← Chapters

အလင်းပြန်ခြင်းကျောက်ဆောင်

Vol. 21 Ch. 208

အလင်းပြန်ခြင်းကျောက်ဆောင်

Vol. 21 Ch. 208

ရေကန်ဆီမှ ထွက်ခွာလာပြီး စုချန်းတို့ တောက်ပခြင်းအဖွဲ့သည် အရိုးပြာတထောင်ချောက်နက်အတွင်း တရားဝင်အမဲလိုက်ခြင်းခရီးစဉ်ကို စတင်လိုက်ကြ၏။

အရိုးပြာတထောင်ချောက်နက်ဟူသည် ရှားပါးဆေးဘက်ဝင်အပင်များအပါအဝင် သဘာဝအရင်းအမြစ်များစွာ တည်ရှိနေသော နေရာဖြစ်သည်။ အဆိုပါ ဆေးပင်များအား ခူးဆွတ်ခြင်းနှင့် သားရဲသတ္တဝါဆိုးများအား အမဲလိုက်ခြင်းသည် ချောက်နက်သို့ လာရောက်ကြသူများ၏ အဓိကရည်ရွယ်ချက်နှစ်ရပ်ဟု ဆိုနိုင်၏။

ဤနေရာတွင် အားနည်းသောအဖွဲ့နှင့် အားကောင်းသော အဖွဲ့များ၏ ကွဲပြားခြားနားချက်မှာ အားနည်းသောအဖွဲ့များသည် သတ္တဝါဆိုးများကို သတ်ဖြတ်ရန်ထက် တန်ဖိုးကြီး အရင်းအမြစ်များ ရှာဖွေတွေ့ရှိရန်သာ အားထုတ်လေ့ရှိကြသည်။ အားကောင်းသော အဖွဲ့များမှာကား သတ္တဝါဆိုးများကို သတ်ဖြတ်နိုင်ရန်သာ အားထုတ်လေ့ရှိ၏။ အကြောင်းမှာ သတ္တဝါဆိုးများကို သတ်ဖြတ်ခြင်းဟူသည် အင်အားကို အခြေပြုရသောကြောင့်ပင်။ အရင်းအမြစ်များ ရှာဖွေခြင်းဟူသည်ကား အင်အားထက် ကံကြမ္မာကိုသာ ပို၍ အားထားရ၏။

မည်သို့ဆိုစေ ကံတရားအရာ၌ကား လူတိုင်းသည် တန်းတူအခွင့်အရေး ရှိသည်ဟု ဆိုနိုင်၏။ ရံဖန်ရံခါ အားကောင်းသော အဖွဲ့များသည်ပင် ၎င်းတို့၏ မျက်စေ့ရှေ့မှောက်၌ တန်ဖိုးကြီး အရင်းအမြစ်များကို အမှတ်မထင် တွေ့မိတတ်ကြသည်။ သို့သော် ဂရုမစိုက်မိ၍သော်လည်းကောင်း၊ တခြားအရာများကို ပို၍ အာရုံစိုက်နေသောကြောင့်သော်လည်းကောင်း ထိုအရင်းအမြစ်များကို မျက်စေ့လျှမ်းကာ ကျော်သွားတတ်သည်။ သတိမမူ ဂူမမြင်ဟူသော သဘောအတိုင်းပင်။

စုချန်းတို့၏ တောက်ပခြင်းအဖွဲ့သည် နာမည်အားဖြင့် မြင့်မြင့်မားမား ရွေးချယ်ထားသော်လည်း ကိုယ့်အခြေအနေကိုယ်တော့ ရှင်းရှင်းလင်းလင်း သိမြင်ထားကြ၏။

အမှန်တော့ သူတို့သည် အားနည်းသော အဖွဲ့သာဖြစ်သည်။

စုချန်းသည် အက်ဒမန်တင်းမျောက်ဝံကို တယောက်တည်း သတ်ဖြတ်နိုင်ခဲ့သည် ဆိုသော်ငြား သွေးဗီဇမပါသော အဖွဲ့သည် အားနည်းသည်ဟူသော လူအများ၏ အမြင်ကို ပြောင်းလဲနိုင်စွမ်း မရှိချေ။ သူတို့ကိုယ်တိုင်လည်း ထိုအတိုင်း လက်ခံထားကြ၏။

ထို့ကြောင့် သူတို့၏ အဓိကရည်ရွယ်ချက်မှာ တန်ဖိုးကြီး ဆေးပင်များ ရှာဖွေရန်သာ ဖြစ်သည်။

ထို့ကြောင့် သူတို့သည် သားရဲသတ္တဝါဆိုးများ ထူထပ်သည့် နေရာများကို တတ်နိုင်သမျှ ရှောင်ကွင်းကာ ခရီးဆက်ခဲ့ကြ၏။ လူအများ လစ်လျူ ထားသော နေရာများကိုသာ အထူးတလည် သွားလာခဲ့ကြပြီး တန်ဖိုးရှိသော ဆေးပင် တပင်တလေကိုပင် မဆုံးရှုံးအောင် အထူးအာရုံစိုက်ကာ ရှာဖွေခဲ့ကြလေသည်။ ထိုအတွက်ကြောင့်ပင် တောက်ပခြင်းအသင်းသည် တိုက်ပွဲထက်စာလျင် ဆေးဘက်ဝင်အပင်များမှ အကျိူ းအမြတ် ပိုမိုရရှိအောင် ရှာဖွေနိုင်ခဲ့၏။

ထိုအတွက် အကျိူ းအများဆုံးလူမှာ စုချန်းဖြစ်၏။ သူသည် အဖွဲ့ဝင်များ ရှာတွေ့သမျှ ဆေးပင်များအားလုံးကို တယောက်တည်း သိမ်းကျူံ းဝယ်ယူခဲ့၏။ ထိုမျှသာမကသေး တခြားအသင်းမှ ဆေးပင်များကိုလည်း လိုက်လံဝယ်ယူလိုက်သေးသည်။ ထိုဆေးပင်များ၏ ဈေးနှုန်းမှာ ဈေးကွက်တန်ဖိုးထက် များစွာ လျော့နည်းနေသည် မဟုတ်ပါလား။

စုချန်းသည် ဆေးပင်များကို လိုက်လံဝယ်ယူရင်း တဖက်တွင်လည်း သူ တီထွင်ဖော်စပ်ထားသည့် ဆေးဝါးများကို ရောင်းချနေခဲ့၏။ ဤနေရာသည် အန္တရာယ်ကြီးသောနေရာ၊ တိုက်ပွဲများ အဆင်မပြတ် ဖြစ်ပွားနေသော နေရာဖြစ်သည်။ ကျောင်းသားများနှင့် သားရဲသတ္တဝါဆိုးများသည် နေ့တဓူဝ တိုက်ပွဲများ ဖြစ်ပွားနေကြ၏။ ထိုအခြေအနေတွင် ကျောင်းသားတချိူ့သည် သူတို့၏ ဒဏ်ရာကုထုံးများကို ကုန်စင်အောင် အသုံးချခဲ့ပြီး ဖြစ်သည်။ သူတို့အနေနှင့် တခုတည်းသော ရွေးချယ်စရာမှာ ထောက်ပံ့ရေးပစ္စည်းများ အချိန်မီ ပြန်မဖြည့်နိုင်လျင် တပ်ခေါက်ပြန်ရန်သာ ဖြစ်သည်။ ထိုအခါ မြို့ပေါ်တွင် မူလကျောက်တုံး ၁၀၀ခန့် ပေးဝယ်ရသော ဆေးဝါမျိူ းကို စုချန်းက ဤနေရာတွင် ၁၂၀နှင့် ရောင်းချပေးလိုက်၏။

စုချန်းကား အတော်ပင် စီးပွားဖြစ်နေ၏။ အရောင်းအဝယ်များ အဆက်မပြတ် ပြုလုပ်နေရ၍ အတော်အတန် စုဆောင်းမိလာခဲ့လေပြီ။ ထိုအခါ သူ့အဖွဲ့ဝင်များပင် သူ့ကိုမနာလိုဖြစ်လာပြီး အဂ္ဂိရတ်ပညာရှင်လမ်းကြောင်းကို ရွေးချယ်ရန် ကြံစည်လာကြ၏။

သို့သော် လွန်ခဲ့သော လေးနှစ်အတွင်း သုတေသနလုပ်ငန်းအတွက် စုချန်း သုံးစွဲခဲ့သည့် ငွေကြေးပမာဏကို ကြားလိုက်ရသောအခါ သူတို့အားလုံး ထိုစိတ်ကူးကို စွန့်လွှတ်လိုက်ကြသည်။

မူလကျောင်တုံး ၆သိန်း။

ထိုပမာဏမှာ မနည်းလှ။

ရှင်သန်ခြင်းကျောင်းတော်အနေနှင့် စုချန်း၏ အရည်အသွေး တိုးတက်လာစေရန် နှစ်တိုင်းလိုလို မူလကျောက်တုံး ၁၅၀၀၀၀စီ ထောက်ပံ့ပေးခဲ့၏။ ထိုအထဲတွင် စုချန်း ကိုယ်တိုင် အိပ်စိုက် လေ့လာခဲ့ရသည့် ငွေပမာဏ မပါသေး။

အမှန်တော့ ကျဆုံးခြင်းသိမ်းငှက်တောင်သို့ စုချန်းလာရောက်ရသည့် အကြောင်းပြချက်တခုမှာ ငွေကြေးပြတ်လတ်နေသောကြောင့်သာတည်း။ သူသည် အဂ္ဂိရတ်ပညာအတွက်သော်လည်းကောင်း၊ တခြား သုတေသနများအတွက်သော်လည်းကောင်း ငွေကြေးအမြောက်အများကို ရင်းနှီးမြှုပ်နှံနေရ၏။ ရှင်သန်ခြင်းကျောင်းတော်မှ ထောက်ပံ့ငွေသည် စုချန်း လိုအပ်သမျှကို ပြည့်စုံကုံလုံအောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိ။ ထို့ကြောင့် စုချန်းတွင် ငွေကြေးပြတ်လတ်နေခဲ့လေပြီ။

တချိူ့လူများ၏ အမြင်တွင်တော့ စုချန်းသည် ထူးဆန်းကောင်းထူးဆန်းနေပေလိမ့်မည်။ သူသည် အဂ္ဂိရတ်ပညာရှင်တယောက်၏ လမ်းစဉ်ကို တကယ်မသိ၍ပေလော။ အကြောင်းမှာ သူသည် ထိုဆေးဝါးများကို တီထွင်ဖော်စပ်ကာ ရောင်းချခြင်းနှင့် ငွေရှာနေခဲ့သည် မဟုတ်ပါလား။

ထိုအမြင်မှာ မှန်ကန်ပေ၏။

မူလစွမ်းရည်များ ကျင့်ကြံအားထုတ်ခြင်းသော်လည်းကောင်း၊ မိမိ တတ်ကျွမ်းပြီးသော ဆေးဝါးများကို တီထွင်ဖော်စပ်နေခြင်းသည်လည်းကောင်း စုချန်း၏ အဂ္ဂိရတ်ပညာလမ်းကြောင်းကို မည်သည့်ဘက်ကမှ အကူအညီ ပေးနိုင်သည်မဟုတ်ပေ။ စုချန်းအနေနှင့် အဂ္ဂိရတ်ပညာတွင် ဆရာတဆူ အမြန်ဆုံးဖြစ်လိုလျင် မိမိ မတတ်ကျွမ်းသေးသည် ဆေးဝါးများကို တီထွင်ဖော်စပ်နိုင်ရန်သာ ကြိုးစားနေသင့်သည် မဟုတ်ပါလား။

မိမိ ကျွမ်းကျင်တတ်မြောက်ပြီးသည့် အရာတခုကို ထပ်ခါတလဲလဲ လေ့ကျင့်နေခြင်းသည် အကြင်သူကို တနေရာတည်းတွင်သာ ရပ်တန့်နေစေလိမ့်မည်။ ထို့ကြောင့် ပညာရပ်တခုကို တစိုက်မတ်မတ် လေ့လာနေသူတယောက်သည် တစုံတရာကို နားလည်သွားပြီ ဆိုပါက နောက်ထပ် အသစ်အဆန်းများကို ဆက်လက်လေ့လာအားထုတ်သင့်သည်မဟုတ်ပါလား။

မည်သို့ဆိုစေ စုချန်း၏ လက်ရှိအခြေအနေသည် အဂ္ဂိရတ်ပညာပညာရှင်တယောက်၏ ထိပ်ဆုံးအလွှာနားသို့ ချည်းကပ်မိနေပြီဟုတော့ ဆိုနိုင်သည်။ လေးနှစ်အတွင်း ထိုအနေအထားကို စုချန်း ရအောင် ပြုလုပ်နိုင်ခဲ့၏။ သို့သော် ဆေးဝါးသစ်များကို အဆက်မပြတ် လေ့လာနေရခြင်းကြောင့် ငွေကုန်ကြေးကျ အတော်လေး များနေခဲ့သည်ကတော့ အမှန်ပင်။

ဤသည်မှာ အရိုးပြာတထောင်ချောက်နက်သို့ စုချန်း ရောက်လာရခြင်း၏ အဓိကနောက်ခံအကြောင်းရင်းပင် ဖြစ်လေတော့သည်။

တောက်ပခြင်းအဖွဲ့သည် အရိုးပြာတထောင်ချောက်နက်အတွင်းရောက်ရှိနေသည်မှာ ဆယ်ရက်ကြာမြင့်ခဲ့လေပြီ။ ထိုဆယ်ရက်အတွင်း စုချန်းအနေနှင့် ဆေးဝါးအများအပြားကို ရောင်းချနိုင်ခဲ့သည်။ ဆေးပင်အမြောက်အများကို ပြန်လည်ဝယ်ယူခဲ့သည်။ ဤယနေ့တွင်လည်း ခါတိုင်းနေ့များကဲ့သို့ပင် တနေ့လုံး ပင်ပန်းကြီးစွာ ရှာဖွေပြီး သူတို့အဖွဲ့သည် အလင်းပြန်ခြင်းကျေုာက်ဆောင်သို့ ပြန်လာခဲ့ကြ၏။

အလင်းပြန်ကျောက်ဆောင်သည် ပေ၃၀၀ခန့် မြင့်ပြီး အရိုးပြာတထောင်ချောက်နက်၏ အရှေ့တောင်ဖျားအရပ်တွင် ရှိသည်။ ထိုကျောက်ဆောင်၏ မျက်နှာပြင်သည် ချောမွတ်ပြီး တစုံတယောက်၏ မျက်နှာကို ပြန်မြင်ရသည်အထိ ပြောင်လက်နေ၍ အလင်းပြန်ကျောက်ဆောင်ဟု ခေါ်ခြင်းမှာ မှားတော့မမှား။ ကျောက်ဆောင်၏ ထူးခြားသော ပုံသဏ္ဍာန်ကြောင့် နဂါးကျောင်းတော်မှ ကျောင်းသားများအတွက် စုဝေးရန်နေရာအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

နေ့စဉ်နေ့တိုင်းလိုလိုတွင် အဖွဲ့ပေါင်းစုံမှ ကျေုာင်းသားများသည် ထိုနေရာတွင် စုဝေးကာ မိမိတွင် ပိုလျှံနေသည့်အရာများကို ရောင်းချကြ၏။ မိမိတွင် လိုအပ်နေသည့် ပစ္စည်းများကို ပြန်လည်ဝယ်ယူကြ၏။ ထို့ကြောင့် အလင်းပြန်ကျောက်ဆောင်သည် တနည်းအားဖြင့် အရောင်းအဝယ် ပြုလုပ်သောနေရာဟု ဆိုနိုင်သည်။

ကျောက်ဆောင်တဝိုက်တွင် စကားပြောသံများ၊ ရယ်မောသံများနှင့် ဆူညံနေ၏။ တချိူ့ကျောင်းသားများမှာကား သူတို့ ရှာဖွေလာသော ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြလေသည်။

"သန့်ရှင်းသန့်စင်သစ်သီးအဆီအနှစ် အဆင်မြင့်ဆေးဘက်ဝင်ပါဝင်ပစ္စည်း မူလကျောက်တုံး ၁၀၀ပဲ ကျပါတယ်ဗျိူ့"

"ခရမ်းပြာအကြေးခွံသားရဲရဲ့ လည်ပင်းအကြေးခွံ အကြေးခွံတခုကိုမှ မူလကျောက်တုံး ၃၀တည်း"

"တယောက်ယောက်ဆီမှာများ အနက်ရောင်သေခြင်းပင့်ကူရဲ့ အဆိပ်ဖြေဆေး ရှိကြလား"

"..........."

အလင်းပြန်ကျောက်ဆောင်ကား ကျောင်းသားများ၏ အော်သံဟစ်သံရောင်းချသံများကြောင့် ဈေးတန်းလေးသဖွယ် ဖြစ်ပေါ်နေ၏။ စုချန်းတို့အဖွဲ့သည် လူအုပ်ကြားတွင် တိုးဝှေ့ရင်း အရောင်းအဝယ် ပြုလုပ်ကြ၏။ သူတို့ ရှာဖွေလာသော ပစ္စည်းများသည် တခနချင်းနှင့်ပင် ရောင်းထွက်ကုန်လေသည်။

စုချန်းသည် လူအုပ်ကြားထဲ တိုးဝှေ့သွားလာရင်း သူ ဝယ်ယူလိုသည့် ပစ္စည်းရှိမရှိ လိုက်လံရှာဖွေလျက်ရှိသည်။ ထိုအခိုက်မှာပင် တောအုပ်အတွင်း ရှာဖွေတွေ့ရှိလာသမျှ ပစ္စည်းများကို ဖျာတချပ်တွင် ဖြန့်ခင်းကား ရောင်းချနေသည့် ကျောင်းသားတယောက်က စုချန်း၏ အမြင်အာရုံကို ဖမ်းစားလိုက်လေသည်။ ထိုကျောင်းသားမှာ အသားက ခပ်မဲမဲနှင့် ရိုင်းစိုင်းသော ပုံစံရှိ၏။ သူက စုချန်းကို မြင်သည်နှင့် အသံအုပ်အုပ်နှင့် မေးမြန်းလိုက်သည်။

"ဟေ့ မင်းလိုချင်တာများ တွေ့သလား"

စုချန်းက ဒဏ္ဍာရီဂျင်စင်းကို လက်ညိုးထိုးပြရင်း မေးလိုက်သည်။

"ဒါဘယ်လောက်လဲ"

"မူလကျောက်တုံး ၆၀၀"

"သိပ်ဈေးကြီးလွန်းတယ်"

စုချန်း ခေါင်းခါရင်း ပြောလိုက်သည်။

"ဒါ နှစ်သုံးဆယ်သက်တမ်းရှိတဲ့ ဂျင်စင်းလေကွာ"

အသားမဲမဲ ကျောင်းသားက စိတ်ပျက်သော အမူအရာနှင့် ပြန်ပြောလိုက်၏။ ဒဏ္ဍာရီကျောက်စိမ်းသည် သူရှာတွေ့သမျှထဲတွင် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ထိုပစ္စည်းကို အသုံးပြု၍ ငွေများများရှာနိုင်ရန် အနှီကျောင်းသား မျှော်လင့်ထား၏။

"ဒီဂျင်စင်းရဲ့ သက်တမ်းက ၂၈ပဲ ရှိသေးတယ်ဆိုတာ ငါ အတိအကျ ပြောနိုင်တယ်ကွ ပြီးတော့ ဒဏ္ဍာရီဂျင်စင်းရဲ့ အာနိသင်ဆိုတာ သက်တမ်းနဲ့ တိုက်ရိုက်အချိူ းမကျဘူး ၂၀သက်တမ်းဟာ အစွမ်းအထက်ဆုံးပဲ ဒီထက် အသက်ကြီးလာတာနဲ့အမျှ ဂျင်စင်းရဲ့ အာနိသင်က တဖြည်းဖြည်း ဆုံးရှုံးသွားမယ် ပြီးတော့ မင်းရောင်းချနေတဲ့ ဈေးနှုန်းက မြို့တော်ကြီးက ဈေးနှုန်း ဖြစ်နေတယ် ဒီလိုနေရာမှာ ဒီဈေး ဘယ်ရပါ့မလဲ"

အသားမဲမဲ ကျောင်းသားအနေနှင့် စုချန်း ဤမျှလောက်ထိ နှံ့စပ်လိမ့်မည်ဟု ယူဆထားသည်မဟုတ်။ ထိုအခါ သူ အငိုက်မိသွား၏။ စုချန်းက နောက်ထပ်ပစ္စည်းတမျိူ းကို ကိုင်ပြီး မေးလိုက်ပြန်သည်။ ထိုပစ္စည်းမှာ မီးတောက်သဏ္ဍာန် အနီရောင်ကျောက်တုံးဖြစ်သည်။

"ဒါဘယ်လောက်လဲ"

"ဒါ မီးတောက်မူလကျောက်တုံးပဲ မင်းဝယ်မယ်ဆိုရင် မူလကျောက်တုံး ၁၀တုံးပဲပေး"

အသားမဲမဲကျောင်းသားက ဈေးပြောလိုက်၏။ ထိုအခါ စုချန်းက ခေါင်းခါယမ်းလိုက်ပြန်သည်။

"ဒါက မီးစွမ်းအင် နည်းနည်းပါးပါးပါတဲ့ အဆင့်နိ်မ့်မူလကျောက်တုံးသက်သက်ပဲ ဒါကိုမင်းက မူလကျောက်တုံး ၁၀တုံးနဲ့ ရောင်းမတဲ့လား ဟုတ်မှလည်းလုပ်ပါကွာ မင်းဟာက ဓားပြတိုက်သလိုဖြစ်နေပြီ"

အသားမဲမဲကျောင်းသား ဒေါသထွက်စပြုလာ၏။

"ငါ့ဟာငါ ဘယ်လောက်နဲ့ရောင်းရောင်း မင်းအပူပါသလား မင်းက ဘာကြောင့် ဒီလောက်ထိ စကားများနေရတာတုန်း ဟေ့ကောင် ဝယ်မှာလား မဝယ်ဘူးလား ဒါပဲပြော"

စကားဆုံးသည်နှင့် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထား၏။ သူပုံစံမှာ စုချန်းသာမဝယ်ပါက သတ်ပုတ်တော့မည့်ပုံပင်။ ၎င်းကိုကြည့်ရင်း စုချန်းက ပုခုံးတွန့်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ ငါ ဒါကိုဝယ်လိုက်မယ်"

စုချန်း ထိုကျောင်းသားနှင့် အငြင်းအခုံ မပြုလုပ်တော့။ မူလကျောက်တုံး ဆယ်တုံးကို ၎င်း၏ ရှေ့တွင် ပစ်ချပြီး မီးတောက်မူလကျောက်တုံးကို ကောက်ယူကာ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

ထိုအခါ တုချိန်းက မေးလိုက်သည်။

"ဘယ့်နှယ်ကြောင့် ဒါကြီးကို ဝယ်လာတာတုန်း"

စုချန်းက အနှီကျောင်းသားလူငယ် မကြားနိုင်လောက်သည့် နေရာသို့ရောက်မှ သူမကို ရှင်းပြလိုက်၏။

"ဒါ မီးတောက် မူလကျောက်တုံးမဟုတ်ဘူး မီးလျံသလင်းပဲ"

မီးလျံသလင်းဆိုပါလား။

တုချိန်း ကြက်သေသေသွား၏။

မီးတောက်မူလကျောက်တုံးဟူသည် မီးတောက်မီးလျံအမျိူ းအစား မူလစွမ်းအင် ထည့်သွင်းထားသည့် မူလကျောက်တုံး ဖြစ်သည်။ အနှီမူလစွမ်းအင်မျိူ းမှာ ရှားပါး၍ မီးတောက်မူလကျောက်တုံးကိုလည်း နေရာတိုင်းတွင် တွေ့ရလေ့မရှိ။ ထို့ကြောင့် ၎င်း၏ ဈေးနှုန်းမှာလည်း သာမာန်မူလကျောက်တုံးများထက် အဆပေါင်းများစွာ ဈေးကြီးသည်မှာလည်း အမှန်ပင်။ သို့သော် အဆိုပါမူလကျောက်တုံးကို "အထူး"ဟူသော ဂုဏ်ပုဒ်မျိူ း သုံးရန်တော့ မသင့်သေးပေ။

သို့သော် မီးလျံသလင်းမှာကား များစွာ ကွဲပြားခြားနားသည့် ပစ္စည်းဖြစ်သည်။ ၎င်း၏ အထဲတွင် အလွန်သန့်စင်သည့် မီးလျံအမျိူ းအစား မူလစွမ်းအင်နှင့် ပြုလုပ်ထားသော သလင်းတမျိူ း ပါဝင်သည်။ ထိုအထဲရှိ မူလစွမ်းအင်သည် တစုံတယောက်၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် ကျောက်တုံးနှစ်မျိူ း၏ အနှစ်သာရမှာ များစွာကွာခြားလှ၏။

ထို့နောက် စုချန်းက ဓားမြောင်ငယ်ကို ဆွဲထုတ်ပြီး ကျောက်တုံး၏ အပေါ်ယံမျက်နှာပြင်ကို လှီးထုတ်လိုက်၏။ အထဲတွင် မြင်တွေ့ရသည်မှာကား နီရဲရဲ အရာတခုကို ထည့်သွင်းမြှုပ်နှံထားသည့် ဖောက်ထွင်းမြင်နိုင်သော သလင်းတမျိူ းပင် ဖြစ်သည်။ သာမာန်မူလကျောက်တုံး အသွင် ပုံဖျက်ထားသော မီးလျံသလင်း အစစ်ပေတည်း။

မီးလျံသလင်းတခုလျင် မူလကျောက်တုံး ၃၀၀အထိ တန်ဖိုးရှိ၏။ အရာရာတိုင်းကို မျက်လုံးနှင့် တချက် ဝေ့ကြည့်လိုက်ရုံနှင့် ဤမျှ တန်ဖိုးကြီးမားသော ရတနာမျိူ းကို စုချန်း ရှာနိုင်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထား။ ထိုအခါ လူတိုင်လိုလိုသည် တိတ်တိတ်ကလေး ကြိတ်၍ မနာလို ဖြစ်နေကြကုန်၏။

သို့သော် စုချန်းကား ထိုကိစ္စကို သိပ်အလေးအနက်ထားပုံမရ။ သူ့အနေနှင့် မီးလျံသလင်းကို သူခိုးဈေးနှင့် ရလိုက်သည်ဆိုသော်ငြား ၎င်းမှာ မူလကျောက်တုံး အနည်းငယ်သာဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ အသုံးပြု့ခဲ့သော ပမာဏနှင့် နှိုင်းယှဉ်လျင် ဤပမာဏမှာ သူ့အတွက် မက်လောက်စရာမရှိ။

ထိုသလင်းကို သူဝယ်လာရသည့် တခုတည်းသော ရည်ရွယ်ချက်မှာ အမှန်တကယ် လိုအပ်နေ၍ဖြစ်သည်။

သို့သော် ကျန်လူများမှာကား ထိုသို့မတွေး။ သူတို့အတွက်တော့ မူလကျောက်တုံး ၃၀၀ဟူသည် အတော်ပင် တန်ဖိုးကြီးမားလှပြီ။ ထိုအခါ ကျန်းရှတို့လူသိုက်မှာ နေရင်းထိုင်ရင်း စုချန်းကို မနာလိုဖြစ်နေကြလေသည်။

ထိုအခိုက်မှာပင် လူအုပ်ထဲတွင် လမ်းလျှောက်လာသော လူတစုကို သူတို့ မြင်တွေ့လိုက်ရသည်။

ထိုလူစုမှာ တခြားလူများမဟုတ်။

ကျန်းချန်းအန်နှင့် သူ့အဖွဲ့ဝင်များပေတည်း။

All Chapters