တန်ခိုးရှင် အဆင့်များအား သတ်ဖြတ်ခြင်း
Vol. 6 Ch. 508
"ဘုန်း …"
ခန္ဓာကိုယ် ပျက်စီးသည်နှင့် ဓားသယ်ဆောင်သူ၏ ဝိညာဉ်က ကောင်းကင်ထက်သို့ ပျံတက်သည်။ သူ၏ မျက်နှာတွင်မူ အံ့ဩသည့် အငွေ့အသက်များက မပြယ်လွင့်သေးချေ။
"မင်း ဘာလို့ မရှောင်တာလဲ … သေမှာ မကြောက်ဘူးလား …"
ဓားသယ်ဆောင်သူ၏ ဝိညာဉ်က ချန်းဖန်အား နားမလည်စွာ ကြည့်သည်။
သူ၏ တိုက်ခိုက်မှုက ကမ္ဘာပေါ်ရှိ မည်သည့် တန်ခိုးရှင်ကို မဆို သတ်ဖြတ်နိုင်ကြောင်း သူ ယုံကြည်ချက် ရှိခဲ့သည်။ သို့သော်လည်း ချန်ပေ့ရွှမ်းက ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ချေ။
"ဘုန်း …"
သူတွေးနေစဉ်တွင်ပင် သွေးဓားအလင်းက ချန်းဖန်၏ ဘယ်ဘက် ပခုံးထက်သို့ ကျ၏။ ထိုတိုက်ခိုက်မှုက အကာအကွယ် အလင်းကို ခဏအတွင်း ချိုးဖျက်ကာ ခန္ဓာကိုယ်သို့ ဆက်လက် တိုးဝင်သည်။
"ဘုန်း …"
ဓားအလင်း ပခုံးထက်သို့ ကျရာတွင် ချန်းဖန်၏ အင်္ကျီသည်လည်း အပိုင်းပိုင်း ပျက်စီးရ၏။ သို့သော်လည်း ဓားအလင်းကား ချန်းဖန်၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်ခြင်း မရှိချေ။
"ဟူး …"
ရုတ်တရက် ဓားအလင်းက ကွယ်ပျောက်ကာ ငွေရောင် ဓားငယ်အဖြစ် ရှေ့သို့ ဆက်တိုးသည်။ ထိုဓားကား လင်းမိသားစု ဓားသယ်ဆောင်သူ၏ ဓားပင် ဖြစ်သည်။
ထိုဓားက လျှို့ဝှက် ဆန်းကြယ်သော စတီးဖြင့် ပြုလုပ်ထားကာ ငှက်မွေးများဖြင့် တန်ဆာဆင်ထား၏။ ဓား၏ အရိုးတွင်မူ "ငှက်တောင်" ဟူသော စကားလုံး နှစ်လုံးကို ရေးထိုးထားသည်။
အကယ်၍ တာအိုကျင့်ကြံသူ တစ်ယောက်သာ ထိုဓားကို မြင်ပါက "သွေးဓား ကျင့်စဉ်" ဆိုသော အမည်ကိုပါ တစ်ပါတည်း သတိရလိမ့်မည် ဖြစ်သည်။
ထိုကျင့်စဉ်သည် ဓားသန့်စင်ခြင်း ကျင့်စဉ်တစ်ခု ဖြစ်က ကျင့်ကြံသူ၏ သွေးအား စတေးရသည်။ နှစ်ပေါင်းများစွာ ကြာအောင် သန့်စင် အပြီး၌ ကျင့်ကြံသည် ဓားနှင့် တစ်သားတည်း ဖြစ်လာလိမ့်မည် ဖြစ်သည်။
သွေးဓားကျင့်စဉ် သိုင်းလောကမှ ကွယ်ပျောက် သွားသည်မှာ နှစ်ရာချီအောင် ကြာခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ လင်းမိသားစုထံ ရောက်နေမည်ဟု မည်သူမျှ မတွေးမိကြချေ။
"ဘုန်း …"
ငှက်တောင်က ချန်းဖန်၏ ပခုံးအား ခုတ်ဖြတ်လိုက်၏။ ထိုဓားတွင် တန်ခိုးရှင် အဆင့် သုံးယောက်၏ စွမ်းအားများ ပါဝင်နေရာ တောင်ကိုပင် ဖြိုဖျက်ကာ မြစ်အား ရပ်တန့်နိုင်စွမ်း ရှိသည်။
"ဘုန်း …"
ဓား၏ ကြမ်းတမ်းသော ဖိအားအောက်တွင် ချန်းဖန်၏ ခြေထောက်အောက်ရှိ မြေကြီးများ ပေါက်ကွဲကာ ကြီးမားသော တွင်းကြီးပင် ဖြစ်ပေါ်လာရသည်။
"ချန်းပေ့ရွှမ်း သေသွားပြီလား …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်နှင့် အခြားလူများက မြေပြင်ရှိ အပေါက်ကြီးအား လှမ်းမျှော်ကြည့် လိုက်ကြ၏။
ထိုတိုက်ခိုက်မှုတွင် ဓားသယ်ဆောင်သူ၏ ခန္ဓာကိုယ်ပင် ရင်းနှီးခဲ့ရသည်။ အကယ်၍ တိုက်ခိုက်မှုသာ ကျရှုံးခဲ့ရပါက သူတို့ အတွက် ဆက်လက် တိုက်ခိုက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
"ချန်းပေ့ရွှမ်း အဆင်ပြေရဲ့လား …"
ဝိညာဉ်ဘုရင်နှင့် သရဲအဘွားအိုတို့က စစ်မြေပြင်သို့ ပူပန်စွာ လှမ်းကြည့်လိုက်ကြ၏။
ထိုအချိန်၌ ယူကီရှီရိုဆာပင်လျှင် စိတ်ပူနေပြီ ဖြစ်သည်။ သူမက လက်သီးအား တင်းကျပ်စွာ ဆုပ်ရင်း ချန်းဖန် ကျဆင်းသွာသည့် နေရာကို မျက်တောင် မခတ်စတမ်း စိုက်ကြည့် နေခဲ့သည်။
အချိန် အနည်းငယ် ကြာအောင် ချန်းဖန် ပြန်ပေါ်မလာသည်အား ကြည့်၍ ဓားသယ်ဆောင်သူက အော်ဟစ် ရယ်မောလိုက်၏။
"ချန်းပေ့ရွှမ်း … အရူးကောင် … မင်းသာ သဘောတူခဲ့ရင် ဘယ်သူမှ ထိခိုက်ကြရမှာ မဟုတ်ဘူး … အခုတော့ မင်းရော ငါရော ခန္ဓာတွေ ဆုံးရှုံးခဲ့ရပြီ မလား …"
ဓားသယ်ဆောင်သူသည် ခန္ဓာကိုယ် ဖျက်ဆီးခံရသော်လည်း ဝိညာဉ် အဖြစ်ဖြင့် ဆက်လက် ရှင်သန် နိုင်ခဲ့သည်။ သို့သော်လည်း မူလ ခန္ဓာကိုယ် ပျက်စီးခြင်းက အနာဂတ် ကျင့်ကြံခြင်းကို ဆိုးဝါးသော အကျိုး သက်ရောက်စေသည်။ ထို့ကြောင့်ပင် ဓားသယ်ဆောင်သူ၏ စကားတွင် ခါးသီးသော အငွေ့အသက်များ ရောစပ် နေခဲ့၏။
"ဘုန်း …"
သူ၏ ရယ်မောသံ မဆုံးခင်မှာပင် မြေပြင်မှ အဇူရာ အလင်းတစ်ခု ထွက်ပေါ်လာရာ ကောင်းကင်သို့ တက်သည်။ ထိုအဇူရာ အလင်း၏ အလယ်တွင်မူ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဆံပင်ရှည် လူငယ် တစ်ယောက် ရှိသည်။ သူကား ချန်းဖန်ပင် ဖြစ်သည်။
သို့သော်လည်း သူ၏ အသွင် သဏ္ဌာန်ကား မူလ ချန်းဖန်နှင့် လုံးဝ ကွဲပြား နေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က အဇူရာ အလင်းကို ထုတ်လွှတ်နေကာ အရေပြားများက သန့်စင် ကြည်လင်နေသည်။ သူ၏ ကျောက်စိမ်း အရိုးများက အရေပြားကို ဖြတ်၍ တောက်ပနေကာ ငွေရောင် သွေးများကလည်း သွေးကြောများအား ဖြတ်သန်းကာ စီးဆင်းနေ၏။
ချန်းဖန်၏ ပခုံးတွင်မူ "ငှက်တောင်"က စိုက်ဝင်နေသည်။ ထိုဓားက ချန်းဖန်၏ အရေပြားကို ဖြတ်တောက် နိုင်ခဲ့သော်လည်း အရိုးကိုမူ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိချေ။
"သူ မသေဘူးလား …"
လင်းမိသားစု ဓားသယ်ဆောင်သူ၏ မျက်နှာတွင် ရူးသွပ်ခြင်းများ ပေါ်လာခဲ့၏။
"ရေခဲ အရေပြား ကျောက်စိမ်း အရိုး … သူက မြေကမ္ဘာ အဆင့်ကို ရောက်နေပြီလား …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်နှင့် နဂါးသခင်ကြီးတို့ကား လုံးဝ ဆွံ့အသွားကြ၏။
သူတို့သည် တန်ခိုးရှင် အဆင့်များ ဖြစ်ရာ မြေကမ္ဘာ နတ်ဘုရား အကြောင်းအား သာမန် လူများထက် ပိုမို သိသည်။ ရှေးဟောင်း မှတ်တမ်းများ၌ မြေကမ္ဘာအဆင့် နတ်ဘုရားများ၏ ခန္ဓာကိုယ် သန့်စင်မှု အကြောင်းကို မကြာခဏ တွေ့ရသည်။ ယခု ချန်းဖန်၏ ပုံပန်းသဏ္ဌာန်သည် ရှေးဟောင်း မှတ်တမ်းများမှ မြေကမ္ဘာ နတ်ဘုရား အကြောင်း ဖော်ပြချက်နှင့် ကိုက်ညီနေ၏။
ဟောင်ဂိုဏ်း ဘိုးဘေးသခင်နှင့် နဂါး သခင်ကြီး တို့သည် အရှုံးသေချာနေသော တိုက်ပွဲကို တိုက်ခဲ့မိခြင်း ဖြစ်ကြောင်း သဘောပေါက် နေခဲ့ပြီ ဖြစ်သည်။
"ဟူး …"
ချန်းဖန် ဘေးကင်းနေသည်ကို ကြည့်၍ ကောနွမ်နွမ်နှင့် အခြားလူများက သက်ပြင်းတစ်ချက် ချလိုက်မိကြသည်။
"ကလန့် …"
ချန်းဖန်က ပခုံး၌ စိုက်နေသော ငှက်တောင်ကို ဆွဲနုတ်လိုက်၏။
"ခန္ဓာကိုယ် သန့်စင်ခြင်းမှာ ထူးခြား အဆင့် ရောက်ပြီးတဲ့နောက် ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တာ မင်းက ပထမဆုံးပဲ … ဂုဏ်ယူလိုက်ပါ …"
ထိုဓားက သူ၏ ပခုံးကို ငါးစင်တီမီတာခန့် နက်အောင် ထိုးဖောက် နိုင်ခဲ့သည်။ ဓားဒဏ်ရာသည် တစ်ဆယ် စင်တီမီတာခန့် ရှည်လျားကာ ထိုနေရာမှ တစ်ဆင့် ချန်းဖန်၏ အရိုးများကိုပင် မြင်နိုင်နေပြီ ဖြစ်သည်။
"ကလန့် …"
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က ငှက်တောင်ကို ချိုးကာ ဘေးသို့ လွှတ်ပစ်လိုက်၏။
"အား …"
ရုတ်တရက် ဓားသယ်ဆောင်သူ၏ ဝိညာဉ်က နာကျင်စွာ အော်ဟစ်ရင်း တစ်ကိုယ်လုံး တုန်ယင်လာသည်။
သွေးဓားကျင့်စဉ်သည် အသက်နှင့် ဓားအား ချိတ်ဆက်ပေး၏။ ဓားကို ချန်းဖန် ချိုးလိုက်သည်နှင့် ဓားသယ်ဆောင်သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်၌ အသက်ဓာတ်များ လုံးဝ ခန်းခြောက် သွားတော့သည်။
"ချန်းပေ့ရွှမ်း … မင်းကို ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး …"
ဓားသယ်ဆောင်သူ၏ ဝိညာဉ်က ချန်းဖန်အား နာကြည်းစွာ ကြည့်ရင်း ပြောသည်။ ထို့နောက် သူ၏ နတ်ဘုရား ဝိညာဉ်က သွေးမြူ ငှက်တောင် တစ်ခုအသွင် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သည်။
"သွားကြစို့ …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က အော်ဟစ်ရင်း မီးခိုးများ အသွင်ကို ပြောင်းသည်။ ထို့နောက် သူက လေ၏ အလျင်ဖြင့် အဝေးသို့ ပြေးထွက်သည်။
ဟောင်ဂိုဏ်း ဘိုးဘေးသခင်ကား ချန်းဖန်ကို အနိုင်ယူရန် ယုံကြည်ချက် ကင်းမဲ့နေပြီ ဖြစ်သည်။ သူ့တွင် ရွေးချယ်စရာ ဆို၍ ထွက်ပြေးခြင်း တစ်ခုသာ ရှိတော့၏။
"ဟမ် … ထွက်ပြေးနိုင်မယ် ထင်နေတာလား"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း အဝါရောင် ကျောက်မျက်အတွင်းမှ တစ်စုံတစ်ခုအား ဆင့်ခေါ်လိုက်၏။
"ဟူး …"
ရုတ်တရက် ရွှေရောင် ဓားအလင်း ကျောက်မျက် အတွင်းမှ တိုးထွက်ကာ ဓားသယ်ဆောင်သူ၏ နောက်သို့ လိုက်သည်။ ဓားသယ်ဆောင်သူသည် မူလကပင် ဒဏ်ရာရနေရာ ဓားပျံကို တန်ပြန် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ချေ။
"အား …"
ဓားပျံက ထိုးဖောက်သည်နှင့် ဓားသယ်ဆောင်သူ၏ နာကျင်သော အော်ဟစ်သံ ထွက်ပေါ်လာ၏။ သို့သော်လည်း ဓားပျံက ညှာတာခြင်း မရှိပဲ ဓားသယ်ဆောင်သူ၏ ဝိညာဉ်အား ဖျက်ဆီးပစ်သည်။
ဓားသယ်ဆောင်သူအား အဆုံးသတ် ပြီးသည်နှင့် ဓားပျံက ဟောင်ဂိုဏ်း ဘိုးဘေးသခင်ဆီ ဆက်လက် တိုးဝင်သည်။
"လာစမ်း …"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က ကျယ်လောင်စွာ အော်ဟစ်ရင်း ကောင်းကင် ချိပ်တံဆိပ် ကျင့်စဉ်အား အသက်သွင်း လိုက်၏။
"ဘုန်း …"
ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ လက်ဝါးရိပ်ကြီး တစ်ခု သူ၏ ဦးခေါင်းထက်တွင် ဖြစ်ပေါ်လာသည်။ ကောင်းကင် ချိပ်တံဆိပ် ကျင့်စဉ်သည် တိမ်တိုက်လက်ဝါးမှ ခွဲထွက်လာသော ခံစစ် ပညာရပ် တစ်ခု ဖြစ်ကာ စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ထိုအရာက ရွှေရောင် ဓားပျံကို ခုခံရန် အတွက်မူ လုံလောက်ခြင်း မရှိချေ။
"သတ် …"
ချန်းဖန်က အမိန့်ပေးသည်နှင့် ဓားပျံက ကောင်းကင် ချိပ်တံဆိပ် လက်ဝါးကို ချိုးဖျက်ကာ ဆက်လက် တိုးဝင်၏။ ထို့နောက် ဓားက စက်ဝိုင်း သဏ္ဌာန် ဝိုင်းပတ်ကာ ဟောင်ဂိုဏ်း ဘိုးဘေးသခင်၏ ခန္ဓာကိုယ်အား နှစ်ပိုင်း ပိုင်းဖြတ်သည်။
"ဘုန်း …"
ခန္ဓာကိုယ် ပျက်စီးသည်နှင့် သွေးရောင် အရိပ်တစ်ခု ထွက်ပေါ်လာကာ ကောင်းကင်သို့ ပျံပြေး၏။ ထိုအရာကား ဟောင်ဂိုဏ်း ဘိုးဘေး သခင်၏ နတ်ဘုရား ဝိညာဉ်ပင် ဖြစ်သည်။
လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ထိုနတ်ဘုရား ဝိညာဉ်က မယုံကြည်နိုင်သော အမြန်နှုန်းဖြင့် ပျံသန်း ထွက်ပြေးသည်။ ဟောင်ဂိုဏ်း ဘိုးဘေးသခင်၏ နတ်ဘုရား ဝိညာဉ်ကား နှစ်ရာချီအောင် လေ့ကျင့်ထားရာ ဓားသယ်ဆောင်သူ၏ နတ်ဘုရား ဝိညာဉ်ထက် ပိုမို အစွမ်းထက်၏။
သို့သော် ထိုအရာသည်လည်း ဓားပျံ၏ လက်အောက်မှ လွတ်မြောက်ရန် အခွင့်အရေး မရှိချေ။
"ဓား သွားစမ်း …"
ချန်းဖန်၏ အမိန့်အောက်တွင် ဓားပျံက ဟောင်ဂိုဏ်း ဘိုးဘေးသခင်ထံသို့ ဦးတည်သည်။
သို့သော်လည်း အသံဓားများက ရုတ်တရက် ထွက်ပေါ်လာကာ ဓားပျံအား တားဆီးလိုက်၏။ ဟောင်ဂိုဏ်း ဘိုးဘေးသခင်က ထိုအရာကို အခွင့်အရေး ယူ၍ အရှိန်အား ထပ်မံ မြှင့်တင်လိုက်၏။ အသံဓားများအား ရွှေရောင် ဓားပျံ ချိုးဖျက် ပြီးချိန်တွင်မူ ဟောင်ဂိုဏ်း ဘိုးဘေး သခင်၏ ဝိညာဉ်သည် မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
"မင်းက သေဖို့ ရွေးချယ်ခဲ့တယ်ပေါ့ …"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဓားပျံအား တားခဲ့သည့် နဂါးသခင်ကြီးကို ကြည့်လိုက်၏။
ထိုအချိန်၌ နဂါးသခင်ကြီး၏ လက်ထဲမှ ကျောက်စိမ်းပလွေကား အပိုင်းပိုင်း ပျက်စီး နေခဲ့ပြီ ဖြစ်သည်။ သူသည် ဟောင်ဂိုဏ်း ဘိုးဘေး သခင်ကြီးကို ကယ်တင်ရန် ကိုယ်ပိုင် လက်နက်ကိုပင် ဆုံးရှုံးခံခဲ့ပုံ ပေါ်သည်။
"သူက ငါ့ရဲ့ မိတ်ဆွေဟောင်းကြီးပါ … မင်း ငါ့ကို သတ်မယ် ဆိုရင်တောင် ငါ သူ့ကို ကယ်ရမှာပဲ …"
နဂါးသခင်ကြီး၏ အမူအရာက တည်ငြိမ်နေသည်။
"ဒါဆိုလည်း သေလိုက်တော့ …"
ချန်းဖန်က ဓားအား ထိရင်း အေးစက်စွာ ရေရွတ်လိုက်၏။ သူ့အနေဖြင့် ရန်သူ အထူးသဖြင့် အလွန် အစွမ်းထက်သော ရန်သူအား အသက်ရှင်ခွင့် ပေးမည် မဟုတ်ချေ။
"ဟားဟား … မင်း ငါ့ကို သတ်ချင်ရင် ပြန်လမ်းမဲ့ တောင်ကြားထဲကို ဝင်လိုက်ခဲ့..."
နဂါးသခင်ကြီးက ကျယ်လောင်စွာ အော်ဟစ် ရယ်မောရင်း ပြန်လမ်းမဲ့ တောင်ကြား အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွား၏။
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မြူနှင်းများ ဖုံးလွှမ်းနေသော တောင်ကြားအတွင်း တိုးဝင်လိုက်သည်။ မြေကမ္ဘာ အဆင့် နတ်ဘုရား ခင်းကျင်းထားသော ထိုအစီအရင်ကား ချန်းဖန်ကို တားဆီးနိင်စွမ်း မရှိချေ။
တန်ခိုးရှင် အဆင့်များ ကွယ်ပျောက်သွားသည်နှင့် များစွာသော လူများက တစ်ယောက်ကို တစ်ယောက် ကြောက်လန့်စွာ ကြည့်လိုက်မိကြသည်။
"သူက တန်ခိုးရှင် သုံးယောက်နဲ့ တိုက်ခိုက်ခဲ့ ရတာတောင် တစ်ယောက်ကို သတ်ပြီး နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ် … ကမ္ဘာကြီးတော့ အပြောင်းအလဲ တစ်ခုခု ဖြစ်တော့မှာပဲ …"
ဝိညာဉ် ဘုရင်က တီးတိုး ရေရွတ်လိုက်သည်။
အခြားသော ပညာရှင်များမှာမူ တိတ်တဆိတ်သာ တွေးတော နေခဲ့ကြသည်။ တန်ခိုးရှင် အဆင့် သုံးယောက်၏ ရှုံးနိမ့်မှု သတင်းကို ကြားပြီးနောက် စိတ်တိုကြီးများ မည်သို့ တုံ့ပြန်ကြမည်အား သူတို့ အမှန်ပင် သိလိုကြသည်။
***