← Chapters

အဲဒါ သူ မလား

Vol. 6 Ch. 503

အဲဒါ သူ မလား

Vol. 6 Ch. 503

တောင်ကြားသို့ ရောက်လာကြသော ပုဂ္ဂိုလ်များကား အရှေ့တောင် အာရှ၏ အစွမ်း အထက်ဆုံး ပညာရှင်များ ဖြစ်ကြသည်။ ထိုအထဲတွင် အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားမှ ပညာရှင်များလည်း ရောနှော ပါဝင်နေ၏။

"ပြန်လမ်းမဲ့ တောင်ကြားက နာမည် အတိုင်းပဲ အရမ်း အန္တရာယ်များတယ် … မင်းတို့ အတွင်းပိုင်းကို ဝင်မှာ သေချာရဲ့လား …"

ဝိညာဉ်ဘုရင်က အရုပ်ဆိုးစွာ ပြုံးရင်း မေးသည်။

"ဟီးဟီး … ငါတို့တွေ ဒီနေရာကို ဘာကြောင့် ရောက်လာတယ် ဆိုတာ မင်းလည်း သိသားပဲ …"

သန်မာသော ကြွက်သားများဖြင့် ပြည့်နှက်နေသည့် မွေထိုင်း ပညာရှင် တစ်ယောက်က အေးစက်စွာ ပြန်ပြောသည်။

"အင်း သိတယ် … ငါတို့တွေ အားလုံး လာရတဲ့ အကြောင်းရင်းက မြေကမ္ဘာ နတ်ဘုရားရဲ့ ရတနာသိုက်ကြောင့်ပဲ … ဒါပေမဲ့ ငါ နားမလည်တာက ဘာလို့ ဒီသတင်းက ပြန့်နေရတာလဲ … ဘာလို့ တန်ခိုးရှင် အဆင့်တွေက ငါတို့ထက် အရင် လာပြီး မယူသွားတာလဲ …"

ဝိညာဉ်ဘုရင်က အခြားလူများ၏ လောဘတက်နေသော မျက်နှာများကို ကြည့်ကာ မေးခွန်း ထုတ်လိုက်သည်။

"ငါ့အထင် တစ်ယောက်ယောက်က ရည်ရွယ်ချက် ရှိရှိ သတင်းဖြန့်တာ များလား …"

မြွေကြီး၏ ကျောပေါ်တွင် စီးနင်းနေသည့် ပညာရှင် တစ်ယောက်က စဉ်းစဉ်းစားစား ခန့်မှန်းလိုက်သည်။

သူ၏ နာမည်သည် မီးမြွေဘုရင် ဖြစ်ပြီး မှော်ပညာကို လေ့ကျင့်သော ဂွန်းတူ ပညာရှင် တစ်ယောက်ဖြစ်သည်။ သူကား ဝိညာဉ်ဘုရင်၊ မျက်တစ်လုံး နာဂဘုရင် တို့နှင့် တန်းတူ အစွမ်းအထက်ဆုံး ဂွန်းတူ ပညာရှင် လေးယောက်အဖြစ် ကျော်ကြား၏။

"ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်တာ … ဘာကြောင့်လဲ"

အခြား ပညာရှင်များက သူ့အား နားမလည်ဟန် ကြည့်ကာ မေးလိုက်ကြသည်။

"ငါတို့ အားလုံးကို မျှားခေါ်ချင်လို့ နေမှာပေါ့ …"

မီးမြွေသခင်က ဆိုသည်။

"မြေကမ္ဘာအဆင့် နတ်ဘုရားရဲ့ ရတနာသိုက်ကို ရှာတွေ့နိုင်တဲ့ သူက အနည်းဆုံး တန်ခိုးရှင် အဆင့် ဖြစ်မှာပဲ … တန်ခိုးရှင်က အကြောင်းမဲ့ သက်သက်တော့ ငါတို့ဆီကို သတင်းပေးမှာ မဟုတ်ဘူး … အကြောင်းထူး တစ်ခုခု ရှိရမယ်"

ရှေးဟောင်း မွေထိုင်း ပညာရှင်က ဝင်ရောက် ပြောသည်။

"အင်း …"

လူတိုင်းက သူ၏ စကားအား သဘောတူဟန် ခေါင်းညိတ်လိုက်ကြ၏။

"ဒီကို အခြားလူတွေလည်း ရောက်နေတာလား …"

ဝိညာဉ်ဘုရင်နှင့် အခြား ပညာရှင်များက အသစ်ထပ်မံ ရောက်လာသော လူများကို တွေ့သည်နှင့် ချက်ချင်းပင် မှတ်မိလိုက်၏။

"အဲဒါက ဒေါသလက်သီး ဂိုဏ်းရဲ့ စစ်ကျား လမ့်ကျန့်ဖန်း မလား … အာ သူက ကောမိသားစုက ကလေးတွေကိုပါ ခေါ်လာတာပဲ … ကျောင်းလေ့လာရေး ခရီးဖြစ်မယ် ထင်တယ်"

အသစ် ဝင်ရောက်လာသော လူများမှာ သာမန်လူများ ဖြစ်ကြောင်း သိရသည်နှင့် ပညာရှင်များသည် မျက်လုံးများကို ပိတ်ကာ ကျင့်ကြံခြင်းကို အာရုံစိုက် လိုက်ကြတော့သည်။

ထိုပညာရှင်များ အားလုံးသည် တောင်ကြား အတွင်းသို့ ဝင်ရောက်ရာ၌ ကိုယ်ပိုင်စွမ်းအား အမြင့်ဆုံး အခြေအနေ၌ ရှိနေသင့်ကြောင်း ကောင်းစွာ သဘောပေါက်ကြ၏။ ပြန်လမ်းမဲ့ တောင်ကြားကား အထွတ်အထိပ်များ အတွက်ပင် အလွန် အန္တရာယ် များသည်။

"ဘုရားရေ … ဝိညာဉ်ဘုရင် မီးမြွေသခင် ရှေးဟောင်း မွေထိုင်း ပညာရှင် ဒေါသဝက်ဝံဂျတ် သရဲအဘွားအို … ဂွန်းတူ ဆရာကြီးတွေ အားလုံးနီးပါး ဒီကို ရောက်နေတာပါလား … တစ်ခုခုတော့ ဖြစ်တော့မယ် ထင်တယ်"

အန်ကယ်ရှဲ့က စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်၏။

ထိုအချိန်၌ ကောနွမ်နွမ်နှင့် အခြား လူငယ်များမှာမူ တစ်ကိုယ်လုံး တုန်ယင်အောင် ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။ သူတို့ကား မလေးရှား ထိပ်တန်း မိသားစုများ၌ ပေါ်ကြော့ နေခဲ့သူများ ဖြစ်သည်။ ယခုကဲ့သို့ မြင်ကွင်းမျိုးအား တစ်ကြိမ်မျှပင် မကြုံဖူးကြချေ။

"နွမ်နွမ် မကြောက်နဲ့နော် အဖေနဲ့ငါ နင့်ကို ကာကွယ်ပေးမှာပါ …"

လမ့်ထုံက ကောနွမ်နွမ်၏ ဘေးနားသို့ လာကာ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

"အင်း … ကျေးဇူး"

ကောနွမ်နွမ်က လက်ကို အသာ ပြန်ရုတ်ရင်း ပြောလိုက်သည်။

ပြန်လမ်းမဲ့ တောင်ကြားကား အနည်းငယ် ကျယ်ဝန်းကာ မီတာရာချီမြင့်သော ချောက်ကမ်းပါးများ၏ ဝန်းရံမှု အလယ်တွင် ရှိသည်။ တောင်ကြား၏ အဝင်ဝတွင်မူ ထူထပ်သော မြူနှင်းများဖြင့် ကာရံထား၏။ များစွာသော လူစွန့်စားများသည် ထိုနှင်းမြူထုကို ဖြတ်ကျော်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ကြချေ။

သို့သော်လည်း ချန်းဖန်၏ မျက်လုံးတွင်မူ ထိုမြေကမ္ဘာ နတ်ဘုရား၏ အစီအရင်က ဟာသလောက်သာ ရှိ၏။ မူလဝိညာဉ် အဆင့်သို့ ရောက်ရှိပြီးပါက ထိုအစီအရင်ထက် ဆယ်ဆ ပိုမို အစွမ်းထက်သော အစီအရင်ကို ချန်းဖန် ခင်းကျင်းနိုင်သည်။

"တောင်ကြားကို ရောက်ပြီ ဆိုတော့ သွားကြည့်ဦးမှပဲ …"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း မြူနှင်းထုဆီသို့ လျှောက်လာခဲ့၏။ ထို့နောက် မြူနှင်းများကို လက်ဖြင့် တို့ထိ ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏ နတ်ဘုရား စိတ်အာရုံကလည်း ဓမ္မ အစီအရင်ကို ဖြတ်သန်းကာ လေ့လာဆန်းစစ်၏။

"အစ်မကော … ကြည့်ဦး …"

ချန်းဖန်၏ ထူးဆန်းသော အပြုအမူက ကောနွမ်နွမ် အပါအဝင် လူတိုင်းအား ထိတ်လန့် သွားစေသည်။ ကြောက်မက်ဖွယ် ပညာရှင်များ၏ ရှေ့၌ ထင်ရာမြင်ရာ လုပ်ခြင်းက ပြဿနာ ဖြစ်နိုင်ကြောင်း သူတို့ ကောင်းစွာ နားလည်ထားသည်။

"ဒီကောင်က သေချင်နေတာလား... စိတ်တိုကြီးတွေ မျက်စိနောက်ပြီး တစ်ခုခု ထလုပ်ရင် ငါ့အဖေတောင် ကယ်နိုင်မှာ မဟုတ်ဘူး …"

လမ့်ထုံက ခေါင်းအား ခါရင်း ဆိုသည်။

ထိုအချိန်၌ ကောနွမ်နွမ်၏ မျက်နှာကမူ သွေးမရှိတော့သလို ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ သူမက ချန်းဖန်အား ခြေဟန်၊ လက်ဟန် ပြကာ ဆက်မလုပ်ရန် သတိပေး လိုက်သော်လည်း ချန်းဖန်ကမူ သူမအား လှည့်ပင် မကြည့်ခဲ့ချေ။

"နွမ်နွမ် … အဲဒါက နင့် သူငယ်ချင်းလား … သူ့ကို ပြန်လာခိုင်းလိုက်"

လမ့်ကျန့်ဖန်းက ချန်းဖန်အား တွေ့သည်နှင့် စိုးရိမ်တကြီး ပြောလိုက်သည်။

ကောနွမ်နွမ် ထိတ်ထိတ်ပျာပျာဖြင့် ချန်းဖန်အား ခေါ်ရန် ပြင်လိုက်စဉ်မှာပင် မီးမြွေသခင်၏ အသံက ထွက်ပေါ်လာခဲ့၏။

"ဟေ့ ကောင်လေး မင်း ဘာလုပ် နေတာလဲ …"

သူ၏ အသံက ချန်းဖန် ကြားလောက်အောင် ကျယ်သော်လည်း ချန်းဖန်ကမူ အဖက် မလုပ်ခဲ့ချေ။ လူအများအား ကျောခိုင်းကာ အစီအရင်ကိုသာ ဆက်လက် စစ်ဆေး နေခဲ့၏။

"သေချင်နေတာလား …"

ချန်းဖန်၏ ဂရုမစိုက်သော အပြုအမူကြောင့် မီးမြွေသခင်၏ မျက်နှာက မည်းမှောင်လာ၏။

"ဘာဖြစ်နေတာလဲ …"

ဆူဆူညံညံ အသံများကြောင့် အခြား ပညာရှင်များက မျက်လုံးများ ဖွင့်ကာ ပတ်ဝန်းကျင်သို့ အကဲခတ် လိုက်ကြသည်။

သို့သော်လည်း မြင်တွေ့ရသော မြင်ကွင်းက သူတို့အား ခေါင်းခါမိစေသည်။ မီးမြွေသခင်က ဆယ်ကျော်သက် ကောင်ငယ်လေး တစ်ယောက်အား ဒေါသတကြီး ရန်မူ နေခဲ့သည် မဟုတ်ပါလား။

"ရှောင်ထုံ သူ့ကို ကူညီပေးပါဦး သူက ငါနဲ့ အတူ လာတာ"

ကောနွမ်နွမ်က ဖြူရော်သော မျက်နှာဖြင့် အကူအညီ တောင်းလိုက်၏။

"အဖေ …"

လမ့်ထုံက လမ့်ကျန့်ဖန်းအား ထပ်ဆင့် ကြည့်သည်။

"နွမ်နွမ် မဆိုင်တဲ့ ကိစ္စတွေ ဝင်မရှုပ်နဲ့ … အဲဒီ သာမန်ကောင်လေး အတွက် ငါတို့ မီးမြွေသခင်နဲ့ ရန်သူဖြစ်လို့ မရဘူး …"

လမ့်ကျန့်ဖန်းက ကောနွမ်နွမ်အား ဆူပူလိုက်သည်။

အထွတ်အထိပ် တစ်ယောက် အနေဖြင့် လမ့်ကျန့်ဖန်းသည် ပြဿနာများအား သာမန်လူများထက် ပို၍ ရှင်းလင်းစွာ မြင်နိုင်၏။ ယခုမှ သိကျွမ်းသော လူတစ်ယောက် အတွက် အင်အားကြီး ရန်သူအား အချေအတင် လုပ်ရန် သူ ဆန္ဒ မရှိချေ။

"တကယ်ပဲ သူ့ကို မကယ်နိုင်တော့ဘူးလား …"

ကောနွမ်နွမ်က ငိုသံပါဖြင့် မေးသည်။

"မိန်းကလေး … အဲဒါက သူ့ရဲ့ အမှားပါ … သိပ်ခံစား မနေပါနဲ့ … မိန်းကလေးလည်း သူ့ကို ကယ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တာပဲ …"

အန်ကယ်ရှဲ့က ကောနွမ်နွမ်အား ဖျောင်းဖျလိုက်သည်။

"ဟုတ်ကဲ့ …"

ကောနွမ်နွမ်က ခေါင်းညိတ်ရင်း ချန်းဖန်အား စိတ်မကောင်းစွာဖြင့်သာ ကြည့်နေမိတော့သည်။

ထိုအချိန်၌ ဟွမ်ကျင်း တစ်ယောက်မှာမူ ချန်းဖန်အား ကြည့်ကာ ကြိတ်၍ ဝမ်းသာ နေခဲ့သည်။

"အစုတ်ပလုတ်ကောင် … မင်း သေသင့်တာ ကြာပြီ"

လူအများ စိုးရိမ်ပူပန် နေကြချိန်၌ ယူကီရှီရိုဆာ တစ်ယောက်မှာမူ မတုန်မလှုပ်ပင် ရှိနေသေး၏။ သူကား ချန်းဖန် အတွက် လုံးလုံးပင် စိတ်ပူပုံ မရချေ။

"ဟဟ … ဒါက သံကြိုး အစီအရင်ပဲ … အစီအရင် တစ်ခုနဲ့ တစ်ခုကို ကွင်းဆက်နဲ့ ဆက်သွယ်ထားတာ …"

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ရုပ်သိမ်း ပြီးသည်နှင့် နောက်သို့ ပြန်လှည့်လိုက်၏။ ထို့နောက် သူက မီးမြွေသခင်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"မင်း ငါ့ကို ခေါ်တာလား"

ချန်းဖန်၏ မျက်နှာအား တွေ့သည်နှင့် မီးမြွေသခင်၏ ခန္ဓာကိုယ်က ရုတ်တရက် အေးခဲကာ တိတ်ဆိတ်သွား၏။ သူ စီးနင်းထားသော မြွေကလည်း အထိန်တလန့်ဖြင့် နောက်သို့ အနည်းငယ် တွန့်လိမ်ကာ ဆုတ်လိုက်သည်။

"အ … ဟိုဟာ …"

မီးမြွေသခင်ကား အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဘာဖြစ်နေတာလဲ …"

အခြားသော ပညာရှင်များက အထိတ်တလန့် ဖြစ်နေသော မီးမြွေသခင်အား ကြည့်၍ တစ်ခုခု ထူးခြားနေကြောင်း သတိ ပြုမိလိုက်ကြသည်။ ထို့ကြောင့် သူတို့က မီးမြွေသခင်ရှေ့၌ ရပ်နေသော လူငယ်လေးအား သေချာ အကဲခတ် လိုက်ကြသည်။

လူငယ်လေးကား သာမန်ဆန်သော ရုပ်ရည်ကို ပိုင်ဆိုင်ထားကာ ဖြစ်ကတတ်ဆန်း အဝတ်အစားများကို ဆင်မြန်းထား၏။ သူ၏ မျက်နှာရှိ နွေးထွေးသော အပြုံးတစ်ခုက ပေါ့ပေါ့ပါးပါး ကောလိပ် ကျောင်းသား တစ်ယောက်၏ ဟန်ပန်ကို ထင်ရှားစေသည်။

သို့သော်လည်း မီးမြွေသခင်ကား ထိုလူငယ်၏ ရှေ့၌ နတ်ဆိုးကို တွေ့မြင်ရသည့် အလား တစ်ကိုယ်လုံး တဆတ်ဆတ် တုန်အောင် ကြောက်လန့် နေခဲ့၏။

"သူက ဘယ်သူလဲ …"

ပညာရှင်များ အပါအဝင် လူတိုင်းက လူငယ်အား စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြမိသည်။

အားလုံး တိတ်ဆိတ် နေကြချိန်တွင်ပင် ဝိညာဉ်ဘုရင်က ကျားဖြူကြီးထက်မှ ဆင်းကာ ချန်းဖန်အား ဦးညွှတ်လိုက်၏။

"ကျွန်တော် အင်ဒိုးနီးရှားက နာဇီယာပါ … တွေ့ရတာ ဂုဏ်ယူပါတယ် သခင်ကြီး ချန်းပေ့ရွှမ်း …"

ဝိညာဉ်ဘုရင်၏ အပြုအမူက များစွာသော ပညာရှင်များအား သတိဝင်စေသည်။ သူတို့က ချက်ချင်းပင် မြေပြင်ပေါ် ဒူးထောက်ကာ နှုတ်ဆက် လိုက်ကြ၏။

"ကျွန်မက သရဲအဘွားအိုပါ …"

"ကျွန်တော်က ဒေါသဝက်ဝံ ဂျတ်ပါ …"

"ကျွန်တော်က …"

ထိုအချိန်၌ ကောနွမ်နွမ်၏ ဘေး၌ ရပ်နေသော လင်းကျန့်ဖန်းသည်လည်း ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်အောင် ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။

"အဲဒါ သူ မလား …"

သူက ခပ်တိုးတိုး ရေရွတ်၏။

"ဘယ်က သူလဲ …"

ကောနွမ်နွမ်နှင့် အခြားလူများက စိတ်ဝင်တစားဖြင့် လမ့်ကျန့်ဖန်းအား မေးကြသည်။

သို့သော်လည်း လမ့်ကျန့်ဖန်းက သူတို့၏ မေးခွန်းကို ပြန်မဖြေပဲ ချန်းဖန်ထံသို့ သွား၍သာ ဦးညွှတ်လိုက်သည်။

"ကျွန်တော် ဒေါသလက်သီးဂိုဏ်းက လမ့်ကျန့်ဖန်းပါ ခင်ဗျာ … စတွေ့ ကတည်းက မမှတ်မိတဲ့ အတွက် ခွင့်လွှတ်ပေးပါ ခင်ဗျာ …"

ကြောင်တောင်တောင် ဖြစ်နေသော မီးမြွေသခင်ကလည်း မြေပြင်ပေါ်သို့ ဒူးထောက်ချကာ ချန်းဖန်အား တောင်းပန် တိုးလျှိုးသည်။ သူက နဖူးအား မြေပြင်ပေါ်သို့ အကြိမ်ကြိမ် ရိုက်ချရင်း သွေးများ ထွက်လာသည် အထိ ချန်းဖန်ကို ဦးခိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ …"

ကောနွမ်နွမ်နှင့် အခြား လူငယ်များကား ဖြစ်ပျက်သမျှ အလုံးစုံကို နားမလည် နိုင်ကြချေ။

ထိုအချိန်မှာပင် အစောင့်ခေါင်းဆောင် အန်ကယ်ရှဲ့၏ စကားသံ ထွက်ပေါ်လာခဲ့၏။

"ငါ ခန့်မှန်းမိ ခဲ့သင့်တယ် … ချန်းနာမည်နဲ့ စတဲ့ တရုတ်ကောင်လေး... ဓားလွယ်ထားတဲ့ အစေခံ … ဒါက ချန်းပေ့ရွှမ်းက လွဲလို့ ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ …"

***

All Chapters