← Chapters

ထပ်ချပ်မကွာ လိုက်ပါခြင်း ၂

Vol. 22 Ch. 220

ထပ်ချပ်မကွာ လိုက်ပါခြင်း ၂

Vol. 22 Ch. 220

ခြေလှမ်းပေါင်း ၃၀၀အတွင်း ရောက်လာသည်နှင့် စုချန်းသည် ကျန်းချန်းအန်ကို စိတ်ရှိလက်ရှိ တိုက်ခိုက်စေရန် ခွင့်မပြုနိုင်တော့။ သူ့တွင် ပြန်လည်တိုက်ခိုက်နိုင်သော စွမ်းရည် ရှိလာပြီ မဟုတ်ပါလား။ ထို့ကြောင့် သူက မီးလျံငှက်နှင့် စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

မီးလျံငှက် တိုးဝင်လာသည်နှင့် ကျန်းချန်းအန်သည် ကတ်သီးကတ်သပ်ပင် ရှောင်တိမ်းလိုက်၏။ ပေါက်ကွဲနေသော မီးလျံငှက်သည် သူ့ခြေထောက်အောက်မှ ဖြတ်ကျော်သွားပြီး အနီးအနားရှိ သစ်ပင်မြက်ပင်များ မီးဟုန်းဟုန်း ထကုန်လေသည်။ စုချန်း၏ ကနဦး တိုက်ခိုက်မှုကြောင့် ဒဏ်ရာမရလိုက်သော်လည်း ကျန်းချန်းအန် အတော်လေး ထိတ်လန့်သွား၏။ ဤတကြိမ်သည် သူ့ဘဝတွင် ရှားရှားပါးပါး ရှောင်တိမ်းပေးလိုက်ရသည့် အကြိမ်မဟုတ်ပါလား။

ထိုအချိန်မှာပင် သူသည် စုချန်း၏ ထပ်ဆင့်တိုက်ခိုက်မှုနှင့် ကြုံတွေ့လိုက်ရပြန်သည်။ စုချန်းသည် ကျန်းချန်းအန် လေထဲသို့ ခုန်မထွက်နိုင်ခင်မှာပင် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာ၏။ လက်ချည်းသက်သက် ပြေးဝင်လာခြင်းမဟုတ်။ သူ့ရှေ့ရှိ သစ်ရွက်လက်တဆုပ်စာကို လက်ဖြင့်ချွေယူဆုပ်ကိုင်ရင်း ပြေးဝင်လာခြင်း ဖြစ်သည်။ ထို့နောက် သူက လက်ထဲရှိ သစ်ရွက်များကို ကျန်းချန်းအန်ဆီသို့ ဦးတည်ပစ်လွှတ်လိုက်သည်။

အနှီ သစ်ရွက်များသည် လေချွန်သံများပြုကာ ကျန်းချန်းအန်ဆီသို့ မြားတိုများသဖွယ် ပြေးဝင်လာ၏။

ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများပေတည်း။

ယခုအချိန်တွင် စုချန်းသည် ကုမျိူ းနွယ်စု၏ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ခဲ့လေပြီ။ အနီးအနားရှိ သစ်ရွက်များ၊ ကျောက်စရစ်ခဲများသည် စုချန်းအဖို့ အလွယ်တကူ အသုံးပြုနိုင်သော လက်နက်များ ဖြစ်သည်။ ယခုလည်း သစ်ရွက်အစုအဝေးသည် ကျန်းချန်းအန်ကို နောက်တကြိမ် နောက်ဆုတ်သွားစေ၏။

စုချန်း၏ တိုက်ခိုက်မှုနှစ်ရပ်လုံးသည် ကျန်းချန်းအန်ကို ထိခိုက်နိုင်စွမ်းတော့ မရှိခဲ့။ သို့သော် ကျန်းချန်းအန်ကို ဖိအားများအတွင်း ကျရောက်စေအောင်တော့ စွမ်းဆောင်နိုင်ခဲ့၏။ ကျန်းချန်းအန်တယောက် နှစ်ကြိမ်တိတိ နောက်ဆုတ်ရှောင်တိမ်းပေးလိုက်ရသည့်အပြင် တကြိမ်တခါမျှပင် ပြန်လည်မတိုက်ခိုက်နိုင်သေး။

မည်သို့ဆိုစေ စုချန်းကတော့ ထိုအခွင့်အရေးကို အမိအရ ယူကာ ကျန်းချန်းအန်အနီးသို့ ထပ်မံ တိုးကပ်နိုင်လိုက်ပြန်သည်။ စုချန်းသည် လှုပ်ရှားမှုအရာတွင် ကျန်းချန်းအန်ထက် မြန်ဆန်သူ ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်မှု ပြုလုပ်တိုင်း ကျန်းချန်းအန်အနီးသို့ တဖြည်းဖြည်း တိုးကပ်နိုင်ခဲ့၏။ ယခုဆိုလျင် သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ ခြေလှမ်းပေါင်း ၃၀၀မှ ၂၈၀သာ ကျန်တော့သည်။

ခြေလှမ်းပေါင်း ၂၀။ ထိုခြေလှမ်းပေါင်း ၂၀သည်ပင် ကျန်းချန်းအန်အပေါ် ဖိအားများစွာ တိုးပွားလာစေခဲ့လေသည်။

စုချန်းက ထပ်မံ တိုက်စစ်ဆင်လိုက်ပြန်၏။ ရွှီခနဲ မြည်သံနှင့်အတူ မီးလျံစက်လုံးတလုံး ကျန်းချန်းအန်ဆီသို့ ပြေးဝင်လာ၏။ မီးလျံစက်လုံးသည် မီးလျံငှက်ထက် အားပျော့သော်လည်း စွမ်းအင်အနည်းငယ်သာ ကုန်ခန်းစေသည်။ ထို့ပြင် မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်၍ လက်ရှိအနေအထားတွင် အသုံးပြုရန် သင့်လျော်သည်ဟု ဆိုရမည်။

လက်ရှိအခြေအနေတွင် အသင့်တော်ဆုံးနည်းလမ်းမှာ ကျန်းချန်းအန်ကို အဆက်မပြတ် အနှောင့်အယှက်ပေးထားပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မပေးမိဖို့ပင်ဖြစ်ကြောင်း စုချန်း ကောင်းကောင်းကြီး နားလည်သဘောပေါက်ထား၏။ သူ၏ အင်အားပြင်းထန်သော မူလစွမ်းရည်များမှာ ထုတ်ဖော်ရန် အချိန်ယူရသည်။ ထို့ကြောင့် လက်ရှိ အခြေအနေနှင့် မသင့်တော်။ ထို့ကြောင်း အရိုးရှင်းဆုံး နည်းလမ်းများဖြင့် ကျန်းချန်းအန်ကို အဆက်မပြတ် နှောင့်ယှက်တိုက်ခိုက်နေပြီး အခွင့်အရေး ဖန်တီးရန် စုချန်းက တွေးတောထားခြင်း ဖြစ်သည်။

ကျန်းချန်းအန်သည် အသက်ကို ပြင်းထန်စွာ ရှုထုတ်ပြီး စုချန်း၏ မီးလျံစက်လုံးကို ချေဖျက်လိုက်ရ၏။ စုချန်းကား နောက်ထပ် ခြေလှမ်းပေါင်း ၁၀လှမ်း ထပ်မံတိုးကပ်နိုင်ခဲ့ပြန်သည်။

စုချန်း အဆက်မပြတ်ပင် တိုက်ခိုက်နေ၏။ ဤတကြိမ်တိုက်ခိုက်မှုက ကျောက်စရစ်ခဲများကို ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများနှင့် တွဲစပ်အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ကျောက်စရစ်ခဲများသည် သတ္တုခဲလုံးများသဖွယ် ကျန်းချန်းအန်ဆီသို့ တိုးဝင်သွား၏။ သူ့အနေနှင့် မဖြစ်မနေ ဘေးသို့ ခုန်ထွက်ရှောင်တိမ်းရပေလိမ့်မည်။

စုချန်း ပိုမို တိုးကပ်နိုင်ခဲ့ပြန်သည်။

မူလစွမ်းအင်ဓားမြောင်သည် မိုးပြာရောင်အလင်းတန်းသဖွယ် ကျန်းချန်းအန်ဆီသို့ ပြေးဝင်သွား၏။ စုချန်း၏ နောက်ထပ် တိုက်ခိုက်မှုတခုပင်။ အနှီ ဓားမြောင်သည် လီကို သတ်ဖြတ်ပြီးနောက် ကျန်ရစ်သော လက်ကျန် ဓားမြောင်ဖြစ်သည်။ ၎င်းကို ဤနေ့မတိုင်ခင်ထိ စုချန်း တကြိမ်တခါမျှ အသုံးမပြုရသေး။

ကျန်းချန်းအန်ခမျာ စုချန်း၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ဘာမှ မတတ်နိုင်သလို ဖြစ်နေ၏။ ဤတကြိမ် တိုက်ခိုက်မှုကိုတော့ သူ့အနေနှင့် ရှောင်တိမ်းရန် အချိန်မရတော့။ ထိုအခါ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အစိမ်းရောင်အလင်းတန်း အကာအကွယ်ကို ထုတ်ဖော်လိုက်သည်။ စုချန်း၏ ဓားမြောင်သည် ကျန်းချန်းအန်၏ အကာအကွယ်ကို ပြင်းထန်စွာ ထိမှန်သွား၏။ ထိုတွန်းကန်အားကို သုံးပြီး ကျန်းချန်းအန် နောက်သို့ ခုန်ဆုတ်သွားသည်။ ထို့နောက် သူ့ ညာဖက်လက်က လေးကိုဆွဲယူပြီး စုချန်းဆီသို့ မြားတစင်း ပစ်လွှတ်လိုက်၏။

စုချန်း ထိုမြားချက်ကို မရှောင်နိုင်။ အမှန်တော့ ရှောင်တိမ်းရန်လည်း စိတ်ကူးမရှိပေ။ အကယ်၍ ထိုမြားကိုသာ ရှောင်တိမ်းလိုက်ပါက သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ ပို၍ ကွာဝေးသွားမည် မဟုတ်ပါလား။

သူသည် မူလအတိုင်း ရှေ့သို့ပြေးလွှားနေပြီး မူလစွမ်းအင် အဆောင်လက်ဖွဲ့ကို ထုတ်ယူကာ လက်ဖြင့် ရိုက်ပုတ်လိုက်သည်။ ထိုအခါ မူလစွမ်းအင်အဆောင်လက်ဖွဲ့သည် အဝါရောင် သံချပ်ကာတခုသဖွယ် ဖြစ်ပေါ်လာပြီး ပြေးဝင်လာသော မြားချက်ကို ကာကွယ်ပေးလိုက်၏။

ကျန်းချန်းအန်၏ မြားသည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး အနက်ရောင်ချီအားလှိုင်းများ ထွက်ပေါ်လာသည်။ စုချန်းသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိသလို နောက်ဆုတ်သွားခြင်းလည်းမရှိ။ မူလအတိုင်း ရှေ့သို့သာ တဟုန်ထိုး ပြေးလွှားနေ၏။

မြားတချောင်း။

မြားနှစ်ချောင်း။

မြားသုံးချောင်း။

မြားချက်တိုင်းသည် စုချန်း၏ စိတ်ဝိညာဉ်ကို ထိုးဖောက်ကာ အသက်ကို နှုတ်ယူရန် ရည်ရွယ်လျက်ရှိသည်။ စုချန်းကား ထိုမြားချက်တို့ကို ဂရုမစိုက်။ မူလအစီအစဉ်အတိုင်းသာ ဆက်လက်ဆောင်ရွက်လျက် ရှိသည်။ သူ့အကာအကွယ်မှာ အက်ကွဲလာ၏။ သို့သော် သူ့အပြေးနှုန်းမှာကား လျော့ကျသွားခြင်းမရှိ။

ခြေလှမ်းပေါင်း ၂၃၀။

ခြေလှမ်းပေါင်း ၂၂၀။

ခြေလှမ်းပေါင်း ၂၁၀။

ကျန်းချန်းအန် မြားသုံးစင်း ပစ်ခွင်းလိုက်သည့် အချိန်အတွင်း စုချန်း ခြေလှမ်းပေါင်း ၃၀အထိ ရှေ့တိုးနိုင်ခဲ့သည်။ ယခုဆိုလျင် သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ ခြေလှမ်းပေါင်း ၂၀၀သာ ကျန်တော့သည်။

စုချန်းက သူ့လက်ချောင်းများကို လှုပ်ယမ်းလိုက်ရာ များပြားလှသော မူလစွမ်းအင်အလင်းမြားများ ဖြစ်ပေါ်လာပြီး လေချွန်သံပြုကာ လေထဲသို့ ပျံသန်းသွား၏။ အခြေအနေမှာ သိပ်မကောင်းတော့မှန်း ကျန်းချန်းအန် သဘောပေါက် ိလိုက်သည်။ ဘဝတလျှောက်လုံး အခက်ခဲဆုံး အခြေအနေနှင့် သူ ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ကြား အကွာအဝေး ပို၍ နီးလာလေလေ သူ့အနေနှင့် စုချန်းကို တိုက်ခိုက်ရ ခက်ခဲလာလေလေပင်။ ထို့ကြောင့် သူက လေးညှို့ကို ထပ်မဆွဲခင် စုချန်း၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် မူလစွမ်းအင်အကာအကွယ်ကို ဖော်ထုတ်လိုက်၏။

ဤတကြိမ်တွင်တော့ သူက မြားကို အသုံးမပြုတော့။ လေးညှို့ကို ဆွဲလိုက်သည်နှင့် တပြိုင်နက် သစ်ပင်နတ်ဆိုး၏ စူးရှသော ငိုကြွေးသံ ထွက်ပေါ်လာပြီး ဒေါသထွက်နေသော ဝိညာဉ်တစ္ဆေများ လေးကိုင်းမှ တိုးထွက်လာကာ လေထဲတွင် လွင့်မြောလျက်ရှိသည်။ သူတို့အားလုံးသည် စုချန်းကိုကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလျက် ရှိကြလေသည်။

၎င်းတို့၏ အော်ဟစ်ငိုကြွေးသံများသည် စုချန်းကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိပြီး သူ့ဦးခေါင်းတခုလုံး မူးဝေလာ၏။ ထိုအချိန်တွင် ကျန်းချန်းအန်က ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။ သူ့ရယ်သံကြောင့် ဝိညာဉ်တစ္ဆေများသည် စုချန်းဆီသို့ တဟုန်ထိုး ပျံသန်းလာကြသည်။ စုချန်း၏ အသက်ဝိညာဉ်ကား ဝိညာဉ်တစ္ဆေများ၏ စားသုံးခြင်းကို ခံရပေတော့မည်။ လေထုထဲတွင်တော့ အေးစက်သော အငွေ့အသက်များ ဖုံးလွှမ်းလျက်ရှိလေသည်။

ခက်ခဲလှသော အခြေအနေနှင့် ကြုံတွေ့ရသောအခါ စုချန်းက ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ပြီး လေထဲသို့ ပစ်လွှတ်လိုက်သည်။ နေလာ၍ နှင်းပျောက်သွားရသည့်ပမာ များပြားလှသော ဝိညာဉ်တစ္ဆေများအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကုန်၏။

နေသုံးစင်းဆေးသည် ဝိညာဉ်များ၊ တစ္ဆေများ၏ လက်ချက်ကြောင့် ဒဏ်ရာရနေသည့် တစုံတယောက်၏ ဝိညာဉ်ကို ပြန်လည်ကုသရာတွင် အသုံးပြုရသော ဆေးဖြစ်သည်။ ထိုမျှသာမကသေး ၎င်းကို ဒေါသထွက်နေသော ဝိညာဉ်များအား ကာကွယ်ရာတွင်လည်း အသုံးချနိုင်သေး၏။

ဆေးရည်တပုလင်းလုံး သုံးလိုက်ခြင်းသည် လက်ဖွာလွန်းသည်ဟု ဆိုနိုင်သော်လည်း စုချန်း ဂရုမစိုက်။ ဝိညာဉ်တစ္ဆေများ နောက်ဆုတ်သွားပြီ။ ထို့ကြောင့် သူ ရှေ့တိုး၍ရပြီ။

ဤတကြိမ်တွင်တော့ ခြေလှမ်းပေါင်း ၃၀အထိ စုချန်း ထပ်မံတိုးကပ်နိုင်ခဲ့သည်။

မီးလျံသိမ်းငှက် စတင် ပေါ်ထွက်လာ၏။ မီးလျံသိမ်းငှက်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကာ ကျန်းချန်းအန်ဆီသို့ ပျံသန်းသွားလေသည်။ ကျန်းချန်းအန်က လက်တဖက်ကို မြှောက်ပြီး နောက်ထပ် မူလစွမ်းအင်အဆောင်လက်ဖွဲ့တခုကို ထုတ်ကာ စုချန်း၏ မီးလျံသိမ်းငှက်ကို ကာကွယ်လိုက်၏။ ထို့နောက် သူက တုံ့ပြန်သည့်အနေနှင့် မြားသုံးစင်းတိတိ ပြန်လည်ပစ်လွှတ်လိုက်သည်။

ဤတကြိမ်တွင်တော့ စုချန်းက အဖြူ ရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို သုံးပြီး မြားချက်ကို ရှောင်တိမ်းလိုက်သည့်အပြင် နောက်ထပ် ခြေလှမ်း သုံးဆယ်အထိ တိုးကပ်နိုင်ခဲ့သည်။ ဤတကြိမ်တွင် သူတို့နှစ်ယောက်ကြား အကွာအဝေးသည် ခြေလှမ်းပေါင်း ၁၄၀သာ ကျန်ရှိတော့သည်။

ဤတကြိမ်တွင်တော့ စုချန်းက မိုးကြိုးမီးလျံစက်လုံးကို သုံးကာ ကျန်းချန်းအန်ကို ပစ်ပေါက်လိုက်သည်။ ကျန်းချန်းအန်သည် စက်လုံး၏ အာနိသင်ကို နဖူးတွေ့ဒူးတွေ့ မြင်ဖူးသူ ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ရင်မဆိုင်ရဲ။ ထိုအခါ မတတ်သာပဲ ရှောင်တိမ်းပေးလိုက်ရပြန်သည်။ သို့သော် စုချန်း၏ မီးလျံစက်လုံးသည် ကျန်းချန်းအန်ကို ရည်ရွယ်သည်မဟုတ်။ သူ့နောက်ကျောရှိ မြေကြီးပေါ်သို့ ကျရောက် ပေါက်ကွဲသွားသည်။ ကံဆိုးသည်မှာ ထိုနေရာသည် ကျန်းချန်းအန် နောက်ဆုတ်လိုက်သော နေရာဖြစ်နေ၏။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးတောက်မီးလျံများ တဝုန်းဝုန်းနှင့် ထွက်ပေါ်လာ၏။ နောက်ထပ် မူလစွမ်းအောင်အဆောင်လက်ဖွဲ့ကို အသုံးပြုပြီး ကျန်းချန်းအန် ပေါက်ကွဲမှုကို ခုခံကာကွယ်လိုက်သည်။ သို့သော် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော တွန်းကန်အားကိုကား ကျန်းချန်းအန် တောင့်မခံနိုင်ရှာ။ သူ့တကိုယ်လုံးသည် ဆန့်ကျင်ဘက်အရပ်ဆီသို့ လွင့်စင်သွား၏။

ပေါက်ကွဲမှုနှင့် ဆန့်ကျင်ဘက်အရပ်တွင်ကား စုချန်း ရှိနေ၏။

ထိုအခါ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် ခြေလှမ်းပေါင်း ၁၀၀အထိ နီးကပ်သွားပြန်သည်။ သွားပြီ။ သူ့အခြေအနေသည် အဆိုးဝါးဆုံး အနေအထားသို့ ရောက်သွားပြီမှန်း ကျန်းချန်းအန် သိလိုက်သည်။ သူ့အကာအကွယ်မှာလည်း စုချန်း၏ မီးလျံစက်လုံးကြောင့် ရစရာမရှိအောင် ကျိူ းပဲ့သွားပြီ မဟုတ်ပါလား။ ထို့ကြောင့် သူက စုချန်း လက်မြောက်လိုက်သည်ကို မြင်သည်နှင့် လက်နှစ်ဖက်ကို ဝေ့ယမ်းကာ ကမန်းကတန်း ကာကွယ်လိုက်သည်။

သို့သော် မဆိုစလောက် နောက်ကျသွားခဲ့လေပြီ။

မီးလျံမုဆိုးအဝေးရောက်လက်နက်မှ ပစ်လွင့်လာသော ကြီးမားလှသည့် မီးလုံးနှစ်လုံးသည် သူ့ရင်ဝကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ ကျန်းချန်းအန် နာကျင်စွာ အော်ဟစ်လိုက်သည်။ ရင်ဝရှိ အပေါက်နှစ်ပေါက်မှ သွေးများ တစိမ့်စိမ့် ယိုစီးကျနေ၏။

သူ ဒဏ်ရာ ရရှိသွားပေပြီ။

ဘဝတလျှောက်လုံးတွင် ပထမဆုံးအနေနှင့် ရရှိလိုက်သော ဒဏ်ရာဖြစ်သည်။ စုချန်းသည် ခြေလှမ်း၁၀၀အထိ တိုးကပ်လာနိုင်သည့်အပြင် သူ့ကိုပါ ဒဏ်ရာရရှိစေခဲ့ပြီတကား။

"မဟုတ်ဘူး"

ကျန်းချန်းအန် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူက နီးစပ်ရာ သစ်ပင်တပင်ကို ခြေထောက်နှင့်ကန်ပြီး နောက်ကို ခုန်ထွက်လိုက်သည်။ တဆက်တည်းမှာပင် စုချန်းကို ချိန်ရွယ်ကာ မြားနှင့် အဆက်မပြတ် ပစ်ခွင်းလိုက်၏။

ဝိညာဉ်နှုတ်မြားများ အဆက်မပြတ် ပစ်လွှင့်လာ၏။ ရုတ်တရက်ကြည့်လျင် မြားမိုးရွာသည်နှင့်ပင် တူလှသည်။

စုချန်းသည် မူလစွမ်းအင်အဆောင်လက်ဖွဲ့တခုကို ထုတ်ကာ အကာအကွယ် လုပ်လိုက်၏။ တဆက်တည်းမှာပင် မက် အကာအကွယ်ကိုပါ ထပ်မံ နှိုးဆွလိုက်သည်။ သို့သော် ခြေလှမ်းကိုကား အနည်းငယ်မှ တုံ့ဆိုင်းခြင်းမရှိ။ ကျန်းချန်းအန်ဆီသို့ ဦးတည်ကာ တဟုန်ထိုး ပြေးလွှားနေ၏။ ထိုအချိန်တွင် မြေကြီးပေါ်ရှိ သစ်ပင်သစ်ခက်များသည် အသက်ဝင်လာဟန်ဖြင့် တလှုပ်လှုပ် တရွရွနှင့် စုချန်းကို ဖမ်းချူ ပ်ရန် စတင်ကြိုးစားလာကြသည်။ ၎င်းတို့ကိုကား စုချန်းက မီးလျံသိမ်းငှက်ဖြင့် ရှင်းထုတ်လိုက်သည်။ သူ့လှုပ်ရှားမှုကိုကား အနည်းငယ်မျှ တုံ့ဆိုင်းမခံ။

ကျန်းချန်းအန်၏ သစ်ပင်ထောင်ချောက်သည် မီးတောက်မီးလျံများအောက်တွင် ညှိုးနွမ်းကုန်ကြသည်။ စုချန်း၏ လှုပ်ရှားမှုကို တုံ့ဆိုင်းအောင်ကား ပြုလုပ်နိုင်စွမ်း မရှိကြရှာ။ ဤတကြိမ်တွင်လည်း စုချန်းက နောက်ထပ် ခြေလှမ်း၃၀ပထိ ထပ်မံ တိုးကပ်နိုင်ခဲ့သည်။

ထိုအချိန်တွင် စုချန်းက ဝိညာဉ်မျက်လုံးနှင့် ဝိညာဉ်အမြစ်တွယ်ခြင်း နည်းစနစ်ကို လျင်မြန်စွာ နှိုးဆွလိုက်သည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ ခြေလှမ်း ၃၀သာ ကျန်ရှိတော့သည်။

ခြေလှမ်း ၃၀ဟူသည် အလွန် နီးကပ်သော အကွာအဝေး ဖြစ်သည်။ စုချန်းသည် ကောင်းကင်ဝံပုလွေဓားကို လေထဲတွင် ဝေ့ယမ်းကာ ခုတ်ချလိုက်၏။

ဝံပုလွေဝိညာဉ်သည် ဒေါသတကြီး မာန်ဖီလျက် ကျန်းချန်းအန်ဆီသို့ တိုးဝင်သွားလေသည်။

"ကျန်းချန်းအန် မင်းတော့ သေပြီ"

စုချန်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

(ဆရာကြီး ကျန်းချန်းအန်က စုချန်းလိုက်မှာကို ဘာလို့ကြောက်ပြီး ထွက်ပြေးနေတာလဲ ဒီတချက်ကတော့ စဉ်းစားရခက်တယ် ကြည့်ရတာ သူက အဝေးကနေ တိုက်ခိုက်တတ်တဲ့ သူမို့ အကွာအဝေးကို ထိန်းသိမ်းထားချင်တာလို့ပဲ ယူဆရတယ် ပုံ...စာရေးသူ)

All Chapters