နဂါးငါး
Vol. 21 Ch. 207
ကျဆုံးခြင်းသိမ်းငှက်တောင်သည် အနီရောင်တောင်ကြောလောက် တောမနက်။ သို့သော် ထပ်တူညီသော အန္တရာယ်ကတော့ ရှိနေသည်သာ။ တောင်ကြောတလျှောက် အလွန်မတ်စောက်သော ချောက်ကမ်းပါးများ အထပ်လိုက်တည်ရှိနေပြီး ဓားများကို အသွားဖက်မှ လှန်ကာ ထောင်ထားသည်နှင့် တူလှ၍ တချိူ့က ၎င်းကို ဓားတောင်ဟုပင် ခေါ်ဆိုသမုတ်ကြသည်။ တောင်ထိပ်တခုလုံးကို သစ်တောများနှင့် ဖုံးလွှမ်းနေသော်လည်း တချိူ့နေရာများတွင် ကျောက်တုံးကြီးများက ဟိုမှသည်မှ တိုးထွက်နေလေရာ ထိပ်ပြောင်နေသော လူတယောက်နှင့်ပင် တူနေသေးသည်။
ရှည်လျားသော မြစ်တစင်းက တောင်ကို ကွေ့ပတ်စီးဆင်းနေပြီး အသက်ဓာတ်ကို ပေးလျက်ရှိသည်။ မြစ်ဝှမ်းလွင်ပြင်များမှာ မြေဆီသြဇာ ကောင်းလှသောကြောင့် အပင်မျိူ းစုံ ပေါက်ရောက်လျက် ရှိကြကုန်၏။ ထိုမြစ်ကို ဝမ်ချန်မြစ်ဟု ခေါ်၏။ ဝမ်ချန်မြစ်သည် ရွှေရောင်မြစ်၏ မြစ်လက်တက်တခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလိုလို ငါးများသည် မြစ်အထက်ပိုင်းသို့ဆန်တက်လာပြီး ဥချလေ့ရှိလေသည်။
အမျိူ းစုံလင်လှသော ငါးများသည် ကျဆုံးခြင်းသိမ်းငှက်တောင်အတွင်း အစာအဟာရပေါကြွယ်ရခြင်း၏ အဓိကအကြောင်းရင်းတခု ဖြစ်လာပြီး မြစ်ဝှမ်းလွင်ပြင်အတွင်း အစာလာရှာသော သားရဲသတ္တဝါဆိုးများနှင့် တင်းကြမ်း ပြည့်နှက်နေလေ့ရှိသည်။ တောင်ကြောနယ်မြေတခုလုံးကို ဖြတ်သန်းစီးဆင်းလာပြီး ဝမ်ချန်မြစ်သည် တောင်များ ဝန်းရံထားသော ချိူ င့်ဝှမ်းကြီးတခုသို့ ရောက်လာ၏။ ထိုချိူ င့်ဝှမ်းကို အရိုးပြာတထောင်ချောက်နက်ဟု ခေါ်လေသည်။ အရိုးပြာတထောင်ချောက်နက်အတွင်း ဝမ်ချန်မြစ်သည် ရှေးဟောင်း မိုင်လာရေကန်အမည်ရှိ ရေကန်အတွင်းသို့ စီးဝင်သွားလေသည်။
ရှေးဟောင်းမိုင်လာရေကန်သည် လောင်စန်းတနိုင်ငံလုံးရှိ အကြီးဆုံး ရေချိူ ရေကန်ဖြစ်ပြီး မြောက်များလှစွာသော ရေချိူ ငါးများ၏ နောက်ဆုံးပန်းတိုင်လည်း ဖြစ်သည်။ သူတို့သည် ထိုရေကန်အတွင်း လာရောက် ဥချ ကြ၏။ ငါးသားပေါက်လေးများ ကြီးပြင်းလာသည်အထိ စောင့်ဆိုင်းကြ၏။ ထို့နောက် မြစ်ဆီသို့ ပြန်ကြလေသည်။ ဤလုပ်ငန်းစဉ်တလျှောက် ထောင်သောင်းချီသော ငါးသားပေါက်လေးများသည် သားရဲသတ္တဝါဆိုးကြီးများအတွက် နှစ်စဉ် အစားအစာတရပ် ဖြစ်လာတော့သည်။
ထို့ကြောင်း ရှေးဟောင်းမိုင်လာရေကန် ပတ်ဝန်းကျင်သည် ငါးလာရှာသော ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါဆိုးများ၊ အုပ်စုလိုက် ဖျက်ဆီးတတ်သည့်သတ္တဝါဆိုးများနှင့် ပြည့်နှက်နေသလို ၎င်းတို့အား အမဲလိုက်ရန်လာရောက်သည့် ကျောင်းသားများကိုလည်း မကြာခန မြင်တွေ့ရတတ်လေသည်။
တောင်ကြောနယ်မြေအတွင်း နှစ်ရက်မျှ လမ်းလျှောက်ပြီးနောက် တောက်ပခြင်းအသင်းသည် ရည်မှန်းချက်နေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"ကြည့်စမ်း အရိုးပြာတထောင်ချောက်နက်က ကျွန်မတို့ရှေ့ ရောက်နေပြီ"
တုချိန်းက လက်နှစ်ဖက်ကို ဆန့်တန်းပြီး စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်သည်။
"ကျူ ပ်တို့ နောက်ဆုံးမှာတော့ ရောက်လာခဲ့ပြီး ကဲ နေမဝင်ခင် ချောက်နက်ထဲရောက်အောင် ခပ်သွက်သွက်လေး ခရီးဆက်ကြမယ်"
ကျန်းရှက အော်ဟစ်အမိန့်ပေးလိုက်သည်။
"သွားကြမယ်ဟေ့ သွားကြမယ်"
လူတိုင်းလိုလိုသည် စိတ်လှုပ်ရှားစွာနှင့် ပြိုင်တူ အော်ဟစ်လိုက်ကြပြီး ချောက်နက်ဆီသို့ အသော့ကလေး နှင်ခဲ့ကြ၏။ ချောက်နက်အတွင်းသို့ ရောက်သည်နှင့် သူတို့အားလုံး၏ ပတ်ပတ်လည်တွင် မြင့်မားလှသော တောင်စဉ်တောင်တန်းများ၊ အစိမ်းရောင်မြက်ပင်ရှည်များ ဝန်းရံလျက်ရှိကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်တခုလုံး အပြာရောင်သန်းနေပြီး တိမ်ဖြူ လွှလွှာများ ဟိုမှသည်မှ ပြန့်ကျဲလျက်ရှိ၏။ ရွှေအဆင်းရှိသော နေရာင်ခြည်သည် ရေကန်ပေါ်သို့ ဖြာဆင်းလျက်ရှိလေသည်။
"ဒီနေရာက တကယ်လှတာပဲ"
တုချိန်းက ကျောက်တုံးကြီးတတုံးပေါ်တွင် မတ်တပ်ရပ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။
သမင်အုပ်များသည် တိတ်ဆိတ်စွာ မြက်စားလျက်ရှိသည်။ တခါတရံသည် သူတို့ထဲမှတချိူ့က ဦးခေါင်းနှိမ့်ကာ ညည်းသံပြုတတ်၏။ ရေကျွဲအုပ်များမှာကား ရေကန်ဘေးတွင် ရေသောက်ကာ ဆော့ကစားနေကြ၏။ တခါတလေတွင် သူတို့ဘက်သို့ လှည့်ကြည့်တတ်လေသည်။ အနက်ရောင်အစက်အပျောက်များနှင့် ယုန်များမှာကား သူတို့တွင်းပေါက်များမှ ပြူ တစ်ပြူ တစ် လုပ်နေကြသည်။ မြက်ခင်းလွင်ပြင်များကိုတော့ သူတို့၏ မျက်စေ့တဆုံး မြင်တွေ့နေရ၏။
"မင်းပြောတာ မှန်တယ် ဒီနေရာဟာ တကယ်ကို လှပလွန်းတာပဲ"
ကျန်းရှ၊ ယန်ဖုချင်းနှင့် ဆွန်းချီစုတို့သည် တုချိန်းဘေးနားတွင် စုဝေးကာ ရှုမောစရာ မြင်ကွင်းကို ငေးမောနေကြလေသည်။
"ကြည့်စမ်း အဲဒါဘာလဲရှင့်"
တုချိန်းက အဝေးတနေရာကို လက်ညိုးညွှန်ပြရင်း ဖြတ်ခနဲ ပြောလိုက်၏။ သူမ ညွှန်ပြလိုက်သော အရာမှာ ရေကန်ပေါ်တွင် ပေါလောပေါ်နေသော ပန်းတပွင့် ဖြစ်သည်။ ပန်းပွင့်မှာ အလင်းရောင်များ တခါတလေ ထွက်ပေါ်လာတတ်၏။ ထိုပန်းပွင့်ကို မြင်သည်နှင့် ဆွန်းချီစု၏ မျက်လုံးအစုံက တောက်ပဝင်းလက်လာ၏။ ထို့နောက် သူက စိတ်လှုပ်ရှားသေ အမူအရာနှင့် အော်ဟစ်လိုက်သည်။
"အဲဒါ အပြာရောင်နှလုံးသား ကြာပန်းပဲ ပြီးတော့ အဲဒီတခုက မှည့်နေပြီဗျိူ့"
အပြာရောင်နှလုံးသားကြာပန်းဟူသည် ရှားပါးသည်နှင့်အမျှ တန်ဖိုးကြီးပစ္စည်း ဖြစ်သည်။
"ဟော ဟိုမှာကြည့် အဲဒါ ကျောက်စိမ်းမျက်နှာ ခေါင်ရန်းပန်းမလား"
ကျန်းရှက တနေရာကို လက်ညိုးထိုးရင်း ကပျာကသီ အော်ဟစ်လိုက်ပြန်သည်။ သူ လက်ညိုးထိုးလိုက်သည့်အရာမှာ ပန်းရောင်ပန်းပွင့်တဖြစ်ဖြစ်ပြီး ၎င်းကို ကျေုာက်စိမ်းမျက်နှာ ခေါင်ရန်းပန်းဟု ခေါ်သည်။ အလွန်ရှားပါးလှသော ပန်းတမျိူ းပင်တည်း။
ထို့နောက်တွင်ကား ရေကန်ပေါ်တွင် အလွန်ရှားပါးသော ဆေးပင်များ ပေါ်လောပေါ်နေကြောင်း လူတိုင်းလိုလို သတိထားမိလိုက်ကြသည်။ ထိုအထဲမှ တချိူ့ကို အဂ္ဂိရတ်ပညာရှင်တယောက်ကသာ အမည်သတ်မှတ်နိုင်ဖွယ်ရာ ရှိပြီး အဘိဇ္ဇာသုံးပါးကဲ့သို့ ရှားပါးအဆင့် ပါဝင်ပစ္စည်းများကိုပါ တွေ့ရ၏။ အဘိဇ္ဇာသုံးပါးဟူသည် အလောင်းကောင်ဝိညာဉ်ပန်းများကဲ့သို့ ဒဏ္ဍာရီအဆင့် ပါဝင်ပစ္စည်းမျိူ း မဟုတ်သော်လည်း တွေ့ရှိရန် အလွန်ခဲယဉ်း၏။ အဘိဇ္ဇာသုံးပါးကို သွေးဗီဇနိုးထခြင်းဆေးများ သို့မဟုတ် သွေးဗီဇနှိုးဆွခြင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုလေသည်။
နေရာအနှံ့တွင် တန်ဖိုးကြီးမားလှသည့် ဆေးပင်ဆေးဝါးများ ပြည့်နှက်နေသည်ကို မြင်ရသောအခါ လူတိုင်းလိုလိုသည် စိတ်လှုပ်ရှားလာပြီး အငမ်းမရ ပြေးသွားကြလေသည်။ သူတို့၏ စိတ်ထဲတွင်လည်း အရိုးပြာတထောင်ချောက်နက်သည် အလွန်လာဘ်ကောင်းသော နေရာဟု ယူဆနေကြ၏။
တိမ်တိုက်ကျားသစ် မျက်မှောင်ကုတ်သွား၏။ ထို့နောက် သူက တစုံတခု ပြောဆိုရန် ပါးစပ်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် စုချန်း၏ အသံ ထွက်ပေါ်လာ၏။
"ခနလေးနေကြပါအုံး"
လူတိုင်းက စုချန်းကို လှည့်ကြည့်လိုက်သည်။ သူက တည်ငြိမ်အေးဆေးသော လေသံနှင့် စကားဆက်၏။
"အရိုးပြာတထောင်ချောက်နက်မှာ တန်ဖိုးကြီးမားတဲ့ ဆေးပင်တွေ ပြည့်နှက်နေမယ်ဆိုတာတော့ ကျူ ပ် သံသယမရှိဘူး ဒါပေမဲ့ ဒီလိုနေရာမျိူ းမှာ ဒီလို ရှားပါးဆေးပင်တွေ အစုလိုက်အပြုံလိုက် တွေ့ရတာကတော့ ထူးဆန်းမနေဘူးလား နောက်တနည်းပြောရရင် ကျူ ပ်တို့အရင် ဒီနေရာကို ရောက်လာတဲ့ ကျောင်းသားတွေဟာ မျက်လုံးကန်းနေပြီး ဒါတွေကို မမြင်ဘူးလို့ ခင်ဗျားတို့ တကယ်ပဲ ထင်နေတာလား"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွား၏။ လူမြင်ကွင်းတွင် ရှားပါးအဖိုးတန် ဆေးပင်များကို အစုလိုက်အပြုံလိုက် တွေ့နေရခြင်းမှာ အမှန်တကယ်ပင် ထူးဆန်းနေသည်။ ထိုအတွက် ဖြစ်နိုင်ချေ နှစ်မျိူ းသာ ရှိ၏။ ပထမဖြစ်နိုင်ချေမှာ ဤနေရာသို့ ရောက်လာသောလူများအားလုံး မျက်လုံးကန်းနေ၍သာ ဖြစ်ပေလိမ့်မည်။ ဒုတိယဖြစ်နိုင်ချေမှာကား ဤနေရာတွင် ပြသနာတစုံတခု ရှိနေသောကြောင့်သာတည်း။ နဂါးကျောင်းတော်သားတိုင်းသည် မျက်လုံးကန်းနေသူ မဟုတ်။ ဤသို့ဆိုလျင်....
ထိုအခါ ကျန်းရှက စုချန်းဆီသို့ ပြန်လျှောက်လာပြီး မေးလိုက်သည်။
"ဘာတွေ ဖြစ်နေတယ်လို့ ခင်ဗျား ထင်သလဲ"
စုချန်းက ပြန်ပြောလိုက်၏။
"ဒီနေရာကို ကြည့်ရင် သိပ်ပြီး အေးချမ်းတယ်လို့ ထင်ရတယ် သတ္တဝါတွေကို ကြည့်ရတာလည်း အန္တရာယ်ပေးမဲ့ပုံ မရှိဘူး ယုတ်စွအဆုံး သားရဲသတ္တဝါဆိုး တကောင်တလေကိုတောင် မတွေ့ရဘူး ဒါပေမဲ့ တိရိစ္ဆာန်တွေ အများကြီး ရှိနေတဲ့အတွက် ဒီနေရာဟာ စားကျက်မြေတခု ဖြစ်နေမယ်လို့ ခင်ဗျား မတွေးမိဘူးလား"
စားကျက်မြေဆိုပါကလား။
ထိုအသုံးအနှုံးကိုကြားမှ စုချန်း ဘာကိုဆိုလိုမှန်း ကျန်းရှ နားလည်သဘောပေါက်လာ၏။
သမင်များသည် အလွန်တရာ ကြီးထွားမြန်သော သတ္တဝါများ ဖြစ်ကြ၏။ သမင်မများသည် သုံးလအတွင်း သားတကြိမ်မှ နှစ်ကြိမ်အထိ ကျနိုင်ပြီး သားပေါက်များမှာလည်း တနှစ်အတွင်း အရွယ်ရောက်လာနိုင်ကြလေသည်။ ရေကျွဲများမှာကား ကြီးထားရန် အချိန်များစွာ ယူရလေ့ရှိသည်။ သို့သော် ရေကျွဲတကောင်သည် သမင်ကောင်ရေ အတော်များများနှင့် ညီမျှ၏။ အနက်ရောင်အစက်အပျေုာက် ယုန်များမှာကား ပို၍ မြန်မြန်ဆန်ဆန် သားပေါက်နိုင်ကြ၏။ ၎င်းတို့သည် တနှစ်လျင် နှစ်ကြိမ် သားပေါက်လေ့ရှိပြီး တခါမွေးလျင် ယုန်ပေါက် ၈ကောင်မှ ၁၂ကောင်အထိ မွေးလေ့ရှိသည်။ ယုန်သားပေါက်လေးများသည် သုံးလအတွင်း အရွယ်ရောက်လာလေ့ရှိသည်။
အကယ်၍ ရေထဲတွင် ကြောက်မက်ဖွယ်ရာ ငါးသတ္တဝါများသာ ရှိသည်ဟု ဆိုပါက စားကျက်မြေပေါ်ရှိ သမင်၊ ကျွဲနှင့် ယုန်လေးများသည် ၎င်းတို့အတွက် အစာကွင်းဆက်မှ အဆင့်အနိမ့်ဆုံး သတ္တဝါများသာ ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်အစစ်အမှန်မှာ စားကျက်မြေပေါ်ရှိ တိရိစ္ဆာန်လေးများကို တည်ကြက်အဖြစ် အသုံးပြု ၍ သားရဲသတ္တဝါအုပ်များအား သတ်ဖြတ်စားသောက်ရန်သာ ဖြစ်ဖို့များနေ၏။
ထို့ကြောင့် မြင်ကွင်းသည် အလွန်အေးချမ်းနေသော်လည်း နောက်ကွယ်တွင် ကြောက်မက်ဖွယ်ရာ ခြိမ်းခြောက်မှုတခု ရှိနေသည်မှာကား သေချာသလောက် ဖြစ်နေ၏။
ထိုအချက်ကို နားလည်သဘောပေါက်လိုက်သည်နှင့် တောက်ပခြင်းအသင်းသည် စိတ်လိုက်မာန်ပါ မလုပ်ရဲတော့။ သူတို့အားလုံးသည် သတိကြီးစွာနှင့် ရေကန်မှ ဝေးရာဆီသို့ နောက်ပြန်လျှောက်လာကြ၏။ အဝင်ပေါက်ဆီသို့ ရောက်ချိန်မှာပင် နောက်ကြောမှ ဆူဆူညံညံအသံတချိူ့ကို သူတို့ ကြားလိုက်ရသည်။ သူတို့ နောက်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။ သူတို့ မြင်တွေ့လိုက်သည်မှာကား ကျောင်းသားတယောက်သည် ပါးစပ်မှာ "ငါတော့ ချမ်းသာပြီ"ဟု ကျယ်လောင်စွာ ဟစ်ကြွေးပြီး ရေကန်ဆီသို့ တဟုန်ထိုး ပြေးဆင်းသွားခြင်းပေတည်း။
ဆေးပင်များကို ရရှိရန် မလွယ်မှန်း သိရှိသည့်တိုင် ရှေ့သို့ တဟုန်ထိုး ပြေးလွှားသွားသော ကျောင်းသားကိုကြည့်ပြီး သူတို့စိတ်ထဲတွင် ချီတုံချတုံ ဖြစ်သွားကြ၏။ စုချန်း၏ စကားကို နားထောင်မိသည့်အတွက် နောင်တရလာကြ၏။ အနည်းဆုံးတော့ ကြိုးစားသင့်သေးသည်ဟူသော အတွေးမျိူ း ဝင်လာကြ၏။ သို့သော် တင်္ဒဂအတွင်းဝယ် သူတို့၏ နောင်တတရားများသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။ အကြောင်းမှာ...
ပြေးဆင်းသွားသော ကျောင်းသားသည် ရေကန်ဘေးသို့ ရောက်သွားပြီး ကျောက်စိမ်းမျက်နှာဆေးပင်ကို လှမ်းယူလိုက်စဉ်မှာပင် ရေထဲမှာ ကြီးမားသော လှိုင်းလုံးကြီးတလုံး ဝုန်းခနဲ တိုးထွက်လာ၏။ ကြီးမားသော လှိုင်းလုံးကြီးနှင့်အတူ ဝဲကတော့ကြီးတခုက ရေကန်အတွင်း ဘောင်ဘင်ခတ်ကာ လှုပ်ရှားလာ၏။ တဆက်တည်းမှာပင် ဝဲကတော့အတွင်းမှ အင်အားကောင်းလှသော ဆွဲငင်အားတခု ပေါ်လာပြီး ထိုကျောင်းသားကို ကြမ်းတမ်းစွာ ဆွဲယူလိုက်၏။ သို့သော် ထိုဝဲကတော့သည် ဝဲကတော့အစစ်မဟုတ်ပဲ ချွန်ထက်သော သွားများနှင့် ပြည့်နှက်နေသည့် တိရိစ္ဆာန်တကောင်၏ သွားများဖြစ်ကြောင်း သူတို့အားလုံးမြင်တွေ့လိုက်ရသည်။
၎င်း၏ ပါးစပ်မှာ အိမ်တလုံးစာလောက်ပင် ကြီးမား၏။ ၎င်းသည်ရေမျက်နှာပြင်ပေါ်သို့ ဝုန်းခနဲ တိုးထွက်လာပြီး ကျောင်းသားကို လျင်မြန်စွာ မြိုချလိုက်ခြင်း ဖြစ်သည်။ သနားစရာကျောင်းသားသည် ဆေးပင်ကို လက်ဖျားနှင့်ပင် မထိလိုက်ရရှာ။ သတ္တဝါကြီးကား ရေထဲသို့ ပြန်ငုပ်သွားခဲ့လေပြီ။ ရေမျက်နှာပြင်သည် ဘာမှမဖြစ်ခဲ့သယောင် ပကတိ ငြိမ်သက်လျက်ရှိသည်။ မျက်စိတမှိတ်အတွင်း နဂါးကျောင်းတော်၏ ကျောင်းသားတယောက်ကား အသက်ပျောက်သွားခဲ့ရရှာလေပြီတည်း။
လူတိုင်းလိုလိုသည် ဘာမှမပြောနိုင်ပဲ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ အတန်ကြာမှ
"ထိပ်ဆုံးအဆင့်....ဒါ ထိပ်ဆုံးအဆင့် သားရဲသတ္တဝါဆိုးပဲ"
ဆွန်းချီစုက တုန်တုန်ယင်ယင်နှင့် ပြောလိုက်၏။
မျှော်စင်တလုံးကဲ့သို့ ကြီးမားလှသည့် ငါးကြီးသည် ထိပ်ဆုံးအဆင့် သားရဲသတ္တဝါဆိုးဖြစ်ပြီး သွေးဆူပွက်ခြင်းနယ်ပယ် အဆင့်မြင့်အလွှာရှိ ချီစွမ်းအားပညာရှင်တယောက်နှင့် အဆင့်တူ၏။ သို့သော် သားရဲသတ္တဝါဆိုးများ၏ အင်အားကို လူသားများနှင့် တိုက်ရိုက်နှိုင်းယှဉ်ရန်မှာကား အတော်ပင် ခက်ခဲသော ကိစ္စဖြစ်သည်။ ယခု စုချန်းတို့ မြင့်လိုက်ရသည့် သတ္တဝါကြီးသည် လီ၊ကြေးနီသမင်နှင့် မီးခိုးတို့ သုံးယောက်ပေါင် အင်အားနှင့်ပင် တူညီကောင်းတူညီနိုင်သည်။ တော်ဝင်မျိူ းနွယ်စုဝင်များသာလျင် ၎င်းနှင့် တိုက်ခိုက်နိုင်ပေလိမ့်မည်။
"ဒီနေရာမှာ တန်ဖိုးကြီးဆေးပင်တွေ ရှိနေတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ ဒီကောင်ကြီးက ကျူ ပ်တို့ကို ဆွဲဆောင်ဖို့ ဒီဆေးပင်တွေကို ငါးစာအဖြစ် သုံးထားတာပဲကိုး"
ဝမ်တောက်ရှန်းက ရေရွတ်လိုက်၏။ ထိုစဉ် တိမ်တိုက်ကျားသစ်က ဝင်ပြောလိုက်ပြန်သည်။
"ဒီကောင်ကို နဂါးငါးလို့ ခေါ်တယ်ဗျ ဒဏ္ဍာရီတွေအရ ဒီကောင်ဟာ နဂါးနတ်ဆိုးသွေးဗီဇကို ဆက်ခံသူလို့ ဆိုထားတယ် ဒီတော့ ဒင်းကို နတ်ဆိုးသတ္တဝါအုပ်စုထဲ ထည့်တွက်နိုင်တာပေါ့ နဂါးငါးတွေဟာ သာမာန်သက်ရှိတွေကို မစားဘူး သူတို့ထဲမှာ မူလစွမ်းအင်ရှိနေတဲ့ သက်ရှိတွေကိုပဲ အစာအဖြစ် စားတတ်တယ် ဒါကြောင့်မို့လို့လည်း ဒီနေရာမှာ သမင်အုပ် ကျွဲအုပ်တွေ အများကြီး ဖြစ်နေတာကိုး ဒါဟာ စားကျက်မြေကောင်း ဖြစ်နေလို့မဟုတ်ဘူး နဂါးငါးရဲ့ အကာအကွယ်ကြောင့် ဒီနေရာမှာ သူတို့အသက်အတွက် အာမခံချက်ရှိနေလို့ပဲ နဂါးငါးဟာ သာမာန်သတ္တဝါတွေကို သုံးပြီး ူသားရဲသတ္တဝါဆိုးတွေကို ဆွဲဆောင်တယ် တန်ဖိုးကြီးဆေးပင်တွေကိုသုံးပြီး ချီပညာရှင်တွေကို မျှားခေါ်တယ် တယ်ဟုတ်တဲ့ကောင်ပါလား"
နဂါးငါးသည် ထိပ်ဆုံးအဆင့် သားရဲသတ္တဝါများအကြားမှာပင် အတော်လေး အားကောင်းသည့် သတ္တဝါမျိူ းဖြစ်သည်။ ကျဆုံးခြင်းသိမ်းငှက်တောင်သို့ သွေးဆူပွက်ခြင်းနယ်ပယ် သို့မဟုတ် ထိုထက်မြင့်သည့်နယ်ပယ်မှ ချီစွမ်းအားပညာရှင်များကို ဝင်ခွင့်မပြုထားလေရာ ၎င်းသည် ဤနေရာတွင် ပြိုင်ဘက်ကင်းသူဟု ဆိုနိုင်၏။
သို့ဆိုတိုင်း နဂါးငါးကို နိုင်အောင် တိုက်ခိုက်နိုင်သူမရှိဟု ဆိုလိုသည်တော့မဟုတ်။ ကျေုာင်းသားများသည် ညဏ်ရှိသူများ ဖြစ်သည်။ အဖွဲ့လိုက်လည်း ဖြစ်သည်။ တယောက်နှင့်တယောက် အပေးအယူမျှမျှ ပူးပေါင်းတိုက်ခိုက်ပါက နဂါးငါးကို အနိုင်ရနိုင်ချေရှိ၏။ သို့သော် တယောက်နှင့်တယောက် အပေးအယူမျှဖို့ ဆိုသည်က လွယ်သည့်ကိစ္စမဟုတ်။ လူဆိုသည်မှာ အရေအတွက်များလာလေလေ စိတ်ဝမ်းကွဲတတ်လာလေလေပင် မဟုတ်ပါလား။ ထပ်ပြောရလျင် နဂါးကျောင်းတော်အနေနှင့် ဤတိုက်ပွဲတွင် မည်သည့််အကူအညီမှ ပေးလိမ့်မည်မဟုတ်။ နဂါးငါးကို ဤနေရာတွင် ထားရသည့် ရည်ရွယ်ချက်ကိုက ကျောင်းသားများကို စမ်းသပ်ရန် မဟုတ်ပါလား။
ကျွမ်းကျင်မှုမရှိသည့်တိုင် ညဏ်လွှာသုံးတတ်သူက ဤနေရာ၏ အန္တရာယ်ကို အလွယ်တကူ ရှောင်ရှားနိုင်ပေလိမ့်မည်။ ကျွမ်းကျင်မှုနှင့်ညဏ် နှစ်မျိူ းလုံးမရှိသူကတော့ နဂါးငါး၏ အစာ ဖြစ်သွားပေလိမ့်မည်။ စွမ်းရည်တချိူ့ရှိပြီး ထိုစွမ်းရည်တို့ကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျ သုံးနိုင်သူများသာလျင် ရေကန်အတွင်းရှိ တန်ဖိုးကြီးဆေးပင်များကို ခူးဆွတ်နိုင်မည်ဖြစ်သည်။
အကယ်၍ သင့်အနေနှင့် သင့်ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး နဂါးငါးကို သတ်နိုင်ပါက နဂါးကျောင်းတော်အနေနှင့် ထိုအဖွဲ့ကို အသိအမှတ်ပြုပေလိမ့်မည်။
တဖန် နဂါးကျောင်းတော်အနေနှင့်် တဖွဲ့လျင် ကျောင်းသားခုနှစ်ယောက်ပါဝင်နိုင်ကြောင်း စည်းကမ်းထုတ်ထားပြီး ဖြစ်သည်။ ထိုထက် လူဦးရေပိုလာပါက ထိုအဖွဲ့ကို သက်ဆိုင်ရာနည်းပြဆရာက ကန့်သတ်လိုက်ပေလိမ့်မည်။
"နှမြောစရာကောင်းလိုက်တာ တန်ဖိုးကြီးဆေးပင်တွေ အလဟသဖြစ်ရတာပဲ"
ဝမ်တောက်ရှန်းက ရေကန်အတွင်း ပေါလောပေါ်နေသော ဆေးပင်များကို ကြည့်ရင်း ရေရွတ်လိုက်သည်။
ထိုအချိန်တွင် စုချန်းသည် ဆေးပင်တချိူ့ ရရှိနိုင်မည့် နည်းလမ်းကို အကြံထုတ်လျက်ရှိလေသည်။