← Chapters

ရန်စခြင်း

Vol. 21 Ch. 209

ရန်စခြင်း

Vol. 21 Ch. 209

ကျန်းချန်းအန်သည် ခါတိုင်းကဲ့သို့ပင် သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထား၏။ သူပုံစံမှာ အလွန်ခန့်ညားပြီး ဘဝင်လေဟပ်နေဟန်ရှိသည်။ သို့သော် ဝတ်စားဆင်ယင်ပုံကသာ ခန့်ညားဟန်ရှိသည်။ သူ့အမူအရာမှာကား ကြည့်ရဆိုးလှ၏။

ကြည့်ရဆိုးနေသည်မှာလည်း သူတယောက်တည်းမဟုတ်ပေ။ သူ့နောက်မှလူများအားလုံးလိုလိုသည်လည်း ထိုနည်းနှင်နှင်သာ။ ထိုသူများအားလုံးလိုလိုသည် ကြည့်ကောင်းကြ၏။ ကိုယ်ဟန်အမူအရာ ဆင်ယင်ထုံးဖွဲ့ပုံ ခန့်ညားကြပါပေ၏။ သို့သော် သူတို့၏ အမူအရာများမှာကား ယခုပင် သွေးအန်တော့မတတ် ကြည့်ရဆိုးလှချေသည်တကား။

အမှန်တော့ ဤနေရာသို့ လာရောက်စုဝေးနေကြသည့် လူတိုင်းလိုလိုသည် ချွေးထွက်နေကြ၏။ သွေးများ ပေကျံနေကြ၏။ အဝတ်အစားများမှာ အညစ်အကြေးများနှင့် စွန်းထင်းနေကြ၏။ သို့သော် ဒဏ်ရာဒဏ်ချက်များနှင့် သွေးများသည် စစ်မှန်သော သူရဲကောင်းများ၏ အထိန်းအမှတ် လက္ခဏာတရပ်ဖြစ်၍ သူတို့ ဂုဏ်ယူနေကြ၏။

သို့သော်...

ကျန်းချန်းအန်တို့လူစုမှာကား ထိုသို့ မလုပ်နိုင်ခဲ့ချေ။ အကြောင်းမှာ သားရဲသတ္တဝါဆိုး တကောင်တလေမျှပင် သူတို့ မတွေ့ခဲ့သောကြောင့်ပင်တည်း။

သူတို့ နောက်တကြိမ် လက်ချည်းသက်သက် ပြန်လာခဲ့ရပြန်လေပြီ။

အရိုးပြာတထောင်ချောက်နက်အတွင်းရှိ သားရဲသတ္တဝါဆိုးတိုင်းလိုလိုပင် သူတို့မြင်ကွင်းမှ ပုန်းကောင်းနေလေရော့သလား။ သို့မဟုတ် ဤဒေသတခွင်ရှိ သားရဲသတ္တဝါဆိုးများပင် ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်ရော့သလား။ ဘာကြောင့်မှန်းမသိစေကာမူ သူတို့ဘယ်သွားသွား သားရဲသတ္တဝါဆိုး တကောင်တလေမျှကိုပင် မတွေ့သည်ကတော့ အမှန်ပင်။ လမ်းခရီးတနေရာတွင် သတ္တဝါဆိုး ခြေရာလက်ရာတွေ့၍ သူတို့ ထိုနေရာသို့ ဦးတည်လိုက်လျင်ပင် ထိုသတ္တဝါသည် လောကပေါ်တွင် တခါမှ မရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားပြန်၏။

နောက်ဆုံးတော့ အရိုးပြာတထောင်ချောက်နက်အတွင်း ဆယ်ရက်တိုင်တိုင် နေထိုင်ခဲ့သည့်တိုင် သားရဲသတ္တဝါဆိုး တကောင်တလေမျှကိုပင် သူတို့ မတိုက်ခိုက်ရသေး။ အမှန်တော့ သူတို့အဖွဲ့သည် တန်ဖိုးကြီး ဆေးပင်တချိူ့တော့ ရှာဖွေနိုင်ခဲ့၏။ သို့သော် ကျန်အဖွဲ့တိုင်းလိုလိုက ဆေးပင်ရှာဖွေခြင်း၊ သတ္တဝါဆိုးများ သတ်ဖြတ်ခြင်း ဤလုပ်ငန်းနှစ်ဝမှ အကျိူ းအမြတ်များ ရရှိနေချိန်တွင် သူတို့အဖွဲ့ကတော့ သတ္တဝါဆိုးသတ်ဖြတ်ခြင်းမှ မည်သည့်အကျိူ းမျှ မရရှိခဲ့။၎င်းမှာ ရရှိနိုင်သည့် အကျိူ းအမြတ်၏ တဝက်တိတိကို ဖြတ်တောက်ခံထားရသည်နှင့် အတူတူသာ။ သူတို့အဖွဲ့အဖို့ ဤတကြိမ်သည် အထိနာလှချေသည်တကား။

အရိုးသားဆုံးဝန်ခံရလျင် ကျန်းချန်းအန်တို့လို လူများအတွက် အကျိူ းအမြတ်မှာ အရေးမပါလှ။ သူတို့သည် တော်ဝင်မျိူ းနွယ်စုဝင်များဖြစ်လေရာ ငွေမရှား။ သူတို့အတွက် အရေးကြီးသည်မှာ အင်အားကြီးမားလာစေရန်သာ ဖြစ်သည်။

သို့သော် သားရဲသတ္တဝါဆိုးများနှင့် မတိုက်ခိုက်ရပဲ သူတို့ မလေ့ကျင့်နိုင်။ မလေ့ကျင့်ပဲ အင်အားတိုးပွားလာအောင် မလုပ်နိုင်။

ထိုထက် ပို၍ အရေးကြီးသည်မှာကား သူတို့၏ ဂုဏ်သတင်း ဖြစ်သည်။

ယခုထိ သားရဲသတ္တဝါဆိုး တကောင်တလေမျှကိုပင် မသတ်နိုင်သေးလေရာ လက်ရှိအချိန်ထိ သူတို့ ရောင်းချနေသမျှမှာ ဆေးပင်များသာ ဖြစ်နေ၏။ ယခုအချိန်မှာ အရိုးပြာတထောင်ချောက်နက်တွင် ကျောင်းသားများနှင့် ပြည့်နှက်နေသည့် အချိန်ဖြစ်သည်။ ကျောင်းသားအချင်းချင်းကလည်း တယောက်နှင့်တယောက် မျက်မှန်းတန်းမိ သိနေကြ၏။ ထို့ကြောင့် ထိုကိစ္စမှာ မြန်မြန်ဆန်ဆန်ပင် ပေါ်ပေါက်သွားတော့သည်။

အခြားကျောင်းသားများအနေနှင့် သူတို့၏ ပျံသန်းခြင်းအသင်းသည် သားရဲသတ္တဝါဆိုးများကို ရှာမတွေ့ဟု မည်သူမှမသိ။ သားရဲများနှင့် မတွေ့စေရန် တမင်တကာ ရှောင်ရှားနေခြင်းသာဖြစ်မည်ဟု ယူဆနေကြလေသည်။ ထိုအခါ ပျံသန်းခြင်းအသင်းသည် အရည်အသွေးရှိ လူများနှင့် ဖွဲ့စည်းထားသော်လည်း သားရဲသတ္တဝါဆိုး တကောင်တလေနှင့် တိုက်ခိုက်ရန်ပင် သတ္တိမရှိပဲ ဆေးပင်များသာ အားတက်သရော ရှာဖွေနေကြသည်ဟူသော ကောလဟာလတခု ကျောင်းသားများအကြား စတင်ပျံ့နှံ့လာခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ ပျံသန်းခြင်းအသင်းသည် ဆေးပင်များ ရောင်းဝယ်ခြင်းနှင့်သာ ငွေရှာနေကြောင်း ကျောင်းသားများအားလုံး သိရှိကုန်ကြသည်။ ထိုအခါ ကျောင်းသားတချိူ့က သူတို့အဖွဲ့အား "သက်သားလွတ်အဖွဲ့"ဟုပင် လှောင်ပြောင်ခေါ်ဝေါ်စပြုလာ၏။ ဘယ်လောက် ရှက်စရာကောင်းလိုက်လေသနည်း။

ကျန်းချန်းအန်နှင့် သူ့အဖွဲ့ဝင်များသည် ထိုအကြောင်းကို ကြားလိုက်ရသောအခါ ပြင်းထန်စွာ ဒေါသထွက်ကုန်ကြ၏။ သို့သော် သူတို့အနေနှင့် မည်မျှ မောက်မာသည်ဖြစ်စေ အရိုးပြာတထောင်ချောက်နက်အတွင်းရှိ ထောင်ပေါင်းများစွာသော ကျောင်းသားအားလုံးကို အတိုက်အခံ မပြုလုပ်နိုင်။

ယခုလည်း ပျံသန်းခြင်းအသင်း လမ်းလျှောက်လာသည်ကို မြင်သည်နှင့် လျှာစအာစရှိသော ကျောင်းသားတယောက်က ရယ်မောလှောင်ပြောင်လိုက်သည်။

"ဟေ့ ကျန်းချန်းအန် ဒီနေ့ကော ဆေးပင် ဘယ်နှစ်ပင်လောက် နှုတ်ခဲ့သလဲကွ"

ကျန်းချန်းအန် အတော်လေး ဒေါသထွက်သွား၏။ သို့သော် သူက ထိုကျောင်းသားကို ဥပေက္ခာပြုထားလိုက်သည်။ အကြောင်းမှာ အလင်းပြန်ကျောက်ဆောင်တွင် သူ့ထက် နှစ်ကြီးသော ကျောင်းသားများသာမက သူ့ထက် လေးစားဖွယ်ရာကောင်းသည့် သွေးဗီဇပိုင်ရှင်များလည်း ရှိနေကြ၏။ သူ့အား နောက်ပြောင်လိုက်သူနှင့် ထိုသူများအကြား မည်သည့် ပတ်သက်ဆက်နွယ်မှုမျိူ း ရှိကြောင်း သူမသိ။ အကယ်၍ တစုံတယောက်သည် သူ့ကို ပေါ်တင် နောက်ပြောင်ရဲက ထိုသူသည် ခေသူမဟုတ်၍သော်လည်းကောင်း၊ သို့တည်းမဟုတ် တစုံတယောက် ကျောထောက်နောက်ခံပြုထား၍သော်လည်းကောင်း ဖြစ်ရပေလိမ့်မည်။

ထို့ကြောင့် လတ်တလော သူလုပ်နိုင်သည့်အရာဟူ၍ စနောက်မှုများအား အံကြိတ်သည်းခံရန်သာရှိသည်။

ထိုစဉ် တစုံတယောက်က ပြက်လုံးထုတ်လိုက်ပြန်သည်။

"တနေကုန်လုပ်နေတာဆိုလို့ ဆေးပင်တူးတဲ့ အလုပ်ပဲရှိတဲ့ဟာကို ကျောပေါ်က လေးကြီးက ဘာလုပ်မှာတုန်း လိုမှမလိုတော့ပဲ ရောင်းလိုက်ပါလားဟ"

"ဟုတ်တယ်ဟေ့ အက်ဒမန်တင်းမျောက်ဝံဘီလူးကကော ဘာလုပ်ဖို့တုန်း မလိုတဲ့ဟာကို သတ်လိုက်တာကမှာ သားရဲအရေခွံတချပ် ရအုံးမယ်"

"ဒီမျောက်ဝံကိုရော သူတို့ကိုယ်တိုင် ဖမ်းလာတာ ထင်သလား တယောက်ယောက်ဆီက ဝယ်လာတာတဲ့ဟ ဝယ်လာတာတဲ့"

"ဒီမျောက်ဝံကို သူတို့ ဝယ်လာတာဟုတ်လား ဟား ဟား ဟား ငါတော့ ရယ်လို့သေတော့မှာပဲကွာ သူတို့ ဘယ်လောက်ထိ ရူးမိုက်တယ်ဆိုတာ ပြဖို့အတွက် ဒီနေရာကို တကူးတကများ ရောက်လာသလားကွာ"

ပတ်ဝန်းကျင်တခုလုံး ကဲ့ရဲ့လှောင်ပြောင်သံများ၊ ရယ်မောသံများနှင့် ဆူညံနေ၏။

ကျန်းချန်းအန်နှင့် သူ့အဖွဲ့ဝင်များ၏ မျက်နှာမှာကား ပျက်သထက် ပျက်နေခဲ့လေပြီ။

ဒီခွေးမသားတွေကတော့ကွာ......

အတိတ်ကာလတုန်းက တခြားလူများအပေါ် သူတို့ ဤသို့ဤနှယ် လှောင်ပြောင်ခဲ့ဖူး၏။ ယခုတော့ လူပုံအလယ်တွင် သူတို့ကိုယ်တိုင် အလှောင်ခံနေရလေပြီ။ ထိုအရသာမှာ ဆိုးဝါးလှကြောင်း သူတို့ သဘောပေါက်စပြုလာသည်။

ကျန်းရှတို့လူသိုက်မှာ ထိုအဖြစ်ကိုကြည့်ရင်း တခစ်ခစ်နှင့် ကြိတ်ရယ်နေကြလေသည်။

ကောလဟာလဟူသည် သူ့သဘောသဘာဝအရကိုက အလွန် ပျံ့နှံ့လွယ်တတ်၏။ သူတို့အားလုံးသည် ရယ်မောဖွယ်ရာမှန်သမျှကို အစဆွဲထုတ်ကာ လှောင်ပြောင်နေကြခြင်း ဖြစ်သည်။

ကဲ... ကျန်းချန်းအန် ဘာတတ်နိုင်သနည်း။

သူ ဘာမှမတတ်နိုင်။ စနောက်နေသမျှကို အံကြိတ်ခံရန်သာ ရှိတော့သည်။

လူတိုင်းလိုလိုသည် ကျန်းချန်းအန်တို့အဖွဲ့ကို လှောင်လိုက် ရယ်မောလိုက်နှင့် လုပ်နေကြ၏။ ထိုအထဲတွင် တုချိန်းက အရယ်မောဆုံး ဖြစ်သည်။ မတရား နိုင်ထက်စီးနင်း အလုပ်ခံလိုက်ရ၍ ပြင်းစွာ ထွက်ခဲ့သော ဒေါသသည် ဤယနေ့တွင် အတော်လေး လျော့ပါးသွားသယောင်ရှိ၏။ ကျန်းချန်းအန်တို့အဖွဲ့ ဒေါသထွက်နေသည်ကို မြင်ရလေလေ သူမ ပျော်လေလေပင်။

တုချိန်း အရယ်သန်လှသောကြောင့် သိပ်မကြာမီ ရွှေပုစဉ်း ဟွမ်းဝုက သူမကို သတိထားမိသွားတော့သည်။ သူက မျက်မှောင်ကုတ်လိုက်ပြီး ကျန်းချန်းအန်၏ နားရွက်အနီးကပ်ကာ စကားတချိူ့ကို ခပ်တိုးတိုး ပြောလိုက်သည်။ ကျန်းချန်းအန်၏ ခြေလှမ်းများက ချက်ချင်း ဦးတည်ချက် ပြောင်းသွား၏။ မျက်စေ့တမှိတ်အတွင်း တုချိန်းနှင့် တခြားလူများရှေ့သို့ ကျန်းချန်းအန် ရောက်လာ၏။ ထို့နောက် သူက စုချန်းရှေ့တွင် မတ်တပ်ရပ်ပြီး မေးလိုက်သည်။

"ဒါ အတော်လေး ရယ်စရာကောင်းတယ်လို့ မင်း ထင်နေတယ်ပေါ့ ဟုတ်လား"

စုချန်းက ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။

"ဗျာ သခင်လေးကျန်း ကျူ ပ်တို့ဒီမှာ ကိုယ့်ဟာကိုယ် ရယ်မောခွင့်တောင် မရှိတော့ဘူးလား"

ကျန်းချန်းအန်က စုချန်းကို ရက်စက်ကြမ်းကြုတ်စွာကြည့်ပြီး အသံနှိမ့်ကာ မေးလိုက်သည်။

"မင်း သားရဲသတ္တဝါဆိုးတွေနဲ့ ပတ်သက်ပြီး တခုခု လုပ်ထားတယ်မလား"

သူတို့အားလုံးသည် လူအများမဟုတ်။ အကယ်၍ ရက်အနည်းငယ်အတွင်း သားရဲတကောင်မှ မတွေ့ဆိုပါက သူတို့အနေနှင့် ကံကြမ္မာကို ယိုးမယ်ဖွဲ့ရန်သာရှိသည်။ သို့သော် ဆယ်ရက်တိုင်တိုင် သားရဲသတ္တဝါဆိုး တကောင်မှ မတွေ့သောအခါ ကံနှင့်မဆိုင်တော့။ တခုခုတော့ မှားယွင်းနေပြီမှန်း သူတို့အားလုံး သဘောပေါက်လာကြ၏။ ထိုအခါ သူတို့အားလုံး၏ စိတ်ထဲတွင် စုချန်းကို သံသယရှိလာကြ၏။ သူတို့ဆီသို့ နောက်ဆုံးရောက်လာသူမှာ စုချန်း ဖြစ်နေသည် မဟုတ်ပါလား။ သို့သော် သံသယမှာ သံသယသာ ဖြစ်သည်။ သက်သေ မပြနိုင်သေးသရွေ့ အတည်ပြု၍ မရ။

ဤယနေ့တွင်တော့ ကျန်းချန်းအန်၏ သည်းခံနိုင်စွမ်း ကုန်ခန်းသွားလေပြီ။ သူသည် သူ့ကိုယ်သူ ထိမ်းသိမ်းနိုင်စွမ်းမရှိတော့။

ကျန်းချန်းအန်၏ မေးခွန်းကို ကြားရသောအခါ စုချန်းက ပြုံးရင်း ဖြေလိုက်သည်။

"ခင်ဗျား ဘာတွေပြောနေမှန်း ကျူ ပ်မသိဘူး ဒီမယ် သခင်လေးကျန်း ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်စမ်းပါ ဒါမှမဟုတ် ကျူ ပ်တို့အဖွဲ့က ဒီအထဲမှာ အင်အားအနည်းဆုံးလို့ ယူဆပြီး လူတွေရှေ့မှာ ဆုံးမပြဖို့ ကြံနေတာလား"

အလင်းပြန်ကျောက်ဆောင်သည် နဂါးကျောင်းတော်မဟုတ်သော်လည်း အလိုအလျောက် လိုက်နာကြသည့် စည်းကမ်းချက်တချိူ့တော့ ရှိနေသည်သာ။ ဤနေရာသည် အများသူငါ စီးပွားရေးလုပ်ကိုင်ရာနေရာ ဖြစ်သည်။ ထို့ကြောင့် ရန်မဖြစ်ရ။ ရန်ပါဖြစ်ကလည်း ရန်စသူ သို့မဟုတ် ရန်စသောအဖွဲ့သည် ကျန်အဖွဲ့များ၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထို့ကြောင့် ဤနေရာတွင် စုချန်းကို တိုက်ခိုက်ရလောက်သည်အထိ ကျန်းချန်းအန် မမိုက်။ သူက စုချန်းကို စိုက်ကြည့်ပြီး ရက်စက်ကြမ်းကြုတ်သော လေသံနှင့် ပြောလိုက်သည်။

"မင်းဘယ်လိုပဲငြင်းငြင်း ဒါ မင်းလက်ချက်ဆိုတာ ငါ အတပ်သိပြီးသား ဒီတော့ နောက်ကွယ်မှာ လုပ်နေတဲ့ လုပ်ရပ်ကို ချက်ချင်း ရုတ်သိမ်းလိုက်ပါ ဒါဆိုရင် မင်းကိုငါ ခွင့်လွှတ်နိုင်မယ် ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ မင်းတသက်လုံး နောင်တရနေအောင် ငါလုပ်ပြမယ်"

စုချန်းက ချင်းလင်အာကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ သူမကား ပါးစပ်ပိတ်လျက်သား ရှိသည်။ သူမ၏ မျက်နှာမှာကား သွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်လျက်ရှိ၏။ စုချန်း ချက်ချင်းပင် နားလည်လိုက်၏။ ထို့နောက် သူက ကျန်းချန်းအန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မင်း ဒီအခြေအနေက လွတ်မြောက်ချင်နေတယ်မလား ငါ အကြံနည်းနည်း ပေးလိုက်မယ်"

ထို့နောက် သူုက မူလကျောက်တုံး ၂၀ကို ဆွဲထုတ်ပြီး ပြောလိုက်သည်။

"ငါ့ကို အက်ဒမန်တင်းမျောက်ဝံ ပြန်ပေး ဒါဆိုရင် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်"

ကျန်းချန်းအန်က

"အိပ်မက်ထဲမှာပဲ ရမယ်"

ထို့နောက် သူသည် ထိုနေရာမှ ထွက်ခွာသွားလေသည်။ သူ့အဖွဲ့ဝင်များလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။ သူတို့၏ အကြည့်များထဲတွင်တော့ စုချန်းကို သတ်ဖြတ်လိုစိတ်များ အထင်းသား။ ကြံ့ဓားကတော့ စုချန်းဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်လာ၏။ ထို့နောက် စုချန်းကို လက်နှင့်တွန်းဖယ်ကာ ခြိမ်းခြောက်လိုက်သည်။

"ကောင်လေး မင်း ငါနဲ့ အပြင်မှာ မတွေ့ဖို့ ဆုတောင်းထား တွေ့များတွေ့ရင်တော့ မင်း အသေဆိုးနဲ့ သေပြီလို့သာ မှတ်ပေတော့"

စုချန်းက မထီမဲ့မြင်နိုင်သော အမူအရာနှင့် ပုခုံးတွန့်ပြလိုက်သည်။

"ဘာလို့ ဒီလောက်ထိတောင် ဒေါသကြီးနေတာတုန်း မင်းတို့ကို ငါ အမှန်အတိုင်း ပြောပြီးပြီပဲ မျောက်ဝံကိုသာ ပြန်ပေးလိုက် အကုန်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိ်မ့်မယ်"

တကယ်လည်း စုချန်း အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ ဆေးမှုန်များကို မျောက်ဝံဘီလူးကြီး၏ အမွှေးများပေါ်တွင် သူ ဖြန်းပေးခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှစွာပင် သူ့စကားကို မည်သူမှ နားမထောင်ကြ။

ကြံဓားပြီးတော့ ခွန်ရှန်းယန်အလှည့်။ သို့သော် သူ့ခြေလှမ်းများကတော့ ဝမ်တောက်ရှန်းဆီသို့ ဦးတည်နေ၏။

"ဟေ့ ကြိုးကြာဖက်တီး နောက်ကျမှ ငါ့ကို သတိမပေးဘူးဆိုပြီး အပြစ်မတင်လေနဲ့ ဒီလိုကောင်တွေနဲ့ ပေါင်းလို့ မင်းအတွက် ဘာအကျိူ းမှမရှိဘူးကွ"

"ငါရွေးချယ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လာလုပ်နေတာလား ကိုယ့်လူ"

ဝမ်တောက်ရှန်းက ပြောလိုက်၏။

"မင်းဟာ ဘယ်ဟာအကောင်း ဘယ်ဟာအဆိုးလည်းဆိုတာတောင် မသိတဲ့ကောင်ပဲ"

ခွန်ရှန်းယန်က ဒေါသတကြီးနှင့် ပြောလိုက်သည်။

နောက်ဆုံးတော့ ပျံသန်းခြင်းအဖွဲ့ ထွက်ခွာသွားလေပြီ။

တောက်ပခြင်းအဖွဲ့သားများကား အောင်နိုင်သူများပမာ ရယ်မောရင်း ကျန်ခဲ့လေသည်။

သို့သော် ရယ်မောခြင်း၏ နောက်ကွယ်၌ စိုးရိမ်မှုတချိူ့ ရှိနေသည်ကတော့ အမှန်ပင်။

"ဟေ့ ဒီလူတွေ ကျွန်မတို့ကို ဒုက္ခပေးဖို့ ကြိုးစားလာမယ်လို့ ရှင်ထင်သလား"

တုချိန်းက ဆွန်းချီစုကို မေးလိုက်၏။

"ကျူ ပ်တို့တတွေရဲ့ ကြားထဲက ရန်လိုမုန်းတီးမှုတွေ ဒီအဆင့်ထိ ရောက်လာပြီဆိုတော့ သူတို့ လာသင့်တာပေါ့ကွာ"

ဆွန်းချီစုက သက်ပြင်းချကာ ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် စိုးရိမ်သော အရိပ်အယောင်များ ယှက်သန်းနေ၏။

ထိုအချိန်တွင် စုချန်းက ဝင်ပြောလိုက်သည်။

"ခင်ဗျားတို့ ကြောက်နေရင် ဒီက အမြန်ဆုံး ထွက်ခွာသွားပြီး ကျောင်းကို အရောက်ပြန်သင့်တယ် လူတိုင်းက တနေ့လုံး အလုပ်လုပ်ထားလို့ ပင်ပန်းနေကြပြီ ဘာပဲဖြစ်ဖြစ် သူတို့လည်း အနားယူရအုံးမှာပဲ"

"မင်းကျတော့ ဘယ်လိုလည်း မသွားဘူးလား"

ကျန်းရှက မေးမြန်းလိုက်ခြင်းဖြစ်သည်။

"ကျူ ပ်လား"

စုချန်းက သွားများပေါ်လာသည်အထိ ရယ်မောရင်း ပြောလိုက်သည်။

"ကျူ ပ်ထွက်သွားရင် ပျင်းစရာကောင်းသွားမှာပေါ့"

All Chapters