← Chapters

ရွှံ့ဘီလူး ၁

Vol. 22 Ch. 212

ရွှံ့ဘီလူး ၁

Vol. 22 Ch. 212

နောက်တနေ့မနက်တွင် စုချန်း နိုးလာ၏။ နေရောင်ခြည်ကား ထွန်းလင်းတောက်ပနေခဲ့လေပြီ။

စုချန်းသည် ပျင်းရိငြီးငွေ့စွာ အကြောတချက်ဆန့်လိုက်ပြီး ရွက်ဖျင်တဲမှ အပြင်ကို လှမ်းထွက်လိုက်သည်။ သူ့အဖွဲ့ဝင်များကား ဝိုင်းဖွဲ့ကာ မနက်စာ စားသောက်နေကြ၏။

"ရော့ မင်းအတွက် ဒီမနက် မင်း နောက်ကျတယ်"

ဝမ်တောက်ရှန်းက ဆန်ပြုတ်ပန်းကန်ကို လှမ်းပေးရင်း ပြောလိုက်သည်။

"ဒါ ဘာကြီးတုန်း"

ပန်းကန်ကိုယူရင်း အထဲကိုကြည့်ကာ စုချန်း မေးလိုက်၏။ ပန်းကန်တွင်း၌ အပူဒဏ်ကြောင့် အမြုပ်ထနေသော အရည်ပျော်လုပျော်ခင် အရာတခုရှိနေ၏။ ကြည့်ရသည်မှာ အလွန် အဆိပ်ပြင်းသည့် ပစ္စည်းတမျိူ းအား ထည့်ထားသည်နှင့်ပင် တူနေသေးသည်။

"ငါ စမ်းကြည့်ပြီးပြီကွ အဲဒါ စားလို့ရတယ်"

ဝမ်တောက်ရှန်းက ဖြေလိုက်သည်။

"ဒါကို ခင်ဗျား လုပ်ထားတာလား"ုစုချန်းက ပြန်မေးလိုက်ပြန်သည်။ တုချိန်းက ဝင်ဖြေလိုက်သည်။

"ကျွန်မ လုပ်ထားတာရှင် အဲဒါ သစ်စေ့ရိုင်းတွေနဲ့ လုပ်ထားတဲ့ ဆန်ပြုတ်ပဲဆိုပါတော့ ဆန်ပြုတ်ထဲမှာ ထင်းရှုးစေ့အရိုင်းတွေကို ထည့်ပြုတ်ထားတယ် မမျှော်လင့်ပဲ သူက အရည်ပျော်သွားပြီးတော့ ဆန်ပြုတ်လည်း အစိမ်းရောင်သန်းသွားတော့တာပဲ"

ပြောပြောဆိုဆို သူမက လျှာကို အပြင်သို့ ထုတ်ပြလိုက်သည်။ စုချန်းက ခေါင်းညိတ်ပြီး ဆန်ပြုတ်ကို အနည်းငယ် မြည်းကြည့်၏။ ထို့နောက် သူက ပြောလိုက်သည်။

"နည်းနည်း ထူးဆန်းသလို ရှိပေမဲ့ စားလို့တော့ကောင်းသားပဲ ကျူ ပ်တို့ စားနေတာက အသားချည်းပဲဆိုတော့ အပြောင်းအလဲ ဖြစ်သွားတာပေါ့"

မနက်စာ စားပြီးသည်နှင့် သူတို့အဖွဲ့သည် စတင်အမဲလိုက်ကြတော့သည်။ သူတို့ ကံလိုက်နေပုံရသည်။ တနာရီခန့်အကြာတွင် တောင်ဝက်ဝံရိုင်းတကောင်နှင့် ရင်ဆိုင်တိုးမိတော့သည်။

တောင်ဝက်ဝံရိုင်းများသည် အဆင့်မြင့် သားရဲသတ္တဝါဆိုးများ ဖြစ်သည်။ အင်အားလည်း အလွန်ကြီးမားကြကုန်၏။ သို့သော် နဂါးကျောင်းတော်သား ခုနှစ်ယောက်၏ စုပေါင်းတိုက်ခိုက်မှုကိုတော့ ခံနိုင်ရည်မရှိပဲ ၎င်းအနေနှင့် သေဆုံးမည့်အချိန်ကို ထိုင်စောင့်နေရန်သာရှိသည်။ အချိန်ပင် သိပ်မကြာလိုက်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တောင်ဝက်ဝံရိုင်းကြီးခမျာ တမလွန်သို့ မြန်းသွားရရှာသည်။

ထို့နောက်တွင်တော့ သံမဏိနှင့် စုချန်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုကာ ဝက်ဝံအသေကောင်မှ ထွက်ပေါ်လာသည့် စွမ်းအင်အလင်းမှုန်များကို စုပ်ယူလိုက်ကြ၏။ ကျန်းရှသည် ဘေးနားရှိ သစ်ပင်အောက်တွင် မတ်တပ်ရပ်လျက်ရှိသည်။ သူတို့နှစ်ယောက်၏ ထူးဆန်းသော လှုပ်ရှားမှုများကိုကြည့်ပြီး သူ့နှုတ်မှ လွှတ်ခနဲ ရေရွတ်လိုက်၏။

"စိတ်ဝင်စားစရာပဲ"

"ဘာကို စိတ်ဝင်စားစရာကောင်းနေတာလဲ"

ကျန်လူများမှာ ကျန်းရှ၏ ဆိုလိုရင်းကို နားလည်ကြပုံမရ။

ထိုအခါ ကျန်းရှက စုချန်းကို လက်ညိုးထိုးပြီး ပြောလိုက်သည်။

"သူ့ရဲ့ လက်လှုပ်ရှားမှုတွေက ဘာကြောင့် အချိန်တိုင်းလိုလို ပြောင်းလဲနေရသတုန်း"

ဝမ်တောက်ရှန်းက ခေတ္တ စဉ်းစားဟန်ပြု ပြီး သဘောတူဟန်ဖြင့် ဝင်ပြောလိုက်သည်။

"ဟုတ်တယ် စိတ်ဝင်စားစရာပဲ ဘယ်လိုလှုပ်ရှားမှုမျိူ းကို သူတို့ လုပ်နေတာတုန်း ဘာကြောင့် အမြဲတမ်း ပြောင်းလဲနေတာတုန်း"

"ဟုတ်သဗျိူ့ တကယ်လို့ ဒါဟာ ယုံကြည်မှုကသာ လာတယ်ဆိုရင် လက်လှုပ်ရှားမှုထက် စိတ်ရင်းသဘောထားကို ပိုပြီးအရေးကြီးတယ်လို့ ဆိုရမှာပဲ"

ဆွန်းချီစုက တစိမ့်စိမ့် စဉ်းစားရင်း ပြောလိုက်ပြန်သည်။

"ပြသနာက သံမဏိနဲ့ စုချန်းဟာ သနားတတ်တဲ့ ပုံစံမျိူ း မဟုတ်တာပဲ"

တုချိန်းက ရေရွတ်လိုက်၏။

စုချန်းနှင့် သံမဏိအနက် စုချန်းမှာ ညဏ်ပညာကြီးမားလှ၍ သံမဏိကား ညဏ်နည်းသူဖြစ်သည်။ မည်သို့ဆိုစေ သူတို့နှစ်ဦးလုံး သူတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ တခါမှ ပါးစပ်မဟဖူး။ ပိုဆိုးသည်မှာ သူတို့၏ ပုံစံသည် သတ္တဝါများကို သနားညှာတာတတ်သည့် ပုံစံမျိူ း မဟုတ်ခြင်းပင်။

ထိုအခိုက်မှာပင် တိမ်တိုက်ကျားသစ်က ဖြတ်ခနဲ ဝင်ပြောလိုက်သည်။

"ခင်ဗျားတို့ သတိထားမိကြလား ခုတလော စုချန်းရဲ့ စွမ်းအင်အဆင့်အတန်းဟာ ရုတ်တရက် မြင့်တက်လာတယ်ဗျ"

လူတိုင်း အံ့သြသွား၏။ ထိုစဉ် ဝမ်တောက်ရှန်းက ဝင်ပြောလိုက်ပြန်သည်။

"အဲဒါတော့ ဟုတ်တယ်ကွ သူ့ရဲ့ စွမ်းအင်လှိုင်းတွေ ပိုပြီး သန်မာလာတာကိုတော့ ကျူ ပ်လည်း သတိထားမိတယ်"

"ဒါကတော့ ပုံမှန်ပါပဲကွာ ကျဆုံးခြင်း သိမ်းငှက်တောင်ကို ရောက်ကတည်းက အဆက်မပြတ် လေ့ကျင့်နေခဲ့ရလို့ ဆယ်ရက်အတွင်း တိုးတက်လာတာနေမှာပေါ့"

ယန်ဖုချင်းက သူ့ရင်ဘတ်ရှိ ကြွက်သားများကို ကျုံ့လိုက်ဆန့်လိုက်လုပ်ကာ ဝင်ပြောလိုက်သည်။

"ကျူ ပ်ကိုယ်တိုင်တောင် အရင်ကထက် ပိုပြီး သန်မာလာတယ်လို့ ခံစားနေရတာပဲဟာကို ညီမလေးချိန်းကော ဘယ်လိုထင်သလဲ"

တုချိန်းသည် ယန်ဖုချင်းကို ဖြတ်ခနဲကြည့်ပြီး အကြည့်လွှဲလိုက်၏။ တုချိန်းထံမှ မည်သည့်တုံ့ပြန်မှုမှ မရလေရာ ယန်ဖုချင်းက ကျောက်တုံးပေါ်တွင် ထိုင်ချပြီး အရှက်ပြေ ရယ်မောလိုက်၏။

နောက်ဆုံးတော့ တိမ်တိုက်ကျားသစ်၏ စကား မှန်မမှန် သူတို့အားလုံး မခွဲခြားနိုင်ပဲ ဖြစ်နေလေသည်။ အမှန်တော့ ဤကာလတလျှောက် စုချန်း၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းသည် အဝါရောင်ကြယ် ၅၂လုံးမှ ၆၃လုံးထိ တိုးမြင့်လာခဲ့ပြီဖြစ်သည်။ ဤသို့တိုးလာရခြင်းမှာလည်း သူ့မျက်လုံးများကြောင့်ပင်။

ပညာရှင်လမ်းကြောင်းကို မရွေးချယ်ခဲ့ပဲ ကျင့်ကြံခြင်းလမ်းစဉ် သို့မဟုတ် ကိုယ်ခန္ဓာ စွမ်းအင်စုဆောင်းခြင်းကိုသာ တစိုက်မတ်မတ် လုံ့လပြုခဲ့ပါက သွေးဆူပွက်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် စုချန်းအဖို့ ရက်ပေါင်း ၁၀၀သာ လိုပေတော့သည်။ ဤအမြန်နှုန်းသည် သွေးပျက်လောက်စရာ အမြန်နှုန်း ဖြစ်သည်။ အကယ်၍ စုချန်းသာ ဆန္ဒရှိပါက သူသည် နဂါးကျောင်းတော်အတွင် အမြန်ဆုံး ကျင့်ကြံသူအဖြစ် မှတ်ကျောက်တင်နိုင်စွမ်း ရှိလေသည်။ သို့သော် ၎င်းမှာ သူ၏ အန္တိမပန်းတိုင်မဟုတ်၍ စုချန်းတယောက် ထိုလမ်းကြောင်းကို မရွေးချယ်ခဲ့။ ထို့ကြောင့် ထူးခြားသော အမြင်အာရုံမှ ရနိုင်သည့် အများဆုံး အကျိူ းအမြတ်မှာ လေ့ကျင့်ရာတွင် အချိန်ကုန်သက်သာစေရုံမျှသာ ဖြစ်နေတော့သည်။

ထို့ကြောင့် သူ့လျှိူ့ဝှက်ချက်ကို တပါးသူ သိရှိသွားမည်ကို စုချန်းအနေနှင့် စိတ်ပူခြင်း မရှိလှ။ တဖန် သူတို့ မဖော်ထုတ်နိုင်သေးမီ ကြားကာလတွင် သူ့အတွက် အချိန်များစွာ ရနေသေး၏။ ထိုအချိန်ကြောင့်ပင် တိုးတက်နှုန်း မြန်ရခြင်း၏ အကြောင်းရင်းကို သူ့အနေနှင့် အကြောင်းပြချက် ပေး၍ ရနေပေသည်။

သူ့လျှိူ့ဝှက်ချက်ကို တခြားလူများ ရိပ်မိသွားနိုင်စရာဟူ၍ တခုသာ ရှိသည်။ ၎င်းမှာ သံမဏိပင် ဖြစ်သည်။

တောင်ရိုးကမ်းပါးလူမျိူ းများဟူသည် ချီစွမ်းအင်လမ်းကြောင်းတွင် နောက်ပိတ် လူမျိူ းများ ဖြစ်သည်နှင့်အညီ ကျင့်ကြံအားထုတ်ရာတွင် အင်မတန် နှေးကွေးသူများ ဖြစ်သည်။ ယခုတော့ စုချန်း၏ ကျေးဇူးကြောင့် သံမဏိသည် လူသားတယောက်၏ လေ့ကျင့်နှုန်းကဲ့သို့ လေ့ကျင့်နိုင်ခဲ့ပေပြီ။ ထို့ပြင် သူ့အတွက် တခြား သုတေသနဟူ၍ လုပ်စရာလည်း မရှိပေရာ သူ့တိုးတက်နှုန်းက တခါတလေ လူသားများထက်ပင် မြန်နေသေး၏။ ထိုအခါ တခြားလူများအနေနှင့် သံမဏိကို မသင်္ကာဖြစ်လာနိုင်ဖွယ်ရာ ရှိသည်။

တောင်ဝက်ဝံရိုင်းအသေကောင်ဆီမှ စွမ်းအင်အလင်းစက်မှုန်များကို အားရပါးရ စုပ်ယူပြီးနောက် သူတို့နှစ်ယောက်သည် အဖွဲ့ဝင်များရှိရာသို့ ပြန်လာကြ၏။ ထို့နောက် သူတို့အဖွဲ့သည် စကားတပြောပြောနှင့် လမ်းလျှောက်လာကြ၏။ နောက်ထပ်ပစ်မှတ်ကို မတွေ့ခင်မှာပင် ခပ်လှမ်းလှမ်းမှ ဒေါသတကြီး ဟိန်းဟောက်သံကို သူတို့အားလုံး ကြားလိုက်ရသည်။

ဟိန်းဟောက်သံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှပြီး တောအုပ်တခုလုံးသို့ ပဲ့တင်ထပ်သွား၏။ အသံကြောင့် သူတို့အားလုံး နားများပင်အူသွား၏။ အသံရှင်သည် လူဖြစ်စေ သတ္တဝါဖြစ်စေ ဒေါသထွက်နေသည်ကတော့ သေချာနေ၏။

လူတိုင်းလိုလိုသည် အေးခဲသွားကုန်၏။ စုချန်းနှင့် သံမဏိက ထင်းရှုးပင်တပင်၏ ထိပ်ဖျားသို့ ခုန်တက်ပြီး အသံထွက်ပေါ်လာသော နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ကြီးမားသော အဝါရောင်ဦးခေါင်းကြီးသည် ခေါင်းမော့ပြီး အားရပါးရ အော်ဟစ်နေသည်ကို သူတို့ မြင်လိုက်ရ၏။ အနှီ သတ္တဝါကြီးသည် အရပ်အလွန်ရှည်၏။ သံမဏိသည်ပင် ၎င်းနှင့် ယှဉ်လိုက်လျင် အဆပေါင်းများစွာ သေးငယ်သွားသည်ဟု ထင်ရသည်။ ၎င်းကိုယ်ခန္ဓာကို ဖွဲ့စည်းထားသည် ရွှံ့နှင့်သဲမှုန်များသည် ခေါင်းမော့အော်ဟစ်လိုက်တိုင်း မြေကြီးပေါ်သို့ တဖွဲဖွဲ ပြုတ်ကျနေ၏။

"အဲဒါ ရွှံ့ဘီလူးကြီးမလားရှင့်"

တုန်ချိန်းက ထိတ်လန့်တုန်လှုပ်နေဟန်ဖြင့် မေးလိုက်သည်။

ရွှံ့ဘီလူးဟူသည် သားရဲသတ္တဝါမျိူ းစိတ်ဝင်မဟုတ်။ ခေါင်းမှခြေဖျားအထိ ပထဝီ၊တေဇော၊အာပေါ၊ဝါယော စသည့် သဘာဝဓာတ်များဖြင့် ဖွဲ့စည်းထားသည့် သက်ရှိပုံစံတမျိူ းဖြစ်သည်။ ၎င်းတို့သည် မူလစွမ်းအင်ကို မွေးကတည်းက ထိန်းချူ ပ်နိုင်ကြ၏။ ၎င်းတို့ကို မူလကမ္ဘာကြီးတွင် သဘာဝသက်ရှိများဟု သတ်မှတ်ထားလေသည်။

သဘာဝသက်ရှိများသည် ညဏ်ရည်အလွန် နိမ့်သူများ ဖြစ်သည်။ များသောအားဖြင့် သူတို့သည် ဟိုမှသည်မှ ယောင်ချာချာနှင့် သွားလာနေလေ့ရှိသည်။ အုပ်စုဖွဲ့ခြင်းကို မနှစ်သက်သည့်အပြင် အရေအတွက်အားဖြင့်လည်း အလွန်နည်း၍ မူလကမ္ဘာကြီးတွင် မည်သည့် အာဏာမှ မရှိကြပေ။ သို့သော်ငြားလည်း ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အင်အားမှာကား ကြောက်ခမန်းလိလိပင်။ အသန်မာဆုံးသော သဘာဝသက်ရှိတကောင်သည် နတ်ဆိုးသားရဲဘုရင်အဆင့်ထိ အင်အားကြီးမားကြ၏။

ယခု သူတို့ရှေ့တွင် ရောက်နေသော သဘာဝသက်ရှိအုပ်စုဝင် ရွှံ့ဘီလူးကြီးမှာ နဂါးကျောင်းတော်၏ ကျောင်းအုပ်ကြီး ခရီးတခုမှအပြန် ခေါ်လာခြင်း ဖြစ်သည်။ အရွယ်အားဖြင့်လည်း ငယ်သေး၏။ ကျောင်းသားများအနေနှင့် လေ့ကျင့်နိုင်ရန် ၎င်းကို အရိုးပြာတထောင်ချောက်နက်တွင် ကျောင်းအုပ်ကြီးက နေရာချထားပေးလိုက်ခြင်း ဖြစ်သည်။

အကယ်၍ နဂါးငါးသည် ရှေးဟောင်းရေကန်၏ အရှင်သခင်ဟု ဆိုပါက ရွှံ့ဘီလူးကို အရိုးပြာတထောင်ချောက်နက်၏ အရှင်သခင်ဟု သတ်မှတ်နိုင်သည်။

ကျေးဇူးတင်စရာကောင်းသည်မှာ ရွှံ့ဘီလူးများသည် အလွန်ပျင်း၏။ သူများနယ်မြေကို ကျူ းကျော်ဝင်ရောက်ခြင်း မရှိတတ်။ ထို့ကြောင့် သာမာန်အားဖြင့် ၎င်းတို့ကို အန္တရာယ်မများလှဟု သတ်မှတ်နိုင်သည်။ စုချန်းတို့အဖွဲ့ပင် ရွှံ့ဘီလူးအနီးမှာ အကြိမ်ပေါင်းများစွာ အသွားအလာလုပ်ပြီးပြီ ဖြစ်သည်။ တခါမှ ၎င်းကို ရန်မစဖူး။

ယနေ့တော့ ရွှံ့ဘီလူး၏ ဒေါသကို တယောက်ယောက်က နှိုးဆွမိပုံရသည်။

တောအုပ်အတွင်းဝယ် လူတစု ရှေ့သို့ တဟုန်ထိုး ပြေးလွှားနေကြ၏။ ရွှံ့ဘီလူးကြီးက ဒေါသတကြီးနှင့် နောက်မှလိုက်လျက်ရှိသည်။

ရှေ့ဆုံးမှ ပြေးလွှားနေသူမှာကား တခြားလူမဟုတ်။ သစ်ပင်လေး ကျန်းချန်းအန်ပင် ဖြစ်လေတော့သည်။

All Chapters