းအဆင့်အတန်း မြင့်မားလာလေလေ သူတို့ အိပ်မက်အမှုန် ပိုကုန်လေပဲ အိပ်မက်ဘုရင်အဆင့် ရောက်သွားရင်တော့ မင်းကြော်ငြာကို သူတို့ ဖုံးအုပ်လို့မရတော့ဘူး"
"အေး အေး ဟုတ်တယ် အဲလိုလုပ်လေ မင်းတို့ ငွေပိုရလေပေါ့"
နောက်ဆုံးတော့ စုချန်း နားလည်သွားလေပြီ။ တကယ်တော့ ဘာလျှိူ့ဝှက်ချက်မှ မဟုတ်။ ၎င်းမှာ အိပ်မက်ဘုရင်၏ နောက်ထပ် ငွေရှာနည်းတမျိူ းသာ။ တချိူ့ကြော်ငြာများကို ကာကွယ်လိုသူတို့အနေနှင့် အိပ်မက်ဘုရင်၏ လက်ထဲသို့ နေ့တိုင်း ငွေတထုပ်ကျ ထည့်ပေးနေရပေလိမ့်မည်။ တယ်ကောင်းသော စိတ်ကူးပါကလား။
ဤနေရာ၏ အကြီးမားဆုံးပြသနာမှာ ငွေတုံးငွေခဲများကို ကိုင်၍ လက်ပြောင်းလက်လွှဲ ပြုလုပ်နိုင်ခြင်း မရှိခြင်းပေ။ သတင်းအချက်အလက် လွှဲပြောင်းခြင်းကိုသာ ပြုလုပ်နိုင်၏။ ဤအနေအထားတွင် အိပ်မက်နယ်ပယ်၏ တန်ဖိုး မြင့်တက်လာစေရန် အိပ်မက်သခင်အနေနှင့် အတော်လေး ကြိုးစားထားပုံရသည်။ အထုူးအခွင့်အရေး အဆင့်အတန်းများကို ဖန်တီးထားခြင်းမှာ နည်းလမ်းပေါင်းများစွာထဲမှ နည်းလမ်းတခုသက်သက်သာတည်း။
"ဘာပဲပြောပြော မင်းရဲ့ ကြော်ငြာကို သူများ ဖုံးအုပ်တာ မခံချင်ရင် အထူးအခွင့်အရေး အဆင့်အတန်းတက်လာအောင် လုပ်ဖို့ပဲ ရှိတယ်"
လုလုက ပြန်ပြောလိုက်၏။
"မင်းတို့ရဲ့ အသုံးချခံ လုပ်ပေးဖို့ ငါ စိတ်မဝင်စားဘူးကွ"
စုချန်းက ခေါင်းတချက်ခါရင်း အိပ်မက်နယ်ပယ်မှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
"ငါ့အကြံကို လက်ခံလိုက်တာ မင်းအတွက် အကောင်းဆုံးပဲကွ"
လုလုက ရယ်မောရင်း ပြောလိုက်သည်။
"မင်းကိုငါ နောက်ထပ် လျှိူ့ဝှက်ချက်တခု ပြောပြလိုက်မယ်"
"မင်း ဘာကို ဆိုလိုတာလဲ"
စုချန်း၏ စိတ်အာရုံအတွင်း စနိုးစနောင့်ဖြစ်သော ခံစားချက်မျိူ း ဖြစ်ပေါ်လာ၏။
"မင်းကြော်ငြာကို ဖုံးအုပ်ထားတဲ့ အဆင့်မြင် အိပ်မက်ဘုရင်စာရင်းဝင်တွေက မင်းဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဖို့လုပ်နေတယ် မင်းရဲ့ဇာတိရုပ် မြန်မြန်ဆန်ဆန် ပေါ်မသွားချင်ရင် အထူးအခွင့်အရေး အဆင့်အတန်းကို မြန်မြန်ဆန်ဆန် မြှင့်တင်ထားရုံက လွဲလို့ တခြားနည်းမရှိဘူး"