← Chapters

ရွှံ့ဘီလူး ၃

Vol. 22 Ch. 214

ရွှံ့ဘီလူး ၃

Vol. 22 Ch. 214

သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကျန်းချန်းအန်ဆီသို့ ဘယ်၊ညာ၊ အရှေ့မှနေ၍ တိုးဝင်လာ၏။ မိမိအဖို့ အန္တရာယ်များလှသော အခြေအနေကို မြင်တွေ့ရသောအခါ ကျန်းချန်းအန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မိုးခြိမ်းသံကဲ့သို့ အော်သံသည် လူတိုင်းကို ဆွဲကိုင်လှုပ်ယမ်းသလိုရှိပြီး သူတို့၏ တိုက်ခိုက်မှုမှာလည်း ရုတ်တရက် နှေးကွေးသွားသည်။

လှုပ်ရှားမှု နှေးကွေးသွားခြင်းကြောင့် ပူးပေါင်းတိုက်ကွက်တွင် ဟာကွက်တချိူ့ ဖြစ်ပေါ်လာလေသည်။ ကျန်းချန်းအန်သည် ခေသူမဟုတ်လေရာ ထိုအခွင့်အရေးကို အမိ ရယူလိုက်၏။ သူသည် ရွှေပုစဉ်းဟွမ်းဝုကို လက်သည်းများဖြင့် ဖမ်းကုပ်ပြီး ရှေ့သို့ ဝုန်းခနဲ တွန်းပို့လိုက်၏။ တဆက်တည်းမှာပင် သူကိုယ်တိုင်လည်း နောက်သို့ ခုန်ဆုပ်လိုက်သည်။

ဟွမ်းဝု မယုံနိုင်ဖြစ်သွား၏။

"ချန်းအန်....မင်း မင်း...."

ထိုအချိန်တွင် စုချန်းတို့၏ တိုက်ခိုက်မှုက ဟွမ်းဝု၏ ကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။ သေရေးရှင်ရေး အခြေအနေမို့ ဟွမ်းဝုတယောက် မိမိ၏ စွမ်းရည်ကို လက်ကုန်ထုတ်ရတော့သည်။ သူ၏ ဝတ်ရုံသည် ရုတ်တရက် လေထိုးထားသည့် ပူဖောင်းပမာ ဖောင်းကားလာပြီး စုချန်းတို့သုံးယောက်၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်၏။ တဆက်တည်းမှာပင် သူ့ကိုယ်ခန္ဓာသည် ဖောင်းကားနေသော ဝတ်ရုံအောက်မှ အလင်းတန်းသဖွယ် လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။

ဟွမ်းဝု အသုံးပြုလိုက်သည့် နည်းစနစ်မှာ ရွှေရောင်ပုစဉ်းမျိူ းနွယ်စု၏ နာမည်ကျော် ရွှေပုစဉ်းအရေခွံ နည်းစနစ် ဖြစ်သည်။ ထိပ်တန်း ထွက်ပြေးခြင်း နည်းစနစ်တရပ်ပေတည်း။

သို့သော် ဟွမ်းဝုသည် စုချန်းတို့၏ တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သော်လည်း ဝမ်တောက်ရှန်း၏ ပိတ်ဆို့တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပြန်သည်။ ဝမ်တောက်ရှန်းသည် အနက်ရောင်မီးခိုးများ၏ တားဆီးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်သော်လည်း စုချန်းတို့နှင့် ပြိုင်တူတိုက်ခိုက်ခြင်း မပြု။ သေရေးရှင်ရေးကျမှ ရုတ်တရက် ဝင်တိုက်လိုက်ခြင်း ဖြစ်သည်။

ဟွမ်းဝုအနေနှင့် မည်သို့မျှ ရှောင်တိမ်းနိုင်စွမ်းမရှိတော့။ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး သူ့တကိုယ်လုံး လေထဲသို့ လွင့်စင်သွားတော့သည်။

ထိုအချိန်တွင် စုချန်းကလည်း သူ့လက်ထဲရှိဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားသွားဆီမှ ထွက်ပေါ်လာသော ဝံပုလွေဝိညာဉ်သည် မာန်ဖီသံတချက်ပြု ပြီး ကျန်းချန်းအန်ဆီသို့ တိုးဝင်သွား၏။ တိမ်တိုက်ကျားသစ်ကလည်း ငြိမ်နေသည်တော့မဟုတ်။ သူ့လက်များကို ဆန့်တန်းကာ မြွေနှင့်အလားသဏ္ဍာန်တူသည့် ချီအားလှိုင်းများကို ကျန်းချန်းအန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

စုချန်းနှင့် တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်မှုကို မြင်သောအခါ ကျန်းချန်းအန်က လက်တဖက်မြှောက်လိုက်၏။ ထိုအခါ ဆူးနံရံကြီးတခု ပေါ်လာပြီး စုချန်း၏ ဝံပုလွေဝိညာဉ်နှင့် တိမ်တိုက်ကျားသစ်၏ ချီအားလှိုင်းတို့ကို တားဆီးထားလေသည်။ စုချန်း ကျန်တဖက်ကို ဖြတ်ခနဲလှုပ်ရှားလိုက်ရာ ကြီးမားလှသော မီးလျံငှက်တကောင် ဆူးနံရံဆီသို့ ပျံသန်းသွားတော့သည်။ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ကျန်းချန်းအန်၏ ဆူးနံရံသည် တစစီ ပြိုကွဲပျက်စီးသွားတော့သည်။

ထိုအခိုက်မှာပင် တိမ်တိုက်ကျားသစ်က ရှေ့သို့ တဟုန်ထိုး ခုန်ထွက်လာ၏။ သူ့လက်များသည် ရက်စက်ကြမ်းကြုတ်သော မြွေတကောင်အဖြစ် ပြောင်းလဲသွားပြီး ကျန်းချန်းအန်ကို ဦးတည်တိုက်ခိုက်လာ၏။ သို့သော် တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်မှုက လိုရာသို့ မရောက်လိုက်။ သွေးကဲ့သို့ နီရဲရဲ အရိပ်တခု ဝုန်းခနဲပေါ်လာပြီး ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သောကြောင့် ဖြစ်သည်။ သွေးနတ်ဆိုး ကျူံ းတင်တယောက် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့ပေပြီ။

ကျူံ းတင်အနေနှင့် စကားများများ ပြောဖို့အချိန်မရ။ အကြောင်းမှာ သံမဏိသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သံမဏိတောင်ဒိုင်းကိုမြှောက်ကာ သူ့ကို တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လိုက်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ကျန်းရှနှင့် တခြားလူများမှာလည်း ဝမ်တောက်ရှန်း၏ ကူညီမှုကြောင့် အနက်ရောင်မီးခိုးငွေ့ အတားအဆီးမှ လွတ်မြောက်ကုန်ကြပြီ ဖြစ်သည်။ သူတို့အားလုံး ကျန်းချန်းအန်နှင့် တခြားလူများကို အလွန်ဒေါသထွက်နေခဲ့ပြီဖြစ်လေရာ ကျန်းချန်းအန်ကို တပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။ မူလစွမ်းရည် ခုနှစ်မျိူ းခန့်သည် ကျန်းချန်းအန်ဆီသို့ တပြိုင်တည်း ဝင်ရောက်လာခဲ့ပေပြီ။

များပြားလှသော မူလစွမ်းအင်လှိုင်းလုံးများ၏ အောက်ဝယ် ကျန်းချန်းအန်တကိုယ်လုံး နစ်မြှုပ်သွားမတတ် ထင်ရသည်။ ထိုစဉ် ကျန်းချန်းအန်က လက်အစုံကို ဝေ့ယမ်းပြီး စာလိပ်တလိပ်ကို ဆွဲထုတ်ကာ ဇတ်ခနဲ ချိူ းလိုက်၏။ သန့်စင်သော အလင်းရောင်တန်းများ ပြိုးပျက်ဝင်းလက်သွားပြီး စုချန်းတို့လူစု၏ တိုက်ခိုက်မှုများအားလုံး ကျန်းချန်းအန်၏ သန့်စင်သော အလင်းရောင်အကာအကွယ်ကြောင့် အဟောသိကံ ဖြစ်သွားရလေသည်။

ခွေးမသား....

လူတိုင်း၏ စိတ်ထဲတွင် ၎င်းကိုကြည့်ရင်း ကျိန်ဆဲမိကြလေသည်။

သို့သော် ကျန်းချန်းအန်၏ စိတ်ထဲတွင် အကြီးအကျယ် စိတ်မသက်မသာ ဖြစ်နေကြောင်း သူတို့အားလုံး မသိကြချေ။ အကြောင်းမှာ သန့်စင်သော အလင်းရောင်အကာအကွယ် စာလိပ်သည် သူ၏ အသက်ကယ်ဆေး၊ တနည်းအားဖြင့် ဝှက်ဖဲဖြစ်သည်။ ရွှံ့ဘီလူးနှင့် ရင်ဆိုင်ရချိန်မှ ဤစာလိပ်ကို ထုတ်သုံးမည်ဟု သူ စဉ်းစားထားသည်။ သို့သော် တောက်ပခြင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် အချိန်မတိုင်ပဲ ဝှက်ဖဲကို သူ ထုတ်သုံးလိုက်ရလေပြီ။

တောက်ပခြင်းအဖွဲ့အတွက်လည်း ကျန်းချန်းအန်၏ စွမ်းရည်က ရင်သပ်ရှုမောဖွယ်ရာတော့ ဖြစ်သွား၏။ သူတို့အားလုံးသည် မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်းအန်က လွယ်လင်တကူ ကာကွယ်နိုင်ခဲ့သည်။ ဤနေရာတွင် ကျူံ းတင် ဝင်ကူခဲ့သည်ဟု ဆိုနိုင်သော်လည်း သူ့ကိုယ်က အရည်အချင်းမရှိပဲ တိုက်ခိုက်မှုအားလုံးကို လွတ်အောင် ရှောင်တိမ်းနိုင်မည်မဟုတ်။

သို့သော် ကျန်းချန်းအန်သည် အသက်ကယ်ဝှက်ဖဲ ရှိလျက်နှင့် ရွှံ့ဘီလူးအား စုချန်းတို့ရှိရာသို့ မျှားခေါ်လာခဲ့သည်။ အကျင့်ယုတ်လှပေ၏။ တောက်ပခြင်းအဖွဲ့ဝင်များကား ဒေါသမီးဟုန်းဟုန်းတောက်နေခဲ့လေပြီ။ သူတို့သည် ကျန်းချန်းအန်ကို နောက်တကြိမ် ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။

"ရန်မဖြစ်ကြနဲ့တော့"

ချင်းလင်အာ၏ အော်သံ ထွက်ပေါ်လာ၏။

"ရွှံ့ဘီလူးကြီး ဒီကို ရောက်လာပြီ"

သူတို့အားလုံး နောက်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ ချင်းလင်အာ၏ စကား မှန်ပေ၏။ ရွှံ့ဘီလူးကြီးကား သူတို့ရှိရာသို့ တဟုန်ထိုး ပြေးဝင်လာခဲ့လေပြီ။ ၎င်းကိုမြင်သည်နှင့် လူတိုင်းလိုလိုသည် ချက်ချင်းပင် ထွက်ပြေးကြတော့သည်။

ကျန်းချန်းအန်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းလာ၏။

"ရပ်လိုက်စမ်း"

ကျယ်လောင်သောအသံနှင့် အော်ဟစ်အမိန့်ပေးပြီး ကျန်းချန်းအန်က လက်အစုံကို လှုပ်ရှားလိုက်ရာ မြေကြီးပေါ်မှ များပြားလှသော ဆူးပင်ဆူးခက်များ ထွက်ပေါ်လာပြီး တောက်ပခြင်းအဖွဲ့ဝင်များကို လိုက်လံဖမ်းချူ ပ်နေတော့သည်။ ကျန်းချန်းအန်သည် ရန်သူကို အဆုံးမသတ်မီ သစ်ပင်သစ်ခက်ဆူးပင်ဆူးတက်များနှင့် ရန်သူကို ဖမ်းချူ ပ်ပြီး ရန်သူ၏ လှုပ်ရှားမှုကို ကန့်သတ်ရာတွင် အလွန်ထူးချွန်သူ ဖြစ်သည်။ ဝေးကွာသော နေရာမှ သင်၏ လှုပ်ရှားမှုကို ကန့်သတ်ထိန်းချူ ပ်နိုင်သူများသည် ရင်ဆိုင်ရအလွန်ခက်သူများ ဖြစ်ကြသည်။ ထိုအတွက်ကြောင့်ပင် 'သစ်ပင်လေး'ဟူသော အမည်ကို ကျန်းချန်းအန် ရထားခြင်းပင်။

ဤမျှ သေရေးရှင်ရေး အခြေအနေမှာပင် ယုတ်မာညစ်ပတ်သော သူ့အကြံအစည်ကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးစားနေသော ကျန်းချန်းအန်ကိုကြည့်ရင်း တောက်ပခြင်းအဖွဲ့ဝင်သည် အဆုပ်များ ပေါက်ကွဲထွက်မတတ် ပြင်းထန်စွာ ဒေါသထွက်လာကြ၏။

ထိုအခါ ကျန်းရှသည် မိုးကြိုးမီးလျံစက်လုံးကို ဆွဲထုတ်ပြီး ပစ်ပေါက်လိုက်ရာ ဆူးပင်များအားလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်ကြသည်။ ချက်ချင်းဆိုသလိုပင် ခွန်ရှန်းယင်၊ကျူံ းတင်နှင့် ကျန့်ခွမ်းတို့သည် တောက်ပခြင်းအဖွဲ့ဝင်များဆီသို့ ခုန်ဝင်လိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် စုချန်းတို့အား အလွန်မုန်းတီးနေကြသည် မဟုတ်ပါလား။ ကံမကောင်းစွာပင် တောက်ပခြင်းအဖွဲ့ဝင်များသည် မိုးကြိုးမီးလျံစက်လုံးများကို တယောက်တလုံးစီ ဆွဲထုတ်ပြီး ကျန်းချန်းအန်တို့ အုပ်စုဆီသို့ ပစ်ပေါက်လိုက်ကြ၏။

ကျူံ းတင် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

အမြန်ရှောင်!!!

ထိုတဒင်္ဂဝယ် သူတို့အမြင်အာရုံများအားလုံး ပြာဝေကုန်ကြသည်။

ဘုန်း!! ဘုန်း!! ဘုန်း!!

ပေါက်ကွဲမှုကြီးသုံးခု ဆက်တိုက်လိုလို ဖြစ်ပေါ်လာ၏။

ကျူံ းတင်နှင့် ခွန်ရှင်းယင်သည် အမြန်ဆုံး နောက်ဆုတ်လိုက်နိုင်သူများ ဖြစ်သည်။ သို့တိုင်အောင် ပေါက်ကွဲမှု အဖျားခတ်မိသွား၍ ပြင်းထန်စွာ နာကျင်သွားကြသည်။ ကျန့်ခွမ်းကား ကံမကောင်းရှာ။ ပေါက်ကွဲမှု၏ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီး သူ့တကိုယ်လုံး လေထဲသို့ မြောက်တက်သွားတော့သည်။

အကယ်၍ ကြံ့ဓားသွေးဗီဇကြောင့် သူ့အပြင်အား အလွန်ကောင်းမနေခဲ့လျင် သို့တည်းမဟုတ် မိုးကြိုးမီးလျံစက်လုံးသည် ပစ်မှတ်ခုတည်းကို ထိရောက်စွာ တိုက်ခိုက်နိုင်သော လက်နက်မျိူ း ဖြစ်ခဲ့လျင် ကျန့်ခွမ်းတယောက် နေရာမှာပင် အသက်ပျောက်သွားဖွယ်ရာ ရှိသည်။ ယခုလည်း သက်တော့မသက်သာလှ။ ကျန့်ခွမ်း၏ ဒဏ်ရာမှာ အတော်ပင် ပြင်းထန်လှသည်။

အခြေအနေမှာ ကျန်းချန်းအန်အတွက်လည်း မလွယ်ကူလှ။ သူ၏ သန့်စင်သော အလင်းရောင်အကာအကွယ်သည် အင်အားကြီးမားသော်လည်း တောက်ပခြင်းအဖွဲ့ဝင်များက သူ့ကိုသာ အမုန်းဆုံး ဖြစ်သည်။ ထို့ကြောင့် မိုးကြိုးမီးလျံစက်လုံး တဝက်ကျော်ကျော်သည် သူ့ဆီသို့ ဦးတည်ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။ သူ၏ သန့်စင်သော အလင်းရောင်အကာအကွယ်နှင့် ဆူးနံရံများအားလုံး ပြိုကွဲသွားသည့်အပြင် သူဝတ်ဆင်ထားသည့် မိုးပြာအလင်ရောင် ရင်ကာပြားသည်ပင် ရစရာမရှိအောင် ပျက်စီးသွား၏။ မျက်စိတမှိတ်အတွင်းဝယ် သူအလွန်အားကိုးသည့် ရှေးဟောင်းအာကင်နာ စာလိပ်နှင့် မူလကိရိယာ နှစ်မျိူ းလုံး ပျက်စီးသွားခဲ့လေပြီ။ သူ့နှလုံးသားဝယ် ခါးသီးသော နာကျင်မှုကို ကျန်းချန်းအန် ခံစားလိုက်ရသည်။

ကျန်းရှတို့အုပ်စုသည် ကျန်းချန်းအန်ကို ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။ သို့သော် ရွှံ့ဘီလူးကြီးကား သူတို့နှင့် အလွန်နီးကပ်လာခဲ့ပေပြီ။ ၎င်းသည် ခေါင်းမော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး စုချန်းတို့အား ခြေထောက်နှင့် တက်နင်းရန် ကြို းစားလာ၏။ ကြီးမားလှသော ခြေထောက်ကြီးအား အမြှောက်မှာပင် စုချန်းက ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ပြီး ရွှံ့ဘီလူးအား ပစ်ပေါက်လိုက်သည်။ ဆေးပုလင်းသည် ၎င်း၏ မျက်နှာကို ကျကျနနပင် ထိမှန်ပေါက်ကွဲသွားပြီး ဦးခေါင်းတဝိုက်တွင် သိပ်သည်းလှသော မြူ ခိုးတို့ ဖြစ်ပေါ်လာတော့သည်။

မြူ ခိုးဆေးသည် ပုံဖျက်ဖုံးကွယ်ရာတွင် အသုံးဝင်သည့် မြူ ခိုးတို့ကို ထုတ်လွှတ်ပေးသော ဆေးတမျိူ းဖြစ်သည်။ သို့သော်ငြားလည်း စုချန်းက ထိုဆေးကို ပုံဖျက်ဖုံးကွယ်သည့်နေရာတွင် သုံးမည့်အစား ရွှံ့ဘီလူး၏ အမြင်အာရုံကို ပိတ်ဆို့ရန် သုံးလိုက်ခြင်း ဖြစ်သည်။ မျက်နှာပတ်ပတ်လည်တွင် မြူ ခိုးများနှင့် ဖုံးအုပ်နေလေရာ ရွှံ့ဘီလူးသည် မည်သည့်အရာကိုမှ မြင်နိုင်စွမ်းမရှိတော့ပဲ ခြေကားယားလက်ကားယား လုပ်နေရုံသာ တတ်နိုင်တော့သည်။

ထို့နောက် စုချန်းက သားရဲကာကွယ်ဆေးပုလင်းကို ရိုက်ခွဲလိုက်ပြန်ရာ ဆေးရနံ့များ ပတ်ဝန်းကျင်အနှံ့ ပျံ့လွင့်သွား၏။ အနှီဆေးသည် ရွှံ့ဘီလူးအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိသော်လည်း အနှီ သတ္တဝါကြီး အခိုက်အတန့်အားဖြင့် စုချန်းတို့ကို မေ့လျော့နေစေရန်တော့ တတ်နိုင်ပေလိမ့်မည်။

"အခွင့်အရေးကို အသုံးချပြီး ပြေးကြတော့ဟေ့"

စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လူတိုင်းလိုလိုသည် စုချန်း၏ စကားကို လိုက်နာက စတင်ပြေးလွှားကြတော့သည်။

ထိုအချိန်တွင် ရွှံ့ဘီလူးသည် ပြင်းထန်စွာ ဒေါသထွက်လာဟန်ဖြင့် သူ့ဖနောင့်အောက်တွင် မည်သည့်အရာ ရှိသည်မရှိသည် မစဉ်းစားတော့ပဲ မြေကြီးကို ဖနောင့်နှင့်် ထပ်ခါထပ်ခါပေါက်နေတော့သည်။ အဖြစ်ဆိုးသွားသူမှာကား ရွှေရောင်ပုစဉ်း ဟွမ်းဝုဖြစ်သည်။ သူသည် မူလကတည်းက ဒဏ်ရာရရှိထားသည့်အပြင် ရွှေရောင်ပုစဉ်းအရေခွံနည်းစနစ်ကိုလည်း ထုတ်သုံးခဲ့ပြီး ဖြစ်လေရာ ရွှံ့ဘီလူး၏ ဖနောင့်ဒဏ်ကို အကြိမ်တိုင်းလိုလို မရှောင်တိမ်းနိုင်တော့ပဲ မျက်စေ့တမှိတ်အတွင်း အသားပုံကြီးဘဝသို့ ပြောင်းသွားရရှာသည်။

ကျန်းချန်းအန်သည် ရွှံ့ဘီလူးကြီး၏ ဖနောင့်ပေါက်ချက်ကို မြေကြီးပေါ်တွင် လှိမ့်၍ ရှောင်တိမ်းလိုက်သည်။ ထိုအခိုက်မှာပင် သတ္တဝါကြီး မျက်လုံးမမြင်ကြောင်း သူ သတိထားမိလိုက်ပြီး ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးရန် ကြို းစားလိုက်တော့သည်။

စုချန်း၏ စူးရှသော မျက်လုံးအစုံက ကျန်းချန်းအန်၏ လှုပ်ရှားမှုကို ကွက်ကွက်ကွင်းကွင်းပင် မြင်တွေ့လိုက်သည်။

"မင်းက ထွက်ပြေးချင်တာပေါ့ ဟုတ်လား"

ထို့နောက် သူက အဖြူ ရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းလမ်းကို အသုံးပြုလိုက်ရာ သူ့ကိုယ်ခန္ဓာသည် ကျန်းချန်းအန်၏ ရှေ့မှောက်တွင် ဘွားခနဲ ပေါ်လာ၏။ ထိုအချိန်တွက် တိမ်တိုက်ကျားသစ်ကလည်း ကျန်းချန်းအန်၏ ရှေ့မှောက်သို့ ခုန်ပျံျရောက်ရှိလာခဲ့လေပြီ။ တိမ်တိုက်ကျားသစ်အနေနှင့် တချိန်လုံး ကျန်းချန်းအန်ကိုသာ ပစ်မှတ်ထားနေကြောင်း သံသယဖြစ်ရန် မလိုတော့။

ထိုအခါ စုချန်းက ရှေ့သို့ ခုန်ထွက်လိုက်ပြီး တိမ်တိုက်ကျားသစ်ကို အမိန့်ပေးလိုက်သည်။

"တိမ်တိုက်ကျားသစ် ဒီကောင့်ကို ငါနဲ့ထားခဲ့ပြီး မင်းတို့အားလုံး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြပေတော့ ငါတို့ အလင်းပြန်ကျောက်ဆောင်မှာ ပြန်ဆုံကြမယ်"

"ကောင်းပြီ"

တိမ်တိုက်ကျားသစ်က ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

ထိုအခိုက်မှာပင် ကျယ်လောင်စူးရှသော အော်ဟစ်ငိုကြွေးသံ ထွက်ပေါ်လာ၍ တိမ်တိုက်ကျားသစ် လှည့်ကြည့်လိုက်သည်။ သူတွေ့ရှိလိုက်သည်မှာကား ကျူံ းတင်သည် တုချိန်းကို ဖမ်းချူ ပ်ပြီး ရွှံ့ဘီလူး၏ ခြေဖဝါးအောက်သို့ ပစ်ချလိုက်ခြင်းပင်တည်း။

ကျန်းချန်းအန်သည်လည်း အခွင့်အရေးကို အမိအရယူကာ ထိုနေရာမှ တချိူ းတည်း လစ်ပြေးသွားတော့သည်။ သူ့နောက်မှ စုချန်းက ထပ်ချပ်မကွာ လိုက်ပါသွား၏။

All Chapters