← Chapters

ရန်သူများ

Vol. 6 Ch. 504

ရန်သူများ

Vol. 6 Ch. 504

"ချန်းပေ့ရွှမ်း …"

ကောနွမ်နွမ် အပါအဝင် လူငယ်များသည် ထိုနာမည်အား မကြားဖူးကြချေ။ သူတို့သည် သာမန်ဘဝတွင် နေထိုင်ကြသူများ ဖြစ်ကြရာ သိုင်းပညာရှင်များ အကြောင်း ထဲထဲဝင်ဝင် မသိကြချေ။

သူတို့ အနေဖြင့် ဝိညာဉ်ဘုရင်နှင့် မီးမြွေသခင် စသည့် နာမည်များအား ကြားဖူးသည့်တိုင် ထိုပညာရှင်များသည် အရှေ့တောင်အာရှတွင် ကာလရှည်ကြာ နာမည် ကျော်ကြား နေကြသူများ ဖြစ်သည်။ ချန်းဖန်သည် ထိုပညာရှင် နှစ်ယောက်ထက် ပိုမို အစွမ်းထက် သော်လည်း အရှေ့တောင်အာရှသားတို့ အတွက် သူစိမ်း တစ်ယောက်သာ ဖြစ်သည်။

"သူ … သူက တစ်ယောက်တည်းနဲ့ နိုင်ငံ တစ်နိုင်ငံကိုတောင် အနိုင်ယူနိုင်တဲ့ သူပဲ …"

လမ့်ထုံက အထစ်ထစ် အငေါ့ငေါ့ ရေရွတ်သည်။ သူ၏ မျက်နှာတွင်မူ အံ့အားသင့်ခြင်း၊ မယုံကြည်နိုင်ခြင်းများက ပြည့်နှက်၍ နေ၏။

သူသည် ဒေါသလက်သီးဂိုဏ်းဝင် လူငယ် သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန် အကြောင်းအား အကြိမ်များစွာ သူ ကြားဖူး၏။

"သူက အစွမ်းထက်တယ်လား … ဦးလေးလမ့်နဲ့ ယှဉ်ရင်ရော ဘယ်လိုနေလဲ …"

ကောနွမ်နွမ်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

လွန်ခဲ့သည့် မိနစ်ပိုင်းကပင် ထိုကောင်လေး၏ အသက်အား ကယ်တင်နိုင်ရန် သူမ ကြိုးစားခဲ့သေးသည်။ သို့သော်လည်း ယခု မြင်တွေ့ရသည့် မြင်ကွင်း အရဆိုလျှင် သူမ၏ ကြိုးစားမှုက လိုအပ်ခဲ့ပုံ မပေါ်ချေ။

"သူကလား … ငါ့အဖေထက် အများကြီး ပိုပြီးတော့ အစွမ်းထက်တာပေါ့ … သူက ဂန္ထဝင် ပုဂ္ဂိုလ်ကြီးပဲဟာ …"

လမ့်ထုံက ပင့်သက်ရှိုက်ရင်း ဆိုလိုက်၏။

သူ၏ ဖခင် လမ့်ကျန့်ဖန်းသည် ကောင်းကင် စာအုပ် သတ်မှတ်ချက်ပင် မဝင်သေးသော သာမန် အထွတ်အထိပ် တစ်ယောက် ဖြစ်သည်။ ချန်းပေ့ရွှမ်းအား မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

"ဂန္ထဝင် ပုဂ္ဂိုလ်ကြီး …"

ကောနွမ်နွမ်နှင့် အခြား လူငယ်များက လမ့်ထုံအား နားမလည်စွာ ကြည့်လိုက်သည်။

"မင်းတို့ နဂါးခန်းမကိုတော့ သိကြတယ်မလား …"

လမ့်ထုံက အနည်းငယ် စဉ်းစားပြီးနောက် လူငယ်များအား မေးလိုက်သည်။

"အင်း …"

ကောနွမ်နွမ်နှင့် လူငယ်များက ခေါင်းညိတ်ကြသည်။

နဂါးခန်းမသည် အရှေ့တောင်အာရှရှိ တရုတ်နွယ်ဝင်များ အကြားတွင် ကျော်ကြား၏။ သူတို့က စင်္ကာပူတွင် အခြေစိုက်ကာ ပတ်ဝန်းကျင် နယ်ပယ်ဒေသ တစ်ခုလုံးအား လွှမ်းမိုးထားသည်။

ကောနွမ်နွမ်၏ ကောမိသားစုပင်လျှင် နဂါးခန်းမနှင့် နီးစပ်မှု ရှိသည်။ ကောနွမ်နွမ်၏ သက်တော်စောင့် အန်ကယ်ရှဲ့သည် နဂါးခန်းမ၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်၏။

"နဂါးခန်းမရဲ့ နဂါးသခင်ကြီးက စင်္ကာပူနိုင်ငံ ထူထောင်ရေးမှာ အဓိက နေရာက ပါဝင်ခဲ့ပြီး ဂန္ထဝင် ပုဂ္ဂိုလ်ကြီး အနေနဲ့ သတ်မှတ် ခံရတယ် … နောက် မင်းတို့ ကြားဖူးတဲ့ မဟာကဝေတို့ ဟောင်ဂိုဏ်း ဘိုးဘေးသခင် တို့ကလည်း ဂန္ထဝင် ပုဂ္ဂိုလ်ကြီးတွေ အဖြစ် ကျော်ကြားတယ် … ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်မှာ ချန်းပေ့ရွှမ်းက မဟာကဝေကို သတ်ပစ်ခဲ့တယ် … သူ့ကို ဘော်နီယို ကျွန်းပေါ်မှာ တွေ့လိမ့်ရမယ်လို့ ငါ လုံးဝ မမျှော်လင့်မိဘူး …"

လမ့်ထုံက ရှည်လျားစွာဖြင့် ရှင်းပြလိုက်၏။

" … "

သူ၏ စကားကို ကြားပြီးနောက် ကောနွမ်နွမ်နှင့် လူငယ်များစွာကား အသက်ပင် မရှူနိုင်သည်အထိ ဆွံ့အ နေမိကြတော့သည်။

နဂါးသခင်ကြီး၊ ဟောင်ဂိုဏ်း၏ ဘိုးဘေးသခင်ကြီး၊ မဟာကဝေ ... ထိုပညာရှင်ကြီးများ အားလုံးသည် လူသားတို့၏ မှတ်ဉာဏ်၌ နှစ်ပေါင်းများစွာ အကြာကပင် အမြစ်တွယ်နေသော ဂန္ထဝင် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

လွန်ခဲ့သည့် နှစ်ခြောက်ဆယ်ခန့်က နဂါးသခင်ကြီးသည် စင်္ကာပူ မြို့ပြနိုင်ငံ ထူထောင်ရာတွင် အဓိက နေရာမှ ပါဝင်ခဲ့သူ ဖြစ်၏။ စင်္ကာပူ၌ သူ၏ အခန်းကဏ္ဍက ထိပ်ဆုံး နေရာတွင် ရှိသည်။

မဟာကဝေကမူ မြန်မာ၌ အခြေစိုက်ကာ အရှေ့တောင်အာရှ တစ်ခုလုံးအား အာဏာ ဖြန့်ကြက်ထား၏။ ထို့အတူ ဟောင်ဂိုဏ်း ဘိုးဘေးသခင်၏ ကျော်ကြားမှုကလည်း မဟာကဝေနှင့် နဂါးသခင်ကြီးအောက် လျော့နည်းခြင်း မရှိချေ။

ကောနွမ်နွမ်၊ ဟွမ်ကျင်းနှင့် အခြား လူငယ်များကား အိပ်မက် မက်သလိုပင် ငေးငိုင် နေမိကြသည်။ သူတို့ကား ယခု အချိန်အထိ အမှန်တရားကို လက်မခံနိုင်သေးချေ။

ထိုအချိန်၌ ချန်းဖန်ကမူ မီးမြွေသခင်အား နွေးထွေးစွာ ပြုံးရင်းသာ ကြည့်နေခဲ့၏။

"သေချင်နေတာလား လို့ ခုနက မင်း ငါ့ကို မေးလိုက်တာလား …"

"မဟုတ် … မဟုတ် … ကျွန်တော် မှားပြောမိတာပါ … တောင်းပန်ပါတယ် … ကျွန်တော့်ကို မသတ်ပါနဲ့"

မီးမြွေသခင်က ချန်းဖန်၏ ခြေထောက် အောက်၌ တိုးလျှိုးရင်း အထစ်ထစ် အငေါ့ငေါ့ တောင်းပန်လိုက်သည်။

"ရှူး …"

ရုတ်တရက် မီးမြွေသခင် စီးလာသော မြွေကြီးက သခင်၏ အမူအရာအား နားလည်မှု လွဲမှားကာ ချန်းဖန်အား ပေါက်ချလိုက်သည်။

"ကလန့် …"

ကောနွမ်နွမ် ထိတ်လန့်စွာ ကြည့်နေချိန်မှာပင် ချန်းဖန်၏ လက်မှ အဇူရာ အလင်းတစ်ခု ပေါ်ထွက်လာကာ မြွေကြီး၏ ဦးခေါင်းကို ဖြတ်တောက်လိုက်၏။

"ဘုန်း …"

မြွေကြီး၏ ဦးခေါင်းက မြေပြင်သို့ ကျကာ လေးငါးပတ် လိမ့်၍ ရပ်တန့်သွား၏။ သူ၏ ကြီးမား ရှည်လျားသော ခန္ဓာကိုယ်မှာမူ မြေပြင်၌ တွန့်လိမ်ကာ ရုန်းကန်နေဆဲပင်။

"မင်းမြွေကို ငါသတ်ပစ်လိုက်ပြီ … မင်း ဘာပြောချင်လဲ …"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း မီးမြွေဘုရင်အား မေးလိုက်သည်။

"ဘာ … ဘာမှ မပြောချင်ပါဘူး … အဲဒီ အသုံးမကျတဲ့ တိရစ္ဆာန်က သေသင့်ပါတယ် …"

မီးမြွေသခင်ကား အမြတ်နိုးရဆုံး သားရဲအတွက် စိတ်မကောင်း ဖြစ်နေသည့်တိုင် မျက်နှာကို အတတ်နိုင်ဆုံး ချိုသာထား၏။ အသက်ထက် အရေးကြီးသော အရာလောကတွင် မရှိချေ။

"ငါ တောင်ကြားထဲကို ဝင်မလို့ … ဘယ်သူ တားချင်သေးလဲ …"

ချန်းဖန်က လူများအား တစ်ချက် ဝှေ့ကြည့်ရင်း မေးလိုက်သည်။

"ဘယ်သူမှ မတားချင်ပါဘူး ခင်ဗျာ …"

လူများက အလျင်အမြန်ပင် ပြန်ဖြေလိုက်ကြသည်။ သူတို့ကား ချန်းဖန်ကို ခေါင်းမော့၍ပင် မကြည့်ရဲကြချေ။

"ပြန်လမ်းမဲ့ တောင်ကြားထဲက ရတနာသိုက်က ကျွန်တော်တို့နဲ့ မထိုက်တန်ပါဘူး ခင်ဗျာ … တန်ခိုးရှင်လို လူမျိုးပဲ ရယူသင့်ပါတယ် …"

လမ့်ကျန့်ဖန်းက လက်သီးဆုပ်ရင်း ရိုရိုသေသေ ပြောလိုက်၏။

"ဒါဆို အထဲမှာ မြေကမ္ဘာ နတ်ဘုရားရဲ့ ရတနာသိုက် ရှိတာ မင်းတိုလည်း သိတယ်ပေါ့"

ချန်းဖန်က လမ့်ကျန့်ဖန်းအား ကြည့်ရင်း မေးလိုက်၏။

မြေကမ္ဘာ နတ်ဘုရား၏ ရတနာသိုက်ကား ထိပ်တန်း လျှို့ဝှက်ချက် တစ်ခုဖြစ်ကာာ လက်တစ်ဆုပ်စာ တန်ခိုးရှင် အဆင့်များသာ သိထားသော အရာဖြစ်သည်။ ထိုကိစ္စကို အမှောင်ကဝေ ဂိုဏ်း၏ အကြီးအကဲချုပ် ပင်လျှင် လုံးစေ့ပတ်စေ့ သိမထားချေ။

သို့သော်လည်း ယခု ပြန်လမ်းမဲ့ တောင်ကြားသို့ ရောက်လာကြသော ပညာရှင် အားလုံးသည် ရတနာသိုက် အကြောင်းအား သိနေကြပုံ ပေါ်သည်။ ထိုအရာက သာမန် မဖြစ်နိုင်ချေ။

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အဲဒီ သတင်း ထွက်လာတာပါ … ဒါကြောင့်ပဲ ကျွန်တော်တို့ အားလုံး ဒီကို စုပြီး ရောက်လာတာ …"

လမ့်ကျန့်ဖန်းက ပြန်ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက် …"

ချန်းဖန်က ခဏမျှ စဉ်းစားလိုက်၏။

"ဒါဆို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖြန့်တာ ဖြစ်ရမယ် … သူတို့က ငါ့ကို မျှားခေါ်ချင် နေတာများလား …"

ရတနာသိုက် အကြောင်းအား လက်တစ်ဆုပ်စာသော တန်ခိုးရှင် အဆင့်များသာ သိကြသည်။ လူအိုကြီးများက ရတနာသိုက် သတင်းကို အကြောင်းမဲ့ ဖြန့်မည် မဟုတ်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေကား ထိုသတင်း သူ၏ နားသို့ ရောက်ရန်ပင် ဖြစ်ရမည်။

"ဟားဟား … ချန်းပေ့ရွှမ်း မင်း ပေါ်လာပြီပေါ့ …"

ချန်းဖန် တွေးတောနေချိန်တွင်ပင် ကျယ်လောင်သော ရယ်မောသံနှင့် အတူ ကောင်းကင်မှ အဖြူရောင် မြူနှင်းများ ဆင်းသက်လာ၏။ ထိုမြူနှင်းများ၏ အလယ်တွင်မူ ဆံပင်၊ မုတ်ဆိတ်များ ဖြူဖွေးနေသော ဝတ်စုံဖြူဝတ် အဘိုးအို တစ်ယောက် ရှိနေခဲ့သည်။

"တန်ခိုးရှင် အဆင့် …"

အဘိုးအို၏ ပေါ်ထွက်လာမှုကြောင့် လူများစွာမှာ ဆွံ့အ သွားကြသည်။

ဘော်နီယို ကျွန်းပေါ်၌ တန်ခိုးရှင်အဆင့် နှစ်ယောက် ပေါ်ထွက်လာခြင်း … ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဘောနီယို ကျွန်း၏ သမိုင်းကြောင်း တစ်လျှောက်တွင် မရှိခဲ့ဖူးချေ။

"သူ … သူက ဟောင်ဂိုဏ်းရဲ့ ဘိုးဘေး သခင် … သူ အခုထိ အသက်ရှင် နေသေးတာပေါ့ …"

ဝိညာဉ်ဘုရင်က မြူနှင်းများ အကြားမှ အဘိုးအိုကို ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်၏။

"ဟောင်ဂိုဏ်း ဘိုးဘေးသခင် …"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း အဘိုးအိုအား ကြည့်လိုက်၏။ အံ့အား သင့်စွာပင် ထိုအဘိုးကြီးကား တန်ခိုးရှင် အလယ် အဆင့်၌ ရှိသည်။

"မင်းက တစ်ယောက်တည်း လာရဲတယ်ပေါ့ … ငါမင်းကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား …"

ချန်းဖန်က အနည်းငယ် ပြုံးရင်း မေးလိုက်သည်။

"ချန်းပေ့ရွှမ်း … မင်း နှင်းဝံပုလွေ ဘုရင် အိုလက်နဲ့ မဟာကဝေ တို့ကို အနိုင်ယူခဲ့တယ် ဆိုတာ ငါသိပါတယ် … နောက်ပြီး မင်းက ရဲ့ချင်စန်းနဲ့ လင်းရှု့မင်တို့ နီးနီးအထိ အစွမ်းထက်နေပြီ ဆိုတာကလည်း ငါ သိတယ် … မင်းကို တစ်ယောက်တည်း ရင်ဆိုင် ရလောက်အောင် ငါမရူးဘူးကွ …"

ဟောင်ဂိုဏ်း ဘိုးဘေးသခင်က မထီမဲ့မြင် ပြုံးရင်း ပြောလိုက်၏။

"အခြား တန်ခိုးရှင် အဆင့်တွေ လာဦးမှာလား …"

လူများစွာက ပင့်သက်ရှိုက်ရင်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်လိုက်ကြသည်။ ထိုအချိန်မှာပင် ကောင်းကင်၌ လေတိုးသံများ ထွက်ပေါ်လာ၏။

ဟူး … ဟူး … ဟူး …

လူတိုင်းက အပေါ်သို့ မော့ကြည့်လိုက်ရာ ပျံသန်းလာသော ဟယ်လီကော်ပတာ တစ်စင်းအား မြင်တွေ့ရသည်။ ရွှေရောင်ခြင်္သေ့ တံဆိပ်ပါသော ဟယ်လီကော်ပတာက ခပ်လှမ်းလှမ်း မြေပြင် တစ်နေရာ၌ ဆင်းသက်သည်။ ထို့နောက် တံခါးပွင့်လာကာ အဇူရာရောင် အင်္ကျီ ဝတ်ဆင်ထားသည့် လူတစ်ယောက် ဆင်းလာခဲ့၏။

"စင်္ကာပူ အထူးတပ်ဖွဲ့က ဟယ်လီ ကော်ပတာ … အဲ့လူက ဘယ်သူများလဲ …"

လူအများက တိတ်ဆိတ်စွာဖြင့် နောက်သို့ ဆုတ်ကာ ကြည့်ကြသည်။

"အစ်ကိုရှဲ့ … မင်း နောက်ကျတယ် …"

ဟောင်ဂိုဏ်း၏ ဘိုးဘေး သခင်က အဇူရာဝတ်စုံဝတ် လူအား လှမ်း၍ နှုတ်ဆက်လိုက်သည်။

"ဟုတ်တယ်ကွာ … မိတ်ဆွေကြီးတွေဆီ ဝင်လည်ပတ် နေတာနဲ့ နည်းနည်း နောက်ကျသွားတာ … ဒါပေမဲ့ ပွဲကြီးပွဲကောင်းတော့ မလွတ်သေးဘူး မလား …"

အဇူရာလူက ရယ်မောရင်း ပြန်ပြောလိုက်၏။

"နဂါးသခင်ကြီး ခင်ဗျာ … ကျွန်တော်က အသုံးမကျတဲ့ မျိုးဆက် ရှဲ့ကျင်းတောင်ပါ …"

ရုတ်တရက် ကောနွမ်နွမ်၏ ဘေး၌ တိတ်ဆိတ်စွာ ရပ်နေသော အန်ကယ်ရှဲ့က ကပျာကယာ ဒူးထောက်ကာ အော်ဟစ်လိုက်၏။ သူ၏ အသံက ငိုသံပင် စွက်နေခဲ့သည်။

"နဂါးသခင်ကြီးကို တွေ့ရတာ တကယ်ပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ် ခင်ဗျာ …"

"အရူးလေး … ထတော့ …"

အဇူရာလူက နွေးထွေးစွာ ပြုံးရင်း တုံ့ပြန်လိုက်သည်။

"သူက နဂါးခန်းမရဲ့ နဂါး သခင်ကြီးလား …"

လူတိုင်းကား အဇူရာလူအား ကြည့်ရင်း လုံးဝ ဆွံ့အ နေခဲ့ပြီ ဖြစ်သည်။

ဟောင်ဂိုဏ်း ဘိုးဘေးသခင်၊ ချန်းပေ့ရွှမ်းတို့နှင့် စာလျှင် နဂါး သခင်ကြီးသည် အရှေ့တောင်အာရှ၌ နာမည် ပိုမို ကျော်ကြားသူ ဖြစ်သည်။

သူကား မလေးရှားကို ဒူးထောက်စေကာ စင်္ကာပူကျွန်းအား နိုင်ငံသစ် တစ်ခုအဖြစ် ခွဲထုတ်ခဲ့သည်။ ထို့အပြင် သူ၏ နဂါးခန်းမသည်လည်း စင်္ကာပူ မြို့ပြနိုင်ငံ ထူထောင်ရာ၌ အဓိက အခန်းကဏ္ဍမှ ထောက်ပံ့ပေးခဲ့သည်။

"တန်ခိုးရှင် အလယ်အဆင့် … မင်းတို့က နောက်ဆုံး ငါ သတ်ခဲ့တဲ့ သူထက် ပိုပြီး အစွမ်းထက်သားပဲ …"

ချန်းဖန်က လက်နှစ်ဖက် နောက်ပစ်ရင်း ခေါင်းခါလိုက်သည်။

"ဒါပေမဲ့ မင်းတို့ နှစ်ယောက်ပေါင်းလည်း ငါ့ကို မနိုင်ပါဘူး …"

ထွက်ပေါ်နေသော စွမ်းအား အငွေ့အသက်များ အရ အသစ်ရောက်လာသော နဂါးသခင်ကြီးသည် ဟောင်ဂိုဏ်း ဘိုးဘေးသခင်ထက် ပိုမို အစွမ်းထက်ပုံ ရ၏။ သို့သော်လည်း သူတို့ နှစ်ယောက်စလုံးကား တန်ခိုးရှင် အဆင့် အထွတ်အထိပ်ကို ရောက်ရန် အလှမ်းဝေး နေကြဆဲ ဖြစ်သည်။

"ငါပါ ဆိုရင်ရော …"

ရုတ်တရက် ကောင်းကင်၌ ဓားအလင်းများ ဖြန့်ကြက်လာကာ ဓားလွယ်ထားသော စာပေသမား တစ်ယောက် ပေါ်ထွက်လာ၏။

"တန်ခိုးရှင် အဆင့် နောက်တစ်ယောက် …"

လူများစွာကား ထိုမြင်ကွင်းကို ကြည့်ရင်း တဆတ်ဆတ် တုန်ယင်လာကြတော့သည်။

***

All Chapters