← Chapters

ပညာရှင်များ စုစည်းလာခြင်း

Vol. 6 Ch. 502

ပညာရှင်များ စုစည်းလာခြင်း

Vol. 6 Ch. 502

မကြာခင်မှာပင် သူတို့ စီးနင်း လိုက်ပါလာသော လေယာဉ်သည် ဆာရာဝပ် ပြည်နယ်၏ မြို့တော် ခူချိန်းသို့ ဆိုက်ကပ်လာခဲ့၏။

လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းပင် သူတို့အား ဒေသခံ အာဏာပိုင် လူတစ်စုက လာရောက် ကြိုဆိုကြသည်။

သူတို့က ချန်းဖန်နှင့် ယူကီရှီရိုဆာတို့အား ကောနွမ်နွမ်နှင့် တစ်ဖွဲ့တည်းဟု ထင်မှတ် နေကြသည်။ ထို့ကြောင့် အထူးတလှယ် စစ်ဆေး မေးမြန်းခြင်း မရှိကြချေ။

ခူချိန်း၌ တစ်ညအိပ်ပြီး နောက်တစ်နေ့တွင် သူတို့၏ စွန့်စားရေး ခရီးစဉ်အား စတင်ခဲ့၏။

ခရီးစဉ်၏အစ၌ လူသွားလမ်းငယ်လေး တစ်ခု ရှိနေသော်လည်း တဖြည်းဖြည်း အချိန် ကြာလာသည်နှင့် တောနက်ကြီး အတွင်းသို့ သူတို့ ရောက်လာခဲ့ကြသည်။ ထိုနေရာ၌ လူသား ဆို၍ သူတို့ တစ်ဖွဲ့သာ ရှိတော့၏။

"တောကြီးမျက်မည်းထဲ ခရီးသွားနေတုန်း ရှင်တို့ ဘာအထောက်အပံ့မှ မလိုဘူး ဆိုတာ တကယ်လား …"

ကောနွမ်နွမ်က ချန်းဖန်တို့၏ ပေါ့ပေါ့ပါးပါး ပုံစံအား ကြည့်ရင်း မေးလိုက်သည်။

"ဒီနေရာက တကယ့် တောကြီးမျက်မည်းနဲ့ ယှဉ်ရင် အသေးအမွှားလေးပါပဲ"

ချန်းဖန်က အေးဆေးစွာပင် ပြန်ပြောလိုက်၏။

"ဟွန့် …"

ကောနွမ်နွမ်က ချန်းဖန်၏ စကားကြောင့် နှာခေါင်းရှုံ့လိုက်၏။ ထိုလူငယ်ကား ကျိန်းသေပင် အရူး ဖြစ်ရမည်။ အရူးသာလျှင် ဤကဲ့သို့ ခရီးအား ပြင်ဆင်ခြင်း မရှိပဲ လာမည် ဖြစ်သည်။

နေမင်းက တဖြည်းဖြည်း ကောင်းကင် အလယ်သို့ ရောက်လာသည်နှင့် ကောနွမ်နွမ်တို့ လူစုမှာ နေ့လယ်စာ စားရန် ပြင်ဆင်လိုက်ကြသည်။

ချန်းဖန်နှင့် ယူကီရှီရိုတာတို့သည် စားထားသော ဝိညာဉ်ဆေးများကြောင့် ဗိုက်မဆာ သော်လည်း သာမန် လူများကဲ့သို့ နေထိုင်ရန်သာ ဆုံးဖြတ် လိုက်ကြသည်။

ချန်းဖန်က ယူကီရှီရိုဆာနှင့်အတူ တောအတွင်းသို့ ဝင်ကာ ယုန်အချို့အား ဖမ်းဆီးလိုက်ကြ၏။ အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က ယုန်များကို အရေခွံခွာကာ အဝါရောင် ကျောက်မျက် အတွင်းမှ ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောနှောပြီး မီးကင်လိုက်သည်။ မကြာခင်မှာပင် ယုန်ကင်မှ အဆီများ စီးကျလာကာ  မွှေးကြိုင်သော အသားကင် ရနံ့များ ထွက်ပေါ်လာခဲ့သည်။

"မိန်းကလေး … သူတို့ နှစ်ယောက်က တောတွင်း စွန့်စားသွားလာတဲ့ အတွေ့အကြုံ ရှိတာ ထင်တယ် …"

အစောင့်တစ်ယောက်က ကောနွမ်နွမ်အား ခပ်တိုးတိုး ကပ်ပြောသည်။

"အဲဒီ မိန်းကလေးကို ကြည့်ပြီး တရုတ်ရဲ့ ရှေးဟောင်းဂိုဏ်း အကြောင်း ကျွန်တော် ပြန်သတိရမိတယ် … သူတို့က တပည့်တွေကို ဓားတစ်လက်ပဲ ပေးပြီး လောကကြီးကို စူးစမ်းဖို့ လွှတ်လေ့ရှိတယ်တဲ့ … ဟိုလူငယ်ကို ကြည့်ရတာတော့ ထူးခြားတာမျိုး မတွေ့မိဘူး ... သိုင်းသမား တစ်ယောက် ဖြစ်မယ်လို့ ခန့်မှန်းရတယ် …"

အန်ကယ်ရှဲ့က မျက်မှောင်ကြုတ်ရင်း ဝင်ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ပြန်လမ်းမဲ့ တောင်ကြားကို ရောက်ရင်တော့ သူတို့ ဘယ်သူတွေလဲ ဆိုတာ သိရမှာပါ …"

ကောနွမ်နွမ်က စိတ်မပူစွာပင် ပြောလိုက်သည်။

နောက်ရက်များတွင်လည်း လူငယ်များစွာမှာ ချန်းဖန်နှင့် ယူကီရှီရိုဆာတို့အား ကြည့်ကာ အံ့အားသင့်ရသည်။ သူတို့ နှစ်ယောက်သည် မည်သည့်နေရာတွင် ရောက်နေပါစေ တောရိုင်း တိရစ္ဆာန်များအား ကောင်းစွာ အမဲလိုက် နိုင်သည်။ သူတို့ ပြန်လာတိုင်း ယုန်၊ တောကြက်၊ ငါး စသည်ဖြင့် တစ်ခုခု ပါလာစမြဲပင်။

အချို့သော လူငယ် လူရွယ်များဆိုလျှင် ချန်းဖန်ထံမှ အသားကင်၊ ငါးကင်များ ဝယ်ယူရန်ပင် ချဉ်းကပ် နေကြပြီ ဖြစ်သည်။

"ဟေး ဘရို … ကျွန်တော့်ကို ယုန်ကင်လေး ရောင်းပါလား … အမေရိကန် ဒေါ်လာတစ်ရာ ပေးမယ်လေ …"

ဟွမ်ကျင်းဟု  ခေါ်သော လူငယ်က ဈေးကြီးပေး၍ ချန်းဖန်တို့အား ကမ်းလှမ်းသည်။

"မရောင်းဘူး …"

ချန်းဖန်က ခပ်ပြတ်ပြတ်ပင် ငြင်းဆိုသည်။

"တစ်ထောင်ပေးမယ်ဗျာ …"

ဟွမ်ကျင်းက အံကြိတ်ရင်း ပြောလိုက်သည်။

"တစ်ထောင်နဲ့ဆို ခင်ဗျား ယုန်အကောင် တစ်ရာတောင် ဝယ်လို့ ရတယ် …"

"မရောင်းဘူးလို့ ပြောနေတယ်လေ …"

ချန်းဖန်က စိတ်မရှည်စွာ ပြောလိုက်သည်။

"ခင်ဗျား …"

ဟွမ်ကျင်းကား အနည်းငယ် ဒေါသထွက် သွားပုံရသည်။ သူက နှာခေါင်းတစ်ချက် ရှုံ့ကာ တစ်ဖက်သို့ လှည့်လိုက်၏။

"ဟမ့် … မင်းတို့ ငါ့ဆီက တစ်ခုခု လိုအပ်တဲ့အချိန် ရောက်လာဦးမှာပါ …"

"ဘာတွေဖြစ်နေတာလဲ ဘိုးတော်ဟွမ် …"

ဟွမ်ကျင်း၏ သူငယ်ချင်း တစ်ယောက်က မည်းမှောင်နေသော ဟွမ်ကျင်း၏ မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။

"ဟိုကောင်က အရူးပဲကွ သိလား ငါက အမေရိကန် ဒေါ်လာ တစ်ထောင် ပေးတာတောင် သူက ယုန်ကင်ကို မရောင်းဘူး"

ဟွမ်ကျင်းက မကျေမနပ် ပြောသည်။

"ဟမ့် နောက်ကျမှ ငါ့ဆီမှာ အကူအညီ လာတောင်းရင် တွေ့မယ်"

ဤသို့ဖြင့် ချန်းဖန်နှင့် ကောနွမ်နွမ်တို့ အဖွဲ့၏ ဆက်ဆံရေးကား အဆိုးဘက်သို့သာ ဦးတည် လာခဲ့သည်။ သူတို့ အုပ်စု နှစ်ခုကား အတူတူ ခရီးသွားခြင်းမှလွဲ၍ စကားပင် မပြောဖြစ်ကြချေ။

ချန်းဖန်ကမူ ထိုအပြောင်းအလဲအား ဝမ်းသာအားရ ကြိုဆိုသည်။ သူ့အနေဖြင့် မေးခွန်းများ ဖြေရသည့် အလုပ်ကို အလွန် ငြီးငွေ့သည်။

"ငါတို့ နီးတော့ လာပြီ … နောက် ကီလိုမီတာ သုံးရာလောက်ပဲ သွားရတော့မယ် …"

ချန်းဖန်က မြေပုံကို လက်ဖြင့် ထောက်ရင်း ယူကီရှီရိုဆာအား ပြောလိုက်သည်။

"ဆရာ … အဲဒီမှာ တကယ်ပဲ မြေကမ္ဘာ နတ်ဘုရားရဲ့ ရတနာသိုက် ရှိတာလား … အန္တရာယ်တော့ များမှာပဲနော် …"

ယူကီရှီရိုဆာက စိုးရိမ်စွာ ပြောသည်။

"စိတ်မပူနဲ့ … မြေကမ္ဘာ နတ်ဘုရား အသက်ရှင် နေသေးရင်တောင် ငါ အေးအေးဆေးဆေး ကိုင်တွယ်နိုင်တယ် …"

ချန်းဖန်က ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။

ရုတ်တရက် ချန်းဖန်၏မျက်နှာက သတိ အနေအထားသို့ ပြောင်းလဲသွားကာ အဝေးသို့ ငေးကြည့်လိုက်၏။

မိနစ်ပိုင်းမျှ အကြာ၌ အန်ကယ်ရှဲ့ကာ မည်းမှောင်သော မျက်နှာဖြင့် လူအုပ်စုကို ရပ်ရန် အမိန့်ပေးလိုက်သည်။

"ဘာများလဲ …"

အားလုံး စိတ်တင်တစား စူးစမ်း နေကြချိန်တွင်ပင် ချုံများအား ဖြတ်သန်း၍ ကျားကြီးတစ်ကောင် ထွက်ပေါ်လာ၏။ ထိုကျားကြီး၏ အရေပြားက နှင်းများထက်ပင် ပိုမို ဖြူရော်နေကာ ခန္ဓာကိုယ်မှာလည်း သုံးမီတာခန့်အထိ မြင့်မား၏။

သို့သော်လည်း လူငယ်များ အမှန်တကယ် အံ့အားသင့်ရသော အရာကား ကျားကြီး၏ ကျောပေါ်၌ အဘိုးအို တစ်ယောက် ထိုင်နေခြင်းပင်။

"ကျုပ်တို့က မလေးရှား ကောမိသားစုကပါ တွေ့ရတာ ဝမ်းသာပါတယ် ဝိညာဉ်ဘုရင်"

ကောနွမ်နွမ်နှင့် အခြားလူများ အေးခဲနေကြစဉ်မှာပင် အန်ကယ်ရှဲ့က ဦးညွှတ်၍ ပြောလိုက်၏။

"ကောမိသားစုက လူငယ်တွေလား … ကောင်းပြီ ဖြတ်သွားလို့ ရပါတယ်"

ကျားပေါ်မှ အဘိုးအိုက စူးရှရှအသံဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူက ကျားကို စီးရင်း ထိုနေရာမှ ထွက်ခွာသွားတော့၏။

"ဟူး …"

အဘိုးအို ပျောက်ကွယ်သွားသည်နှင့် ကောနွမ်နွမ်က သက်ပြင်းချကာ မေးလိုက်သည်။

"အန်ကယ်ရှဲ့ သူက အရှေ့တောင် အာရှရဲ့ အစွမ်းအထက်ဆုံး ဂွန်းတူဆရာ လေးယောက်ထဲက တစ်ယောက် မလား …"

"အင်း ဟုတ်တယ် … တကယ်ဆို သူက အင်ဒိုနီးရှားမှာ နေတာပါ … ဘာလို့ ဒီကို ရောက်နေတယ် မသိဘူး …"

အန်ကယ်ရှဲ့က ဖြူရော်စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

"သူက ဒီကို ရောက်နေတာက ပြန်လမ်းမဲ့ တောင်ကြား အတွက်ပဲလား …"

အန်ကယ်ရှဲ့က တစ်ခုခုကို သတိရဟန် တီးတိုး ရေရွတ်လိုက်သည်။

"ဒဏ္ဍာရီတွေအရဆို ပြန်လမ်းမဲ့ တောင်ကြားမှာ ရတနာတွေ ရှိနေတယ်တဲ့ … လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ အဲဒီ ရတနာတွေကို ရယူဖို့ ကြိုးစားခဲ့တဲ့သူတွေ အများကြီးပဲ … ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ခဲ့ဘူး … ဝိညာဉ်ဘုရင်လည်း အဲဒီ ရတနာတွေ အတွက် ရောက်နေတာ ဖြစ်မယ်"

သို့သော်လည်း ပြန်လမ်းမဲ့ တောင်ကြားသို့ ပိုမို နီးကပ်လာသည်နှင့် ပိုမို ထူးဆန်းသော အရာများအား သူတို့ ကြုံတွေ့လာရသည်။ မြေကြီးကို စီးနင်း လိုက်ပါနေသော လူအိုကြီး၊ ဓားကို စီး၍ ကောင်းကင်၌ ပျံသန်းသော အသက်လတ် လူ၊ ဝက်ဝံကြီး ကဲ့သို့ ကြံ့ခိုင် သန်မာသော မုဆိုး စသည်ဖြင့် တွေ့မြင်ရသည့် မြင်ကွင်းတိုင်းက သူတို့အား အံ့အားသင့်စေသည်။

"ဂျပန်က လင်းတိုင် ရှေးဟောင်း မွေထိုင်း ဆရာ ဗီယက်နမ်က ဘုန်းကြီး ဧကရာဇ် …"

ရောက်လာသမျှ လူတိုင်းကား အလွန် အစွမ်းထက်သော ပညာရှင်များ ဖြစ်ကြသည်။ ထိုပညာရှင် အားလုံးသည် အနည်းဆုံး အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီ ဖြစ်ကာ အမှောင် သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များပင် ပါဝင်၏။ သို့သော်လည်း သူတို့ အားလုံး၏ ဦးတည်ချက်ကား ပြန်လမ်းမဲ့ တောင်ကြားသို့သာ ဖြစ်သည်။

"နွမ်နွမ် … ငါတို့ ပြန်လှည့် ကြရအောင်လေ … အန္တရာယ် များလွန်းတယ် …"

ဟွမ်ကျင်းက ဖြူရော်စွာဖြင့် ပြောသည်။

"ဆက်သွားကြမယ် … ဒီလောက်တောင် နီးနေပြီပဲ … နောက် ငါ့မိသားစု နာမည်ကြောင့် သူတို့ ဘာမှ လုပ်မှာ မဟုတ်ပါဘူး"

ကောနွမ်နွမ်က အံကို တစ်ချက် ကြိတ်ရင်း ဆိုသည်။

"ဒါဆိုလည်း သဘောပါပဲ …"

ဟွမ်ကျင်းက အားနည်းစွာ ခေါင်းညိတ်လိုက်သည်။

"ထူးဆန်းတယ် … သူတို့တွေ ဘာလို့ ပြန်လမ်းမဲ့ တောင်ကြားမှာ စုနေကြတာလဲ"

ချန်းဖန်ကမူ တိတ်တဆိတ်သာ တွေးနေခဲ့တော့၏။

နောက် ငါးရက်မျှ ကြာပြီးနောက် သူတို့အဖွဲ့ ပြန်လမ်းမဲ့ တောင်ကြား အနီးသို့ ရောက်ရှိလာခဲ့သည်။

တောင်ကုန်းငယ် တစ်ခုကို ဖြတ်သန်းပြီးနောက် သူတို့ အဖွဲ့ မြေပြင် ညီညာသော နေရာ တစ်ခုသို့ လှမ်းမြင် လိုက်ရ၏။ ထိုနေရာကား များစွာသော တောင်များက ဝန်းရံမှု အလယ်တွင် တောင်ကြား သဖွယ် တည်ရှိနေခဲ့၏။

"ဒါလား … ပြန်လမ်းမဲ့ တောင်ကြား ဆိုတာ …"

ကောနွမ်နွမ်၏ မျက်လုံးများက ဝင်းပလာခဲ့၏။

"မိန်းကလေး ကျွန်တော်တို့ ရောက်ပါပြီ … ဒါပေမဲ့ ခုချက်ချင်း ပြန်သင့်တယ်လို့ ကျွန်တော် ထင်တယ်"

အန်ကယ်ရှဲ့က သက်ပြင်းတစ်ချက်ချရင်း ပြောသည်။

"မပြန်သေးဘူး … ဒီလောက် အဝေးကြီး လာရတာ … အထဲကိုတော့ ဝင်ကြည့်ဦးမယ်"

ကောနွမ်နွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

အန်ကယ်ရှဲ့ကမူ မိန်းကလေး၏ တစ်ဇွတ်ထိုး အပြုအမူအား ကြည့်ကာ ခေါင်းကိုသာ ခါယမ်း နေမိတော့သည်။

"ပြန်လမ်းမဲ့ တောင်ကြား …"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အဝေးရှိ တိမ်များ ရစ်သန်းနေသော တောင်များအား ငေးမော ကြည့်လိုက်သည်။ ထိုတောင်များကား သာမန်တောင်များ မဟုတ်ချေ။ ကြီးမားသော အစီအရင် အစိတ်အပိုင်းများ ဖြစ်ကြသည်။

ထိုအစီအရင်ကြီးက အစိမ်းရောင် နဂါး အစီအရင် ကဲ့သို့ပင် ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများကို စုပ်ယူ၍ ခင်းကျင်းထား၏။ သာမန် အခြေအနေဆိုလျှင် အစီအရင်အား မြေကမ္ဘာ အဆင့်မှ လွဲ၍ ချိုးဖျက်နိုင်မည် မဟုတ်ချေ။ သို့သော်လည်း နှစ်နှစ်ဆယ်တိုင်း၌ အစီအရင်၏ အားအနည်းဆုံး အခြေအနေက ရောက်လာတတ်သည်။

"မြန်မြန်ဟေ့ … ရှေ့ဆို ရောက်ပြီ …"

ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

အားလုံးက လှမ်းကြည့်လိုက်ရာ တောအုပ် အတွင်းမှ ထွက်လာသော အသက်လတ် လူကြီးအား တွေ့မြင်ရသည်။ သူ၏ ဘေးတွင်မူ ရုပ်ရည် ချောမောသော လူငယ် တစ်ယောက် ရှိ၏။

ထိုလူများအား တွေ့သည်နှင့် ကောနွမ်နွမ်၏ မျက်လုံးများက ဝင်းပလာသည်။

"ဦးလေးလမ့်နဲ့ ရှောင်ထုံ …"

"နွမ်နွမ် …"

အသက်လတ် လူကြီးက ကောနွမ်နွမ်အား တွေ့သည်နှင့် အနားသို့ လျှောက်လာကာ ဆူလိုက်သည်။

"နွမ်နွမ် … ဒီမှာ ဘာလုပ် နေတာလဲ အန္တရာယ် များတာ မသိဘူးလား သွား အိမ်ပြန်တော့ …"

"မပြန်သေးဘူး … ကျွန်မ အထဲကို ဝင်ကြည့်ချင်လို့ ဦးလေးလမ့် … အထဲကို ခေါ်သွားပေးပါလား …"

ကောနွမ်နွမ်းက နှုတ်ခမ်းဆူရင်း တောင်းဆိုလိုက်သည်။

"ကောင်းပြီ … ကောင်းပြီ …"

မိန်းကလေး၏ ငိုမဲ့မဲ့ ပုံစံကြောင့် လမ့်ကျန့်ဖန်းက ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ဆင်ဆင်ခြင်ခြင် နေနော် … ဒီနေရာမှာ အရှေ့တောင် အာရှရဲ့ ပညာရှင်တွေ အကုန် စုစည်းနေတာ …"

"ဟုတ်ကဲ့ …"

ကောနွမ်နွမ်က ပျော်ရွှင်စွာ ခေါင်းညိတ်ရင်း ချန်းဖန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။

သို့သော်လည်း ချန်းဖန်ကမူ သူမအား သတိပြုမိပုံပင် မရချေ။ တောင်ကြား ရှိရာသို့ပင် မျက်တောင် မခတ် ငေးမော ကြည့်နေခဲ့တော့၏။

***

All Chapters