တန်ခိုးရှင် အဆင့် တစ်ယောက်ကို သတ်ဖြတ်ခြင်း
Vol. 6 Ch. 507
တန်ခိုးရှင် အဆင့်များသည် နိုင်ငံ တစ်ခုလုံးကို လွှမ်းမိုးနိုင်ကြသူများ ဖြစ်သည်။ မလေးရှားနှင့် မြန်မာတို့သည် အမေရိကန်၊ ရုရှား တို့နှင့် ယှဉ်လျှင် နိုင်ငံငယ်များသာ ဖြစ်ကြသော်လည်း လျှော့မတွက် သင့်သော အင်အားစုများ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် တန်ခိုးရှင်အဆင့် သုံးယောက်ကို အားလုံး၏ မျက်လုံးအောက်တွင်ပင် အနိုင်ယူခဲ့သည်။ ထိုအရာက လွန်ကဲလွန်းလှသည်။
"ရှက်ဖို့ ကောင်းလိုက်တာ …"
အနိုင်ရခဲ့သည့်တိုင် ချန်းဖန်က သက်ပြင်း ချကာ မိုးကြိုးဓားကို လွှတ်ချလိုက်၏။
"မိုးကြိုး တစ်သောင်း" ကျင့်စဉ်သည် ချီသန့်စင်ခြင်း အဆင့် အစီအရင်များ အနက် အစွမ်း အထက်ဆုံးများ ထဲတွင် ပါဝင်သည်။ ထိုအရာက ဘောလုံးကွင်း ခုနစ်ကွင်းစာခန့် ဧရိယာကိုပင် မိုးကြိုးများနှင့် ဖုံးလွှမ်း ပစ်နိုင်စွမ်း ရှိသည်။
"ငါသာ မူလ ဝိညာဉ်အဆင့် ဒါမှမဟုတ် ဝိညာဉ် ပင်လယ်အဆင့် နောက်ပိုင်းလောက် ရောက်နေရင် မိုးကြိုးတစ်သောင်း နည်းစနစ်နဲ့ပဲ သူတို့ကို ရှင်းပစ်လို့ ရမှာ … ဒါပေမဲ့ ငါ့ အဆင့်က အခုမှ ဝိညာဉ်ပင်လယ် အစောပိုင်း ဆိုတော့ မိုးကြိုး တစ်သောင်းရဲ့ အစစ်အမှန် စွမ်းအားကို မဖော်ထုတ် နိုင်သေးဘူး …"
ချန်းဖန်က တွေးရင်း စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။
"မိုးကြိုး ကျင့်စဉ် …"
နဂါးသခင်ကြီးက မျက်မှောင်ကြုတ်ရင်း ချန်းဖန်ကို မေးလိုက်သည်။
"မင်းက ကောင်းကင်သခင်ဂိုဏ်းရဲ့ ယောင်တောက်ရီနဲ့ သိတာလား …"
ကောင်းကင်သခင်ဂိုဏ်းသည် တရုတ်၏ ထိပ်တန်း ဂိုဏ်းတစ်ခု ဖြစ်ကာ အလွန် အစွမ်းထက်သော မိုးကြိုး တိုက်ခိုက်ရေး ကျင့်စဉ်ဖြင့် ထင်ရှား၏။ ချန်းဖန်ပင်လျှင် ကောင်းကင်သခင်ဂိုဏ်း ဆိုသော နာမည်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ကြားခဲ့ဖူးသည်။ သို့သော်လည်း ယောင်တောက်ရီ ဆိုသော နာမည်ကိုမူ သူ မသိချေ။
"ငါ သူ့ကို မသိဘူး …"
ချန်းဖန်က ခေါင်းခါလိုက်သည်။
"ဟုတ်လား …"
နဂါးသခင်ကြီး၏ ပုံစံက အံ့ဩသွားပုံ ရသည်။
မိုးကြိုး ကျင့်စဉ်သည် ကောင်းကင်သခင်ဂိုဏ်း၏ မူပိုင် ကျင့်စဉ် ဖြစ်ပြီး မျိုးဆက်ပေါင်း များစွာ လက်ဆင့်ကမ်းခဲ့သည်။ ချန်းဖန် ထုတ်ဖော်ခဲ့သော မိုးကြိုး တိုက်ခိုက်မှု စွမ်းအားသည် ယောင်တောက်ရီအောက် အားနည်းခြင်း မရှိချေ။ သို့သော်လည်း သူက ယောင်တောက်ရီကိုပင် မသိဟု ဆိုသည်။
"အချိန်ဖြုန်း မနေနဲ့ တိုက်ခိုက်ရအောင် …"
ဓားသယ်ဆောင်သူက နှုတ်ခမ်းမှ စီးကျလာသော သွေးများကို သုတ်ရင်း နောက်တစ်ကြိမ် တိုက်ခိုက်ရန် လှုံ့ဆော်လိုက်သည်။
"သူတို့မှာ ဘာလှည့်ကွက်တွေ ရှိသေးတာလဲ …"
ချန်းဖန်က တွေးရင်း စိတ်ဝင်တစား စောင့်ကြည့်လိုက်၏။
ထိုတန်ခိုးရှင်များသည် သူတို့၏ အစွန်းစွန်သော စွမ်းအားကို သုံး၍ တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်ကြောင်း သူ သိရှိသည်။ ပုံမှန်ဆိုလျှင် ယခုထက် ပို၍ ပြင်းထန်စွာ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
"သူတို့က ငါ့ကို တကယ် သတ်ချင်နေတာပဲ …"
ချန်းဖန်က တွေးနေမိသည်။ သူ့အနေဖြင့်လည်း ထိုသုံးယောက် ထွက်ပြေးရန် ကြိုးစားလျှင်ပင် အသက်ရှင်ခွင့် ပေးမည် မဟုတ်ချေ။
တန်ခိုးရှင် အဆင့်များသည် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးများ ဖြစ်သည်။ အကယ်၍ ထိုသုံးယောက်ကို လွှတ်ပေးလိုက်လျှင် သူ၏ မိသားစုဝင်များ၊ မိတ်ဆွေများကို အန္တရာယ် မပြုဟု အာမမခံနိုင်ပေ။
"ဟူး …"
ချန်းဖန်၏ အကြည့်များ အောက်တွင်ပင် တန်ခိုးရှင် သုံးယောက်က တစ်ပြိုင်နက် လှုပ်ရှားကာ စွမ်းအားများကို ချိတ်ဆက်လိုက်သည်။ သူတို့ သုံးယောက် ပေါင်စည်းထားသော အင်အားက ပူးပေါင်း တိုက်ခိုက်ခြင်းထက်ပင် သာလွန်နေ၏။
"စွမ်းအားတွေ ချိတ်ဆက်ပြီး တိုက်ခိုက်တယ်ပေါ့ …"
ချန်းဖန်က ခေါင်းခါလိုက်သည်။
"မင်းတို့ ဘယ်လို တိုက်ခိုက်ရေး စွမ်းအားတွေ ထုတ်သုံးမလဲလို့ ငါစိတ်ဝင်စားနေတာ … ဒီလို ကလေး ကစားစရာမျိုး ဖြစ်နေမယ်လို့ မထင်မိဘူး …"
မည်သို့ပင်ဆိုစေ ထိုသုံးယောက်ကား တန်ခိုးရှင် အဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ချိတ်ဆက် တိုက်ခိုက်မှုက အလွန်အမင်း ပြင်းထန်၏။ ထိုတိုက်ခိုက်မှုတွင် သာမန် တန်ခိုးရှင် အဆင့် ခြောက်ယောက်ခန့်၏ စွမ်းအားများ ပါဝင်နေသည်။
သို့သော်လည်း ချန်းဖန်တွင်မူ အဇူရာ သက်ရှည် ခန္ဓာကိုယ်၊ နတ်ဘုရား စွမ်းအားများနှင့် ဓားပျံတို့ ရှိသည်။ ထို့အပြင် သူ၏ အစစ်အမှန်ချီ သည်လည်း အခြား တန်ခိုးရှင် အဆင့်များထက် ပိုမို အစွမ်းထက်သည်။ တကယ်တမ်း တိုက်ခိုက်ကြမည် ဆိုပါက တန်ခိုးရှင် အဆင့် ဆယ်ယောက်ပေါင်းပင် ချန်းဖန်ကို အနိုင်ယူနိုင်မည် မဟုတ်ချေ။
ချန်းဖန်က အစစ်အမှန်ချီများအား ပိုမို သန်မာအောင် စုစည်းကာ အသင့်ပြင်လိုက်၏။ ထို့နောက် သူက အေးဆေးစွာပင် လက်သီးတစ်ချက်အား ထုတ်ဖော်လိုက်သည်။
"ဘုန်း …"
အစစ်အမှန် ချီများက လှိုင်းများအလား ပျံ့နှံ့ကာ လက်သီးသဏ္ဌာန် စုဖွဲ့သည်။ ထိုလက်သီးက အဇူရာ အလင်းများကို ထုတ်လွှတ်ကာ တောင်ကြား တစ်ခုလုံးကို လွှမ်းခြုံသည်။
"ဓား … လာစမ်း"
လင်းမိသားစု ဓားသယ်ဆောင်သူက ဓားအား မြှောက်ကာ ခုတ်ပိုင်းလိုက်၏။
ထိုခုတ်ချက်၏ နောက်၌ နှစ်ဆယ် မီတာခန့် ရှည်လျားသော ဓားအလင်းကို ဖြစ်ပေါ်လာ၏။ ထိုဓားအလင်းက ငွေရောင် စည်းမျဉ်းကို ချန်ရစ်ကာ ချန်းဖန်၏ အဇူရာ လက်သီးအား ပိုင်းဖြတ်သည်။
"ဘုန်း …"
ရုတ်တရက် စွမ်းအားများက ပေါက်ကွဲ၍ ရုန့်ရင်း ကြမ်းတမ်းသော လှိုင်းများအား ဖြစ်ပေါ်လာ၏။ ထိုလှိုင်းများက ဘေးရှိ ချောက်ကမ်းပါးများကို ရိုက်ခတ်ရာ မရေမတွက်နိုင်သော ကျောက်တုံးများပင် လွင့်စဉ် ကုန်တော့သည်။
ထိုပေါက်ကွဲမှုများ အလယ်၌ ချန်းဖန်၏ ခန္ဓာကိုယ်ပင် မသိမသာ တစ်ချက် တုန်ခါ သွားခဲ့၏။ သို့သော်လည်း ထိုအရာက ပြောပလောက်သော အရာ မဟုတ်ချေ။
ထိုအချိန်၌ တန်ခိုးရှင် သုံးယောက်မှာမူ ချန်းဖန်အား ကြည့်ရင်း အံ့အားသင့် နေကြပြီ ဖြစ်သည်။
"ငါတို့ရဲ့ ချိတ်ဆက် တိုက်ခိုက်မှုက တန်ခိုးရှင်အဆင့် ငါးယောက်ကိုတောင် အနိုင်ယူနိုင်တယ် … ဒါပေမဲ့ ချန်းပေ့ရွှမ်းကတော့ နောက်တောင် တစ်လှမ်း မဆုတ်လိုက်ရဘူး … ဒီက ဘာလို့ ဒီလောက်တောင် အစွမ်းထက် နေတာလဲ …"
သူတို့ တွေးတော နေစဉ်မှာပင် ချန်းဖန်၏ အသံက ထွက်ပေါ်လာခဲ့၏။
"လာစမ်း …"
ရုတ်တရက် အဇူရာ လက်သီးချီတစ်ခု ဖွဲ့စည်းလာကာ တန်ခိုးရှင် သုံးယောက်ထံ တိုးဝင်လာခဲ့သည်။ ချန်းဖန်သည် ထိုတိုက်ခိုက်မှုတွင် နာဂ အသွင်ပြောင်းလဲခြင်း၊ တောင်တန်း မြစ်ပြင် ဖြတ်တောက်ခြင်း၊ အဇူရာ သစ်သားချီဓား စသည့် နည်းစနစ်များအား ပေါင်းစည်းထားသည်။
"ဘုန်း …"
ထိုလက်သီးက တန်ခိုးရှင် သုံးယောက်၏ အနားသို့ ရောက်သည်နှင့် ပေါက်ကွဲကာ မတူညီသော တိုက်ခိုက်ရေး ပုံစံများ ဖြစ်ပေါ်လာ၏။ အချို့က လွန်စွာ ထက်ရှသော ဓားများ အသွင် ပြောင်းလဲကာ အချို့ကလည်း အဇူရာ နဂါးအသွင်ဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်သည်။
"သူက ဘယ်ဂိုဏ်းကလဲ … သူက ဘာလို့ ဒီလောက် အထိ အစွမ်းထက်တာလဲ …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က သူ့ထံသို့ တိုးဝင်လာသော ဓားအလင်းအား တိမ်တိုက် လက်ဝါးဖြင့် ပိတ်ဆို့လိုက်၏။
သို့သော်လည်း တိုက်ခိုက်မှု ဆယ့်လေးခုက တစ်ချိန်တည်းတွင်ပင် တိုးဝင်လာရာ သူ၏ ခံစစ်သည်လည်း ပျက်ယွင်းရ၏။
တစ်ဆက်တည်းပင် ချန်းဖန်က ခန္ဓာကိုယ်အား ဆန့်တန်းကာ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်ရင်း ချိပ်တံဆိပ် တစ်ခုအား ရေးဆွဲလိုက်၏။
"နေဘီး လဘီး …"
"ဘုန်း …"
ကျယ်လောင်သော ထစ်ချုန်းသံများနှင့် အတူ ပတ်ဝန်းကျင်ရှိ ချီများက အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်။ ထိုအရာများက ရုတ်ခြည်းပင် ပေါင်းစပ်ကာ ရွှေရောင် ကျီးကန်းနှင့် ငွေရောင်ယုန်တို့အား ဖြစ်ပေါ်စေသည်။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်သည် နေမင်းနှင့် လမင်းတို့အား ဆင့်ခေါ်ခဲ့သည်။ ထိုနည်းစနစ်အား တာကီမီယာဟီရိုနှင့် တိုက်ခိုက်စဉ်က ချန်းဖန် တစ်ခါ အသုံးပြုခဲ့ဖူးသည်။
"ဒါက ဘယ်လို နည်းစနစ်မျိုးလဲ …"
လမ့်ကျန့်ဖန်းက အဝေးမှ ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။
ကောနွမ်နွမ်တို့ လူငယ် တစ်သိုက်မှာမူ ပြောစရာ စကားပင် မရှိတော့ချေ။ သူတို့၏ အမြင်၌ ချန်းဖန်သည် သိုင်းပညာရှင် တစ်ယောက်ပင် မဟုတ်တော့ချေ။ သူတော်စင် တန်ခိုးရှင် နတ်ဘုရား တစ်ယောက်သာ ဖြစ်တော့၏။
"ဒါက တန်ခိုးရှင် အဆင့် တစ်ယောက်ရဲ့ အစစ်အမှန် စွမ်းအားပေါ့ …"
လမ့်ထုံက စိတ်ထဲမှ ထိတ်လန့်စွာ တွေးလိုက်သည်။
"သတိထားကြ … သူက တာကီမီယာဟီရိုကို သတ်ခဲ့တဲ့ တိုက်ကွက်ကို ဖော်ထုတ်နေတာ …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဘုန်း … ဘုန်း … ဘုန်း …
တန်ခိုးရှင် သုံးယောက်က ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားများကို ဖော်ထုတ်လိုက်ကြ၏။ ချန်းဖန်၏ တိုက်ကွက် ပြည့်စုံလာသည့် အချိန်အထိ သူတို့ စောင့်နေပါက သူတို့အတွက် သေလမ်း တစ်လမ်းသာ ရှိပေလိမ့်မည်။
ဘုန်း … ဘုန်း … ဘုန်း …
တိမ်တိုက်လက်သီး၊ ဓားအလင်းနှင့် အသံဓားများက ကြမ်းတမ်းသော စွမ်းအားကို သယ်ဆောင်ရင်း ချန်းဖန်ထံသို့ တိုးဝင်ကြ၏။ ထိုတိုက်ခိုက်မှု တစ်ခုချင်းစီက အထွတ်အထိပ်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် အင်အားကို ပိုင်ဆိုင်သည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုများကား ချန်းဖန်၏ ဘေးရှိ အလင်းနှင့် ထိတွေ့ရာတွင် အပိုင်းပိုင်း အစစ ပျက်စီးရသည်။
"နိုးထ …"
လင်းမိသားစု၏ ဓားသယ်ဆောင်သူက ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်၏။ သူ၏ မျက်နှာက နီရဲနေပြီ ဖြစ်ပြီး နက်မှောင်နေသော ဆံပင်များသည်လည်း စတင် ဖြူရော်စ ပြုလာခဲ့၏။ သူ၏ ခွန်အားက တဖြည်းဖြည်း တိုးမြင့်လာကာ တန်ခိုးရှင် အဆင့် အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။
"သွေးဓား ကျင့်စဉ် …"
ကျင့်စဉ် အသက် ဝင်လာသည်နှင့် ဓားအလင်းက တောက်ပသော အရောင်အဝါများကို ထုတ်လွှတ်ရင်း ကြီးမားလာ၏။
သုံးမီတာ …
လေးမီတာ …
ငါးမီတာ …
ဟောင်ဂိုဏ်း ဘိုးဘေး သခင်နှင့် နဂါး သခင်ကြီးတို့ကလည်း သူတို့၏ ကိုယ်ပိုင် စွမ်းအားများကို ဓားအလင်းနှင့် ပေါင်းစပ်ကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားအလင်းကား ဒေါသမာန်ဖီနေသော နဂါးတစ်ကောင်၏ အရွယ်အစား အထိ ကြီးမား လာခဲ့ပြီ ဖြစ်သည်။
"ဝေါ့ …"
ဓားသယ်ဆောင်သူက သွေးတစ်လုတ် အန်ကာ ဓားပေါ်သို့ သွန်းလောင်းလိုက်၏။
"ဘုန်း …"
ဓားအလင်းက သွေးနှင့် ငွေရောင်ကို လိမ်းခြယ်ကာ တောင်ကြားအား အုပ်မိုးသည်။
"သွားစမ်း …"
ဓားသယ်ဆောင်သူက အော်ဟစ်ကာ ဓားအား ပစ်လွှတ်လိုက်၏။
"ဘုန်း …"
မီတာ သုံးဆယ်ခန့် ရှိသော ဓားအလင်းက သွေးနဂါး တစ်ကောင်အလား ကောင်းကင်သို့ မီတာ ရာချီအောင် ပျံတက်သည်။
"နေဘီး လဘီး …"
ထိုအချိန်၌ ချန်းဖန်၏ သိုင်းကွက်သည်လည်း တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်က နေနှင့် လအား ပေါင်းစပ်ကာ ချိပ်တံဆိပ် တစ်ခု အသွင်သို့ ပြောင်းလိုက်၏။ ထိုချိပ်တံဆိပ်က ချန်းဖန်၏ ထိန်းချုပ်မှုတွင် ကောင်းကင်သို့ ပျံတက်ကာ ဓားသယ်ဆောင်သူထံသို့ တိုးဝင်သည်။
ထိုအချိန်၌ ဓားသယ်ဆောင်သူသည် ပြင်းထန်သော ဓားကွက်ကို ဖော်ထုတ်ထားရရာ အားအင် ကုန်ခန်း နေခဲ့ပြီ ဖြစ်သည်။ သူ၏ ခံစစ်သည်လည်း ယိုယွင်းနေကာ သေးငယ်သော တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိတော့ပုံ မပေါ်ချေ။
သို့သော်လည်း ဓားသယ်ဆောင်သူက ထိုအရာကို အာရုံမစိုက်ပဲ ချန်းဖန် အပေါ် ကျဆင်းနေသည့် သွေးဓားကိုသာ မမှိတ်မသုန် ကြည့်နေခဲ့၏။
"မင်း ဘယ်လို ခုခံမလဲ ကြည့်ရသေးတာပေါ့ …"
အသက်ဓာတ်များ တဖြည်းဖြည်း ခန်းခြောက်နေပြီ ဖြစ်သည့်တိုင် ဓားသယ်ဆောင်သူ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေခဲ့၏။ သူ၏ သွေးဓားက မည်မျှ ပြင်းထန်ကြောင်း သူ သိသည်။ ထိုဓားချက်မှ တန်ခိုးရှင် အထွတ်အထိပ် တစ်ယောက်ပင် လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အံ့အားသင့်စွာပင် ချန်းဖန်က ရှောင်တိမ်းရန် မကြိုးစားခဲ့ချေ။ ဓားချက်ကို ပခုံးနှင့် ခံလိုက်၏။
"ဘာလဲ … သူ ဘာလို့ မရှောင်တာလဲ …"
ဓားသယ်ဆောင်သူ၏ မျက်လုံးများ မယုံကြည် နိုင်မှုကြောင့် ဝိုင်းစက် သွားချိန်မှာပင် ချန်းဖန်၏ နေဘီးလဘီး ချိပ်တံဆိပ်က သူ၏ ရင်ဘတ်ဆီသို့ တိုးဝင်ကာ နောက်ကျောမှ ပေါက်သည်။
"ဘုန်း …"
လင်းမိသားစု၏ တန်ခိုးရှင် အဆင့် ဓားသယ်ဆောင်သူကား ချန်းပေ့ရွှမ်း၏ လက်အောက်၌ သေဆုံး သွားခဲ့ရပြီ ဖြစ်သည်။
***