သေသေကြေကြေ
Vol. 22 Ch. 218
ဘုန်း!!!
ရွှံ့ဘီလူး၏ ကြီးမားလေးလံလှသော ခြေထောက်က မြေကြီးပေါ်သို့ ကျရောက်လာ၏။ ယန်ဖုချင်းက လေထဲသို့ ခုန်ထွက်ကာ သတ္တဝါကြီး၏ ဖနောင့်ပေါက်ချက်ကို ရှောင်တိမ်းလိုက်သည်။ သို့သော် ရွှံ့ဘီလူး၏ ဖနောင့်ဒဏ်ကြောင့် လွင့်စင်လာသော ကျောက်တုံးတတုံးက မမျှော်လင့်ပဲ ယန်ဖုချင်း၏ ရင်ဝကို လာမှန်၏။ ယန်ဖုန်ချင်း အတော်လေး နာကျင်သွားကာ အသက်ရှုရ ခက်ခဲလာ၏။ သူ့ကိုယ်ခန္ဓာသည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။
ယန်ဖုချင်း၏ မျက်လုံးထဲတွင် ကြယ်တွေလတွေ မြင်သွား၏။ ထိုအခိုက်မှာပင် ရွှံ့ဘီလူး၏ ခြေထောက်က နောက်တကြိမ် သူ့ဆီသို့ ဦးတည်လာပြန်ကြောင်း သူ မြင်တွေ့လိုက်ရပြန်သည်။ ထိုစဉ် သတ္တုချိတ်ကောက်တခုက လွင့်ပျံလာပြီး ယန်ဖုချင်း၏ ကိုယ်ခန္ဓာကို ဆွဲဖယ်ပစ်လိုက်၏။ တော်သေးသည်။ ယန်ဖုန်ချင်းတယောက် ရုပ်ပျက်ဆင်းပျက်နှင့် အသက်ပျောက်ရမည့်အရေးမှ ပွတ်ကာသီကာနှင့် လွတ်မြောက်သွားလေသည်။
ဆွန်းချီစုက သူ့ကို ကယ်တင်လိုက်ခြင်းပင်။
ဆွန်းချီစုသည် လေထဲရှိ သူ့ချိတ်ကောက်ကို ပြန်လည်ဆွဲယူပြီး အော်ဟစ်လိုက်သည်။
"ကျူ ပ်တို့ သွားမှရမယ်ဟေ့"
"ဘယ်ကိုသွားမှာလဲ"
ယန်ဖုချင်းက ပြန်မေးလိုက်သည်။
"ကျန်းချန်းအန်နောက်ကို လိုက်ကြမယ် ဒီခွေးမသား အဲဒီလမ်းအတိုင်း ပြေးသွားတာပဲ"
ဆွန်းချီစုက လမ်းတနေရာကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
"သွားကြမယ်"
ယန်ဖုချင်းက ပြန်အော်လိုက်သည်။ သူတို့အားလုံးသည် ပျံသန်းခြင်းအဖွဲ့တွင်မှ ကျန်းချန်းအန်ကို အမုန်းတီးဆုံး ဖြစ်နေသည်မှာ သံသယရှိစရာ မလိုတော့။ အနှီ ခွေးမသားသည် ကိုယ့်လမ်းကိုယ်ကို ဖြောင့်ဖြောင့်မသွားပဲ သူတို့အားလုံးကို ဒုက္ခတောအတွင်းသို့ ဆွဲသွင်းခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူ ထွက်ပြေးသွားသောအခါ လူအတော်များများက သူ့နောက်သို့ လိုက်ရန်သာ တွေးတောနေကြလေသည်။
သို့သော် သူတို့နှစ်ယောက် ခြေလှမ်းများများ မလှမ်းလိုက်ရ။ အကြောင်းမှာ တစုံတယောက်က သူတို့လမ်းကို လာပိတ်သောကြောင့်ပင်။ ထိုလူမှာ မိုးခေါင်သောနဂါး ကျန်းယင်ပေတည်း။ သူသည် ပထမက ရွှံ့ဘီလူး၏ လက်ချက်ကြောင့် လေထဲသို့ လွင့်စင်သွားခဲ့၏။ သို့သော် ကံကောင်းထောက်မစွာနှင့် မသေခဲ့ချေ။ ယခုတော့ ကျန်းယင်တယောက် မိမိသဘောဆန္ဒအလျောက် တိုက်ပွဲအတွင်းသို့ ဝင်လာခဲ့ချေပြီ။
သူသည်လည်း ထွက်ပြေးလွတ်မြောက်နိုင်သည့် အခွင့်အရေးကို မယူခဲ့ပေ။ သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတမျိူ း ပေါ်ပေါက်နေ၏။ သူက ရှေ့ကို လှမ်းတက်ပြီး ယန်ဖုချင်းနှင့် ဆွန်းချီစုတို့၏ လမ်းကို ပိတ်ထားလိုက်လေသည်။
"အားနည်းတဲ့ ကြက်ကလေးနှစ်ကောင် မင်းတို့ အစွမ်းရှိရင် ငါ့ကို လာဖမ်းလေကွာ"
ယန်ဖုချင်းနှင့် ဆွန်းချီစုတို့နှစ်ယောက်သည် တယောက်မျက်နှာကို တယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ကျန်းယင်ကို ပြိုင်တူ ဝင်တိုက်လိုက်ကြလေသည်။
မြေခွဲချိတ်ကောက်များသည် ကျောက်တုံးကျောက်ဆောင်များကို ဖောက်ထွင်းမတတ် အားပါလှသည့် အရှိန်အဟုန်နှင့် လေထုကို ခွင်းကာ ပျံသန်းလာကြ၏။ လေဟုန်စီး မြင်းရိုင်းလှံတံသည်လည်း မြေခွဲချိတ်ကောက်ထက် မလျော့သော အရှိန်အဟုန်နှင့် ကျန်းယင်ဆီသို့ တိုးဝင်လာ၏။
ချိတ်ကောက်နှစ်ခုနှင့် လှံတချောင်း။ ၎င်းကို မြင်သောအခါ ကျန်းယင်၏ မျက်နှာတွင် စက်ဆုပ်သောပုံစံ ပေါ်လာ၏။ ထို့နောက် သူက ဂရုမစိုက်သော အမူအရာနှင့် အော်ဟစ်လိုက်သည်။
"အရေးမပါတဲ့ ကြမ်းပိုးလိုကောင်တွေ"
ပြောပြောဆိုဆို သူက ညာဖက်လက်ကို ဆန့်ထုတ်လိုက်၏။ သူ့လက်မှာ အလွန်ကြီးမားပြီး ရှည်သော်လည်း လက်ချောင်းများမှာ တိုနှံ့နှံ့ပင်။ သူသည် သူ့ဆီသို့ အရှိန်နှင့်ဝင်လာသည့် မြေခွဲချိတ်ကောက်များကို ဖမ်းယူလိုက်ခြင်း ဖြစ်သည်။
မြေခွဲချိတ်ကောက်များဟူသည် အလွန် အင်အားကြီးမားပြီး ကျောက်ဆောင်ကျောက်သားများကိုပင် ကွဲအက်စေနိုင်သည်အထိ ပြင်းထန်၏။ သို့သော် ကျန်းယင်က မြေခွဲချိတ်ကောက်များကို အရှိန်မပါသကဲ့သို့ သက်တောင့်သက်သာပင် ဖမ်းယူလိုက်သည်။ ထို့နောက် သူက ချိတ်ကောက်နှစ်ခုကို ဝေ့ယမ်းပြီး လေဟုန်စီးမြင်းရိုင်းလှံတံကို တားဆီးလိုက်ပြန်သည်။
ကျန်းယင် လက်တဖက်ဆန့်လိုက်ရုံနှင့် ယန်ဖုချင်းနှင့် ဆွန်းချီစုတို့၏ တိုက်ခိုက်မှုမှာ အဟောသိကံ ဖြစ်သွားရရှာသည်။
ကျန်းယင်က မြေခွဲချိတ်ကောက်ကို လွှင့်ပစ်ပြီး ထပ်မံစိန်ခေါ်လိုက်ပြန်သည်။
"လာကြလေကွာ ရှေ့ကို တက်လာကြ"
ဆွန်းချီစုက လက်တဖက်ကို ဆန့်တန်းလိုက်ရာ ချိတ်ကောက်က သူ့ဆီသို့ ပြန်ရောက်လာ၏။ ထို့နောက် သူက ယန်ဖုချင်းကို သတိပေးလိုက်သည်။
"သတိထား ဒီကောင်ဟာ မိုးခေါင်သောနဂါး ကျန်းယင်ပဲ ဒီကောင့်ကို ကြည့်ရတာ ကျောက်တုံးလက်ဖဝါး နည်းစနစ်တမျိူ းမျိူ းကို လေ့ကျင့်ထားဟန်တူတယ်"
ကျန်းယင်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
"ဒါကို ကျောက်တုံးနှလုံးသားလက်ဖဝါးလို့ ခေါ်တယ်ကွ မိုးခေါင်သောနဂါး ကျန်းမျိူ းနွယ်စုရဲ့ ပင်မနည်းစနစ်ပဲ"
ပင်မနည်းစနစ်ဟု ခေါ်ရသည်မှာ များပြားလှသော သွေးဗီဇစွမ်းရည်အားလုံး၏ အခြေခံအုတ်မြစ် ဖြစ်နေသောကြောင့်ပင်။ သို့သော် ပင်မနည်းစနစ်ဆိုတိုင်း အင်အားအကြီးဆုံး မူလစွမ်းရည်ဟုတော့ ယူဆ၍မရပေ။ တခြားမူလစွမ်းရည်များက သူ့ဆီမှ ခွဲထွက်သွား၍သာ ပင်မနည်းစနစ်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ကုမျိူ းနွယ်စု မူပိုင် မူလစွမ်းရည် သုံးမျိူ းသည် ပင်မနည်းစနစ်များပင်။ သူတို့၏ တခြား မူလစွမ်းရည်များ အားလုံးလိုလိုသည် ထိုနည်းစနစ်သုံးမျိူ းကို အခြေပြုကာ ဆင့်ကဲတီထွင်ကြံဆထားခြင်း ဖြစ်သည်။
ယခုလည်း ကျောက်တုံးနှလုံးသားသည် ကျန်းမျိူ းနွယ်စု၏ ပင်မနည်းစနစ် ဖြစ်သည်။ အနှီ နည်းစနစ်ကို ကျင့်ကြံသူသည် လက်များ ကြီးမားလာတတ်ပြီး လက်ချောင်းများ တိုသွားတတ်၏။
မိုးခေါင်သောနဂါးဟူသည် မြေပထဝီ အမျိူ းအစား သားရဲသတ္တဝါဆိုး ဖြစ်သည်။ ၎င်းသည် မြေကြီး၏ လှုပ်ရှားမှုများကို ထိန်းချူ ပ်နိုင်သော စွမ်းရည်ရှိ၏။ ထို့ကြောင့် ဤစွမ်းရည်ကို လေ့ကျင့်သူများသည် မြင့်မားသော ခံစစ်စွမ်းရည် ရှိကြကုန်၏။ ဤစွမ်းရည်ကို အတော်အသင့် အောင်မြင်လာပါက လေ့ကျင့်သူတွင် ကြီးမားသော ခံစစ်စွမ်းရည်များကို ပိုင်ဆိုင်လာကြလေရာ ၎င်းသည် ကျန်းရှ၏ သံလက်ဝါးထက် များစွာ အဆင့်အတန်း မြင့်မားလှ၏။
တဆက်တည်းမှာပင် ကျန်းယင်က သူ၏ ကြီးမားသော လက်နှစ်ချောင်းကို မြောက်ပြီး မာနထောင်လွှားသော အသံနှင့် အော်ဟစ်လိုက်သည်။
"သွေးဗီဇမပါတဲ့ အမှိုက်လိုကောင်တွေ ဒီကနေ့မှာ တော်ဝင်မျိူ းနွယ်စုတွေရဲ့ တကယ့်စွမ်းရည်က ဘာလဲဆိုတာ မင်းတို့ကို ပြရမယ် ထူထဲသော မြေကြီး သံချပ်ကာ ထွက်လာစမ်း!!!"
ထိုသို့ အော်ဟစ်လိုက်သည်နှင့် ကျန်းယင်၏ ကိုယ်ခန္ဓာပတ်ပတ်လည်တွင် အဝါရောင် အကာအကွယ်တမျိူ း ပေါ်ထွက်လာ၏။ ၎င်းသည် ကျောက်တုံး သံချပ်ကာဝတ်စုံနှင့် တူလှပြီး ရွှံ့ဘီလူးနှင့် ရင်ဆိုင်တွေ့မိစဉ် သူအသုံးပြုခဲ့သော အကာအကွယ် ဖြစ်သည်။ ရွှံံ့ဘီလူး၏ လက်ချက်ကြောင့် ထိုအကာအကွယ်သည် ကျိူ းပဲ့သွားခဲ့သော်လည်း ၎င်းကြောင့်ပင် ကျန်းယင် အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် ရွှံ့ဘီလူး၏ လက်ချက်ကိုပင် ခံနိုင်ရည်ရှိသည် ဆိုကတည်းက မြေကြီးသံချပ်ကာ၏ ခံနိုင်ရည်ကို မှန်းဆနိုင်၏။ အနည်းဆုံးတော့ ယန်ဖုချင်းနှင့် ဆွန်းချီစုတို့နှစ်ယောက်ကို ရင်ဆိုင်ရန်တော့ လုံလောက်သည်ဟု ဆိုနိုင်၏။
ယန်ဖုချင်းနှင့် ဆွန်းချီစုသည် တယောက်မျက်နှာ တယောက်ကြည့်ရင်း ကျန်းယင်ဆီသို့ ပြိုင်တူ ခုန်ဝင်လိုက်ကြ၏။ ကျန်းယင်က အားရပါးရ ရယ်မောပြီး လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။
သူ၏ လှုပ်ရှားမှုမှာ သိပ်မမြန်ချေ။ သို့သော် သူ့ ခံစစ်စွမ်းရည်ကတော့ ကြံ့ဓားကျန့်ခွမ်းထက်ပင် များစွာ သာလွန်နေသေးသည်။ သူတို့သုံးယောက်သား လူချင်းပူးသွား၏။ တိုက်သံခိုက်သံမာန်သွင်းသံများ ကျယ်လောင်စွာ ထွက်ပေါ်နေ၏။ သိပ်မကြာမီ ကျယ်လောင်သော အသံကြီးတသံ ထွက်ပေါ်လာပြီး သူတို့သုံးယောက် လူချင်းကွဲသွားလေသည်။
ကျန်းယင်သည် မသိမသာ ယိမ်းယိုင်နေပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရ၏။ သို့သော် ယန်ဖုချင်းနှင့် ဆွန်းချီစုတို့မှာကား နောက်သို့ ခြေလှမ်းပေါင်း ၇၀မှ ၈၀အထိ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျကုန်ကြလေသည်။ သူတို့၏ ပါးစပ်မှလည်း သွေးများကိုယ်စီ အန်ထုတ်လိုက်ကြသည်။
"ဟား ဟား ဟား"
ကျန်းယင် ခေါင်းကိုမော့ပြီး အားရပါးရ ရယ်မောလိုက်၏။
"မင်းတို့ သွေးဗီဇမပါတဲ့ ကောင်တွေ မှတ်ပလားကွ သွေးဗီဇမရှိပဲနဲ့ ငါ့လို တော်ဝင်မျိူ းနွယ်စုဝင်တွေကို ယှဉ်ချင်သေးတယ် သေချင်နေပြီထင်တယ် မင်းတို့ ဆန္ဒကို တခါတည်း ဖြည့်ပေးလိုက်မယ်"
စကားဆုံးသည်နှင့် ကျန်းယင်က ရှေ့သို့ တဟုန်ထိုးပြေးထွက်ပြီး ဆွန်းချီစု၏ ဦးခေါင်းကို ဖမ်းဆုတ်ကာ စတင် ဖိအားပေးလိုက်သည်။ ဆွန်းချီစုသည် ဦးခေါင်းတခုလုံး ပြုတ်တူနှင့် ညှပ်ထားသကဲ့သို့ ပေါက်ကွဲထွက်မတတ် ခံစားနေရလေ၏။ သူ အသည်းအသန် ရုန်းကန်နေသည်။ သို့သော် ကျန်းယင်၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်အောင် ရုန်းကန်နိုင်စွမ်း မရှိရှာ။ သူ့မျက်လုံးများသည် တဖြည်းဖြည်း ပြူ းကျယ်လာပြီး သူငယ်အိမ်အတွင်းမှ ပြုတ်ကျတော့မည်ဟုပင် ထင်ရလေသည်။
ကျန်းယင်၏ ဖျစ်ညှစ်မှုကြောင့် ဆွန်းချီစု ခေါင်းတခေါင်းလုံး ပေါက်ကွဲတော့မည့် ဆဲဆဲမှာပင် ယန်ဖုချင်းက ရှေ့သို့ တဟုန်ထိုး ပြေးထွက်ပြီး သူ့လက်ထဲရှိ လှံတံနှင့် ကျန်းယင်ကို လှမ်းထိုးလိုက်သည်။ ကျန်းယင်က တဟေးဟေး တဟားဟားနှင့် ရယ်မောရင်း ယန့်ဖုချင်း၏ လှံကို ဘယ်လက်နှင့် ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်၏။ သူ့အနေနှင့် ယန်ဖုချင်း၏ တိုက်ခိုက်မှုကို အနည်းငယ်မှ ဂရုမစိုက်။ ထိုအချိန်တွင် ဆွန်းချီစုမှာ အခြေအနေမကောင်းတော့။ ထိုအခါ ယန်ဖုချင်းက ကျန်းယင်၏ ဖမ်းဆုပ်မှုကို ရှောင်တိမ်းကာ ၎င်း၏ မျက်လုံးကို လှံနှင့် ထိုးလိုက်လေသည်။
ယန်ဖုချင်း၏ မြန်ဆန်မှုကြောင့် ကျန်းယင် အနည်းငယ်တော့ အံ့သြသွား၏။ ထိုအချိန်တွင် သူ၏ ကျောက်တုံးသဏ္ဍာန် သံချပ်ကာသည် ရွှံ့ဘီလူး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့်အပြင် ယန်ဖုချင်းနှင့် ဆွန်းချီစုတို့၏ တိုက်ခိုက်မှုအသီးသီးကို ခံထားရပြီ ဖြစ်လေရာ ကြံ့ခိုင်မှု မပြည့်ဝတော့။ လံှချက်ကြောင့် သူ့အကာအကွယ် ကျိူ းပျက်ကုန်တော့သည်။ သူ့အနေနှင့် လှံချက်ကို ရှောင်တိမ်းရန်မှအပ တခြားနည်းလမ်းမရှိတော့။ သို့သော် သူ အနည်းငယ် နောက်ကျသွား၏။ လှံသွားသည် သူ့မျက်နှာအရေပြားကို ဖြတ်တောက်သွားပြီး ဒဏ်ရာတခု ဖြစ်ပေါ်လာစေခဲ့လေသည်။
"အား"
ကျန်းယင် နာကျင်စွာ အော်ဟစ်လိုက်၏။
"ချီစု"
ယန်ဖုချင်းကလည်း အလန့်တကြားနှင့် အော်လိုက်သည်။
ထိုအချိန်တွင် ကျန်းယင်၏ လက်ချက်နှင့် မချိမဆံ့ ခံစားနေရသော ဆွန်းချီစုက စုချန်းထံမှ ဝယ်ယူထားသော မိုးကြိုးမီးလျံစက်လုံး ခုနှစ်လုံးခန့်ကို ကျန်းယင်၏ အကျီ ၤအတွင်းသို့ ပစ်ထည့်လိုက်၏။ တောက်ပခြင်းအဖွဲ့ဝင်များအနက် သူသည် မိုးကြို းမီးလျံစက်လုံး အများဆုံး ဝယ်ယူထားသူဖြစ်သည်။ အမှန်တော့ ဆွန်းချီစုသည် စုချန်းကဲ့သို့ပင် သာမာန် ထိပ်တန်း မျိူ းနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သည်။ သို့သော် သူ၏ ကံကြမ္မာမှာ စုချန်းလောက် မဆိုး။ မိသားစုတခုလုံးသည် သူ့အပေါ်တွင်သာ ဝိုင်းအုံပံ့ပိုးပေးခဲ့ကြ၏။ ငွေးကြေးကလည်း အတော်လေး ကြွယ်ဝသော မိသားစုဖြစ်လေရာ ဆွန်းချီစုအတွက် ငွေမရှား။ ထို့ကြောင့် သူသည် တောက်ပခြင်းအဖွဲ့ တဖွဲ့လုံးတွင် အချမ်းသာဆုံးလူဖြစ်ပြီး စုချန်းထံမှ မိုးကြိုးမီးလျံစက်လုံးကို အများဆုံး ဝယ်ယူနိုင်ခဲ့ခြင်းပင်။
မိုးကြိုးမီးလျံစက်လုံးများကို ကျန်းယင်၏ အကျီ ၤအတွင်းသို့ ပစ်ထည့်ပြီးသည်နှင့် ဆွန်းချီစုသည် ရှေ့သို့ အားကုန်ကန်ထုတ်လိုက်၏။ ထို့နောက် ထိုတွန်းကန်အားကို သုံးကာ ကျန်းယင်၏ ချူ ပ်ကိုင်မှုမှ ရုန်းထွက်နိုင်ခဲ့လေသည်။
လေထဲသို့ ခုန်ထွက်လိုက်စဉ်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ဆွန်းချီစု ကြားလိုက်ရသည်။ မီးတောက်မီးလျံများမှာလည်း ကောင်းကင်ပေါ်သို့ တိုးထွက်လာ၏။ သူက နောက်ကို လှည့်ကြည့်လိုက်ရာ ကျန်းယင်၏ တကိုယ်လုံး မီးလျံအတွင်း ရောက်ရှိနေပြီး မချိတင်ကဲ ဝေဒနာကြောင့် အသည်းအသန် အော်ဟစ်နေကြောင်း တွေ့လိုက်ရသည်။
"ဟက် ဟက် ဒီလို ပေါက်ကွဲမှုမျိူ းကို မင်းဘယ်လိုသဘောကျသလဲဆိုတာ ကြည့်ရအောင်"
ဆွန်းချီစု ရယ်သွမ်းသွေးလိုက်၏။ သို့သော် ထိုခနမှာပင် အလွန်တောက်ပသော အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကျောက်တုံးသဏ္ဍာန် သံချပ်ကာ အကာအကွယ်က ကျန်းယင်၏ တကိုယ်လုံးကို ကာကွယ်ထားလိုက်၏။ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်မီးလျံများမှာ ကျန်းယင်၏ ကျောက်တုံး အကာအကွယ်ကို ဖောက်ထွင်းနိုင်စွမ်း ရှိပုံမရ။
"ဟာ မဟုတ်ဘူးလေ"
ထိုအဖြစ်ကိုကြည့်ရင်း ယန်ဖုချင်းနှင့် ဆွန်းချီစုတို့နှစ်ယောက် မျက်လုံးပြူ းသွား၏။ မီးခိုးများ၊ ဖုန်မှုန့်များ စဲသွားသည့်အချိန်တွင် ကျန်းယင်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာ တဖန် ပြန်လည်ထွက်ပေါ်လာပြန်သည်။ သို့သော် ဤတကြိမ်တွင်တော့ သူ၏ တင့်တယ်သော အသွင်အပြင်သည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူ့အဝတ်အစားများမှာ ရစရာမရှိအောင် စုတ်ပြဲကုန်ပြီး သူ့မျက်နှာမှာကား မီးလောင်ဒဏ်ရာများကြောင့် ကြည့်ရဆိုးလှသည်။ သူ့မျက်လုံး တလုံးမှာလည်း ပျက်စီးသွားလေပြီ။ သူတကိုယ်လုံးရှိ အရေပြားမှာ ကွဲအက်ကုန်ပြီး အရေကြည်ဖုများ ထနေ၏။ ကြည့်ရဆိုးလှချေသည်တကား။
မည်သို့ဆိုစေ ကျန်းယင် အသက်ရှင်နေသေး၏။ မိုးကြိုးမီးလျံစက်လုံး ခုနှစ်လုံးထိသွားသည့်တိုင် အသက်ရှင်နေသေးသည့် သူ့ခံနိုင်ရည်မှာကား အံ့သြစရာပင်။
"ခွေးမသားတွေ"
ကျန်းယင် ဒေါသတကြီးနှင့် ဆဲဆိုလိုက်သည်။
သူ့ကဲ့သို့သော တော်ဝင်မျိူ းနွယ်စုဝင်က ဘာမဟုတ်သည့် အနုတ်စုတ်ကုတ်စုတ်နှစ်ကောင်ကြောင့် ဒဏ်ရာရသွားသတဲ့လား။ ရှက်စရာကောင်းလိုက်လေခြင်း။
ထို့နောက် သူက ရှေ့သို့ တဟုန်ထိုး ခုန်ထွက်ပြီး ဆွန်းချီစုကို သူ့လက်ဝါးကြီးနှင့် ရိုက်ချလိုက်သည်။ ကျောက်တုံးနှလုံးသား လက်ဝါးမှာ အင်အားကြီးမားလှသည်။ ဆွန်းချီစု၏ နံရိုးကျိူ းသံများ အတိုင်းသား ပေါ်ထွက်လာပြီး သူ့ကိုယ်ခန္ဓာသည်လည်း နောက်ဘက်သို့ လွင့်စင်သွားလေသည်။
ယန်ဖုချင်းကလည်း ငြိမ်နေသည်တော့မဟုတ်။ မာန်သွင်းသံပြုပြီး ကျန်းယင်ကို လှံနှင့် လှမ်းထိုးလိုက်၏။ ကျန်းယင်သည် ယန်ဖုချင်း၏ လှံကို လက်တဖက်နှင့် ဖမ်းဆွဲပြီး ကျန်လက်တဖက်ဖြင့် ယန်ဖုချင်းကို ရိုက်ချလိုက်သည်။ ယန်ဖုချင်းအနေနှင့် ရှောင်တိမ်းရန် အချိန်မရတော့။ သူလုပ်နိုင်သမျှမှာ ကျန်းယင်၏ ရိုက်ချက်ကို သူ့လက်ဝါးနှင့် ကာကွယ်ရန်သာ ဖြစ်သည်။ အရိုးကျိူ းသံ ခပ်သဲ့သဲ့ပေါ်လာ၏။ ယန်ဖုချင်း၏ လက်ကောက်ဝတ်တခုလုံး ကျိူ းကြေသွားခြင်း ဖြစ်သည်။
ကျန်းယင်၏ တိုက်ခိုက်မှုမှာ ထိုမျှနှင့်် မရပ်တန့်သေး။ ညာလက်ဖြင့် ယန်ဖုချင်း၏ ဝမ်းဗိုက်ကို ထိုးဖောက်လိုက်တော့သည်။ ယန်ဖုချင်း၏ ပါးစပ်မှ သွေးများ ပွက်ခနဲ အန်ထွက်လာ၏။ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ဆိုးကို မြင်သောအခါ ဆွန်းချီစု ဒေါသတကြီးနှင့် လှမ်းအော်လိုက်သည်။
"ဖုချင်း"
ကျန်းယင်၏ တိုက်ခိုက်မှုမှာ အတောမသတ်နိုင်သေး။ သူသည် ယန်ဖုချင်း၏ ဦးခေါင်းကို ရိုက်ခွဲရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် ယန်ဖုချင်း၏ ပါးစပ်မှ အဖြူရောင်အလင်းတန်းတခု တိုးထွက်လာပြီး ကျန်းယင်၏ အကောင်ပကတိကျန်နေသော ကျန်မျက်လုံးဆီသို့ တိုးဝင်သွား၏။
"ငါ့မျက်လုံး!!!!! "
ကျန်းယင် ဒေါသတကြီးနှင့် အော်ဟစ်ပြီး ယန်ဖုချင်းကို ရိုက်ချလိုက်၏။ အားပါလှသော လက်ဝါးရိုက်ချက်ကြောင့် ယန်ဖုချင်းတကိုယ်လုံး နောက်ဘက်သို့ လွင့်စင်သွားရှာသည်။ ထိုအချိန်တွင် ဆွန်းချီစုသည် အလွန်လျင်မြန်လှသော အရှိန်အဟုန်နှင့် ပြေးဝင်လာပြီး ကျန်းယင်၏ ဦးခေါင်းကို မြေခွဲချိတ်ကောက်များနှင့် ရိုက်ချလိုက်တော့သည်။ ကျန်ယင်ကလည်း နောက်သို့လှည့်ပြီး ဆွန်းချီစုကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ဆွန်းချီစုသည်လည်း ယန်ဖုချင်းကဲ့သို့ပင် လေထဲသို့ လွင့်စင်သွားရှာ၏။ သို့သော် မြေခွဲချိတ်ကောက်များကတော့ ကျန်းယင်၏ လည်ပင်းကို ကျကျနနပင် ချိတ်မိသွားလေသည်။
ရွှီခနဲ အသံတချက်ပေါ်ထွက်လာပြီး ကျန်းယင်၏ ဦးခေါင်းသည် သူ့ကိုယ်ခန္ဓာမှ ခွဲခွာကာ လေထဲသို့ လွင့်စင်သွား၏။
ဆွန်းချီစု၏ ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။
"ဖုချင်း"
သူက သူငယ်ချင်းဖြစ်သူကို ခေါ်ကြည့်လိုက်သည်။
ယန်ဖုချင်းကား မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပဲ မြေကြီးပေါ်တွင် အစင်းသာ လဲကျလျက်ရှိသည်။ သူ့မျက်လုံးအစုံမှာကား ပြူ းကျယ်ဝိုင်းစက်လျက်ရှိပြီး ကိုယ်ခန္ဓာအနှံ့မှ သွေးများ တစိမ့်စိမ့် စီးထွက်နေချေသည်တကား။
အခန်း ၂၁၉ ထပ်ချပ်မကွာ လိုက်ပါခြင်း ၁
စုချန်းသည် သူ့ရှေ့မှ ခြေကုန်သုတ်နေသော ကျန်းချန်းအန်ကိုကြည့်ရင်း ထပ်ချပ်မကွာ လိုက်ပါနေ၏။
စုချန်းအဖို့ လူတယောက်ကို မုန်းသည်မှာ ခပ်ရှားရှား။ သို့သော် သူ့စိတ်ထဲတွင် ကျန်းချန်းအန်ကိုတော့ အတော်ပင် မုန်းတီးမိလေသည်။ ဤသတ္တဝါသည် စည်းကျော်လွန်း၏။ ဤနေ့တော့ အဆုံးအရှုံး မည်မျှပင် ကြီးမားစေကာမူ ကျန်းချန်းအန်ကိုတော့ မရရအောင် ရှင်းပစ်တော့မည်ဟု သူတွေးထားလေသည်။
ကျန်းချန်းအန်သည် သူတို့ လာခဲ့သောနေရာဆီသို့ ဦးတည်ကာ အားကုန်ပြေးလွှားနေ၏။ အတန်ကြာသော် သူက နောက်ကို လှည့်ကြည့်လိုက်ရာ စုချန်းတယောက်သာ သူ့နောက်မှ လိုက်လာကြောင်း တွေ့လိုက်ရသည်။ ထိုအခါ သူက အေးစက်သောလေသံနှင့် ရယ်မောကာ ပြောလိုက်၏။
"နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲဝင်ဖို့တောင် ကြောက်နေတဲ့ကောင်က ငါ့နောက်ကို လိုက်လာရဲတယ်ဟုတ်လား မင်းကိုကြည့်ရတာ စိတ်လွတ်နေပြီထင်တယ်"
ပြောပြောဆိုဆို သူက ကျောပေါ်မှ သစ်ပင်လေးကို ဖြုတ်ကာ စုချန်းကို မြားနှင့်လှမ်းပစ်လိုက်သည်။ စွမ်းရည်မြင့်မားသော လေးသမားများသည် မိမိတို့နောက်မှာ တပါးသူများ လိုက်လာမည်ကို ကြောက်ရွံ့တတ်သူများ မဟုတ်။ သူတို့သည် ရွေ့လျားပစ်မှတ်များအား မည်သို့မည်ပုံ ချိန်ရွယ်ပစ်ခတ်ရမည်ကို ကောင်းကောင်းသိနေသည့်အပြင် စုချန်း ရှေ့တိုးလာလေလေ သူတို့နှစ်ဦးကြားအကွာအဝေးက ပိုနီးလာလေလေ မဟုတ်ပါလား။
မြားသည် စုချန်း၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ်ပင် ပျံသန်းလာ၏။ စုချန်းက ခေါင်းကိုငဲ့ရင်း ရှောင်တိမ်းရန်ဟန်ပြင်လိုက်သည်။ သို့သော် မြားမှာ တချောင်းတည်းဟုတ်ပုံမရ။ အဘယ်ကြောင့်ဆိုသော် စုချန်း၏ နားထဲတွင် အရပ်ရှစ်မျက်နှာမှ ပျံသန်းလာသည့် အသံများကို ကြားနေရသောကြောင့်ပင်။
စုချန်းကား ပြေးပေါက်မှားလေပြီ။ သို့သော် စုချန်း၏ တုံ့ပြန်မှုကတော့ ရိုးရှင်းသည်နှင့်အမျှ ထိရောက်လှသည်။ သူက ကောင်းကင်ဝံပုလွေဓားကို ထုတ်ပြီး ဝေ့ယမ်းလိုက်ရာ ဝံပုလွေဝိညာဉ်သည် ရှေ့တူရူသို့ ပျံသန်းသွားပြီး ရှေ့တည့်တည့်မှ ဝင်လာသည့် မြားတံများကို ချိူ းဖဲ့ဖျက်ဆီးလိုက်သည်။ အကယ်၍ ရှေ့တည့်တည့်တွင် လမ်းမရှိလျင်ပင် ဝံပုလွေဝိညာဉ်က သူ့အတွက် လမ်းရှင်းပေးသွားပေလိမ့်မည်။
စုချန်းအတွက် လမ်းရှင်းသွားလေပြီ။ ထိုအခါ သူ့အပြေးနှုန်းသည် မြန်သထက် မြန်လာ၏။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် တဖြည်းဖြည်း နီးသထက်နီးလာသည်။ ၎င်းကို ကျန်းချန်းအန် မြင်သောအခါ ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။ ထို့နောက် သူက ဆက်မပြေးသေးပဲ နီးစပ်ရာ သစ်ပင်တချိူ့ကို လက်ဖြင့် တွန်းထုတ်လိုက်၏။
စုချန်း၏ အပြေးနှုန်းမှာ ယခင်ကထက် မြန်ဆန်လာ၏။ ထိုအချိန်မှာပင် များပြားလှသော သစ်ပင်အမြစ်များက သူ့ကို ဖမ်းချူ ပ်ရန် ကြိုးစားလာကြောင်း မြင်တွေ့လိုက်ရသည်။
"ဒီအကွက်ကြီးက ဟောင်းနေပြီကွ"
ပြောပြောဆိုဆို သူက လေထဲသို့ ခုန်တက်လိုက်သည်။ အမှန်တော့ ကျန်းချန်းအန်၏ ဤတကွက်ကို သူ့အနေနှင့် ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် ထိုသစ်မြစ်များမှာ အကိုင်းအခက် အညွန့်အတက်များသည် သူ့ကို ရစ်ပတ်ရန် ကြိုးစားလာမှန်း စုချန်း မြန်မြန်ဆန်ဆန်ပင် မြင်တွေ့လိုက်ရ၏။
စုချန်း လျင်မြန်စွာ နောက်ဆုတ်ပေးလိုက်၏။ သို့သော် ထိုအချိန်မှာပင် နောက်ထပ်မြားတချောင်းက စုချန်းဆီသို့ ပြေးဝင်လာပြန်သည်။ ဤတကြိမ်တွင်တော့ မြားတချောင်းလုံးသည် အနက်ရောင်သန်းနေပြီး နာကျင်မှုနှင့် သေခြင်းတရားတို့ကို သယ်ဆောင်လာသကဲ့သို့ ထင်ရသည်။
ဤသည်မှာပင် ကျန်းချန်းအန် အများဆုံး အသုံးပြုလေ့ရှိသည့် တိုက်ပွဲဝင်နည်းလမ်း ဖြစ်သည်။ သူသည် ရန်သူကို သစ်မြစ်သစ်ကိုင်းတို့ဖြင့် နေရာကျဉ်းကျဉ်းလေးတွင် ရင်ဆိုင်ထိမ်းချူ ပ်ထားပြီး အဝေးမှနေ၍ မြားဖြင့် ပစ်ခတ်အဆုံးသတ်တတ်သူမျိူ း ဖြစ်သည်။
ကျန်းချန်းအန်၏ မြားများကို စုချန်း ရင်ဆိုင်သည့်နည်းလမ်းမှာ ပို၍ ရိုးရှင်းနေ၏။ ထိုနည်းလမ်းမှာကား သူက ရှေ့သို့ တဟုန်ထိုး ပြေးလွှားလိုက်ခြင်းပင်တည်း။
မြန်ဆန်လှသော အပြေးနှုန်းကြောင့် သူ့တကိုယ်လုံး လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။ ပြန်ပေါ်လာသည့်အချိန်တွင် သူသည် မူလနေရာနှင့် ခြေလှမ်း ၁၀လှမ်းခန့်အကွာသို့ ရောက်ရှိနေခဲ့လေပြီ။ ကျန်းချန်းအန်၏ ဝိညာဉ်နှုတ်မြားသည် သူ့နောက်တွင် ကျန်ခဲ့လေပြီ။ စုချန်း၏ ဤတကွက်သည် ဝိညာဉ်နှုတ်မြားကို ရှောင်နိုင်ခဲ့ရုံသာမက ကျန်းချန်းအန်နှင့် သူ့အကြား အကွာအဝေးကိုလည်း ချူံ့ပစ်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
"ခွေးမသား"
ကျန်းချန်းအန် ဒေါသတကြီးနှင့် ဆဲဆိုလိုက်ပြီး လေးကို ကျောပေါ်ပြန်တင်ကာ ဆက်လက်ပြေးလွှားတော့သည်။ သို့သော် သူ ဘယ်လောက်မြန်မြန် စုချန်း၏ မြွေခြေလှမ်းက ပိုမြန်နေ၏။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကလည်း နီးသထက်နီးလာခဲ့ပြီ ဖြစ်သည်။ ကျန်းချန်းအန်၏ ဦးနှောက်ထဲတွင် အချက်ပေးသံများ ဆူညံလာ၏။
သူ့မျိူ းနွယ်စု၏ လေလှိုင်းထဲမှ မွေးဖွားခြင်းနည်းစနစ်သည် အမြန်နှုန်း အားပြု မူလစွမ်းရည်မျိူ း ဖြစ်သည်။ ၎င်းသည် အင်အားကြီးမားသော ပြိုင်ဘက်များနှင့် တွေ့ဆုံတိုင်း ကျန်းချန်းအန် ဘယ်တော့မှ မရှုံးနိမ့်ရခြင်း၏ အကြောင်းပြချက်ဟုလည်း ဆိုနိုင်သည်။ သူ ဝတ်ဆင်ထားသည့် လေညှင်းဖိနပ်များနှင့် ပေါင်းစပ်လိုက်သောအခါ သူ့ကိုယ်ခန္ဓာသည် အလွန်ပေါ့ပါးလာပြီး သူ့လှုပ်ရှားမှုမှာလည်းအလွန် မြန်ဆန်လာ၏။ ထို့ကြောင့် လျင်မြန်မှုအရာတွင် ကျန်းချန်းအန်ကို ယှဉ်နိုင်သူ ရှားလှသည်။
သို့သော် မယုံန်ုင်စရာ ကောင်းလောက်အောင်ပင် သွေးဗီဇမရှိသည့် စုချန်းက သူ့ထက်ပို၍ မြန်နေခဲ့၏။ ယခုဆိုလျင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှ အတော်ပင် နီးကပ်နေခဲ့လေပြီ။ ကျန်းချန်းအန် အကြီးအကျယ် ဒေါသထွက်လာ၏။
"ခွေးမသား မင်းလိုကောင်စားမျိူ းက ငါ့နောက် လိုက်ရဲသလားကွ"
ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုပြီး ကျန်းချန်းအန်သည် နောက်လှည့်ကာ လေထဲသို့ ခုန်တက်လိုက်သည်။ ထို့နောက် လေပေါ်မှာပင် လေးကို ဆွဲယူပြီး စုချန်းဆီသို့ မြားတစင်း ပစ်လွှတ်လိုက်၏။ မြားထွက်ပေါ်လာချိန်ဝယ် တောအုပ်တခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်ရသည်။ ကောင်းကင်တခွင်လုံး မည်းမည်းမှောင်နေပြီး ပတ်ဝန်းကျင်အနှံ့ သေခြင်းရနံ့များသာ လွှမ်းမိုးနေ၏။
ဝိညာဉ်နှုတ်မြားပေတကား။
ကျန်းချန်းအန် ကိုင်စွဲသည့် လက်စွဲတော် လေးကြီး၏ နာမည်အမှန်မှာ ကျိန်စာသစ်ပင် နတ်ဆိုးလေးဟု ခေါ်သည်။ ၎င်း၏ စွမ်းအင်အရင်းအမြစ်သည် မြားအဖြစ် ပြောင်းလဲခံလိုက်ရသည့် သစ်ပင်နတ်ဆိုး၏ မချိတင်ကဲ နာကျင်မှုမှ လာသည်။ ထို့ကြောင့် ပစ်လွှတ်လိုက်သော မြားတိုင်းလိုလိုတွင် သစ်ပင်နတ်ဆိုး၏ ဒေါသ၊ အမုန်းတရားနှင့် နာကျင်မှုများကို သယ်ဆောင်လာသကဲ့သို့ ရှိလေသည်။ တနည်းအားဖြင့်ဆိုရသော် အနှီ အမုန်းတရားများသည် မြားတစင်းအဖြစ် အသွင်ပြောင်းသွားပြီး ပစ်မှတ်ဖြစ်သူ၏ နှလုံးသားနှင့် ကိုယ်ခန္ဓာကို စားသုံးရန် လိုက်လံရှာဖွေနေသည့် သဘောပင်။ ထို့ကြောင့် ကျိန်စာသစ်ပင်နတ်ဆိုးလေးသည် ကျန်းချန်းအန်ပိုင်ဆိုင်သည့် ပစ္စည်းများအနက် တန်ဖိုးအကြီးမားဆုံး မူလကိရိယာပင် ဖြစ်လေသည်။
သစ်ပင်နတ်ဆိုး၏ နာကျင်မှု ထွက်ပေါ်လာချိန်တွင် တောအုပ်တအုပ်လုံးရှိ သစ်ပင်များ ညှိုးနွမ်းသွားသကဲ့သို့ ထင်ရသည်။ စုချန်း၏ စိတ်ထဲတွင်လည်း ဤမြားကို ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဟု ခံစားလိုက်ရ၏။
ထိုအခိုက် သူဦးနှောက်အတွင်းဝယ် အတွေးတခု ပေါ်လာ၏။
ဒါကို မင်းမရှောင်နိုင်ဘူး...ဘယ်လိုမှ ရှောင်လို့မရဘူး...
ထူးထူးခြားခြားပင် သူ့စိတ်အာရုံမှာလည်း အထူးပင် ညှိုးငယ်လျက်ရှိသည်။
ဤသည်မှာပင် ဝိညာဉ်နှုတ်မြားနှင့် နတ်ဆိုးလေး၏ ထူးခြားသော စွမ်းရည်တမျိူ းပေတည်း။
သို့သော် စုချန်းကား စိတ်ဓာတ်ခိုင်မာသူ ဖြစ်သည်။ သူသည် ချက်ချင်းပင် ဝိညာဉ်နှုတ်မြား၏ လွှမ်းမိုးမှုကို ဖယ်ရှားလိုက်နိုင်၏။ ထိုအချိန်တွင် မြားသည် အရှိန်အဟုန်ပြင်းစွာဖြင့် သူ့ဆီသို့ တိုးဝင်လာလျက်ရှိသည်။ မြားဦးမှာကား သူ့နဖူးဆီသို့ ဦးတည်လျက်ရှိသည်။
ထိုအချိန်မှာပင် စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ မိုးခြိမ်းသံများ ပေါ်ပေါက်လာ၏။ တဆက်တည်းမှာပင် သူက လေပေါ်သို့ ခုန်တက်လိုက်သည်။ သို့တိုင်အောင် စုချန်း၏ လှုပ်ရှားမှုသည် မဆိုစလောက်လေး နောက်ကျသွားပုံရသည်။ မြားသည် မိုးကြိုးဓားကို ဖောက်ထွက်လာပြီး စုချန်း၏ ရင်ဝကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး စုချန်း၏ ကိုယ်ခန္ဓာသည်လည်း နောက်ဘက်သို့ လွင့်စင်သွားလေသည်။ ထိုအခါ စုချန်းက ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်လိုက်၏။ ထင်သည့်အတိုင်းပင် သူ၏ နှလုံးသားအကာအကွယ်သည် ကျိူ းပဲ့သွားခဲ့လေပြီ။ ကြောက်စရာ မြားပေတကား။
သူ့မြားက စုချန်းကို မသတ်နိုင်ကြောင်း မြင်သောအခါ ကျန်းချန်းအန် နည်းနည်းတော့ စိတ်ပျက်သွား၏။ ထိုအခါ သူက လေးကို ကျောပေါ်တွင် ပြန်ထားပြီး ရှေ့သို့ ဆက်လက်ပြေးလွှားသွားပြန်သည်။
စုချန်း ယခင်ထိန်းချူ ပ်ထားနိုင်ခဲ့သည့် အကွာအဝေးသည် ချက်ချင်းပင် ကွာဟသွားပြန်၏။ ထိုအခါ စုချန်းက မြေကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး လေထဲသို့ ခုန်ထွက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီလို ထွက်ပြေးလို့ ဘယ်ရပါ့မလဲကွာ"
၎င်းကို ကျန်းချန်းအန် မြင်သောအခါ ပြင်းစွာ ဒေါသထွက်လာ၏။
"ခွေးမသား မင်းက သေချာနေတယ် ဟုတ်လား လာခဲ့ မင်းဆန္ဒကို ငါ ဖြည့်ပေးမယ်"
ပါးစပ်ကသာ အားကျမခံ ပြောနေသော်လည်း ကျန်းချန်းအန်ကတော့ ရှေ့သို့သာ ဆက်လက်ပြေးလွှားနေ၏။ အကွာအဝေးဟူသည် သူ့အတွက် လုံခြုံမှုနှင့် ကာကွယ်မှုကို ညွှန်းဆိုနေသည် မဟုတ်ပါလား။
ကျန်းချန်းအန်သည် ရှေ့သို့ တဟုန်ထိုး ပြေးလွှားနေရင်း လက်နှစ်ဖက်ကို ဘေးသို့ ဝေ့ယမ်းလိုက်၏။ ထိုအခါ မြေကြီးပေါ်တွင် ငြိတွယ်ပေါက်ရောက်နေကြသော သစ်ရွက်များသည် ရုတ်ချည်း အသက်ဝင်လာကြပြီး ချွန်မြနေသော လက်နက်များသဖွယ် ဖြစ်လာကြကုန်၏။ ထို့နောက် ၎င်းတို့သည် လေထဲသို့ ပျံသန်းလာကြလေသည်။ တိုးဝင်မိသူ သေရပေလိမ့်မည်။
စုချန်းသည် အကာအကွယ်ကို နှိုးဆွလိုက်ပြီး သစ်ရွက်အစုအပုံ၏ ညာဖက်မှ ကပ်လျက်ဖြတ်ပြေးလိုက်သည်။ သေခြင်းတရား၏ အသံများကား သူ့ကို လွှမ်းခြုံလျက်ရှိသည်။ သစ်ရွက်များသည် မျက်လုံးပါသည့် သတ္တဝါများပမာ သူ့အကာအကွယ်ကို တဝုန်းဝုန်းနှင့် ဝင်တိုက်နေကြလေရာ ပတ်ဝန်းကျင်တခုလုံး အလင်းရောင်များ ပြိုးပျက်ဝင်းလက်နေလေသည်။
၎င်းကိုကြည့်ရင်း ကျန်းချန်းအန် အော်ဟစ်ရယ်မောလိုက်သည်။
"စုချန်း မင်းကတော့ သေချင်နေပြီ ငါနဲ့ တောအုပ်ထဲမှာ ချမလား သစ်ပင်လေးဆိုတဲ့ ငါ့နာမည် ဘယ်ကလာတယ်လို့ မင်းထင်သလဲကွ"
စုချန်းကတော့ ရိုးရိုးရှင်းရှင်းပင် ကျန်းချန်းအန်ကို ပြန်လည်တိုက်စစ်ဆင်လိုက်သည်။ မီးလျံငှက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ မီးတောက်မီးလျံများ ဝုန်းခနဲ ထွက်ပေါ်လာပြီး စုချန်းအတွက် ကျန်းချန်းအန် ပြင်ဆင်ထားသည့် ထောင်ချောက်များ အားလုံးလိုလို မီးလောင်ကျွမ်းသွားလေ၏။
"မင်းဟာက ဘာမှ အသုံးမဝင်ဘူးကွ"
ကျန်းချန်းအန်က အော်ဟစ်ပြောဆိုလိုက်၏။
"မင်းရဲ့ မီးလျံငှက်က အင်အားကြီးတာမှန်တယ် ဒါပေမဲ့ အကွာအဝေးမှာ ကန့်သတ်ချက်ရှိတယ် ခြေလှမ်းပေါင်း သုံးရာအထိ ငါ့အနား မကပ်နိုင်ရင် မင်းရဲ့ မီးလျံငှက်က အလကားပဲ"
ကျန်းချန်းအန်ကား လူတော်တဦးပင်။ မီးလျံငှက်၏ အဓိက အားနည်းချက်မှာ အကွာအဝေးမှန်း သူ ကောင်းကောင်းသိထား၏။ ထို့ကြောင့်ပင် စုချန်းနှင့် သူ့အကြား အကွာအဝေးကို ထိန်းသိမ်းထားနိုင်ရန် ကြို းစားနေခြင်း ဖြစ်သည်။
"မင်းပြောတာမှန်တယ် ဒီတော့ ငါ့ကို ရှေ့နည်းနည်း တိုးခွင့်ပြုကွာ"
ပြောပြောဆိုဆို စုချန်းက ရှေ့သို့ တဟုန်ထိုး ခုန်ထွက်လိုက်သည်။ သူ့လှုပ်ရှားမှုသည် ယခင်ထက် အဆပေါင်းများစွာ မြန်ဆန်နေ၏။
ကျန်းချန်းအန် အေးစက်စွာ ပြုံးလိုက်သည်။ သူ့အနေနှင့် စုချန်း၏ လမ်းတလျှောက် အတားအဆီးများ ပြုလုပ်နိုင်သရွေ့၊ စုချန်းကို အဝေးမှ မြားနှင့် ပစ်ခွင်းနိုင်နေသရွေ့ စိတ်ပူစရာမရှိ။ သကောင့်သားသာ ဤအတိုင်း ဆက်လိုက်လာပါက ဒင်းကို အိပ်မက်ဆိုးအတွင်း ကျရောက်သွားအောင် သူ ပြုလုပ်တော့မည် ဖြစ်သည်။
အထက်ပါအတိုင်း တွေးတောပြီး နောက်ကို ခုန်ဆုတ်ရင်းမှာပင် ကျန်းချန်းအန်သည် စုချန်းနှင့် မျက်လုံးချင်းဆုံသွား၏။ စုချန်း၏ စူးရှလှသောအကြည့်က ကျန်းချန်းအန်၏ စိတ်ဝိညာဉ်တခုလုံးကို တုန်လှုပ်သွားစေ၏။ ထို့နောက် ကျန်းချန်းအန်သည် မလှုပ်မရှားနှင့် နေရာတွင် ခြေစုံရပ်နေမိတော့သည်။
ကျေးဇူးတင်စရာကောင်းသည်မှာ စုချန်း၏ အကြည့်က စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခြင်း ဖြစ်သည်။ ချက်ချင်းဆိုသလို ကျန်းချန်းအန် သတိပြန်ဝင်လာ၏။ သို့သော် သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ ပို၍ နီးကပ်လာခဲ့ပေပြီ။
အခြေအနေမှာ သိပ်မကောင်းတော့မှန်း ကျန်းချန်းအန် ချက်ချင်း နားလည်လိုက်သည်။ သူ့စိတ်ဝိညာဉ်သည် စုချန်း၏ တိုက်ခိုက်မှုကို ခံလိုက်ရမှန်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုအခါ သူက မူလအစီအစဉ်အတိုင်း ဆက်လက်ပြေးလွှားရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် ကျန်းချန်းအန်၏ စိတ်ဝိညာဉ်သည် စုချန်း၏ နောက်ထပ်တိုက်ခိုက်မှုကို ခံလိုက်ရပြန်သည်။
ဝိညာဉ်အမြစ်တွယ်ခြင်း နည်းစနစ်ပေတည်း။
ကျန်းချန်းအန် နောက်တကြိမ် ငူငူကြီး ဖြစ်သွားပြန်၏။
နှစ်ကြိမ်တိုင်တိုင် စုချန်း၏ ဝိညာဉ်တိုက်ခိုက်မှုကို ခံလိုက်ရသောကြောင့် ကျန်းချန်းအန် အတော်လေး နစ်နာသွားသည်။ အကြောင်းမှာ စုချန်ူက ထိုအခွင့်အရေးကို အမိအရ ယူကာ မြားတစင်းပမာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာသောကြောင့်ပင်။ ထိုအချိန်တွင် သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် မီးလျံငှကိ လက်လှမ်းမီသည့် အကွာအဝေးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
စုချန်းသည် ရှေ့သို့ ပြေးလွှားလာရင်းနှင့်ပင် လက်နှစ်ဖက်ကို ဝေ့ယမ်းကာ မီးလျံငှက်ကို ဖော်ထုတ်လိုက်၏။ ပေါက်ကွဲနေသော မီးလျံငှက်သည် အတောင် တဖြတ်ဖြတ်ခတ်ကာ ကျန်းချန်းအန်ဆီသို့ ပျံသန်းသွားလေသည်။