← Chapters

နှင်းဖဲကြိုး

Vol. 22 Ch. 217

နှင်းဖဲကြိုး

Vol. 22 Ch. 217

သူ့အနေနှင့် ကျန်းချန်းအန်ကို လိုက်ဖမ်းချိန်တွင် လူတိုင်းလိုလိုသည်လည်း ဆုံးဖြတ်ချက်ကိုယ်စီ ချထားလိမ့်မည်ဟု စုချန်း လုံးဝ မျှော်လင့်မထား။

အံ့သြစရာကောင်းလောက်အောင်ပင် နောက်ဆုတ်ထွက်ပြေးသူ တယောက်မှမရှိ။ လူတိုင်းသည် မိမိ၏ ပြိုင်ဘက်ကို ကိုယ်စီကိုယ်ငှ ရွေးချယ်ထားပြီးကြလေပြီ။ သူတို့သည် မိမိတို့၏ ရန်သူကို ကိုယ့်နည်းလမ်းနှင့်ကို ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြ၏။

တုချိန်းနှင့် ကျန်းရှတို့နှစ်ယောက် ခွန်ရှန်းယင်နှင့် တိုက်ခိုက်နေချိန်တွင် တိမ်တိုက်ကျားသစ်သည် ကျူံ းတင်နှင့် ရင်ဆိုင်နေ၏။ ထိုအချိန်တွင် ဝမ်တောက်ရှန်းသည် ကျန့်ခွမ်းနှင့် အသေအကြေ တိုက်ခိုက်နေလေသည်။

ကြိုးကြာငှက် ပုံရိပ်ယောင်သည် ဝုန်းခနဲ ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ လက်သီးချက်များသည် လှိုင်းတံပိုးများသဖွယ် ကျန့်ခွမ်းဆီသို့ တိုးဝင်လာ၏။

ကျန့်ခွမ်းကား အေးဆေးတည်ငြိမ်လှသည်။ သူသည့် လက်ထဲတွင် လှံတံကို တည်ငြိမ်စွာ ဆုပ်ကိုင်ပြီး ပြန်လည်ဝေ့ယမ်းတိုက်ခိုက်နေ၏။ လှံတံမှ ထွက်ပေါ်လာသည့် ချီအားလှိုင်းများနှင့် ကြိုးကြာပုံရိပ်လက်သီးလှိုင်းများ လေထဲမှာပင် တွေ့ဆုံမိပြီး ပေါက်ကွဲသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုကြောင့် အရောင်မျိူ းစုံ ထွက်ပေါ်လာ၏။

တကြိမ်တွင် ကျန့်ခွမ်းက လှံကိုဝင့်ကာ ဝမ်တောက်ရှန်း၏ ရင်ဘတ်ကို လှမ်းထိုးလိုက်သည်။ စစ်ဘုရင်လှံကြီးသည် လေဟာနယ်ကို ဖြတ်သန်းကာ ဝမ်တောက်ရှန်းဆီသို့ တိုးဝင်လာ၏။ ဝမ်တောက်ရှန်းက ကျန့်ခွမ်း၏ လှံချက်ကို လက်သီးနှင့် ခုခံလိုက်သည်။ သူ့တကိုယ်လုံးတွင်ကား နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူ နေသော အလင်းရောင်တမျိူ း ဖုံးအုပ်နေပြီး ထိတ်လန့်စရာ အရှိန်အဝါတမျိူ းကို ဖော်ဆောင်လျက်ရှိသည်။

လက်သီးမှ ထွက်ပေါ်လာသော အားလှိုင်းများသည် လှံတံကို ထိမှန်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြန်၏။

ထိုအချိန်တွင် ကျန့်ခွမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ့နောက်ကျောတွင် ကြံ ပုံရိပ်ယောင် ပေါ်ပေါက်လာ၏။ ကြံ ပုံရိပ်ယောင်သည် ဦးခေါင်းကို နှိမ့််လိုက်ရာ ကျန့်ခွမ်း၏ လှံတံက ၎င်း၏ ဦးချိူ ကဲ့သို့ ဖြစ်ပေါ်နေကြောင်း အံ့သြသင့်စဖွယ် မြင်တွေ့ရသည်။ ဤတကွက်တွင်တော့ ယခင်နှင့်မတူသည့် ကြောက်မက်ဖွယ်ရာ အားအင်များ ပါဝင်လာ၍ ဝမ်တောက်ရှန်းတယောက် မခံနိုင်တော့။ သူ့ကိုယ်ခန္ဓာသည် နောက်ဖက်သို့ ဝုန်းခနဲ လွင့်စင်သွားတော့သည်။

တကွက်တည်းနှင့် ဝမ်တောက်ရှန်း လွင့်စင်သွားသည်ကို မြင်တွေ့ရသောအခါ ကျန့်ခွမ်းက လှံကိုဝေ့ယမ်းပြီး အားရပါးရ ရယ်မောလိုက်သည်။

"ဟား ဟား ဟား ဝမ်တောက်ရှန်း မင်းဟာ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ငါ့ပြိုင်ဘက် မဟုတ်ခဲ့ပါဘူးကွာ ခုဆိုရင် ပိုဆိုးပေမပေါ့ ဒီလိုပုံစံနဲ့ ငါ့ကို လာတိုက်လို့ကတော့ အသေဆိုးနဲ့ သေသွားမယ်ကွ"

"ခွေးမသား မင်းပါးစပ်ကို ပိတ်ထားစမ်း"

ဝမ်တောက်ရှန်းက လဲကျနေရာမှ ပြန်ထရပ်ပြီး ဆဲဆိုလိုက်သည်။ ထို့နောက် သူက နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို သုတ်ရင်း ပြောလိုက်သည်။

"လွန်ခဲ့တဲ့ လေးနှစ်က ငါ ဒဏ်ရာရနေတုန်း မင်းက အလစ်ဝင်တိုက်ခဲ့တာကိုးကွ ဒါကို မင်းက အနိုင်လို့ သတ်မှတ်ချင်တာလား"

"ခုကျတော့ကော ဘယ်လိုလဲ"

ကျန့်ခွမ်းက လှံတံကို သူ့ရှေ့တွင် တည့်မတ်စွာထားလိုက်ပြီး ဝမ်တောက်ရှန်းကို တိုက်ခိုက်မည့် ဟန်ပြုရင်း ပြောလိုက်သည်။

"ခုကျတော့ ငါက မင်းကို အရိုးတခြား အသားတခြားဖြစ်အောင် လုပ်ပစ်မှာပေါ့ကွာ"

ပြောပြောဆိုဆို ဝမ်တောက်ရှန်းက လေထဲသို့ ဆတ်ခနဲ ခုန်တက်လိုက်၏။ ထိုအချိန်မှာပင် ကျန့်ခွမ်းကလည်း ဝမ်တောက်ရှန်းကို လှံဖြင့် လှမ်းထိုးလိုက်လေသည်။

လှံဖျားက ဝမ်တောက်ရှန်းကို ထိမိမည့် အချိန်မှာပင် သူ့လက်နှစ်ဖက်မှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။

"တိမ်တိုက်ထက်ခြမ်းခွဲခြင်းတဲ့ဟေ့!!"

ကျန့်ခွမ်းကလည်း ခေသူတော့မဟုတ်။ လက်ဖဝါးနှစ်ဖက်ကို လှုပ်ရှားလိုက်ရာ သူ့ရှေ့တွင် ချက်ချင်းလိုလို မိုးပြာရောင်အကာအကွယ်တခု ပေါ်ပေါက်လာ၏။ ဝမ်တောက်ရှန်း၏ တိမ်တိုက်ထက်ခြမ်းခွဲခြင်းက မိုးပြာရောင်အကာအကွယ်ကို ထိမှန်သွားပြီး အကာအကွယ်တခုလုံး ရစရာမရှိအောင် ပျက်စီးသွား၏။ ကျန်ရှိနေသော အားလှိုင်းများက ကျန့်ခွန်းဆီသို့ ဆက်လက်တိုးဝင်သွားလေရာ ငမိုက်သား ကျန့်ခွမ်းတယောက် လေထဲသို့ လွင့်စင်သွားလေသည်။

သို့သော် လေထဲသို့ လွင့်စင်သွားသော ကျန့်ခွမ်း၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်တန်းများ ထွက်ပေါ်လာ၏။ ဝမ်တောက်ရှန်း၏ တိမ်တိုက်ထက်ခြမ်းခွဲခြမ်းသည် ကျန့်ခွမ်းကို လွင့်စင်သွားစေသော်လည်း ဒဏ်ရာရအောင်တော့ စွမ်းဆောင်နိုင်ပုံမပေါ်။

ကျန့်ခွမ်း ခေါင်းခါပြီး ရိသဲ့သဲ့နိုင်သော လေသံနှင့် ပြောလိုက်သည်။

"မဆိုးဘူးကောင်လေး မဆိုးဘူး မင်း အတော်လေး တိုးတက်လာတာပဲ အနည်းဆုံးတော့ ငါ့ အကာအကွယ်ကို ကျိူ းပဲ့အောင် လုပ်နိုင်ခဲ့ပြီ ဒါပေမဲ့ မင်းသိထားဖို့က ငါတို့ ကြံ့ဓားမျိူ းနွယ်ဝင်တွေဟာ တိုက်ပွဲမှာ အကာအကွယ်တွေကို အားကိုးအားထား ပြုလေ့မရှိဘူးကွ ငါတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ မာကျောမှုကိုပဲ အားထားလေ့ရှိတယ်"

ပြောပြောဆိုဆို သူက လေထဲသို့ ဝုန်းခနဲ ခုန်တက်လိုက်၏။ သူ့လက်ထဲရှိ လှံရှည်ကြီးမှာ အလင်းရောင်များ ပြိုးပျက်ဝင်းလက်လာပြီး အောက်ဘက်သို့ ထိုးစိုက်ချလာသည်။ လေတိုးသံများ တဟူးဟူး ထွက်ပေါ်လာပြီး လှံသွားမှ ထွက်ပေါ်လာသည့် အားလှိုင်းများသည် ဝမ်တောက်ရှန်းဆီသို့ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် တိုးဝင်လာ၏။ လေလှိုင်းသက်သက်ပင်လျင် ဓားသွားကဲ့သို့ ထက်မြက်နေပြီး ဝမ်တောက်ရှန်း၏ မျက်နှာကို လှီးဖြတ်သွားမည်ဟု ထင်ရသည်။

ကျန့်ခွမ်း၏ ဤတကွက်မှာ ကြောက်စရာကောင်းလှသည်။ ကြံ့ဓားမျိူ းနွယ်စုများ၏ အမြစ်ဖြတ်သုတ်သင်ခြင်း လှံချက်ပေတည်း။

ကျန့်ခွမ်း၏ လှံချက်ကို မြင်သည်နှင့် ဝမ်တောက်ရှန်း လေပေါ်သို့ လှစ်ခနဲ ခုန်တက်လိုက်သည်။ လူကသာ ဝနေသော်လည်း မြန်လိုက်သည့် ဝမ်တောက်ရှန်းပေတကား။ သူ့နောက်တွင်ရှိနေသည့် နှင်းကြိုးကြာပုံရိပ်ယောင်သည် လေထုထဲတွင် တောင်ပံတဖျတ်ဖျတ်ခတ်ကာ ပျံသန်းရင်း ဝမ်တောက်ရှန်းကို ခပ်လှမ်းလှမ်းသို့ သယ်ဆောင်သွားလေသည်။

"ဒီလို ထွက်ပြေးလို့ မရဘူးလေ"

ကျန့်ခွမ်းက ဒေါသတကြီးနှင့် လှမ်းအော်ပြီး ရှေ့သို့ ခုန်ထွက်ကာ လှံဖြင့် လှမ်းထိုးလိုက်၏။ သူသည် နေရာကျဉ်းကျဉ်းတွင် လှည့်ပတ်တိုက်ခိုက်ခြင်းကို အားမသန်သော်လည်း တကြောင်းထိုးတိုက်ခိုက်ရာတွင်တော့ အထင်ကြီးစရာ ကောင်းလှသည်။ သူသည် လှံကို တည့်မတ်စွာ ဆန့်တန်းထားပြီး ကြောက်စရာကောင်းသော အရှိန်အဟုန်ဖြင့် ဝမ်တောက်ရှန်းနောက်သို့ လိုက်နေ၏။ သူ ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ သစ်ပင်များ တဝုန်းဝုန်း လဲပြိုကုန်ပြီး ကျေးငှက်အုပ်များမှာ လေထဲသို့ လွင့်စင်သွားကြလေသည်။

ဝမ်တောက်ရှန်းကတော့ သိမ်းငှက်တကောင် လေထဲတွင် ပျံသန်းနေသကဲ့သို့ သူလက်နှစ်ဖက်ကို တဖြတ်ဖြတ် လှုပ်ရှားလျက်ရှိသည်။ ကျန့်ခွမ်း၏ လှုပ်ရှားမှုကား အလင်းတမျှ မြန်ဆန်လှသည်။ လူချင်းနီးကပ်လာသော် သူတို့နှစ်ယောက်သည် လေထဲမှာပင် အပြန်အလှန် တိုက်ခိုက်နေကြ၏။ သို့သော် တယောက်နှင့်တယောက် အသာမရပဲ လက်ရည်တူလျက်ရှိကြလေသည်။

ထိုစဉ် ဝမ်တောက်ရှန်းက လက်နှစ်ဖက်ကို ဆန့်တန်းပြီး တိမ်တိုက်ထက်ခြမ်းခွဲခြင်း နည်းစနစ်ကို နောက်တကြိမ် ဖော်ထုတ်လိုက်ပြန်သည်။ ဝမ်တောက်ရှန်းက ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်ရာ ကျန့်ခွမ်း ရှောင်ချိန်မရတော့။ ရှောင်ချိန်မရေသော်လည်း သူ ဂရုမစိုက်။ သူ့ကိုယ်ခန္ဓာမှာ ရွှေရောင်အလင်းတန်းများ ထပ်မံထွက်ပေါ်လာပြီး တိမ်တိုက်ထက်ခြမ်းခွဲခြင်းကို အလိုအလျောက် ကာကွယ်လိုက်ပြန်သည်။ တဆက်တည်းမှာပင် သူက လက်ထဲရှိလှံနှင့် ဝမ်တောက်ရှန်းကို လှမ်းထိုးလိုက်၏။

ဘုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဝမ်တောက်ရှန်း၏ တိမ်တိုက်ထက်ခြမ်းခွဲခြင်းက ကျန့်ခွမ်း၏ အကာအကွယ်ကို ထိမှန်သွားသလို ကျန့်ခွမ်း၏ လှံချက်ကလည်း ဝမ်တောက်ရှန်း၏ အကာအကွယ်ကို ဖောက်ထွင်းကာ ဘယ်လက်မောင်းကို စိုက်ဝင်သွားတော့သည်။ ပြင်းထန်သော အားလှိုင်းကြောင့် ဝမ်တောက်ရှန်း၏ တံတောင်ဆစ်တခုလုံး အဝတ်စုတ် ရေညှစ်သကဲ့သို့ တွန့်လိမ်ကုန်၏။

နာကျင်စွာ အော်ဟစ်လိုက်ပြီး ဝမ်တောက်ရှန်းတယောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ ထိုအချိန်တွင် ကျန့်ခွမ်းမှာ နဂိုအတိုင်းသာ ရှိလေ၏။ ဝမ်တောက်ရှန်း၏ တိုက်ခိုက်မှုမှာ ထိရောက်ပုံမပေါ်။

"ငါ့ကို ရက်စက်လှချည်ရဲ့ဆိုပြီး အပြစ်မတင်နဲ့ကွ ခုချိန်က ငါတို့ကြားထဲက ရန်ညိုးကို အမြစ်က ဆွဲနှုတ်ပစ်ရမဲ့ အချိန်ပဲ သွေးဗီဇမပါတဲ့ ကောင်တွေနဲ့ ပေါင်းမိတဲ့အတွက် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပေတော့"

ပြောပြောဆိုဆို သူက လှံကို အောက်သို့ထိုးစိုက်လိုက်လေသည်။

ကျန့်ခွမ်း၏ လှံသည် ဝမ်တောက်ရှန်းဆီသို့ အရှိန်ပြင်းစွာနှင့် ထိုးစိုက်လာခဲ့ပေပြီ။ ထိုအခါ ဝမ်တောက်ရှန်းက သူ့လက်များကို မြှောက်ပြီး တိုးဝင်လာသော လှံသွားကို ပိတ်ဆို့လိုက်သည်။ ထိုအချိန်တွင် ကျန့်ခွမ်း၏ လှံသည် ဝမ်တောက်ရှန်းမျက်နှာကို ထိုးစိုက်မိရန် တစ်စင်တီမီတာမျှသာ လိုတော့သည်။ သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိ။ လှံသည် ရှေ့ကို ဆက်မတိုးနိုင်တော့ပဲ နေရာမှာပင် ရပ်တန့်လျက်ရှိ၏။

ထိုအခိုက်မှာပင် အားကောင်းလှသော ချီစွမ်းအင်များက ကျန့်ခွမ်း၏ လက်များမှတဆင့် လှံဖျားဆီသို့ ရစ်ပတ်စီးဆင်းလာ၏။ တဆက်တည်းမှာပင် ကျန့်ခွမ်းက အသံနက်ကြီးနှင့် အော်ဟစ်လိုက်ပြီး ကြံ့ပုံရိပ်ယောင်ကို ထပ်မံ ဖော်ထုတ်လိုက်ပြန်သည်။ ဝမ်တောက်ရှန်း လေထဲသို့ လွင့်စင်သွား၏။ သူ့ကိုယ်ခန္ဓာသည် သစ်ပင်ပေါင်းများစွာနှင့် တိုက်မိပြီးမှ အရှိန်သေကာ မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ ဤတကြိမ်တွင်တော့ ဝမ်တောက်ရှန်း ပြန်မထနိုင်တော့။

လေထဲသို့ လွင့်စင်သွားသော ဝမ်တောက်ရှန်းကိုကြည့်ပြီး ကျန့်ခွမ်း အားရပါးရ ရယ်မောလိုက်သည်။

"ဟား ဟား ဟား ငါပြောသားပဲ မင်းဟာ ငါ့ပြိုင်ဘက်မဟုတ်ပါဘူးလို့"

ဝမ်တောက်ရှန်း၏ ပါးစပ်မှ သွေးများ ပွက်ခနဲ အန်ထုတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"မင်းရဲ့ ကြံ့ကိုယ်ခန္ဓာက အလွန် အားကောင်းတယ် ငါ့ရဲ့ လက်နှစ်ဖက်နဲ့ ဒါကို မချိူ းဖျက်နိုင်ဘူးဆိုတာ ဝန်ခံရမှာပဲ ဒါပေမဲ့ ငါဟာ ဘယ်တုန်းကမှ လက်ချည်းသက်သက် တိုက်ခိုက်တတ်တဲ့ ကောင်စားမျိူ း မဟုတ်ဘူးကွ"

ဟာ.....

ကျန့်ခွမ်း အငိုက်မိသွား၏။

ဘာလဲဟ...ဒီကောင် ဘာတွေ ပြောနေတာလဲ...

ဝမ်တောက်ရှန်းသည် မူလကိရိယာများ အသုံးပြုတတ်သည်ဟု သူတခါမှ မကြားဖူး။ ယခုမှသာ ဝမ်တောက်ရှန်း ကိုယ်တိုင် ထုတ်ပြောသည်ကို သူ ကြားလိုက်ရခြင်း ဖြစ်သည်။ ထို့အခါ သူက မဲ့ကာရွဲ့ကာနှင့် ပြောလိုက်သည်။

"အဲဒါဆိုလည်း မင်းရဲ့ မူလကိရိယာကို ထုတ်လိုက်ပေါ့ကွာ"

"ငါ အစောကြီးကတည်းက သုံးခဲ့ပြီးပါပြီ မင်းပဲ သတိမထားမိတာ"

ဝမ်တောက်ရှန်းက အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။

ကျန့်ခွမ်း တကိုယ်လုံး အေးစက်သွား၏။ တစုံတရာတော့ မှားယွင်းနေခဲ့လေပြီ။ ထို့နောက် သူက ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်သည်။ သူ့တကိုယ်လုံးတွင် အလွန်သေးငယ်သည့် ဒဏ်ရာများ ဗလပွ ဖြစ်နေကြောင်း သူ မြင်တွေ့လိုက်ရ၏။ ဒဏ်ရာများမှာ အလွန်သေးငယ်၏။ အနီရောင် အစင်းကြောင်းများသဖွယ်သာ ထင်ရသည်။ ထိုဒဏ်ရာများမှ သွေးများ တစိမ့်စိမ့် စီးထွက်လျက်ရှိသည်။ တကိုယ်လုံးအနှံ့တွင် ထိုဒဏ်ရာများ ရှိနေလေသည်။ ထိုအခါကျမှ ကျန့်ခွမ်း ကိုယ့်ကိုယ်ကို သတိထားမိသည်။ သူ့တကိုယ်လုံးအနှံ့တွင် နေရာလွတ်မကျန်အောင် သွေးများ တစိမ့်စိမ့် ယိုစီးလျက် ရှိချေသည်တကား။

ကျန့်ခွမ်း အလွန် ထိတ်လန့်သွား၏။ သူ့ပါးစပ်မှလည်း ကယောင်ကတန်းနှင့် ရေရွတ်နေရှာသည်။

"ငါ ဘာတွေဖြစ်နေတာလဲ ငါ ဘာတွေဖြစ်နေတာလဲ"

ထိုစဉ် ဝမ်တောက်ရှန်းက လဲကျနေရာမှ အားယူမတ်တပ်ရပ်ရင်း ပြောလိုက်သည်။

"မင်းကိုငါ ပြောသားပဲ ငါဟာ လက်ဗလာနဲ့ တိုက်ခိုက်တတ်တဲ့ ကောင်စားမျိူ း မဟုတ်ပါဘူးလို့ အများစုကတော့ ငါ့ရဲ့လက်နက်ကို မြင်ခွင့်မရပဲ အသက်ပျောက်ကုန်ကြတယ်"

စကားဆုံးသည်နှင့် ဝမ်တောက်ရှန်းက လက်တဖက်ကို မြောက်လိုက်ရာ ကျန့်ခွမ်း၏ ကိုယ်တွင်းမှ အဖြူရောင်အလင်းတန်းများ တိုးထွက်လာကြကုန်၏။ အနှီ အလင်းတန်းများသည် အလွန်သေးမျှင်ပါးလွှာလှပေရာ တချိန်တည်း တပြိုင်တည်း ပေါ်ပေါက်လာခြင်းသာ မဟုတ်လျင် ကျန့်ခွမ်း ဘယ်သောအခါမှ သတိထားမိလိမ့်မည်မဟုတ်။

အဆိုပါ အလင်းတန်းများသည် ဝမ်တောက်ရှန်း၏ လက်ဖျားတွင် တဖြည်းဖြည်း သွားရောက်စုစည်းကုန်ကြပြီး ဖဲကြိုးသဏ္ဍာန် အလင်းရောင်အစုအဝေးတခုသဖွယ် ဖြစ်ပေါ်လာခဲ့လေသည်။

"ဒါ....ဒါ"

ကျန့်ခွမ်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။

"နှင်းဖဲကြိုးလို့ ခေါ်တယ်"

ဝမ်တောက်ရှန်းက ဖြေလိုက်သည်။

"ငါ့ရဲ့ မူလကိရိယာဟာ အပိုင်းအစလေးတွေ ထောင်နဲ့ချီအောင် ကွဲထွက်သွားနိုင်တယ် ပြီးရင်လည်း အသစ်တဖန် ပြန်လည်ဖွဲ့စည်းနိုင်တယ် ဒါပေမဲ့ ဒီကောင်က သိပ်ပျော့တာကွ ခန္ဓာကိုယ်မာကျောတဲ့ မင်းလိုကောင်ကို ဒီကိရိယာနဲ့ ပေါ်တင်တိုက်ရင် ငါရှုံးသွားမှာပေါ့ ဒီတော့ ငါ ဘာလုပ်ရသလဲ သိလား လွယ်ပါတယ်ကွာ ငါ့ရဲ့ မူလစွမ်းရည်နဲ့ ရောနှောပြီး အသုံးချလိုက်ရုံပေါ့ ဒါကြောင့် မင်းနဲ့ အနီးကပ်တိုက်ခိုက်တဲ့ အကြိမ်တိုင်း နှင်းဖဲကြိုးအပိုင်းအစတွေကို နည်းနည်းချင်းစီ ပစ်လွှတ်နေခဲ့တာပဲ ဒီအပိုင်းအစလေးတွေက ဒဏ်ရာလေးတွေ ပေါ်စေတာကလွဲလို့ မသိသာဘူးကွ ဒါပေမဲ့ နည်းနည်းပါးပါး ခေါင်းသုံးတဲ့ကောင်ဆိုရင် သိပ်မကြာခင် သိသွားနိုင်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုလေးတွေ လုပ်နိုင်တာပေါ့ ဆိုးတာက မင်းဟာ ခေါင်းသုံးတဲ့ကောင်မှ မဟုတ်ပဲ အင်အားကြီးမားတာကလွဲလို့ မင်းမှာ ဘာစဉ်းစားညဏ်မှ မရှိဘူး ဒီလို စဉ်းစားညဏ်မရှိလို့လည်း ဒီကနေ့ မင်းသေရတော့မယ်"

ကျန့်ခွမ်း၏ နှလုံးသားသည် တဒိန်းဒိန်းနှင့် ခုန်ပေါက်လျက်ရှိသည်။ ထို့နောက် သူက ကြောက်လန့်တကြားနှင့် ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ကြည့်နေရင်းနှင့်ပင် သူ့ကိုယ်ခန္ဓာသည် တဖြည်းဖြည်း တုန်ခါလာပြီး အသားစိုက်များ တဖြည်းဖြည်း ပဲ့ထွက်လာ၏။ သိပ်မကြာမီ ကျန့်ခွမ်း၏ ကိုယ်ခန္ဓာအစိတ်အပိုင်း တခုစီတိုင်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အုတ်ခဲများပမာ အစိတ်စိတ် အမွှာမွှာ ပဲ့ကြွေကုန်၏။

ကျန့်ခွမ်းတယောက် ဝမ်တောက်ရှန်းလက်ချက်နှင့် အသက်ပျောက်သွားရှာလေပြီ။

ဝမ်တောက်ရှန်းကိုယ်တိုင်လည်း မသက်သာလှ။ သူသည် ပါးစပ်ထဲမှ သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်၏။ သူ့အမြင်အာရုံတခုလုံးမှာလည်း မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မြင်နိုင်ဟန်မရှိပဲ ချာချာလည်လျက်ရှိသည်။

ထို့နောက် သူက တီးတိုးရေရွတ်လိုက်၏။

"မင်းကိုသတ်ရတာ တကယ်တော့ သိပ်မလွယ်ပါဘူးကွာ"

All Chapters