← Chapters

မင်လန်း

Vol. 22 Ch. 211

မင်လန်း

Vol. 22 Ch. 211

ရယ်သံထွက်ပေါ်လာသည်နှင့် စုချန်း၏ အမြင်အာရုံတခုလုံး ပြာဝေသွားသကဲ့သို့ ခံစားလိုက်ရ၏။ ရုတ်တရက်ဆိုသလို သူ့ပတ်ဝန်းကျင်တခုလုံးလည်း ပြောင်းလဲသွား၏။

ကနဦးက လမ်းကြားလေးအတွင်း ရပ်နေရာမှာ ရုတ်တရက်ဆိုသလို အခန်းတခုအတွင်းသို့ ရောက်ရှိသွားကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။ ပြတင်းပေါက်မှ လှမ်းမြင်နေရသော ရှုခင်းကြောင့် သူသည် အိပ်မက်ရဲတိုက်အတွင်း၌သာ ရှိနေသေးကြောင်း သိသာနေသည်။ သူ ရောက်နေသော နေရာမှာ ရဲတိုက်အလယ်ဗဟိုရှိ အမြင့်ဆုံးမျှော်စင် ဖြစ်သည်။

သို့သော် စုချန်းကား အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိ။ သူသည် အိပ်မက်နယ်ပယ်အတွင်း ရောက်ရှိနေခြင်း ဖြစ်လေရာ ဘာတွေ့တွေ့ ဘာကြုံကြုံ ဘာအံ့သြစရာ ရှိသနည်း။

သူက တည်ငြိမ်သော အမူအရာနှင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အခန်း၏ ထိပ်ရှိ အစိမ်းရောင်ပန်းပွင့်များ ထုံမွှန်းထားသည့် လေးထောင့်ပုံ သစ်သားကုလားထိုင်ကြီးပေါ်တွင် အမျိူ းသမီးငယ်တယောက် ထိုင်နေကြောင်း မြင်တွေ့လိုက်ရသည်။ အနှီ အမျိူ းသမီးငယ်သည် ကြမ်းပြင်ပေါ် ရောက်နေသည့်တိုင် ရှည့်လျားသော နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ့်ဖြူ နေသည့် ဝတ်စုံကို ဝတ်ဆင်ထား၏။ ဝတ်စုံအောက်မှ သလင်းဒေါက်မြင့်ဖိနပ်တရံ တိုးထွက်လျက်ရှိသည်။ ခါးရောက်သည်အထိ ရှည်လျားသော ခရမ်းဖျော့ ဆံပင်များ၏ အပေါ်တွင် အဖိုးထိုက်ကျောက်မျက်မျိူ းစုံနှင့် စီရင်ထားသော သရဖူတခုကို ဆင်မြန်းထားပြန်၏။ သူမ၏ မျက်နှာမှာ 'ဆလင်ဒါ' ပုံရှိပြီး အသားအရေမှာ နူးညံ့လှ၏။ သူမ၏ မျက်လုံးများမှာ အလွန်ကြီးမားပြီး မျက်လုံးသူငယ်အိမ်မှာ ခရမ်းဖျော့ရောင်သမ်းလျက်ရှိသည်။ နားရွက်နှစ်ဖက်တွင်တော့ ရွှေခရမ်းရောင် နားကွင်းတစုံကို ဝတ်ဆင်ထား၏။ သူမကိုကြည့်လိုက်သည်နှင့် လူတိုင်း၏ စိတ်ထဲတွင် 'ငါ့စိတ်ကူးထဲက နတ်သမီးလေးတော့တွေပြီ'ဟု တွေးမိဖွယ်ရာရှိသည်။

သူမ၏ ကျောပေါ်တွင် ထွင်းဖောက်မြင်နိုင်သည့် အတောင်ပံနှစ်ဖက် ပါသည်မှအပ အရွယ်အစားမှာ လူသားတယောက်နှင့် အတူတူပင် ဖြစ်သည်။

အတောင်ပံနှင့် မိန်းကလေးက စကားစသည်။

"ကျွန်မနာမည် မင်လန်းလို့ ခေါ်တယ် အိပ်မက်သခင်ရဲ့ သမီးပါ ပြီးတော့ အိပ်မက်ရဲတိုက်ရဲ့ ပိုင်ရှင်လည်း ဖြစ်တယ်"

စုချန်းက မန်လန်းကို ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။

"မင်လန်း...အိပ်မက်သခင်ရဲ့သမီး ဟုတ်လား မင်းသမီးလေးနဲ့ အချိန်တိုအတွင်း တွေ့ခွင့်ရတယ်ဆိုတော့ ကျူ ပ် အတော်လေး ကံကောင်းတာပဲပေါ့"

"မှန်တာပေါ့ ဒါပေမဲ့ သိပ်တော့လည်းအံ့သြမသွားနဲ့အုံး အိပ်မက်ရဲတိုက်တိုင်းမှာ အိပ်မက်သခင်ရဲ့ သမီးတယောက်စီ ရှိကြတယ်ရှင့်"

"အိပ်မက်ရဲတိုက်တိုင်းမှာ..ကျူ ပ်သာ အမှတ်မမှားဘူးဆိုရင် ဒီအိပ်မက်ရဲတိုက်ရဲ့ အမှတ်စဉ်က ၁၂၄ ထင်ပါရဲ့"

စုချန်းက အံ့သြတကြီးနှင့် မေးလိုက်သည်။

"ဟုတ်တာပေါ့ ကျွန်မဟာ အိပ်မက်သခင်ကြီးရဲ့ ၁၂၄ယောက်မြောက် သမီးတော်ပဲ ကျွန်မအောက်မှာ မောင်နှမ ၄၂၆ယောက်တောင် ရှိသေးတယ်"

စုချန်း ဘာပြောရမှန်းပင် မသိတော့။

"ကြည့်ရတာ အိပ်မက်သခင်ဟာ ကလေး ဘယ်လိုမွေးရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ပုံပဲ"

စုချန်းစကားကြောင့် မင်လန်း ရယ်မောလိုက်သည်။

"ဒီလိုပြောတယ်ဆိုကတည်းက ရှင်ဟာ အိပ်မက်နယ်ပယ်ရဲ့ သက်ရှိပုံစံတွေကို မသိသေးဘူးဆိုတာ မြင်သာတယ် အိပ်မက်နယ်ပယ်သက်ရှိတွေဟာ ရှင်တို့လူသားတွေ ကျားမယှဉ်တွဲနေထိုင်ပြီး ကိုယ်ဝန်ဆောင် ကလေးမွေးကြသလို မျိူ းပွားကြတာ မဟုတ်ဘူးရှင့် ကျွန်မတို့မှာ ဒီအတွက် ကိုယ်ပိုင်နည်းလမ်းတွေရှိတယ် အိပ်မက်သခင်ကြီးဟာ အခါအားလျော်စွာ အိပ်မက်မျိူ းစေ့ကို ဖွဲ့စည်းလေ့ရှိတယ် ဒီအိပ်မက်မျိူ းစေ့ဟာ အိပ်မက်နယ်ပယ် သက်ရှိတွေအတွက် ရှေ့ပြေးပုံစံပဲ အိပ်မက်မျိူ းစေ့ဟာ အိပ်မက်အမှုန်ထဲက စိတ်စွမ်းအင်တွေကို စုပ်ယူပြီး ကျွန်မတို့ကို ပြုစုပျိူ းထောင်ပေးတယ် ဒီလိုနည်းနဲ့ ကျွန်မတို့ ဖြစ်တည်လာကြတာပဲ အိပ်မက်နယ်ပယ်ရဲ့ သက်ရှိပုံစံအရ အဖေနဲ့ သားသမီးတွေကြားမှာ ချစ်ခင်မှုဟာ သီးခြားပုံစံတမျိူ းပဲ တနည်းအားဖြင့် အဲဒါဟာ သစ်ပင်တပင်နဲ့ သူ့ရဲ့ အစဖြစ်တဲ့ မျိူ းစေ့အကြား ဆက်နွယ်မှုနဲ့ ပိုပြီးတူတယ် ကျွန်မတို့အားလုံးဟာ အိပ်မက်နယ်ပယ်ထဲမှာ အတူတကွ ရှင်သန်နေထိုင်ကြတယ် အိပ်မက်ပိုက်ကွန်ကို စုပေါင်းတည်ဆောက်ကြတယ်"

"လက်စသတ်တော့ အဲဒီလိုကိုး"

စုချန်း နားလည်သွားပေပြီ။

"အဲဒီတော့ အိပ်မက်သခင်ဟာ မူလသစ်ပင်ကြီးဆိုရင် ခင်ဗျားတို့က အဲဒီသစ်ပင်က ဖူးပွင့်လာတဲ့ အပွင့်တွေ အစေ့တွေပေါ့ ခင်ဗျားတို့အားလုံး ကြီးမားတဲ့ သစ်တောကြီးကို ဖန်တီးနေကြတာပေါ့"

"သိပ်မှန်တာပေါ့"

မင်လန်းက လက်ခုပ်လက်ဝါးတီးကာ ရယ်မောလိုက်သည်။

"ကြည့်စမ်း ရှင်က တကယ်ကို ညဏ်ကောင်းတာပဲ တခါတည်းပြောတာနဲ့ကို နားလည်သွားတော့တာပဲ"

စုချန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"အိပ်မက်သခင်လို ညဏ်ကြီးရှင်က ကျူ ပ်လို အနုညာတ နာမည်မရှိတဲ့ သာမာန်လူတယောက်ကို သူ့စီမံကိန်းထဲ ဘာကြောင့်ဆွဲသွင်းချင်နေသလဲလို့ ကျူ ပ် သိချင်နေတာ ခု မင်းပေါ်လာတော့မှ ကျူ ပ်သဘောပေါက်လိုက်တယ် ကျူ ပ်ကို အသုံးချဖို့ ကြိုးစားနေတာ အိပ်မက်သခင်မဟုတ်ပဲ အိပ်မက်ရဲတိုက်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ မင်းဖြစ်နေတာကိုး"

"ရှင် ဒီလိုပြောလို့တော့ မရဘူးရှင့် အိပ်မက်သခင်ဟာ ဒီနေရာကို ဖန်တီးပြီး အုပ်ချူ ပ်တဲ့နေရာမှာလည်း စည်းနဲ့ကမ်းနဲ့ အုပ်ချူ ပ်စေခဲ့တယ် ဒီစည်းမျဉ်းတွေကို ဘယ်သူမှ ချိူ းဖောက်လို့မရဘူး ကျွန်မ ရှင့်ကို အသုံးချဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့မိဘူး ကျွန်မ လုပ်တဲ့အရာမှန်သမျှဟာ ဥပဒေရဲ့ နယ်နမိတ်အတွင်းမှာပဲ ရှိတယ်"

"ဒီတော့ ကျူ ပ်ရဲ့ ကြော်ငြာကို ဖုံးကွယ်ဖို့ ဘယ်သူ့ကိုမှ မတိုက်တွန်းခဲ့ပါဘူးလို့ ခင်ဗျား ပြောနေတာလား"

စုချန်းက မေးလိုက်၏။

"ဟုတ်တယ်... ပြောနေတယ် တကယ်လည်း ကျွန်မ မလုပ်ခဲ့ဘူးလေ"

မင်လန်းက ဒဲ့ဒိုးပင် ပြောလိုက်၏။

"ရှင်တို့ကြားထဲက ပဋိပက္ခကို ကျွန်မ အသုံးချတယ် အခွင့်ကောင်းယူတယ်လို့ ရှင် သေချာပေါက် ထင်လိမ့်မယ် ဒါပေမဲ့ ဒီနည်းစနစ်က လူသားမျိူ းနွယ်တခုလုံးကို ကြီးမားတဲ့ ဂယက် ရိုက်သွားနိုင်တယ်ဆိုတာ ကျွန်မ မသိဘူးလို့ ရှင် ထင်နေတာလား ရှင် တွေးကြည့်စမ်းပါ ဒီနည်းစနစ်သာ လူသိရှင်ကြားဖြစ်သွားရင် လူဘယ်နှစ်ယောက်တောင် အလုအယက် ဝယ်ကြမယ်ထင်သလဲ ရှင့်အနေနဲ့ ဒါကို အိပ်မက်အမှုန် ၁၀၀နဲ့ ရောင်းတယ်ပဲထားအုံး ဝယ်သူတသောင်းဆိုရင် ရှင့်မှာ အိပ်မက်အမှုန် သန်းနဲ့ချီပြီး ရသွားပြီ ဒီတော့ မစို့မပို့ ဖုံးကွယ်ကြေးလောက်နဲ့ ရှင့်ကြော်ငြာကို ဖုံးအုပ်ဖို့ ကျွန်မတို့မှာ ဘာအကြောင်းမှမရှိဘူး ဒါ အမြင်ကျဉ်းလွန်းရာ ကျမနေဘူးလား ထပ်ပြောရရင် ဒီလိုနည်းစနစ်အတွက် လူသန်းနဲ့ချီပြီး ဝယ်ယူတယ်ဆိုရင်လည်း ဘာမှ အံ့သြစရာ မရှိဘူးလေ ရှင့်ကြော်ငြာ စတက်လာကတည်းက ကျွန်မဟာ ဒီရောင်းဝယ်မှုတွေအားလုံးရဲ့ ငွေကြေးပိုင်းဆိုင်ရာတွေကို ကိုင်တွယ်ဖို့ တာဝန်ရှိသွားပြီ ပြီးတော့ အဲဒီငွေအားလုံးရဲ့ ရာခိုင်နှုန်း တချိူ့တဝက်က ကျွန်မရဲ့ ခွဲတမ်းထဲကို ဝင်သွားလိမ့်မယ်"

မမျှော်လင့်သောစကားကြောင့် စုချန်း အံ့သြသွား၏။

"အိပ်မက်နယ်ပယ်ထဲမှာလည်း မဖြစ်မနေ ဖြည့်ဆည်းဖို့ လိုအပ်တဲ့ ကိုယ်ပိုင်ခွဲတမ်းဆိုတာ ရှိနေသေးတာလား"

"အိုး သိပ်ရှိတာပေါ့ အိပ်မက်နယ်ပယ်ဟာ သူ့အထဲမှာရှိတဲ့ ဖြစ်တည်မှုမှန်သမျှကို ထောက်ပံ့ပေးတယ် တချိန်တည်းမှာပဲ အိပ်မက်ရဲတိုက်သခင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်သက်ရှိအဖွဲ့အစည်း တောင့်တင်းခိုင်မာလာဖို့ ရရှိနိုင်သမျှ အိပ်မက်အမှုန်တွေကို စုဆောင်းနေကြတယ် အတိုချူ ပ်ပြောရရင်တော့ သစ်ပင်တိုင်းဟာ ကိုယ်ပိုင်တောအုပ်ကြီးဖြစ်လာဖို့ ဆန္ဒရှိကြတယ်ဆိုပါတော့"

ထိုစကားကို ကြားလိုက်ရသောအခါ စုချန်း သက်ပြင်းချလိုက်သည်။

"ဒီတော့ ခင်ဗျားက ဒီနည်းစနစ်ကို လူထုကြားထဲ ချပြချင်တဲ့ ကျူ ပ်ဆန္ဒကို ထောက်ပံ့ပေးမယ် ဆိုပါတော့"

"ဟုတ်တယ် ဒါကြောင့်မို့လို့ ရှင့်ရဲ့ အထူးအခွင့်အရေး အဆင့်အတန်းကိုမြှင့်တင်ဖို့ လုလုကို ကျွန်မက တိုက်တွန်းခိုင်းလိုက်တာပဲ ဒီနည်းနဲ့ဆိုရင် ရှင်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မဲ့အပြင် အဆင့်မြင့် အထူးအခွင့်အရေးပိုင်ရှင်ကိုလည်း ဖိအားပိုပေးနိုင်လိမ့်မယ် ရှင်ကိုယ်တိုင် အဆင့်မြင့် အထူးအခွင့်အရေးပိုင်ရှင် ဖြစ်လာတဲ့အခါ သူတို့ ရှင့်ကြော်ငြာကို ဖုံးကွယ်လို့မရတော့ဘူး အဲဒီအချိန်ကျရင် ရှင့်ရဲ့ ကိုင်းဟွမ်နည်းစနစ်ဟာ ဘာအနှောင့်အယှက်မှ မရှိပဲနဲ့ လူထုကြားထဲ ရောက်သွားလိမ့်မယ်"

"ကြည့်ရတာ ခင်ဗျားရဲ့ စိတ်စေတနာကောင်းတွေကို ကျူ ပ် နားလည်မှုလွဲသွားတယ်နဲ့ တူတယ်"

စုချန်းက ပြောလိုက်၏။

"ဒါက ရပါတယ်ရှင်"

မင်လန်းက တခစ်ခစ် ရယ်မောကာ ပြောလိုက်သည်။ ထိုအခိုက်မှာပင် စုချန်းက လေသံကို ရုတ်တရက်ပြောင်းကာ ပြောလိုက်၏။

"ဒါပေမဲ့ ကျူ ပ်စိတ်ထဲမှာတော့ ကြော်ငြာကို ပယ်ဖျက်ချင်နေတုန်းပဲဗျ"

"ရှင် ဘာပြောလိုက်တယ်"

မင်လန်း စိတ်ပျက်သွား၏။ သူမသည် စုချန်းကို ဤနေရာထိ တကူးတက ဖိတ်ခေါ်ပြီး ကြော်ငြာကို မပယ်ဖျက်ရန် အာပေါက်မတတ် ပြောခဲ့ပြီးပြီ။ သို့သော် သကောင့်သားကတော့ ယခုအချိန်ထိ စိတ်မပြောင်းသေး။ ထိုအခါ သူမ အနည်းငယ် ဒေါသထွက်လာ၏။

"ဒါက ဘာဖြစ်ရပြန်တာတုန်းရှင့်"

"ဘာကြောင့်လည်းဆိုတော့ ကျူ ပ်က ကြောက်နေလို့ပေါ့ဗျ အဲဒီလူက ကျူ ပ်ရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းနေတယ်ဆိုတော့ တနေ့နေ့မှာ ကျူ ပ် ဘယ်သူဘယ်ဝါဆိုတာ သိသွားလိမ့်မယ် ဒါကြောင့်မို့လို့ ကျူ ပ်က ကြော်ငြာကို အပြီး ပယ်ဖျက်ပစ်ချင်တာ ဒါဆိုရင် သူ ဘယ်လိုမှာ ရှာမတွေ့တော့ဘူးလေ ကဲ ခင်ဗျားပဲ စဉ်းစားကြည့်ဗျာ ဒါက ကျူ ပ်အတွက် ပိုမကောင်းဘူးလား အနည်းဆုံးတော့ ဒါက အထူးအခွင့်အရေး အဆင့်ကို မြှင့်ဖို့ကြိုးစားနေရတာထက် ပိုပြီးသက်သာသလို ပိုပြီး ရိုးရှင်းလွယ်ကူတယ်လေ"

မင်လန်း တိတ်ဆိတ်သွား၏။

သူမက စုချန်းကို စိုက်ကြည့်လျက်ရှိသည်။

စုချန်း၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတခု တွဲလောင်းခိုလျက်ရှိသည်။

အချိန်အတော်ကြာမှ မင်လန်းက မေးခွန်းထုတ်လိုက်သည်။

"ဒါဆိုရင် ရှင့်က ကိုင်းဟွမ်ကောင်းကင်ဘုံကို လူတွေကြားထဲ မပျံ့စေချင်တော့ဘူးလား"

စုချန်း ပုခုံးတွန့်လိုက်၏။

"ပျံ့စေချင်တော့ ဘာဖြစ်သတုန်း ကျူ ပ်အနေနဲ့ ဒါကို အိပ်မက်နယ်ပယ်မှာ ရောင်းမရရင် တကယ့်အစစ်အမှန် ကမ္ဘာကြီးမှာ သွားပြီး ရောင်းရုံပဲရှိတာပေါ့ ဘယ်လိုရောင်းမလဲဆိုတော့ ကျူ ပ်ကို ကျူ ပ် ရုပ်ဖျက်လိုက်မယ်ဗျာ ပြီးတာနဲ့ တအုပ်မှ ကြေးပြားဆယ်ပြားပဲ ကျသင့်မဲ့ ပြိုင်ဘက်ကင်း လျှိူ့ဝှက်နည်းစနစ် စာအုပ်ဆိုပြီး လမ်းဘေးမှာ ထိုင်အော်နေမယ်ဗျာ လူကြီးတွေကို ဆွဲဆောင်လို့ မရဘူးမလား ပြသနာမရှိဘူး ကျူ ပ်က ကလေးတွေကို ဆွဲဆောင်မယ် ဟေ့ ကလေး လာစမ်းပါအုံး မင်းရဲ့ အရိုးအဆစ်တည်ဆောက်ပုံကတော့ တကယ်ကောင်းတာပဲ သိုင်းပညာလေ့ကျင့်ဖို့ အယောက်တသိန်းမှာ တယောက်လောက်ပဲ တွေ့နိုင်မဲ့ ပါရမီရှင်မျိူ းပဲ ငါ့မှာ ကိုင်းဟွမ်ကောင်းကင်ဘုံဆိုတဲ့ စာအုပ်ရှိတယ် တအုပ်မှ ကြေးပြားဆယ်ပြားပဲ ကျသင့်မယ် ငါထင်တာတော့ ဒီပညာကို လေ့ကျင့်ဖို့ မင်းမှာ ပါရမီပါလာတယ် အဲလိုမျိူ း ဆွဲဆောင်မယ်ဗျာ ကျူ ပ် သည်းခံနိုင်ဖို့ပဲ လိုတယ် မရောင်းရ မရှိပါဘူးဗျာ"

"........"

စုချန်း ပေါက်ပန်းလေးဆယ် လျှောက်ပြောနေကြောင်း မင်လန်း သိသည်။ သို့သော် သူမ စိတ်ဓာတ်မကျပဲ မနေနိုင်ခဲ့။ စုချန်း၏ မျက်နှာပေါ်မှ အပြုံးကို ကြည့်ပြီး နောက်ဆုံးတော့ ဘာဖြစ်နေမှန်း မင်လန်း သဘောပေါက်လာ၏။

ထို့နောက် သူမက မေးလိုက်သည်။

"ရှင် ဘာလိုချင်တာလဲ"

"အထူးအခွင့်အရေး ဒီလူတွေ ကျူ ပ်ကြော်ငြာကို ဖုံးအုပ်လို့ မရနိုင်တော့တဲ့ အဆင့်နဲ့ ညီမျှတဲ့ အထူးအခွင့်အရေး ဒါမှမဟုတ် သူတို့ မျက်လုံးပြူ းသွားစေလောက်တဲ့ ငွေကြေးပမာဏ ကုန်ကျစေနိုင်မဲ့ အထူးအခွင့်အရေးမျိူ း"

"ဒါ မဖြစ်နိုင်ဘူး"

မင်လန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"အိပ်မက်နယ်ပယ်မှာ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေရှိတယ် ဒါကို ကျွန်မ လုပ်နိုင်ရင် အစောကြီးကတည်းက လုပ်ခဲ့ပြီးပြီပေါ့ ဘာကြောင့် ရှင့်ကိုခေါ်ပြီး စကားပြောနေမလဲ"

"ဒါပေမဲ့ ခင်ဗျားအနေနဲ့ ကျူ ပ်ကို အခွင့်အရေးတော့ ပေးနိုင်တယ် ဟုတ်တယ်မလား"

"ရှင်က ဘယ်လိုအခွင့်အရေးမျိူ း လိုချင်တာမို့လို့လဲ"

"စည်းမျဉ်းစည်းကမ်းတွေရဲ့ အပြင်ဘက်က အခွင့်အရေးမျိူ း"

All Chapters