← Chapters

အစီအစဉ်

Vol. 21 Ch. 210

အစီအစဉ်

Vol. 21 Ch. 210

နောက်ဆုံးတွင်တော့ သူတို့တဖွဲ့လုံး အရိုးပြာတထောင်ချောက်နက်တွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဘဝဟူသည် ကာလရေကြည်တည်ကတည်းက စိမ်ခေါ်မှုများ ဒွန်တွဲပါလာပြီးသား ဖြစ်သည်။ တစုံတယောက်က ခပ်ကြမ်းကြမ်းလေး ပြောဆိုလိုက်ရုံနှင့် ခြေလွတ်လက်လွတ် ထွက်ပြေးရခြင်းသည် ရှက်စရာကောင်း၏။ အားနည်းလွန်းရာလည်း ရောက်နေ၏။ ထို့ပြင် လူငယ်၏ သဘောသဘာဝကိုက အလွန်တရာ စိတ်မြန်တတ်၏။ မိမိ၏ အင်အား မလုံလောက်မှန်း သိစေကာမူ လူငယ်များကတော့ လာမည့်ဘေး ပြေးတွေ့လေ့ရှိကြသည်။

အလင်းပြန်ကျောက်ဆောင်တွင် မိမိတို့ အလိုရှိရာ ပစ္စည်းများကို လှဲလှယ်ပြီးသည်နှင့် စုချန်းတို့အဖွဲ့သည် တောအတွင်းသို့ ပြန်ဝင်ခဲ့ကြ၏။ ညမှာ လျင်လျင်မြန်မြန်ပင် ဆိုက်ရောက်လာခဲ့၏။ အစားအသောက်များ ချက်ပြုတ်စားသောက်ရန် သူတို့ မီးဖိုလိုက်ကြသည်။ ညစာစားပြီးသည်နှင့် တောက်ပခြင်းအဖွဲ့ဝင်များသည် မိမိတို့ ကြိုက်နှစ်သက်ရာ ဝါသနာကိုယ်စီနှင့် အချိန်ဖြုန်းနေကြ၏။

ဝမ်တောက်ရှန်း၏ ဝါသနာမှာ အားလပ်ချိန်များတွင် ငါးမျှားခြင်း ဖြစ်သည်။ အနှီဖက်တီးသည် အားသည်နှင့် ရေစပ်တွင်ထိုင်ကာ ငါးမျှားနေတတ်၏။ သို့သော် ငါးရသည်ကနည်းနည်း၊ အိပ်ငိုက်နေသည်က ခပ်များများသာ။

ယန်ဖုချင်းနှင့် ဆွန်းချီစုတို့နှစ်ယောက်ကတော့ စစ်တုရင်ဝါသနာရှင်များ ဖြစ်သည်။ သူတို့နှစ်ယောက်တွင် ယန်ဖုချင်းက သိပ်မကစားတတ်။ သူ၏ရွှေ့ကွက်များမှာ ဆိုးဝါးလှ၏။ ထိုအထဲတွင်မှ အငြင်းကသန်သေးသည်။ စစိတုရင်စည်းမျဉ်းအရ ခုံပေါ်ရှိအရုပ်ကို အနည်းငယ်ထိမိရုံနှင့် တကွက် ရွှေ့ပြီးပြီဟု သတ်မှတ်လေ့ရှိသည်။ သို့သော် ယန်ဖုချင်းကတော့ ထိုသို့မဟုတ်။ ရွှေ့ပြီးသားအကွက်ကိုပင် စိတ်တိုင်းမကျပါက မကြာခန ပြန်ပြောင်းလေ့ရှိသည်။ ဆွန်းချီစုကလည်း မငြင်း။ လက်ပိုက်သာ ကြည့်နေတတ်သည်။ ယန်ဖုချင်း စိတ်တိုင်းကျ လုပ်ပါစေဟူသော သဘော။ သူ ပြောလေ့ရှိသည်မှာကား " အေး အေး မင်း စိတ်တိုင်းကျပြောင်း စိတ်တိုင်းကျရွှေ့ နောက်ဆုံးတော့ ငါနိုင်မှာပဲ" ဟူ၏။

သံမဏိ၏ ဝါသနာကျတော့ အဆန်း။ သူသည် သူ့ကျောပြင်ကို အားတိုင်း သစ်ပင်ပင်စည်နှင့် ပွတ်တိုက်နေတတ်၏။ နေ့တဝက်ခန့်ကြာလျင် သံမဏိ၏ ပွတ်တိုက်မှုကြောင့် ထိုသစ်ပင်အခေါက်များအားလုံး ပြောင်ချောကြီး ဖြစ်သွားတတ်သည်။ ကြည့်ရသည်မှာ ထိုပွတ်တိုက်မှုသည် သူ့ကျောပြင်၏ ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်ပုံရသည်။ အဝေးမှာလှမ်းကြည့်လျင် သူ့ပုံစံမှာ ယားယံမှုကို ဖြေဖျောက်နေသော ဝက်ဝံတကောင်နှင့် တူေနေ၏။

တုချိန်း၏ ဝါသနာကတော့ အားလပ်ချိန်များတွင် စာဖတ်ခြင်းဖြစ်သည်။ ဖတ်လေ့ရှိသည်ကလည်း စိတ်ကူးယဉ် အချစ်ဇာတ်လမ်းများသာ ဖြစ်သည်။ ဖတ်တိုင်းလည်း မျက်ရည်များ ကျလာတတ်၏။ တခါတလေ သူမသည် မည်သည့်အကြောင်းပြချက်မှမရှိပဲ ငိုနေတတ်လေသည်။

တိမ်တိုက်ကျားသစ်ကတော့ သစ်ပင်ထိပ်ဖျားတွင် ထိုင်ပြီး အဝေးကို လှမ်းကြည့်နေရခြင်းကို သဘောကျ၏။ သို့သော် သူ့ဝါသနာက ကင်းစောင့်နေသည့် သဘောဖြစ်၍ ကျန်လူများအတွက် အကျိူ းရှိလေသည်။ သူ ဘာတွေးနေမှန်း မည်သူမှမသိ။ သူတို့ တွေ့နေရသည်မှာ တိမ်တိုက်ကျားသစ်သည် သစ်ပင်ထိပ်ဖျားတွင် နာရီပေါင်းများစွာ မလှုပ်မရှားပဲ ထိုင်နေတတ်၏။

ကျန်းရှမှာကား အားသည်နှင့် သူ၏ လက်ဖဝါးနည်းစနစ်များကို အပြန်အလှန် လေ့ကျင့်နေတတ်သည်။ သူ့လက်ဖဝါးများသည် လေထဲတွင် အသံမျိူ းစုံနှင့် ပျံသန်းနေသလို ထင်ရသည်။ တခါတရံတွင်တော့ သူ့ထံမှ ကျယ်လောင်သော မာန်သွင်းသံများ ထွက်ပေါ်လာတတ်၏။ ဖြစ်ပျက်နေသောအရာကို ဂဃနဏမသိသူများကတော့ မိုင်းပေါက်ကွဲနေသည်ဟု ထင်ပေလိမ့်မည်။

စုချန်းကား အားတိုင်း ဆေးဖော်နေလေ့ရှိသည်။ သူသည် အလုပ်စားပွဲကို လက်စွပ်အတွင်း ထည့်သယ်လာရာ တောကြီးမျက်မဲထဲမှာပင် အလုပ်လုပ်နိုင်စွမ်းရှိ၏။ ဤသို့မှမဟုတ်လျင်လည်း သူ့တွင် ရောင်းချစရာ ဆေး များများစားစား ကျန်တော့မည်မဟုတ်။ တချိန်တည်းမှာပင် စုချန်းသည် ဆေးဝါးအသစ်များကိုလည်း တီထွင်ဖော်ထုတ်နေလေ့ရှိသည်။ မအောင်မြင်သော ဆေးဝါးများ ပျက်စီးသွားသည့်အဖြစ်ကိုလည်း ယခုတွင်တော့ သူ့အဖွဲ့ဝင်များ အားလုံး မြင်ဖူးကြပြီ။ ဆေးဝါးများ ပေါက်ကွဲပျက်စီးသွားတိုင်း လေထဲတွင် အသံပေါင်းစုံ ထွက်ပေါ်လာလေ့ရှိ၏။ ရက်ပေါင်းများစွာကြာပြီးနောက် လူတိုင်းသည် ထိုအသံများနှင့် ရင်းနှီးနေခဲ့လေပြီ။

ဤယနေ့တွင်တော့ စုချန်းတယောက် ထူးခြားနေ၏။

သူသည် ခါတိုင်းကဲ့သို့ ဆေးဝါးဖော်စပ်နေခြင်းမရှိပဲ မီးလျံသလင်းကို လက်ပေါ်တင်ကာ ဟိုလှည့်သည်လှည့်နှင့် သလင်းမျက်နှာပြင်ကို ဓားရာပေးနေ၏။

စုချန်းကား တစုံတရာကို ပုံဖော်နေခြင်းပေတကား။

ဓားချက်သည် မြန်သထက် မြန်လာ၏။ ဓားရာမှာ နက်သထက် နက်လာ၏။ တခါတရံတွင် ပါးလွှာသော သလင်းမျက်နှာကို ဖောက်ထွင်းကာ အနီရောင်အလင်းတန်းများ တိုးထွက်လာတတ်သည်။ သလင်းမျက်နှာပြင် ပေါက်ပြဲမှုကြောင့် မူလစွမ်းအင်များ စိမ့်ထွက်လာသည့် သဘောဖြစ်သည်။ သို့သော် ထိုအလင်းရောင်များမှာ ခနမျှသာ ပေါ်လာပြီး ချက်ချင်း ပြန်လည်ပျောက်ကွယ်သွား၏။ စုချန်းသည် မိမိ၏ မူလစွမ်းအင်ကို အသုံးပြုပြီး သလင်းမူလစွမ်းအင် စိမ့်ယိုခြင်းကို တားဆီးသည့််အပြင် သလင်းမျက်နှာပြင် ပျက်စီးခြင်းကိုလည်း တဆက်တည်း ပြန်လည်ကုစားပေးနေ၏။

စိတ်ပျက်ဖွယ် အမာရွတ်ပေါင်းစုံနှင့် မြင်မကောင်းဖြစ်နေသော သလင်းသည် သဘာဝမှ အလိုအလျောက် ဖြစ်ပေါ်လာသည့်ပမာ တဖြည်းဖြည်း ပြန်လည် ချောမွတ်လာ၏။ စူချန်း၏ ပုံဖော်မှုကလည်း တဖြည်းဖြည်း အရာထင်စ ပြုလာခဲ့ပေပြီ။ သူ လက်တချက်လှုပ်လိုက်တိုင်း မီးလျံသလင်းသည် ပို၍ တောက်ပလာ၏။ ပို၍ လင်းလက်လာ၏။

ထူးခြားဆန်းကြယ်သော အလင်းရောင်များက တုချိန်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ အလင်းရောင်ထွက်ပေါ်လာသော နေရာကို လှမ်းကြည့်လိုက်ရာ စုချန်းကို မြင်တွေ့လိုက်ရ၍ သူမ အံ့သြသွား၏။ ထို့နောက် သူမက လှမ်းမေးလိုက်သည်။

"ဟေ့ ရှင် ဘာလုပ်နေတာလဲ"

"ကျူ ပ် အရုပ်လေးတရုပ် ထွင်းနေတာ"

စုချန်းက ပြန်ဖြေလိုက်သည်။

"ဟင် ရှင်က အရုပ်လေးတရုပ်ကို မီးလျံသလင်းသုံးပြီး ထွင်းနေတာပေါ့ ဟုတ်လား"

ဤမျှ တန်ဖိုးကြီးမားသော အရာအပေါ် စုချန်း၏ လုပ်ရပ်ကို ကြည့်ရင်း တုချိန်း အံ့သြတကြီးနှင့် မေးလိုက်သည်။ စုချန်းသည် သလင်းခွံ ပေါက်ပြဲမှုကြောင့် စိမ့်ထွက်နေသော စွမ်းအင်များကို မူလစွမ်းအင်သုံး၍ ပိတ်ဆို့ထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သလင်းအတွင်းရှိ မူလစွမ်းအင်သည် သုံးမရသော အခြေအနေသို့ ဆိုက်ရောက်သွားပေလိမ့်မည်။ နောက်ဆုံးတွင် မီးလျံသလင်းသည် သာမာန် အနုပညာလက်ရာတခုအဖြစ်သာ ကျန်ရစ်ပေတော့မည်။ စုချန်းကား အသုံးအဖြုန်း ကြီးလှပေ၏။

"အဲဒီလို ပြောမယ်ဆိုရင်လည်း ပြောလို့ရတာပဲ"

စုချန်းက ခေါင်းမမော့ပဲ ဖြေလိုက်သည်။ တုချိန်းက မေးလိုက်ပြန်သည်။

"ရှင် ထွင်းနေတာ ဘာအရုပ်မို့လို့လဲ"

စုချန်း ရယ်လိုက်သည်။

"ကြည့်သာကြည့်နေ ခနကျရင် သိလာလိမ့်မယ်"

ပြောရင်းဆိုရင်းနှင့်ပင် စုချန်း၏ လှုပ်ရှားမှုသည် မြန်သထက် မြန်လာ၏။ ကြည့်ရသည်မှာ စုချန်းတယောက် အရုပ်ထွင်းနည်းကို ကနဦးကတည်းက ကြိုတင်လေ့လာထားပုံပင်။ အလင်းရောင်များလည်း ပိုမိုတောက်ပလာ၏။ တုချိန်း သိပ်ကြာကြာ မစောင့်လိုက်ရ။ စုချန်း၏ လက်ဖဝါးပေါ်တွင် တဖြည်းဖြည်း ပုံသဏ္ဍာန် ပီပြင်လာသော အရုပ်လေးကိုကြည့်ရင်း သူမ ရေရွတ်လိုက်သည်။

"သိမ်းငှက်လေးတကောင်ပါလား"

မှန်၏။ စုချန်း ထွင်းထုနေသည်မှာ သိမ်းငှက်တကောင် ဖြစ်သည်။

မီးတောက်လောင်နေဟန်ရှိသော သိမ်းငှက်တကောင်။

"မီးလျံသိမ်းငှက်လို့ခေါ်ရင် ပိုမှန်မယ်ဗျ"

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"ဒါလေး ထွင်းတတ်ဖို့ ကျူ ပ်မှာ ၂လလောက် လေ့ကျင့်လိုက်ရတယ် ခုတော့ ပုံပေါ်အောင် ထွင်းလုပ်နိုင်ခဲ့ပြီ ကျူ ပ်လက်ရာကတော့ သိပ်မကောင်းသေးဘူး ဒါပေမဲ့လည်း ဒီလောက်ဆိုရင် လုံလောက်ပါပြီလေ"

"ဘာကိစ္စ ရှင်က ဒီအရုပ်ကို ထွင်းနေရတာတုန်း"

တုချိန်းက မေးလိုက်၏။

"အမှတ်တရအနေနဲ့ ဆိုပါတော့ဗျာ"

စုချန်းက ပြောလိုက်သည်။ တုချိန်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။ တယောက်နှင့်တယောက် သိကျွမ်းသည်မှာ သိပ်မကြာသေးသော်လည်း စုချန်း ဘယ်လိုလူစားမှန်း သူမ ကောင်းကောင်းသိနေခဲ့လေပြီ။ စုချန်းသည် ရည်ရွယ်ချက်မရှိပဲ ဘယ်အရာကိုမှ အလကားလုပ်တတ်သူမဟုတ်။ သို့သော် စုချန်းက ဘာမှဆက်မပြောတတ်လေရာ တုချိန်းလည်း ထပ်မံမေးမြန်းရန် ပျင်းရိလာ၏။ လူတိုင်းတွင် လျှိူ့ဝှက်ချက်ကိုယ်စီ ရှိသည်မဟုတ်ပါလား။ ထိုလျှိူ့ဝှက်ချက်များကို အတင်းမေးမြန်းခြင်းမှာ မသင့်။

ညကော အတော်ပင် နက်လာခဲ့ချေ ပြီ။

စုချန်း၏ ပုံထွင်းခြင်းလုပ်ငန်းမှာလည်း အပြီးသတ်ခဲ့ပေပြီ။ ထိုအခါ သူက မီးလျံသိမ်းငှက်ကို သိမ်းဆည်းပြီး အိပ်ယာဝင်ခဲ့တော့သည်။ သူ့လက်ပေါ်ရှိ အိပ်မက်အမှတ်တံဆိပ်သည် ပြန်လည်တောက်ပလာပြီး သူ့အား အိပ်မက်နယ်ပယ်သို့ ခေါ်ဆောင်သွား၏။

ထုံးစံအတိုင်း အိပ်မက်ရဲတိုက်သို့ စုချန်း ပြန်ရောက်သွားပြန်သည်။

အတန်ကြာသော် သူသည် ပတ်ဝန်းကျင်ရှုခင်းများအား ငေးမောကြည့်ရှုကာ အိပ်မက်ရဲတိုက်၏ လမ်းများအတွင်း စိမ်ပြေနပြေ လမ်းလျှောက်နေခဲ့လေပြီ။

"ဟေ့ တိမ်တိုက်လင်းနို့"

အိပ်မက်ဝိညာဉ်လုလုသည် ခါတိုင်းလိုပင် စုချန်း၏ ရှေ့မှောက်တွင် ဘွားခနဲပေါ်လာ၏။ စုချန်းသည် လုလုအား ဖြတ်ခနဲ လှမ်းကြည့်ပြီး မူလအတိုင်း ရှေ့သို့သာ လမ်းလျှောက်လျက် ရှိသည်။ ပါးစပ်ကလည်း မးလိုက်၏။

"ဘာလဲကွ"

"ဘာလဲ ဟုတ်လား မေးမှမေးတတ်ပလေတယ်"

လုလုက စုချန်း၏ ရှေ့တွင် လက်ပိုက်ရင်း ပြောလိုက်သည်။

"ငါပြောခဲ့သလို အထူးအခွင့်အရေး အဆင့်မြှင့်ဖို့ မလုပ်သေးဘူးလား မင်း စဉ်းစားနေတာ ကြာလွန်းတယ်"

"ပြသနာက ငါ့မှာ အိပ်မက်အမှုန် လုံလုံလောက်လောက် မရှိတာပဲကွ"

စုချန်းက ပုခုံးတွန့်ရင်း ပြောလိုက်၏။

အိပ်မက်နယ်ပယ်တွင် အထူးအခွင့်အရေး အဆင့်သုံးဆင့်ရှိလေရာ တဆင့်စီတွင် အဆင့်ခွဲ ၉ဆင့်စီ ထပ်မံခွဲခြားထား၏။ ထို့ကြောင့် အဆင့်တဆင့် တက်ရန် အိပ်မက်အမှုန် အမြောက်အများ လိုအပ်သည်။ အဆင့်တက်လာလေလေ ကုန်ကျစရိတ်က ပိုတိုးလာလေလေပင်။

စုချန်းအနေနှင့် ဤနေရာတွင် ထိုမျှလောက် ငွေကုန်ကြေးကျခံရန် စိတ်ကူးထားခြင်းမရှိ။

"အိုး ဒါက ပြသနာမရှိပါဘူး မင်းအနေနဲ့ အိပ်မက်အမှုန်ကို မူလကျောက်တုံးတွေနဲ့ ဖလှယ်လို့ရတယ် ဒါမှမဟုတ် ခန်းမတွေထဲမှာ ငွေရှာလို့ရတယ် အိပ်မက်အမှုန်ရဖို့ နည်းလမ်းတွေ အများကြီးပါကွာ"

လုလုသည် မာရ်နတ်၏ သမီးပျိူ ပမာ စုချန်းအား သွေးဆောင်ရန် ကြိုးစားနေ၏။

"ငါ့မှာ အဲလောက်ထိ အချိန်မရှိဘူးကွ"

စုချန်းက လုလု၏ သွေးဆောင်မှုကို ငြင်းပယ်လိုက်၏။

"ဟေ့ အထူးအခွင့်အရေး အိပ်မက်ဘုရင်အဆင့် ဆရာကြီးတပါးက မင်း ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားနေတာ မမေ့နဲ့အုံးနော် မင်းရဲ့ အထူးအခွင့်အရေး အဆင့်ကို မြန်မြန်မမြှင့်ဘူးဆိုရင် သိပ်မကြာခင် မင်းကို သူ တွေ့သွားလိမ့်မယ်"

လုလုသည် စိတ်မရှည်တော့ဟန်ဖြင့် စုချန်းကို စတင်ခြိမ်းခြောက်စ ပြုလာ၏။

"ဒါကို ငါသိတယ်လေ ဒါကြောင့် ငါ့ကြော်ငြာကို ပယ်ဖျက်ချင်တယ်"

စုချန်းက ပြန်ပြောလိုက်၏။

"ဘာ ဘာ မင်းဘာပြောလိုက်တယ် ပယ်ဖျက်မယ် ဟုတ်လား"

လုလုက အံ့သြတကြီးနှင့် ပြောလိုက်သည်။

"ဟုတ်တယ် ငါ့ကြော်ငြာကို ပယ်ဖျက်မယ်"

စုချန်းက ဗဟုသုတခန်းမဆီသို့ ဦးတည်လျှောက်သွားရင်း ပြောလိုက်သည်။

"ကြော်ငြာကို ဖျက်လိုက်ရင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ် အဲဒီလူ ငါ့ကို ရှာလို့မရတော့ဘူး ပြီးတော့ ရှာစရာလည်းမလိုတော့ဘူးလေ"

"ဒါပေမဲ့ မင်းအနေနဲ့ ဒီလိုလုပ်စရာ လိုမှမလိုပဲ"

လုလု ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အထူးအခွင့်အရေး အဆင့်အတန်းမြင့်မားလာတာနဲ့အမျှ သူ မင်းကို ဘယ်လိုမှာ ရှာလို့မရတော့ဘူးလေ တကယ်လို့ မင်းကသာ ကြော်ငြာကို ပယ်ဖျက်လိုက်ရင် သူ....."

လုလု စကားကို ရုတ်တရက် ဖြတ်လိုက်၏။ သို့သော် စုချန်းက သူမ၏ စကားကို အဆုံးသတ်ပေးလိုက်သည်။

"တကယ်လို့ ငါကသာ ကြော်ငြာကို ပယ်ဖျက်လိုက်ရင် အဲဒီလူအနေနဲ့ ငါ့ကြော်ငြာကို ဖုံးကွယ်ဖို့ နေ့တိုင်း အိပ်မက်အမှုန်တွေ ပေးနေစရာ မလိုတော့ဘူးလေ အဲဒါဆိုရင် မင်းတို့ ငွေကြေးအများကြီး ဆုံးရှုံးသွားမယ် ဟုတ်လား ငါပြောတာ"

"ဟေ့ ဟေ့ ဒါကတော့....."

လုလုက စကားမဆက်တော့ပဲ အောက်ကလိအာနိုင်သော အသံနှင့် ရယ်မောလိုက်၏။ စုချန်း၏ ပစ်ချက်က လုလု၏ ချက်ကောင်းကို ထိမှန်သွားကြောင်း သိသာနေ၏။

စုချန်းက စကားဆက်ပြန်သည်။

"မဆိုးဘူး မင်းတို့အစီအစဉ်က တော်တော်ကောင်းတယ် အရင်ဆုံး ငါ့ကြော်ငြာကို ယူမယ် ပြီးရင် အထူးအခွင့်အရေး အိပ်မက်ဘုရင်အဆင့် ပုဂ္ဂိုလ်တွေကို အကြောင်းကြားမယ် အိပ်မက်အမှုန်သုံးပြီး ငါ့ကြော်ငြာကို ဖုံးကွယ်ထားဖို့ သူတို့ကို ဖျားယောင်းမယ် ငါဘယ်သူဘယ်ဝါဆိုတာ ရှာဖွေဖို့ သူတို့ကို တိုက်တွန်းမယ် မင်းတို့အနေနဲ့ ငါဘယ်သူဆိုတာ သူတို့ကို တခါတည်း ပြောလိုက်လို့ရသားပဲ ဟော ပြီးတော့ ငါ့ဆီပြန်လာတယ် ဒီလူတွေ ဖော်ထုတ်တာ မခံရအောင် ငါ့ရဲ့ အထူးအခွင့်အရေး မြှင့်တင်ဖို့ ငါ့ကို တိုက်တွန်းပြန်တယ် နှစ်ဖက် ခွတုတ်တဲ့သဘောပေါ့ကွာ..ဒါလားကွ မင်းတို့ရဲ့ အိပ်မက်နယ်ပယ်သခင်ကြီး စီးပွားရေးလုပ်တဲ့ ပုံစံဆိုတာ"

ထိုအခိုက်မှာပင် ခေါင်းလောင်းသံနှင့် တူလှသော ရယ်မောသံတသံ ထွက်ပေါ်လာ၏။

"ဒီကောင်လေးကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူးလို့ မင်းကိုငါ ပြောခဲ့သားပဲကွ"

All Chapters