ရန်သူများ၏ အလယ်၌
Vol. 6 Ch. 505
သူတို့ အားလုံးကား တန်ခိုးရှင် အဆင့်များ ဖြစ်ကြသည်။
ကမ္ဘာပေါ်၌ တန်ခိုးရှင် အဆင့်များ ပေါ်ထွက် မလာခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ တန်ခိုးရှင် အဆင့် လေးယောက်သည် တစ်နေရာတည်း တစ်ချိန်တည်း၌ ပေါ်ထွက်လာခဲ့သည်။ အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားပါက ကမ္ဘာ တစ်ခုလုံး ဆွံ့အ သွားကြလိမ့်မည် ဖြစ်သည်။
အရှေ့တောင် အာရှမှ ပညာရှင်များမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း တဆတ်ဆတ် တုန်ယင်နေကြပြီ ဖြစ်သည်။
"ဒါ … ဒါက တကယ့်ကို ထောင်ချောက် တစ်ခုပဲ …"
မီးမြွေသခင်က တုန်တုန်ယင်ယင် ရေရွတ်လိုက်၏။
"တကယ်ဆို ငါတို့က ငါးစာတွေပါလား … သူတို့က ချန်းပေ့ရွှမ်းကို မျှားခေါ်ဖို့ ရတနာသိုက် သတင်းကို ဖြန့်ခဲ့တာပဲ …"
ထိုအချိန်၌ ကောနွမ်နွမ်၏ ခြေလက်များမှာမူ အားအင် ကင်းမဲ့ကာ ခွေယိုင်နေခဲ့ပြီ ဖြစ်သည်။ သူမသည် မြေပြင်ပေါ်၌ ဆက်လက် ရပ်တည်ရန်ပင် မတတ်နိုင်တော့ချေ။
"သူ … သူတို့က ကောင်းကင်က ပျံပြီး ဆင်းလာတာ …"
ကောနွမ်နွမ်က အထစ်ထစ် အငေါ့ငေါ့ ရေရွတ်သည်။
ဟွမ်ကျင်းနှင့် အခြား လူငယ်များမှာမူ မြေပြင်၌ ဒူးထောက်ကာ တန်ခိုးရှင်များကို ကန်တော့ နေကြပြီ ဖြစ်သည်။ သူတို့၏ အမြင်၌ တန်ခိုးရှင်များ၏ ဖြစ်တည်မှုက နတ်ဘုရားများနှင့် မခြားနားပေ။
"မင်းက လင်းရှု့မင်လား …"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း စာပေသမားကို ကြည့်လိုက်၏။
ထိုစာပေသမားသည် တရုတ်၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်း ချန်းဖန် ယုံကြည်ရန် ခက်ခဲနေသည်။ ခံစားရသော စွမ်းအင်လှိုင်းများ အရဆိုလျှင် ထိုစာပေသမားသည် တန်ခိုးရှင်အဆင့် အစောပိုင်းကိုသာ ရောက်သေး၏။ သူ၏ အဆင့်က နဂါးသခင်ကြီး၊ ဟောင်ဂိုဏ်း ဘိုးဘေးသခင်တို့ကိုပင် မှီခြင်း မရှိသေးချေ။
"မင်းကို သတ်ဖို့အတွက် သူကိုယ်တိုင် လာစရာ မလိုပါဘူး … မင်း မပြောနဲ့ … ရဲ့ချင်စန်းတောင် ငါတို့ မိသားစု သခင်ကြီးရဲ့ ပြိုင်ဘက် မဟုတ်ဘူး …"
စာပေသမားက မာနကြီးစွာ ပြော၏။
"ငါနဲ့ ငါ့ရဲ့ဓားကတင် မင်းကို သတ်ဖို့ လုံလောက်နေပြီ …"
"သူက လင်းရှု့မင် မဟုတ်ဘူးလား …"
လူများစွာသည် စာပေသမားအား ကြည့်ကာ ဆွံ့အ သွားမိပြန်သည်။ ဤသို့ဆိုလျှင် စာပေသမားသည် လင်းမိသားစု၏ အခြား တန်ခိုးရှင် အဆင့် တစ်ယောက် ဖြစ်ရမည်။
ဟောင်ဂိုဏ်းနှင့် နဂါးခန်းမ တို့တွင် တန်ခိုးရှင် တစ်ယောက်စီ ရှိသည်။ ထိုအရာကပင် နယ်ပယ် ဒေသတစ်ခုကို လွှမ်းမိုးရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော်လည်း လင်းမိသားစုတွင်မူ တန်ခိုးရှင် အဆင့် နှစ်ယောက် ရှိနေခဲ့၏။ တန်ခိုးရှင် အရေအတွက်က ထိုထက်ပင် ပိုမို နေနိုင်သေးသည်။ ရဲ့ချင်စန်းပင်လျှင် လင်းမိသားစုကို တရုတ်မှ ရှင်းလင်း မပစ်နိုင်ခဲ့ခြင်းကား အံ့အားသင့်စရာ မရှိတော့ချေ။
"ဓားသယ်ဆောင်သူ … မင်း နောက်ကျတယ် …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က စာပေသမားအား ကြိုဆိုလိုက်၏။
"မိသားစု သခင်ကြီးကို အနှောင့်အယှက် ပေးနိုင်တဲ့ အမှိုက်တချို့ကို သွားပြီး ရှင်းလင်း နေလို့ပါ …"
စာပေသမားက ပေါ့ပေါ့ပါးပါး ဆိုသည်။ ထို့နောက် သူက ချန်းဖန်ဘက်သို့ လှည့်ရင်း ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။
"ချန်းပေ့ရွှမ်း … မြေကမ္ဘာ နတ်ဘုရားရဲ့ ရတနာက အထဲမှာ တကယ်ရှိတယ် … မင်း ဟောင်ဂိုဏ်း လင်းမိသားစု နဲ့ နဂါးခန်းမတို့ကို ဘယ်တော့မှ မထိတော့ဘူးလို့ ကျိန်ရင် ငါတို့ မင်းကို အသက်ရှင်ခွင့် ပေးမယ် … မဟုတ်ရင်တော့ …"
စာပေသမားက ရက်စက်စွာ ပြုံးရင်း ဆက်ပြောလိုက်၏။
"မင်းကို သင်ခန်းစာ တစ်ခု ပေးရမှာပေါ့ …"
သူတို့ကား တန်ခိုးရှင် အဆင့်များ ဖြစ်ကြသည်။ တန်ခိုးရှင် အဆင့်များသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးပြုကာ စစ်တပ်ကြီး တစ်ခုလုံးကိုပင် အနိုင်ယူနိုင်သူများ ဖြစ်ကြသည်။ ချန်းပေ့ရွှမ်း မဆိုထားနှင့် ရဲ့ချင်စန်း ပင်လျှင် တန်ခိုးရှင် အဆင့် သုံးယောက်ပေါင်းကို အနိုင်ယူရန် ယုံကြည်ချက် ရှိလိမ့်မည် မဟုတ်ချေ။
"ချန်းပေ့ရွှမ်းတော့ ဒုက္ခပဲ … သူ ထောင်ချောက်ထဲကို ရောက်နေပြီ …"
"ဟောင်ဂိုဏ်း ဘိုးဘေးသခင် နဂါးသခင်ကြီး လင်းမိသားစုရဲ့ ဓားသမား... သူတို့တွေ အားလုံးက လွန်ခဲ့တဲ့ နှစ်ရာချီ ကတည်းက ကျော်ကြားခဲ့တဲ့ တန်ခိုးရှင်တွေ … ဓားသယ်ဆောင်သူက လင်းရှု့မင်လောက် အစွမ်း မထက်ပေမဲ့လည်း ခေသူတော့ မဟုတ်ဘူး"
များစွာသော ပညာရှင်များကား နောက်သို့ တဖြည်းဖြည်း ဆုတ်ရင်း ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်ကြသည်။
"ဟမ့် … ငါ့မြွေလေးကို သတ်တဲ့ကောင် … ခုတော့ ဘယ့်နှယ်ရှိသေးလဲ …"
မီးမြွေသခင်မှာမူ ရန်သူ ပတ်လည် ဝိုင်းနေသော ချန်းဖန်ကို ကြည့်ကာ စိတ်ထဲမှ ကြိတ်၍ အူမြူး နေခဲ့၏။
"ဟောင်ဂိုဏ်းနဲ့ လင်းမိသားစုက ငါနဲ့ရန်ငြိုး ရှိဖူးတော့ ငါ့ကို သတ်ချင်တယ်ပဲ ထားပါတော့လေ … ဒါပေမဲ့ နဂါးခန်းမက ဘာလာ လုပ်တာလဲ"
ချန်းဖန်က အဇူရာ ဝတ်စုံ ဝတ်ထားသော လူဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ငါ့ မိတ်ဆွေတွေရဲ့ တောင်းဆိုမှု ကြောင့်ပါ …"
နဂါးသခင်ကြီးက ခံစားချက်မဲ့စွာ ဆိုသည်။
"နောက်ပြီး မင်း ဘာလုပ်မယ် ဆိုတာ ဘယ်သူမှ မခန့်မှန်း နိုင်ဘူးလေ … မဟာကဝေတောင် မင်းကြောင့် သေသွားပြီ ဆိုတော့ တစ်နေ့မှာ ငါတို့ အလှည့် ရောက်မလာဘူးလို့ ဘယ်သူမှ အာမခံနိုင်ဘူး မလား … မင်းကို လွှတ်ပေးလိုက်ရင် ဒုတိယ ရဲ့ချင်စန်း ဖြစ်လာမှာ သေချာတယ်"
"အင်း … ဒါပေါ့ …"
ချန်းဖန်က သဘောကျစွာ ပြုံးလိုက်သည်။ ထို့နောက် သူက အကြောက်အလန့် ကင်းမဲ့စွာပင် မေးလိုက်သည်။
"ဒါနဲ့ မင်းတို့ သုံးယောက်က ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေကြတာလား … သေချာ ပြန်စဥ်းစားဦးနော် …"
သူ၏ စကားက ရန်သူများအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ၏။
"ဟမ့် … မဖြစ်နိုင်တာ …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က နှာခေါင်းရှုံ့လိုက်သည်။
"မင်းက ကိုယ်ပြောနေတဲ့ စကားကိုရော ကိုယ်သိရဲ့လား …"
နဂါးသခင်ကြီးက ခေါင်းခါသည်။
"ငါ့ဓားကို မင်းသွေးနဲ့ ဆေးပစ်မယ်ကွ …"
စာပေသမားက အော်ဟစ်ရင်း ဓားအား ဝှေ့ယမ်းလိုက်၏။
ရုတ်တရက် ကောင်းကင်၌ ဓားလှိုင်းများ ဖြစ်ပေါ်လာကာ တောင်ကြား တစ်ခုလုံးသို့ ဖြန့်ကြက်သည်။ ထိုဓားလှိုင်းများ အောက်၌ ဝိညာဉ်ဘုရင်၏ အဖြူရောင် ကျားက အော်ဟစ်ပြီး နောက်သို့ ဆုတ်သည်။
"နောက်ကို ဆုတ်ကြဟေ့ …"
ပညာရှင်များက အချင်းချင်း အော်ဟစ် သတိပေးရင်း နောက်သို့ ဆုတ်လိုက်ကြ၏။
"ဒီကနေ ထွက်ကြရအောင် … မဟုတ်ရင် တန်ခိုးရှင်တွေရဲ့ တိုက်ပွဲကြားမှာ မြေစာပင် ဖြစ်သွားလိမ့်မယ် …"
လမ့်ကျန့်ဖန်းက ကျယ်လောင်စွာ အော်ဟစ်ရင်း လူငယ်များအား နှိုးဆော်လိုက်သည်။ သူ၏ စကားကြောင့် ငေးငိုင်နေသော လူငယ်များမှာ သတိဝင်လာကာ တောင်ကြားနှင့် ဝေးရာသို့ ပြေးကြသည်။
"ဦးလေးလမ့် … သူ အဆင်ပြေပါ့ မလား …"
ကောနွမ်နွမ်က ပြေးလွှားရင်းမှ ချန်းဖန်ထံသို့ နောက်ပြန် လှမ်းကြည့်ရင်း မေးလိုက်သည်။
လမ့်ကျန့်ဖန်းက ခဏမျှ စဉ်းစားရင်း ခေါင်းခါလိုက်သည်။
"ချန်းပေ့ရွှမ်း ဘယ်လောက် အစွမ်းထက်ထက် တန်ခိုးရှင် သုံးယောက်ကိုတော့ ရင်ဆိုင်နိုင်မယ် မထင်ဘူး … တရုတ်ရဲ့ အစွမ်း အထက်ဆုံး လင်းရှု့မင်တောင် ဒီလို အင်အားစုမျိုးကို နိုင်မှာ မဟုတ်ဘူး …"
လမ့်ကျန့်ဖန်း၏ စကားကြောင့် ကောနွမ်နွမ်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက် လာခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ အခြေအနေမျိုး၌ သူမ ကူညီနိုင်သော အရာ မရှိချေ။
"ဆက်ပြီး အသက်ရှင်နေပါ …"
ကောနွမ်နွမ်က သက်ပြင်း တစ်ချက်ချရင်း လမ့်ကျန့်ဖန်း ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါသွားတော့သည်။
"သူတို့နဲ့ အတူ လိုက်သွားလိုက်ပါ … ပြီးတာနဲ့ ငါ မင်းကို လာရှာမယ် …"
ချန်းဖန်က ယူကီရှီရိုဆာကို ကြည့်ရင်း နူးညံ့စွာ ပြောလိုက်၏။
"ဟုတ်ကဲ့ … ဆရာ"
ယူကီရှီရိုဆာက ခေါင်းညိတ်ရင်း ပေါ့ပေါ့ပါးပါးပင် ထွက်ခွာသွား၏။ သူမ၏ စိတ်တွင်မူ ချန်းဖန် အနိုင်ရလိမ့်မည် ဖြစ်ကြောင်း ကျိန်းသေ ယုံကြည်နေခဲ့သည်။
တန်ခိုးရှင် အဆင့်များသည် သူမအား သတိထား မိကြသည့်တိုင် တားဆီးခြင်း မရှိကြချေ။ သူတို့ အနေဖြင့် ကောင်မလေး တစ်ယောက်၏ သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ပေ။
"မိန်းကလေးရဲ့ ဓားတန်ခိုးရှင် လမ်းစဉ်က တကယ် ခိုင်မာတာပဲ … သူက တစ်နေ့ကျရင် တန်ခိုးရှင် ဖြစ်လာမှာ သေချာတယ်"
စာပေသမားက တဖြည်းဖြည်း ဝေးကွာသွားသော ယူကီရှီရိုဆာကို ကြည့်၍ ရေရွတ်လိုက်သည်။
သာမန်လူများ လွတ်ကင်းရာသို့ ရောက်သွားသည်နှင့် တန်ခိုးရှင် သုံးယောက်က တန်ခိုးရှင် အဆင့်၏ အရှိန်အဝါများအား ဖြန့်ကြက်လိုက်ကြ၏။ ထို့နောက် ကောင်းကင်သို့ ပျံတက်ကာ မုန်တိုင်းအား ဖန်တီးသည်။
မုန်တိုင်း ဖြစ်ပေါ်လာသည်တွင် တန်ခိုးရှင်များက မူလ အမြုတေ စွမ်းအားများကို ထုတ်လွှတ်သည်။ ထိုစွမ်းအားများက သိမ်မွေ့စွာ စီးဆင်းရင်း မုန်တိုင်းနှင့် တန်ခိုးရှင်များ အကြား ချိတ်ဆက်သည်။ ထို့နောက် သူတို့ သုံးယောက်က တူညီသော အကွာအဝေး၌ ပျံသန်းရင်း ချန်းဖန်အား ဗဟိုပြုသည်။ ချန်းဖန်ကမူ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်း ဖိနှိပ်မှုများ အကြား တည်ငြိမ်စွာပင် ရပ်နေသေး၏။ တန်ခိုးရှင် သုံးယောက်၏ အရှိန်အဝါက သူ့အား အနည်းငယ်ပင် ထိခိုက်စေပုံ မရချေ။
"ချန်းပေ့ရွှမ်း … မင်း ဂုဏ်ယူသင့်တယ် … မင်းက ငါတို့ သုံးယောက်ပေါင်းပြီး တိုက်ခိုက်ရတဲ့ ဒုတိယမြောက် ပုဂ္ဂိုလ်ပဲ"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က မာနကြီးစွာ ဆိုသည်။
"ဟုတ်လား …"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အေးစက်စွာ ပြုံးလိုက်၏။
"ဒါဆို ပထမ တစ်ယောက် မလုပ်နိုင်ခဲ့တဲ့ အလုပ်ကို အဆုံးသတ်ပေးဖို့ မင်းတို့ကို ငါသတ်ရမှာပေါ့"
တန်ခိုးရှင် အဆင့် သုံးယောက်၏ ဝန်းရံမှု အောက်၌ အသက်ကား အစိုးမရပေ။ လှုပ်ရှားမှု တစ်ခု မှားယွင်းခြင်းကပင် သတ်ဖြတ် ခံရနိုင်သည် အထိ တန်ဖိုးကြီးလွန်းသည်။ ယခုကဲ့သို့ အခြေအနေမျိုး၌ တန်ခိုးရှင် အထွတ်အထိပ် အဆင့်ပင်လျှင် လက်လွတ်စပယ် ပြုမူရဲမည် မဟုတ်ချေ။
သို့သော်လည်း ချန်းဖန်က ပေါ့ပေါ့တန်တန်ပင် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ သူကား ကျောနောက်၌ ပစ်ထားသည့် လက်နှစ်ဖက်ကိုပင် မဖြုတ်သေးချေ။
"ဟမ် …"
ချန်းဖန်၏ ခြေထောက်က မြေမြင်သို့ ထိသည်နှင့် တန်ခိုးရှင် အဆင့် သုံးယောက်လုံး၏ မျက်နှာက အရောင်ပြောင်းသွားသည်။ ချန်းဖန် ခြေချလိုက်သော နေရာကား သူတို့ ဖန်တီးထားသော မုန်တိုင်း၏ အားအနည်းဆုံး နေရာ ဖြစ်သည်။
"ဘုန်း …"
ခြေချပြီးသည်နှင့် ချန်းဖန်၏ ကိုယ်ပေါ်၌ စုပုံကျနေသော ဖိအားများ လျော့နည်းသွားကာ တန်ခိုးရှင် သုံးယောက်ကိုပင် ပြန်လည် ဖိအားပေးသည်။
"မြန်မြန် … သူ့ကို တားရအောင်"
စာပေသမားက မုန်တိုင်းအား ထိန်းချုပ်ရင်း အော်ဟစ်လိုက်၏။
"ဘုန်း …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က စတင် လှုပ်ရှားကာ လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်၏။
ရုတ်တရက်ပင် ကောင်းကင်၌ လက်ဝါး သဏ္ဌာန် မြူနှင်းထု တစ်ခု ပေါ်လာ၏။ ထိုမြူနှင်း လက်ဝါးက ပထမ၌ တစ်ဆယ် စင်တီမီတာ လောက်သာ ရှိသော်လည်း တစ်ခဏချင်းပင် မီတာ ဒါဇင်ချီအောင် ကြီးထွားလာခဲ့သည်။
"တိမ်တိုက် လက်ဝါး …"
တိမ်တိုက်လက်ဝါးကား ဟောင်ဂိုဏ်း၏ နာမည်ကျော် တိုက်ခိုက်ရေး နည်းစနစ် တစ်ခု ဖြစ်သည်။ ကောလာဟာလများ အရ ဟောင်ဂိုဏ်း၏ ဘိုးဘေး တစ်ဦးသည် တောင်ကို ဖြိုရန် တိမ်တိုက်လက်ဝါးအား အသုံးပြုဖူးသည် ဟု ဆိုကြသည်။
"ဟင်း …"
အဇူရာ ဝတ်စုံဝတ် လူက သက်ပြင်း တစ်ချက်ချရင်း ကျောက်စိမ်း ပလွေ တစ်ခုအား ထုတ်ယူလိုက်သည်။ သူက ထိုပလွေအား မှုတ်လိုက်ရာ စူးရှသော သံစဉ်နှင့် အတူ မရေမတွက်နိုင်သော ဓားများ ဖြစ်ပေါ်လာ၏။
ထိုဓားများက ပလွေ၏ သံစဉ်အတိုင်း လိုက်ပါ ကခုန်ရင်း ချန်းဖန်ထံ ဘက်ပေါင်းစုံမှ တိုးဝင်သည်။ ထိုအရာကား နဂါးသခင်ကြီး၏ နာမည်ကျော် အသံလှိုင်း တိုက်ခိုက်မှုပင် ဖြစ်၏။
"ကလန့် …"
လင်းမိသားစု၏ ဓားသယ်ဆောင်သူက ကျောမှ ဓားကို ဖြုတ်ကာ တစ်ချက် ခုတ်ထစ် လိုက်၏။ ရုတ်တရက် ဓားထံမှ ထက်မြက်သော အလင်းတစ်ခု ထွက်ပေါ်လာကာ ချန်းဖန်ထံသို့ ပျံသန်းသည်။
"ဘုန်း …"
မျက်တောင် တစ်ခတ်စာမျှ အချိန် အတွင်းမှာပင် တန်ခိုးရှင် အဆင့် သုံးယောက်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကား ချန်းဖန်ဆီသို့ ဘက်ပေါင်းစုံမှ တိုးဝင် သွားခဲ့ပြီ ဖြစ်သည်။
***