တစ်ကွက် အတွင်း
Vol. 6 Ch. 506
တန်ခိုးရှင် အဆင့် သုံးယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြ၏။ သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုက ကမ္ဘာကို ဖြိုဖျက်နိုင်သည် အထိ အင်အားကြီးသည်။
ထိုအချိန်၌ အဝေးမှ ကြည့်နေသော ပညာရှင်များကား အသက်ပင် မရှူနိုင်အောင် ဖြစ်နေကြသည်။ တန်ခိုးရှင် အဆင့်များ၏ တိုက်ပွဲကား အလွန် မြင်ရခဲသည်။ ယခုကဲ့သို့ တန်ခိုးရှင် လေးယောက်၏ တိုက်ပွဲမျိုး ဆိုလျှင် သူတို့ စိတ်ကူးပင် မယဉ်ခဲ့ဖူးသော အရာ ဖြစ်သည်။
"ဒါ … ဒါက တန်ခိုးရှင်တွေရဲ့ စွမ်းအားလား …"
သရဲအဘွားအိုက တုန်တုန်ယင်ယင် ရေရွတ်လိုက်၏။
"ဟမ့် … သူတို့က အစစ်အမှန် တန်ခိုးရှင်ကြီးတွေကို မမီသေးပါဘူး … လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ဆို သူတို့ သုံးယောက်စလုံးက နတ်ဘုရား သတ်မှတ်ချက်ဝင် ထိပ်ဆုံး ဆယ်ယောက် စာရင်းတောင် မဝင်ခဲ့ဘူး …"
ဝိညာဉ်ဘုရင်က နှာခေါင်းရှုံ့သည်။ သို့သော်လည်း သူ၏ မျက်လုံးများတွင်မူ အားကျမှုများက အထင်းသားပင်။
"ဘုန်း …"
ထိုအချိန်၌ တိမ်တိုက် လက်ဝါးကြီးမှာ ပိုမို ကြီးမားလာနေပြီ ဖြစ်သလို အသံလှိုင်းများနှင့် ဓားအလင်းသည်လည်း ချန်းဖန်နှင့် ပိုမို နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။
"ဘုန်း …"
ရုတ်တရက် ချန်းဖန်က လက်သီးတစ်ချက်ကို ပျင်းရိပျင်းတွဲ ပစ်လွှတ်လိုက်၏။ ထိုလက်သီးက အစစ်အမှန်ချီကို သယ်ဆောင်ကာ ဓားပျံအား တားဆီးသည်။
"ဘုန်း …"
ချန်းဖန်၏ လက်သီးက အားရှိပုံ မရသော်လည်း ဓားအလင်း၏ အားအနည်းဆုံး နေရာသို့ တည့်မှန်စွာ ကျသည်။ ထိုလက်သီးချက် တွင်ပင် ဓားအလင်းသည် အပိုင်းပိုင်း၊ အစစ ပြန့်ကျဲကာ ပျောက်ကွယ်ရ၏။
"မင်းရဲ့ ဓားပညာက ဘယ်က သင်လာတာလဲ … အားနည်းလိုက်တာ …"
ချန်းဖန်က ပျင်းရိစွာ ခေါင်းခါရင်း ပြောလိုက်၏။
ထိုအချိန်၌ စာပေသမားမှာမူ မျက်မှောင်ကြုတ် နေခဲ့ပြီ ဖြစ်သည်။ သူကား သူ၏ အစွမ်း အထက်ဆုံး သိုင်းကွက် တစ်ကွက်ကို သုံးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရန်သူက သူ၏ အားနည်းချက်ကို အသာအယာပင် ချိုးနှိမ်နိုင်ခဲ့သည်။ သူ၏ ဆရာပင်လျှင် ထိုသို့ ပြုလုပ်နိုင်ရန် လွယ်ကူမည် မဟုတ်ပေ။
ချန်းပေ့ရွှမ်းက မည်မျှအထိ အစွမ်းထက် နေသနည်း။ သူက မည်သို့သော ကျင့်စဉ်မျိုးကို ကျင့်ကြံထားသနည်း။ စာပေသမား၏ စိတ်နှလုံးကား တည်ငြိမ်မှု မရှိတော့ချေ။
ဓားအလင်းအား ချေဖျက်ပြီးသည်နှင့် ချန်းဖန်က လက်ချောင်းနှစ်ချောင်း ပူးကာ လေထုကို ဆွဲခွဲလိုက်သည်။
"ဘုန်း …"
ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ သုံးမီတာခန့် ရှည်သော ဓားအလင်းတစ်ခု ကောင်းကင်၌ ဖြစ်ပေါ်လာ၏။ ဓားအလင်းက ကောင်းကင်၌ ထောင်လိုက် ရွေ့လျားကာ အိမ်တစ်လုံးစာခန့် ရှိနေပြီ ဖြစ်သော တိမ်တိုက် လက်ဝါးအား ခုတ်ထစ်သည်။
"ဘုန်း …"
ဓား၏ ခုတ်ထစ်မှုတွင် တိမ်တိုက် လက်ဝါး နှစ်ပိုင်းပြတ်ကာ ပေါက်ကွဲ၏။ လက်ဝါးထဲ၌ စုစည်းနေသော တိမ်တိုက်အသွင် စွမ်းအားများကား လှိုင်းများအဖြစ် အရပ် ရှစ်မျက်နှာသို့ ပျံ့နှံ့ကာ ကောင်းကင်နှင့် မြေကြီးကိုပင် တိုက်စားသည်။
တိမ်တိုက်လက်ဝါးအား ဖျက်ဆီးပြီးနောက် ချန်းဖန်က လေကို ဝဝရှူကာ အော်ဟစ်လိုက်၏။
"အား …"
ထိုအသံကြီးက မိုးကြိုးအလား ပေါ်ထွက်လာကာ လှိုင်းများ ကဲ့သို့ ပျံ့နှံ့သည်။ အသံက လေထု အတွင်းရှိ ရေငွေ့များကိုပင် အေးခဲကာ ရေအဖြစ် ပြောင်းလဲပစ်သည်။
ဘုန်း … ဘုန်း … ဘုန်း …
ပလွေ သံစဉ်ဖြင့် ဖန်တီးထားသော ဓားများကား အသံလှိုင်း၏ တိုက်စားမှုတွင် ပေါက်ကွဲကာ ပျက်စီးသည်။ သူတို့ကား ချန်းဖန်၏ ခုခံမှုအောက်၌ တိုဟူးများ အလား ပျော့ပျောင်းလွန်းသည်။
"စိတ်ဝင်စားစရာပဲ … မင်း မဆိုးဘူး …"
ချန်းဖန်က အဇူရာ ဝတ်စုံနှင့် လူဘက်သို့ လှည့်ကာ ခေါင်းညိတ် အသိအမှတ် ပြုလိုက်၏။
ဘေးကင်းရာမှ ကြည့်နေသော ပညာရှင်များမှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေကြပြီ ဖြစ်သည်။
ချန်းဖန်သည် တန်ခိုးရှင် အဆင့် သုံးယောက်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ရိုးရှင်းသော လှုပ်ရှားမှု သုံးခုဖြင့်သာ ချေဖျက် ပြခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရန်မှာ ပြိုင်ဘက်ထက် အဆင့်များစွာ သာလွန်နေမှ ဖြစ်နိုင်သည်။
"ချန်းပေ့ရွှမ်းက ဘာလို့ ခုလောက်တောင် အစွမ်းထက်နေတာလဲ … သူက တန်ခိုးရှင် အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလား …"
ဝိညာဥ်ဘုရင်၏ စိတ်က ကဆုန်ပြေးကာ တဒိန်းဒိန်း ခုန်နေခဲ့သည်။ ချန်းပေ့ရွှမ်းအား မစော်ကားမိသည်မှာ ကံကောင်းလွန်းသည်။
လမ့်ကျန့်ဖန်း၏ အမှန်တရားလေးပါး အကာအကွယ်အလင်း အတွင်း၌ ရှိနေသော ကောနွမ်နွမ်တို့ တစ်စုမှာမူ ကြောက်မက်ဖွယ် မြင်ကွင်းများကြောင့် ကြောင်တောင်တောင်ပင် ဖြစ်နေကြပြီ ဖြစ်သည်။ ထိုအတွေ့အကြုံက သူမတို့၏ အတွေးအခေါ်၊ ခံယူချက် တို့ကို အနည်းနှင့်အများ ပြောင်းလဲ စေလိမ့်မည်။
ထိုအချိန်၌ ပြန်လမ်းမဲ့ တောင်ကြား အပြင်ဘက်တွင် ရှိသော ဟောင်ဂိုဏ်း ဘိုးဘေးသခင်၊ နဂါးသခင်ကြီးနှင့် ဓားသယ်ဆောင်သူ တို့မှာမူ အခက်တွေ့နေကြပြီ ဖြစ်သည်။
ပူးပေါင်း တိုက်ခိုက်မှုတွင် ချန်းပေ့ရွှမ်းအား ဖိနှိပ်နိုင်မည်ဟု မူလက သူတို့ ယူဆ ထားခဲ့ကြသည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက ချန်းပေ့ရွှမ်းအား ချွေးပင် ပြန်စေခဲ့ပုံ မပေါ်ချေ။
"ချန်းပေ့ရွှမ်း … ငါတို့ မင်းကို အထင်သေး မိတာပဲ … မင်းရဲ့ စွမ်းအားက ရဲ့ချင်စန်းနဲ့ မကွာတော့ဘူးလို့ ငါထင်တယ် …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က လေးလံစွာ ဆိုလိုက်သည်။
သို့သော်လည်း ချန်းဖန်ကမူ သူ့အား စကား ပြန်ပြောရန် ဆန္ဒ မရှိချေ။ သူ့တွင် နုံချာသော လူများအတွက် ဖြုန်းတီးရန် အချိန် မရှိချေ။
ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း လျှပ်စီးများအား ဆင့်ခေါ်လိုက်၏။
"ဘုန်း …"
မိုးချုန်းသံများနှင့် အတူ မရေမတွက် နိုင်သော လျှပ်စီးစွမ်းအားများ ပြန်လမ်းမဲ့ တောင်ကြား အနီး၌ ရုန်းထလာ၏။ ထိုလျှပ်စီးများက ကောင်းကင်ရှိ တိမ်စိုင်မည်းများ၌ ပုန်းကွယ်ကာ မုန်တိုင်း တစ်ခုကို ဖန်တီးသည်။
ထိုအချိန်၌ ချန်းဖန်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်မူ လျှပ်စီး စွမ်းအားများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူ၏ လက်ချောင်းများသည် လျှပ်စီး၏ အရောင်ဟပ်မှုတွင် အပြာရောင် သန်းနေပြီ ဖြစ်သလို သူ၏ မျက်လုံးများသည်လည်း လျှပ်စီး အလင်းများဖြင့် တောက်ပ နေခဲ့ပြီ ဖြစ်သည်။
"သတိထားကြ …"
နဂါးသခင်ကြီး၏ ပောာ်ဟစ်သံနှင့် အတူ တန်ခိုးရှင် သုံးယောက်သည် သတိ အနေအထားသို့ ပြောင်းလဲသွား၏။
တိုက်ပွဲကား နောက်ပြန်လှည့်၍ ရတော့မည် မဟုတ်ချေ။ ချန်းပေ့ရွှမ်း သေလျှင်သေ မသေလျှင် သူတို့ သုံးယောက်သေမှ ပြီးဆုံးမည့် ပုံစံ ရှိသည်။
"သူက အရမ်း အစွမ်းထက်တဲ့ အစီအရင် တစ်ခု ခင်းကျင်းနေတာ ဖြစ်မယ် … သူ ပြီးတဲ့အထိ စောင့်မနေကြနဲ့ …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က အော်ဟစ် သတိပေးရင်း စတင် လှုပ်ရှားလိုက်၏။
"ဘုန်း …"
ရုတ်ခြည်းပင် သူ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင် ခုနစ်ခု အဖြစ် ကွဲကာ ချန်းဖန်ထံသို့ ဘက်ပေါင်းစုံမှ တိုးဝင်သွားသည်။
ထိုပုံရိပ်ယောင် ခုနစ်ခုက ရှင်းရီ လက်သီးသိုင်း၊ ရှစ်ထောင့် လက်သီးသိုင်း၊ ထိုက်ကျိ လက်သီးသိုင်း … အစရှိသဖြင့် လက်သီးသိုင်း ခုနစ်ခုကို သီးခြား အသုံးပြုကြသည်။ ပုံရိပ်ယောင် တစ်ခုချင်းစီတွင် အထွတ်အထိပ် ထိပ်ဆုံးအဆင့် ပညာရှင် တစ်ယောက်ထက်ပင် ပိုမို အစွမ်းထက်သော စွမ်းအားများ ကိန်းဝပ်နေ၏။
"ဘုန်း …."
ချန်းဖန်နှင့် ဆယ့်ငါးမီတာခန့် အကွာသို့ ရောက်သည်နှင့် ပုံရိပ်ယောင် ခုနစ်ခုက ပေါင်းစပ်ကာ လက်သီး တိုက်ကွက် တစ်ခု ဖြစ်ပေါ်လာသည်။ ထိုလက်သီးက ကျောက်ဖြူရောင် ရှိကာ လောက၏ အညစ်အကြေး ကင်းစင်နေ၏။
"ဘုန်း …"
လက်သီးက တောင်တစ်လုံး၏ အားအင်ကို သယ်ဆောင်ရင်း ကောင်းကင်မှ ချန်းဖန် အပေါ်သို့ ကျသည်။
"တိမ်ပုံရိပ်ယောင် တစ်ထောင် …"
ဟောင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး နည်းစနစ်များ၌ သိုင်းပညာ ကျင့်စဉ် သုံးဆယ့်ခြောက်ခုကို ပေါင်းစပ်ထားသော တိမ်ပုံရိပ်ယောင် တစ်ထောင် ကျင့်စဉ်လည်း အပါအဝင် ဖြစ်သည်။ တစ်ချိန်က ဟောင်ဂိုဏ်း တည်ထောင်သူသည် မဟာကဝေနှင့် တိုက်ခိုက်ရာတွင် ထိုနည်းစနစ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
"ဝူး …"
နဂါးသခင်ကြီးကလည်း ပလွေအား သံစဉ် တစ်မျိုးပြောင်း၍ မှုတ်လိုက်၏။
ရုတ်တရက် စူးရှ ကြမ်းတမ်းသော သံစဉ် ထွက်ပေါ်လာသည်နှင့် အတူ ငါးမီတာခန့် ရှည်သော အသံဓားများ နေရာအနှံ့ ထွက်ပေါ်လာသည်။ ထိုဓားများကား ထက်ရှသော စွမ်းအားကို သယ်ဆောင်ထားရာ သံချပ်ကာ ကားကိုပင် နှစ်ပိုင်း ပိုင်းပစ်နိုင်လိမ့်မည် ဖြစ်သည်။
"ဝူး...ဝူး …"
ကြမ်းတမ်း ခက်ထန်သော သံစဉ်၏ ထိန်းချုပ်မှုတွင် အသံဓားများသည် ချန်းဖန်ထံသို့ တိုးဝင်သွား၏။ သူတို့၏ ဖြတ်သန်းမှုတွင် လေထုပင်လျှင် မီးတောက်လောင် နေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်၌ ဓားသယ်ဆောင်သူ၏ မျက်လုံးများကား အနီရောင် သန်းနေခဲ့ပြီ ဖြစ်သလို မျက်လုံးများသည်လည်း စွမ်းအင်၏ နှိုးဆွမှုဖြင့် တလက်လက် တောက်ပနေခဲ့ပြီ ဖြစ်သည်။ သူက ဓားအား လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဦးခေါင်းထက်သို့ မြှောက်၍ ခက်ထန် ကြမ်းတမ်းစွာ ခုတ်ဖြတ်လိုက်၏။
"ဘုန်း …"
ထွက်ပေါ်လာသော အလင်းက မျက်စိကွယ် လောက်အောင်ပင် တောက်ပသည်။ ထိုဓားအလင်းသည် လေးမီတာခန့် ရှည်လျားကာ အေးစက်သော အရှိန်အဝါအား တောင်ကြား တစ်ခုလုံးသို့ ဖြန့်ကြက်သည်။
"လင်းမိသားစု ဓားကကြိုး ကျင့်စဉ် … ရေကူးနေသော နဂါးဓား …"
ထိုတိုက်ခိုက်မှုကား ပထမ တိုက်ခိုက်မှုထက် ပိုမို ပြင်းထန်၏။ ထိုဓားက တောင်ကြား တစ်ခုလုံးရှိ ချီစွမ်းအင်များနှင့် ချိတ်ဆက်ကာ ရန်သူအား ကြီးမားသော ဖိအားကို ပေးသည်။
သို့သော်လည်း ချန်းဖန်ကမူ သူတို့အား လှည့်၍ပင် မကြည့်ခဲ့ချေ။
သူက အေးဆေးစွာပင် လက်သင်္ကေတ တစ်ခုကို ပြုလုပ်ကာ ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် အင်အား ကြီးမားသော လျှပ်စီး အလင်းများက သူ၏ လက်တွင် စတင်၍ အလုံးသဖွယ် ဖွဲ့စည်းလာ၏။
"မိုးကြိုး တစ်သောင်း …"
ချန်းဖန်က အော်ဟစ်ရင်း လျှပ်စီး အလင်းလုံးကို လက်နှစ်ဖက်ဖြင့် မြှောက်တင်လိုက်သည်။
"ဘုန်း …"
လျှပ်စီး အလင်းလုံးက လေထဲ၌ ကွဲကြေကာ ဓားတစ်ချောင်း၏ အသွင်သို့ ပြောင်းသည်။ ထိုဓား၌ လျှပ်စီး၏ အမြုတေများ ကိန်းဝပ်နေရာ တစ်လောကလုံးရှိ လျှပ်စီးများကိုပင် အမိန့်ပေး ခိုင်းစေနိုင်စွမ်း ရှိပုံ ပေါ်သည်။
"ဘုန်း …"
ချန်းဖန်က ဓားအား ဝှေ့ယမ်းရာ ကောင်းကင်၌ မရေမတွက် နိုင်သော ပေါက်ကွဲမှုများ ပေါ်ထွက်လာ၏။ ထိုပေါက်ကွဲမှုများက တဖြည်းဖြည်း ကျယ်ပြန့်လာကာ နယ်ပယ် ဒေသတစ်ခုကို ဖုံးလွှမ်းသည်။
"ဘုန်း …"
ထိုပေါက်ကွဲမှုများ၏ အောက်၌ ကျောက်ဖြူရောင် လက်ဝါးနှင့် ဓားအလင်းတို့ ဖျက်ဆီးခံရသည့် အပြင် ဟောင်ဂိုဏ်း ဘိုးဘေးသခင်နှင့် ဓားသယ်ဆောင်သူ တို့လည်း ဒဏ်ရာရကာ နောက်ဆုတ်ရသည်။
တန်ခိုးရှင် သုံးယောက်၌ ဒဏ်ရာ မရသူ ဆို၍ နဂါးသခင်ကြီး တစ်ယောက်သာ ရှိသည်။ သို့သော်လည်း သူ၏ အသံဓားများမှာမူ ပစ်မှတ်ဆီသို့ မရောက်ခင်မှာပင် ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။
ခပ်ဝေးဝေး၌ ကြည့်နေသော ပညာရှင်များကား အသက်ပင် မရှူနိုင်လောက်အောင် ဆွံ့အ နေခဲ့ပြီ ဖြစ်သည်။
ချန်းပေ့ရွှမ်းသည် တန်ခိုးရှင် သုံးယောက်ကို တစ်ဦးတည်း တိုက်ခိုက်ကာ အနိုင်ယူခဲ့သည်။ ထိုအရာက မယုံကြည် နိုင်စရာပင်။
***