← Chapters

သူသေကိုယ်သေ

Vol. 22 Ch. 215

သူသေကိုယ်သေ

Vol. 22 Ch. 215

"မဟုတ်ဘူး"

တုချိန်းသည် ခြေကားယား လက်ကားယားနှင့် ရွှံ့ဘီလူးခြေဖဝါးအောက်ဆီသို့ ပစ်ချခံလိုက်ရသည်။ ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ်က အလင်းတန်းပမာ လေထဲသို့ ဝုန်းခနဲခုန်ထွက်ကာ တုချိန်း၏ ကိုယ်ခန္ဓာကို လက်ဝါးဖြင့် ဖယ်ထုတ်လိုက်၏။ တိမ်တိုက်ကျားသစ်၏ ကယ်တင်မှုကြောင့် တုချိန်းခမျာ အသက်ဘေးမှ သီသီလေး လွတ်သွားရရှာသည်။

သို့တိုင်အောင် ရွှံ့ဘီလူး၏ လက်က တိမ်တိုက်ကျားသစ်၏ ကျောပြင်ကို အဖျားခတ်မိသွားသေး၏။ သွေးများ ရဲခနဲ ထွက်လာပြီး တိမ်တိုက်ကျားသစ် ခပ်လှမ်းလှမ်းသို့ လွင့်ထွက်သွားသည်။ စူးရှသော နာကျင်မှုကြောင့် သူ မခံနိုင်ပဲ အော်ဟစ်မိ၏။

"တိမ်တိုက်ကျားသစ်"

တုချိန်း စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

"သွား ဒီနေရာက အမြန်ဆုံး ထွက်သွား"

တိမ်တိုက်ကျားသစ်က ဟိန်းဟောက်လိုက်သည်။ ထိုအချိန်တွင် ကျန်းရှသည် လျင်မြန်စွာ ရှေ့တိုးလာပြီး တုချိန်းကို ဖမ်းချူ ပ်ကာ အဝေးသို့ ခေါ်ဆောင်သွားတော့သည်။

အာဝူး!!!!

သူ့နောက်ကျောတွင်တော့ ရွှံ့ဘီလူးသည် ဒေါသတကြီးနှင့် အော်ဟစ်ကျန်ရစ်ခဲ့၏။ ထိုအချိန်တွင် ၎င်း၏ဦးခေါင်းပတ်ပတ်လည်တွင် ဖုံးအုပ်ထားသော မြူ ခိုးများ လွင့်ပြယ်စပြုလာပြီ ဖြစ်လေရာ ရွှံံဘီလူးသည် အမြင်အာရုံ ပြန်ရလာခဲ့လေပြီ။ သို့သော်ငြားလည်း ၎င်း၏ ဒေါသမှာကား အနည်းငယ်မှပင် လျော့ပါးသွားဟန်မတူ။ ရွှံ့ဘီလူး၏ မာန်ဖီသံ၊ ဟိန်းဟောက်သံများကြားတွင် တောအုပ်တအုပ်လုံး သိမ့်သိမ့်တုန်လျက် ရှိလေသည်။

ထိုအချိန်တွင် လူတိုင်းလိုလိုသည် ရွှံ့ဘီလူး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ထွက်ပြေးရန် ကြိုးစားလျက်ရှိကြသည်။ တဆက်တည်းမှာပင် သူတို့အချင်းချင်း တိုက်ခိုက်ရန်လည်း မမေ့ကြပေ။

ခွန်ရှန်းယင်သည် သူတို့ထဲတွင် အမြန်ဆုံးလူဖြစ်သည်။ အကယ်၍ သူသာ သူ့အဖွဲ့ကို ဂရုမစိုက်လျင် ရွှံ့ဘီလူးကို အလွယ်တကူပင် နောက်ချန်ရစ်ခဲ့နိုင်၏။ ထို့ကြောင့် လူတိုင်းထဲတွင်မှ ရွှံ့ဘီလူးအား မကြောက်ဆုံးသူကိုပြပါဆိုလျင် ခွန်ရှင်းယင်ကိုသာ ပြရပေလိမ့်မည်။ တဖက်တွင်လည်း ရွှံဘီလူးကြီးက သွေးဗီဇမပါသူတောက်ပခြင်း အဖွဲ့ဝင်များအား လိုက်လံတိုက်ခိုက်နေသည်ကို မြင်တွေ့ရခြင်းက သူ့အား အလွန် စိတ်ကျေနပ်စေသည် မဟုတ်ပါလား။

ထိုအချိန်တွင် တုချိန်းအားလက်ကိုဆွဲပြီး အဝေးသို့ ထွက်ပြေးနေသော ကျန်းရှကို သူ မြင်တွေ့လိုက်သည်။ သူ့မျက်နှာတွင်လည်း ရက်စက်ကြမ်းကြုတ်သော အပြုံးတမျိူ း ပေါ်ပေါက်လာ၏။

"မင်းက ထွက်ပြေးချင်တယ်ပေါ့ ဟုတ်လား ဒီလောက်တော့ မလွယ်ဘူးလေကွာ"

ထို့နောက် သူက ကျောပေါ်ရှိ အတောင်များအား တဖြတ်ဖြတ်ခတ်ကာ လေထဲသို့ ခုန်တက်လိုက်သည်။ သူ့ကိုယ်ခန္ဓာသည် လေထဲတွင် စက်ဝိုင်းပုံ ပျံသန်းသွားပြီး တုချိန်းဆီသို့ ခုန်ဝင်လိုက်တော့သည်။

ထိုအချင်းအရာကို မြင်သည်နှင့် ကျန်းရှသည် တုချိန်းကို ဘေးသို့တွန်းထုတ်ပြီး သူ့လက်ဝါးနှစ်ဖက်ဖြင့် ခွန်ရှန်းယင်ကို ရင်ဆိုင်လိုက်သည်။ ကျန်းရှ၏ လက်ဖဝါးနှစ်ဖက်နှင့် ခွန်ရှန်းယင်၏ သိမ်းငှက်ပုံ လက်သည်းများ ပြင်းထန်စွာ ရိုက်ခတ်မိသည်။ ထိုအခါ ကျန်းရှ၏ လက်ဖဝါးမှ သွေးများပန်းထွက်လာ၏။ ခွန်းရှန်းယင်၏ ပြင်းထန်လှသော အားမာန်ကို ကျန်းရှ မခံနိုင်။ သူသည် နောက်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ လွင့်စင်သွားတော့သည်။

"ကျန်းရှ"

တုချိန်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဟား ဟား ဟား"

ခွန်ရှန်းယင် ခေါင်းကိုမော့ကာ အားရပါးရ ရယ်မောလိုက်၏။

"ငါ့ရဲ့ လက်သည်းကုပ်ချက် တကွက်ကိုတောင် မခံနိုင်ပါလားကွ အသုံးမကျတဲ့ကောင်ပဲ"

စကားဆုံးသည်နှင့် ခွန်ရှန်းယင်က ရိပ်ခနဲ လှုပ်ရှားလိုက်သည်။ သူ့ကိုယ်ခန္ဓာသည် မျက်စေ့တမှိတ်အတွင်း ကျန်းရှဘေးသို့ ရောက်သွား၏။ ထို့နောက် သူသည် လက်သည်းများဖြင့် ကျန်းရှကို လှမ်းကုပ်လိုက်တော့သည်။

ကျန်းရှကလည်း အညံ့တော့မခံ။ အကာအကွယ်ကို နှိုးဆွပြီး ခွန်းရှန်းယင်ကို ပြန်လည်တိုက်ခိုက်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း သူတို့နှစ်ယောက် ၁၀ကွက်မျှ တိုက်ခိုက်မိကြ၏။ ထို ၁၀ကွက်အတွင်း ကျန်းရှ၏ အကာအကွယ်သည် ရစရာမရှိအောင် ပျက်စီးသွားပြီး သူ့မျက်လုံးတစ်လုံးမှာလည်း ခွန်ရှန်းယင်၏ ဖောက်ထုတ်ခြင်းကို ခံလိုက်ရရှာသည်။

ခွန်ရှန်းယင်၏ နောက်လက်တဖက်မှာ ကျန်းရှ၏ ဝမ်းဗိုက်ကို စိုက်ဝင်သွားပြီး သွေးများစီးထွက်နေသော အပေါက်ငါးပေါက်ကို ဖြစ်ပေါ်စေခဲ့၏။ ခွန်ရှန်းယင်၏ တိုက်ခိုက်မှုက ဤမျနှင့် မရပ်တန့်သေး။ သူသည် လက်ချောင်းများကို ကွေးကောက်ကာ ကျန်းရှ၏ ဦးနှောက်ကို ဖောက်ထုတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် ရက်စက်ကြမ်းကြုတ်သော ဓားလှိုင်းတခုက သူ့ဆီသို့ ဝင်ရောက်လာ၏။

ခွန်ရှန်းယင်သည် လူမိုက်မဟုတ်။ သူက ကျန်းရှ၏ ဦးနှောက်ကို ဆွဲကုပ်ရန်ပြင်နေသည့် လက်ချောင်းများကို ကပျာကယာ နောက်ဆုတ်ပြီး တုချိန်း၏ ဆောင်းဦးကောင်းကင်ဓားကို ကာကွယ်လိုက်သည်။ သတ္တုချင်း ထိခတ်သံ ခပ်အုပ်အုပ် ပေါ်ထွက်လာ၏။ အနီးကပ်ကြည့်တော့မှ ခွန်ရှန်းယင်၏ လက်ချောင်းများတွင် ဘလိတ်ဓားပမာ ထက်မြက်သည့် သတ္တုအစွပ်များ စွပ်ထားကြောင်း တွေ့လိုက်ရသည်။ ၎င်း၏ လက်ချောင်းများ ဤမျှ သန်မာနေသည်မှာ အံ့သြစရာတော့မရှိ။

"သေပေတော့"

တုချိန်းက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ တချိန်တည်းမှာပင် သူမ၏ လက်ထဲရှိ ဆောင်းဦးကောင်းကင်ဓားသည် လှပစွာ ကခုန်သွား၏။ ကြမ်းတမ်းသော ဓားချက်များက သူမရင်ထဲရှိ ဒေါသကို ဖော်ကျူ းနေသလို ရှိသည်။ ဓားချက်ကြောင့် ကြီးမားသော လှိုင်းလုံးကြီးများ ပေါ်ပေါက်လာသကဲ့သို့ ထင်ရသည်။

သို့သော် ခွန်ရှင်းယင်၏ သိမ်းငှက်လက်သည်းက တုချိန်း၏ ဓားချက်များကို အလွယ်တကူပင် ဖယ်ထုတ်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ဒေါသထွက်နေသော အနှီ အမျိူ းသမီးကို တသက် မမေ့နိုင်စရာ သင်ခန်းစာပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုအခိုက်မှာပင် သူ့နောက်ကျောဆီမှာ မြေကြီးများ တုန်ခါလာသည်ကို ခွန်ရှန်းယင် ခံစားလိုက်ရ၏။ ရွှံ့ဘီလူးကြီး သူဆီကို ဦးတည်လာမှန်း ခွန်ရှန်းယင် ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုအခါ သူက တုချိန်းကို လက်လွှတ်လိုက်ပြီး နောက်ကို လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။

ခွန်ရှင်းယင်ကား အလွန်လျင်မြန်သူ ဖြစ်သည်။ သူသာ ဆန္ဒရှိလျင် ရွှံ့ဘီလူးကြီးကို လှည့်ပတ်ပြေးနေ၍ပင်ရသည်။ သို့သော် နောက်သို့ ခြေလှမ်းများများ မဆုတ်လိုက်ရ၊ သူ့နောက်ကျောမှ အော်ဟစ်သံကို ခွန်ရှန်းယင် ကြားလိုက်ရသည်။ ကြောက်မက်ဖွယ် အန္တရာယ်အငွေ့အသက်ကို ရလိုက်၍ သူ ဘေးသို့ ရှောင်တိမ်းပေးလိုက်ရပြန်၏။ ဝင်တိုက်သူမှာ တခြားလူမဟုတ်။ တုချိန်းပင်။ ခွန်ရှင်းယင် ခုန်ဆုတ်သွားရာသို့ ထပ်ချက်မကွာ လိုက်ပါလာရင်း နောက်တကြိမ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ခွန်ရှန်းယင် ဒေါသအိုးပေါက်ကွဲသွားလေပြီ။ ထို့နောက် သူက တုချိန်းကို အသေသတ်ရန် ဟန်ပြင်လိုက်သည်။ ခွန်းရှန်းယင်တယောက် သူ့စိတ်ကူးကို အကောင်အထည်ဖော်ခွင့် မရလိုက်ရှာ။ အကြောင်းမှာ ကျန်းရှက သေရမှာ မကြောက်သည့်ဟန်ဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ကျန်းရှသည် မျက်လုံးတဖက် ကန်းနေသည့်အပြင် ဝမ်းဗိုက်တွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ သို့သော် ထိုဒဏ်ရာများက သူ၏ ပြင်းပြသော စိတ်ဆန္ဒကို တားဆီးနိုင်ပုံမရ။

ထိုအချိန်တွင် ခွန်ရှန်းယင်သည် ကျန်းရှကို လုံးဝမေ့လျော့နေခဲ့လေရာ မမျှော်လင့်ပဲ အငိုက်မိသွားတော့သည်။ ကျန်းရှ၏ သွေးလက်ဝါးသည် ခွန်ရှန်းယင်၏ ရင်ဘတ်ကို တည့်မတ်စွာ ထိမှန်သွား၏။ လက်ဝါးဒဏ်ကြောင့် သူ အတော်လေး နာကျင်သွားလေသည်။ သူ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျန်းရှ၏ ကိုယ်ပေါ်တွင်လည်း နောက်ထပ် အပေါက်ငါးပေါက် ဖြစ်ပေါ်လာ၏။ ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရွှံ့ဘီလူးက သူ့ဆီသို့ ထပ်မံဦးတည်လာပြန်ကြောင်း ခွန်ရှန်းယင် တွေ့လိုက်ရပြန်သည်။ သူ ဘာမှ မတတ်နိုင်တော့။ ကျန်းရှကို ထားကာ ထွက်ပြေးရပြန်သည်။

သူသည် တော်ဝင်မျိူ းနွယ်စုဝင်ဖြစ်လေရာ အပြေးနှုန်းကသာ သာမာန်လူထက် မြန်သည်မဟုတ်။ သူ့လက်သည်းများကလည်း ကြောက်မက်ဖွယ်ရာ သန်မာလှသည်။ စိတ်ရှိလက်ရှိသာ တိုက်ရလျင် ကျန်းရှကော၊ တုချိန်းကော သူ့ပြိုင်ဘက်များ မဟုတ်ကြပေ။ ယခုတော့ ရွှံံ့ဘီလူးကြောင့် သူ လောက်လောက်လားလား အခွင့်အရေး မရလိုက်။ တချက်လွှတ် တိုက်တော့မည်ဟု ကြံလိုက်တိုင်း ရွှံ့ဘီလူးကြောင့် နောက်ကို ပြန်ဆုတ်ပေးနေရ၏။ ယခုမှ ထွက်ပြေးရန် ကြိုးစားပြန်လျင်လည်း ကျန်းရှနှင့် တုချိန်းတို့ကို ကျောပေးလိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အမှန်တော့ မြူ ခိုးဆေးကို အသုံးချ၍ ရွှံ့ဘီလူးကြီးကို ဟန့်တားလိုက်စဉ်က စုချန်းသည် လူတိုင်း ထွက်ပြေးနိုင်စေရန် ရည်ရွယ်ခဲ့၏။ သို့သော် လူဆိုသည်မှာ သည်းခံသည့််နေရာတွင် အတိုင်းအတာတော့ ရှိလေသည်။

ယခုတော့ ပျံသန်းခြင်းအဖွဲ့သည် သူတို့အား ထပ်ခါထပ်ခါ ဒုက္ခပေးခဲ့၏။ ရက်စက်ယုတ်မာလွန်းသည့် ၎င်းတို့၏ လုပ်ရပ်အား မည်သူမှ သည်းခံနိုင်စွမ်းမရှိတော့။ အထူးသဖြင့် မျက်လုံးတဖက် ကန်းသွားရသည့် ကျန်းရှအတွက်ဆိလြျင် ထိုစကားက ပို၍ မှန်ပေမည်။ သူ၏ အမုန်းတရားမှာ အလွန်တရာ နက်ရှိုင်းသွားခဲ့လေပြီ။ နောက်ဆုံးတွင် အသက်ပေ သေသွားစေအုံး၊ သူနှင့်အတူ ခွန်ရှင်းယင်ကိုပါ မရဏကမ္ဘာသို့ တပါတည်း ခေါ်ဆောင်သွားရန် ကျန်းရှ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

ထိုအချိန်မှာပင် ခွန်ရှန်းယင်၏ နားထဲတွင် လေထုကို ဖြတ်၍ ပျံသန်းလာသော အသံတချိူ့ကို ကြားလိုက်ရသည်။ ကျန်းရှ၏ လက်ဝါးနှင့် တုချိန်း၏ ဓားတို့ကား သူဆီသို့ နောက်တကြိမ် ဦးတည်လာခဲ့ပြန်လေပြီ။

"ထွီ ဒင်းတို့ ခုချိန်ထိ မသေနိုင်သေးဘူးလားဟ"

ခွန်ရှန်းယင် ပြင်းထန်စွာ ဒေါသထွက်လာ၏။ သူကစ၍ တဖက်လူများကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း သူမတွေးမိ။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ပေါ်လာသည်မှာ ကျန်းရှနှင့် တုချိန်းအား တခါတည်း လက်စတုံးပစ်ချင်စိတ်များသာ ဖြစ်လေသည်။

ထို့နောက် သူသည် လက်သည်းများကို ဆန့်ထုတ်ပြီး ကျန်းရှနှင့် တုချိန်းတို့နှစ်ယောက်ကို ပြန်လည်တိုက်ခိုက်လိုက်၏။ လက်သည်းရှိ သတ္တုအစွပ်များနှင့် ဆောင်းဦးကောင်းကင်ဓားသည် ပြင်းထန်စွာ ရိုက်ခတ်မိသွားပြီး လက်သည်းဒဏ်ကြောင့် ဓားသည်ပင် ကွေးကောက်သွား၏။ ကျန်းရှ၏ ဘယ်လက်ဝါးနှင့် ခွန်ရှင်းယင်၏ ညာလက်သည်းမှာလည်း ပြင်းထန်စွာ ရိုက်ခတ်မိသွား၏ ကျန်းရှ၏ ဘယ်လက်တချောင်းလုံး လက်သည်းဒဏ်ကြောင့် သွင်သွင်ကျိူ းသွားရှာသည်။

သို့သော်ငြားလည်း ကျန်းရှ၏ ညာလက်ဝါးကတော့ ခွန်ရှန်းယင်၏ မျက်နှာကို ကျကျနနပင် ရိုက်မိသွားလေသည်။ စူးရှသော နာကျင်မှုကြောင့် ခွန်ရှန်းယင် လွှတ်ခနဲ အော်မိသွား၏။ ခွန်ရှန်းယင် နှာခေါင်းရိုး ကျိူ းသွားလေပြီ။ သူကား အလွန်အလှကြိုက်သူ ဖြစ်သည်။ နှာခေါင်းရိုး ကျိူ းသွားခြင်းကြောင့် သူ အလှပျက်လေပြီ။ ခွန်ရှန်းယင် အရူးတယောက်ပမာ ဖြစ်သွား၏။

"ခွေးမသား မင်းကိုငါသတ်မယ်....အကြိမ်တထောင် ဖြတ်တောက်ခြင်း လက်သည်းကွ!!! "

ကျယ်လောင်စွာ အော်ဟစ်ပြီး ခွန်ရှန်းယင် လေထဲသို့ ခုန်တက်လိုက်၏။ သူ့လက်သည်းများမှာကား ခွန်ရှန်းယင်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာတော့သည်။ သနားစရာ ကျန်းရှ၏ ကိုယ်အနှံ့တွင် ရေတွက်၍ မရနိုင်လောက်သည့် ဒဏ်ရာများစွာ ဖြစ်ပေါ်လာ၏။ တကိုယ်လုံးရှိ အသားစများမှာကား လေထဲသို့ လွင့်စင်ကုန်ကြလေသည်။

ခွန်ရှန်းယင်၏ အကြိမ်တထောင် ဖြတ်တောက်ခြင်းလက်သည်းသည် ကျန်းရှအား အရှင်လတ်လတ် ပန်းပုထုလိုက်သကဲ့သို့ ရှိသည်။ တကိုယ်လုံးရှိ အသားစများ ဖဲ့ထုတ်ခြင်းခံလိုက်ရပြီ ဖြစ်လေရာ အရိုးဖြူ ဖြူ များပင် ပေါ်ထွက်လျက်ရှိချေပြီ။

"မလုပ်နဲ့"

တုချိန်းတယောက် ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်သည်။

ပြင်းထန်သော ဝေဒနာကြောင့် ကျန်းရှတယောက် သေလုမြောပါ ခံစားနေရသည်။ သူသည် တုချိန်းကို မချိတင်ကဲနိုင်သော အမူအရာနှင့် ဖြတ်ခနဲလှမ်းကြည့်ပြီး ရှေ့သို့ တဟုန်ထိုးပြေးထွက်ကာ ခွန်ရှန်းယင်ကို အားကုန်ပွေ့ဖက်ထားလိုက်၏။ ခွန်ရှန်းယင်၏ လက်သည်းများက သူ့ကိုယ်ခန္ဓာကို နက်ရှိုင်းစွာ ဖောက်ဝင်သွားတော့သည်။ သို့သော် ကျန်းရှကား မသေသေး။ သူက တုချိန်းကို အော်ဟစ်အမိန့်ပေးလိုက်၏။

"ချိန်းအာ ခုတိုက်တော့"

တုချိန်း တကိုယ်လုံး အေးစက်သွား၏။

သူမ လုံးဝ မှင်သက်နေခြင်း ဖြစ်သည်။ သူမသည် ကျန်းရှအား မျက်လုံးကြီးပြူ းကာ စိုက်ကြည့်နေ၏။

အခြေအနေသည် သူ့အတွက် လုံးဝမကောင်းတော့မှန်း ခွန်ရှန်းယင် သဘောပေါက်လိုက်သည်။ ထိုအခါ သူက ကျန်းရှ၏ ဖမ်းချူ ပ်ထားမှုမှ လွတ်မြောက်ရန် အသည်းအသန် ကြို းစားလိုက်သည်။ သို့သော် ကျန်းရှကား လုံးဝ လွှတ်မပေး။ အားကုန်သုံး၍ ခွန်းရှန်းယင်ကို ကျစ်ကျစ်ပါအောင် ဖက်ထား၏။ တဆက်တည်းမှာပင် သူက တုချိန်းကို အော်ဟစ် အမိန့်ပေးလိုက်ပြန်သည်။

"ချိန်းအာ ခုလုပ်တော့"

တုချိန်း၏ တကိုယ်လုံး ဆတ်ခနဲ တုန်ခါသွား၏။ ထို့နောက် သူမက မျက်လုံးအစုံကို မှိတ်ရင်း ဓားနှင့် လှမ်းထိုးလိုက်လေသည်။

"အား"

ပြင်းထန်သော နာကျင်မှုကြောင့် ခွန်ရှန်းယင် အော်ဟစ်လိုက်သည်။ ဤတကြိမ်တွင်တော့ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားလေပြီ။ သို့တိုင်အောင် ခွန်ရှန်းယင်က ခေါင်းငုံ့ခံနေသည်တော့မဟုတ်။ ပြန်တိုက်ဖြစ်အောင် တိုက်လိုက်သေးသည်။ သူ့လက်သည်းကုပ်ချက်သည် တုချိန်း၏ မျက်နှာကို ထိမှန်သွား၏။ တုချိန်း အဝေးသို့ လွင့်စင်သွား၏။ သူမ၏ မျက်နှာပေါ်တွင်လည်း လက်ငါးချောင်းကုပ်ရာကြီး အတိုင်းသား ပေါ်နေသည်။ ထိုကုပ်ရာများမှ သွေးများ စီးကျနေ၏။

"ဒီတိုက်ခိုက်မှုလောက်နဲ့ ငါ့ကို မသတ်နိုင်ဘူးကွ"

ခွန်ရှန်းယင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သူ့စကားက မှားတော့မမှား။ တုချိန်း၏ ဓားချက်သည် အားကောင်းသည်ဆိုသော်ငြား သူ့အသက်ကို နှုတ်ယူရန်တော့ မတတ်နိုင်သေး။ မူလချီစွမ်းအားပညာရှင်တယောက်အနေနှင့် သူကောင်းကောင်းကြီး တိုက်ပွဲဝင်နိုင်သေး၏။

ထိုစဉ် ကျန်းရှက

"ငါတို့ မသတ်နိုင်ဘူးဆိုရင် ဟိုကောင်ကြီး ကျတော့ကော"

ပြောပြောဆိုဆိုပင် ကျန်းရှသည် ခွန်ရှန်းယင်အား ဖက်ကာ ရွှံ့ဘီလူးကြီးထံသို့ ခုန်ဝင်လိုက်တော့သည်။ ထိုအခါကျမှ ကျန်းရှ၏ အစီအစဉ်ကို ခွန်ရှန်းယင် သဘောပေါက်သွား၏။ သူ ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။

"မလုပ်နဲ့"

ကျန်းရှ၏ လုပ်ရပ်ကို မြင်သောအခါ တုချိန်းကလည်း ထိတ်လန့်တကြား တားမြစ်လိုက်၏။

"အစ်ကိုကြီး အဲဒီလို မလုပ်နဲ့"

"ချိန်းအာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"

ကျန်းရှ၏ နောက်ဆုံး အော်သံဖြစ်သည်။

မျက်စေ့တမှိတ်အတွင်းဝယ် ကျန်းရှနှင့် ခွန်ရှန်းယင်တို့သည် တယောက်နှင့်တယောက် လုံးထွေးကာ ရွှံ့ဘီလူး၏ ကြီးမားလှသော လက်ချောင်းကြီးများအတွင်းသို့ ကျရောက်သွားတော့သည်။

All Chapters