စင်္ကာပူ၏ အံ့အားသင့်မှု
Vol. 6 Ch. 509
ချန်းဖန်နှင့် တန်ခိုးရှင် သုံးယောက် တိုက်ခိုက်နေသည့် အချိန်တွင်...
တိုက်ပွဲနေရာနှင့် ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိသော လျှို့ဝှက် စစ်စခန်း၌ စစ်ဝတ်စုံ ဝတ်ဆင်ထားသော လူကြီး တစ်ဦးသည် ကွန်ပျူတာ ဖန်သားပြင်အား စူးစိုက်ကာ ကြည့်နေခဲ့သည်။ သူ၏ နောက် နံရံတွင်မူ စင်္ကာပူ စစ်တပ်၏ အမှတ်အသား ဖြစ်သော ရွှေရောင် ခြင်္သေ့ပုံ ရှိ၏။
"ပစ်မှတ်က တည်နေရာကို ရောက်နေပြီ … နဂါးသခင်ကြီး ပစ်မှတ်ရှိတဲ့ နေရာကို သွားနေပြီ"
"တန်ခိုးရှင် သုံးယောက်လုံး တည်နေရာကို ရောက်ပြီ … ထောင်ချောက်က အလုပ်ဖြစ်တယ်"
"တိုက်ပွဲ စနေပြီ … အေရီယယ် ဒရုန်း လေး ငါး နဲ့ ခြောက်က တိုက်ပွဲကို ဖမ်းယူ နေပါတယ် …"
စစ်ဝတ်စုံ ဝတ်ဆင်ထားသော လူကြီးက ကွန်ပျူတာ ဖန်သားပြင်အား ကြည့်ကာ အချက်အလက်များကို လွှဲပြောင်းပေးသည်။ အေရီယယ် ဒရုန်းများက စစ်စခန်းမှ နေ၍ ပြန်လမ်းမဲ့ တောင်ကြားဆီသို့ တစ်စင်းပြီး တစ်စင်း ပျံသန်း ထွက်ခွာသွားသည်။
ချန်းဖန် မသိလိုက်ခင်မှာပင် စင်္ကာပူ စစ်တပ်ကား သူတို့၏ တိုက်ပွဲကို စောင့်ကြည့် နေခဲ့ပြီ ဖြစ်သည်။
"ဒရုန်းတွေ တည်နေရာကို ရောက်ပါပြီ … ဂလက်စီဝမ်း ဂြိုဟ်တု ပုံရိပ်ဖမ်းခြင်း စနစ်ကို စတင် နေပါပြီ …"
တိုက်ပွဲမြေပြင်နှင့် ကီလိုမီတာ အနည်းငယ် ခန့်ကွာသော နေရာ၌ ဒရုန်း ခြောက်စီးက ပြန်လမ်းမဲ့ တောင်ကြား ရှိရာသို့ ကင်မရာများကို ချိန်ရွယ်ထားကြ၏။ တစ်ချိန်တည်းမှာပင် ဂလက်စီဝမ်း ဂြိုဟ်တုကလည်း လုပ်နှုန်းမြင့် ပုံရိပ်ဖမ်းခြင်း စနစ်ဖြင့် တိုက်ပွဲအား မှတ်တမ်းတင်သည်။
ထိုအချက်အလက်များအား စင်္ကာပူ နိုင်ငံတော် ကာကွယ်ရေး ဌာနသို့ တိုက်ရိုက်ပင် ပေးပို့သည်။
စင်္ကာပူသည် သေးငယ်သော နိုင်ငံလေး ဖြစ်သည့်တိုင် စီးပွားရေးနှင့် နည်းပညာပိုင်းတွင်မူ အလွန်အမင်း တိုးတက် နေသော နိုင်ငံဖြစ်သည်။ သူတို့ကား အရှေ့တောင် အာရှ၌ မထိသင့်သော အင်အားစု တစ်ခု ဖြစ်သည်။
ထိုအချိန် စင်္ကာပူ နိုင်ငံတော် ကာကွယ်ရေး ဌာန အတွင်း၌ …
စင်္ကာပူ၏ နိုင်ငံရေး အကြီးအကဲများသည် စုဝေးကာ ကွန်ပျူတာ ဖန်သားပြင်အား ကြည့်နေခဲ့ကြ၏။ သူတို့ အထဲတွင် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဝန်ကြီး၊ ဗိုလ်ချုပ်မှူးကြီး နှင့် နဂါးခန်းမ၏ လက်ရှိ ခန်းမသခင်တို့လည်း ပါဝင်နေသည်။
"ငါတို့ တွေးထားတဲ့ အတိုင်းပဲ … ချန်းပေ့ရွှမ်းက မြေကမ္ဘာ တန်ခိုးရှင်ရဲ့ ရတနာ အတွက် ပြန်လမ်းမဲ့ တောင်ကြားကို ရောက်လာတယ် …"
သမ္မတက ကွန်ပျူတာ ဖန်သားပြင်အား ကြည့်ရင်း အနည်းငယ် ပြုံးလိုက်သည်။
"ခန်းမသခင်ဝူ … ခင်ဗျားရဲ့ ခန့်မှန်းချက်က ကွက်တိပါလား … နဂါးသခင်ကြီးက ခင်ဗျားကို ကြီးကြီးမားမား ချီးမြှင့်တော့မှာပဲ"
ရှဲ့မိသားစု ခေါင်းဆောင်က မြှောက်ပင့်လိုက်၏။
စင်္ကာပူ အစိုးရသည် နဂါးခန်းမ အပြင် လီမိသားစု၊ ရှဲ့မိသားစု၊ ဝူမိသားစု၊ ကောမိသားစု တို့နှင့် ပတ်သက်ဆက်နွှယ်မှု ရှိသည်။
စင်္ကာပူ၏ အစိုးရပိုင်း နေရာများနှင့် အဓိက စီးပွားရေး လုပ်ငန်းများကို ထိုမိသားစုကြီး လေးခုမှ လူများကသာ သိမ်းပိုက်ထားသည်။ ကောနွမ်နွမ်၏ ကောမိသားစုသည်လည်း စင်္ကာပူ ကောမိသားစု၏ မိသားစုခွဲ တစ်ခု ဖြစ်သည်။
မိသားစုကြီး လေးခုတွင် လီမိသားစုက စင်္ကာပူ၏ နိုင်ငံရေးအား အဓိက စိုးမိုးထား၏။ လက်ရှိ စင်္ကာပူ သမ္မတသည်လည်း လီမိသားစုဝင် တစ်ယောက် ဖြစ်သည်။
ရှဲ့မိသားစုသည် နဂါးသခင်ကြီး၏ မျိုးဆက် ဖြစ်ပြီး ဝူမိသားစုသည်လည်း နဂါးခန်းမနှင့် များစွာ ပတ်သက်နေသည့် မိသားစုကြီး ဖြစ်သည်။ ကောမိသားစုမှာမူ ကုန်သယ် မိသားစုကြီး ဖြစ်ကာ စင်္ကာပူ၏ အဓိက စီးပွားရေး လုပ်ငန်းများအား ထိန်းချုပ်ထားသည်။
"ချန်းပေ့ရွှမ်းက ကမ္ဘာပေါ်မှာ အသက် အငယ်ဆုံး တန်ခိုးရှင် အဆင့်လေ … ဒါကြောင့် မြေကမ္ဘာ နတ်ဘုရားရဲ့ ရတနာသိုက်က လွဲရင် သူ့ကို ဘာကမှ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး … ဒါကြောင့် သူ့နားပေါက်အောင် ရတနာသိုက် သတင်းကို ဖြန့်လိုက်တာပါ"
ခန်းမသခင်ဝူက ယုံကြည်ချက် ရှိစွာ ဆိုသည်။
"ဟောင်ဂိုဏ်း ဘိုးဘေးသခင်လည်း ရောက်ပြီ … နဂါးသခင်ကြီးလည်း ရောက်ပြီ … လင်းမိသားစုက ဓားတန်ခိုးရှင်လည်း လာနေလောက်ပြီ"
စင်္ကာပူ သမ္မတက ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်သည်။
"ထူးဆန်းတယ် … လင်းမိသားစုရဲ့ ဓားတန်ခိုးရှင်က ဓာတ်ပုံထဲကနဲ့ သိပ်မတူပါလား"
နဂါးခန်းမနှင့် လင်းမိသားစုတို့ကား ဘိုးဘေးများ ခေတ်ကတည်းကပင် မဟာမိတ်များ ဖြစ်ကြသည်။ ထို့ကြောင့်ပင် စင်္ကာပူ သမ္မတသည် လင်းရှု့မင်၏ ပုံများကို မြင်တွေ့ဖူးသည်။
"သူက လင်းရှု့မင် မဟုတ်ဘူး … လင်းရှု့မင်ရဲ့ ဓားသယ်ဆောင်သူ လင်းလန့်ယာ တဲ့ …"
ရှဲ့မိသားစု သခင်ကြီးက ဝင်ရောက် ရှင်းပြလိုက်သည်။
"လင်းမိသားစုမှာ တန်ခိုးရှင် ဘယ်နှယောက်တောင် ရှိနေတာလဲ …"
ရုံခန်း အတွင်းရှိ လူအားလုံးကား အံ့ဩစွာပင် ရေရွတ်လိုက်မိကြသည်။
"ဆရာကြီး လင်းရှု့မင်က အသက် အရှည်ဆုံး တန်ခိုးရှင် ဖြစ်တဲ့ အပြင် အရှေ့တိုင်းရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲလေ … သူတို့မှာ တစ်ယောက်ထက် ပိုတဲ့ တန်ခိုးရှင် ရှိနေတာ မဆန်းပါဘူး …"
ရှဲ့မိသားစု ခေါင်းဆောင်က အံ့အားသင့်ခြင်း ရှိပုံ မရပဲ ဆိုသည်။
"လင်းလန့်ယာက လင်းရှု့မင်ရဲ့ အစေခံ ကောင်လေးလို့ ကျုပ် ကြားဖူးတယ် … လင်းရှု့မင် ချင်ချန်းတောထဲကို ဝင်တဲ့ အချိန်တုန်းက သူပါ လိုက်ပါသွားခဲ့တယ်တဲ့ … သူက လင်းရှု့မင်နဲ့ နှစ်ရာချီအောင် အတူတူ နေခဲ့သူ … လင်းရှု့မင်နဲ့ သူက သားအဖ လိုပဲ … လင်းရှု့မင်က သူတတ်သမျှ အကုန်လုံးကို လင်းလန့်ယာကို သင်ပေးတယ်တဲ့ … အဲ့လိုနဲ့ပဲ သူက တန်ခိုးရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ … ဒါပေမဲ့ လင်းလန့်ယာက လူမြင်ကွင်းကို ထွက်ခဲတယ် … ချန်းပေ့ရွှမ်း ကြောင့်သာ မဟုတ်ရင် သူ ထွက်ပေါ်လာမှာတောင် မဟုတ်ဘူး …"
သခင်ကြီးရှဲ့၏ စကားက လူတိုင်းအား ဆွံ့အစေသည်။
"လင်းရှု့မင်က တန်ခိုးရှင် အဆင့်ကို ရောက်နေဖို့တောင် ဖြစ်နိုင်ချေ ရှိတယ် … မဟုတ်ရင် အခြား တန်ခိုးရှင် အဆင့် တစ်ယောက် ပေါ်ထွက်လာအောင် လေ့ကျင့်ပေးနိုင်မှာ မဟုတ်ဘူး … အဲဒီလို စွမ်းအားမျိုးနဲ့တောင် ရဲ့ချင်စန်းကို အနိုင်မယူ နိုင်သေးဘူး ဆိုတော့ … ရဲ့ချင်စန်းကရော ဘယ်လောက်တောင် အစွမ်းထက် နေပြီလဲ"
သမ္မတကြီးက တီးတိုးရေရွတ်သည်။
အခြားသော လူများကလည်း သူ၏ စကားကို ထောက်ခံဟန် ခေါင်းညိတ်လိုက်ကြ၏။
"ကြည့်စမ်း … တိုက်ပွဲက စတော့မယ် …"
ရုတ်တရက် ကာကွယ်ရေး ဝန်ကြီးက အော်လိုက်၏။
ထို့ကြောင့်ပင် လူတိုင်းက စကားစကို ဖြတ်ကာ ကွန်ပျူတာ ဖန်သားပြင်သို့ ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများကား စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ်လက် နေခဲ့တော့သည်။
"ချန်းပေ့ရွှမ်းက တကယ်ကြီး အစွမ်းထက်တာပဲ … သူက တန်ခိုးရှင် သုံးယောက်နဲ့ တိုက်ခိုက် ရတာတောင် အထက်စီးက နေနိုင်သေးတယ် …"
တိုက်ပွဲစတင်သည်နှင့် စင်္ကာပူ သမ္မတကြီး၏ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။
ချန်းပေ့ရွှမ်းကား သူတို့ မျှော်လင့်ထားသည်ထက် အစွမ်း ထက်လွန်းသည်။ တန်ခိုးရှင် အဆင့် သုံးယောက်ပင်လျှင် သူ့အား ရပ်တန့် နိုင်မည့်ပုံ မရချေ။
"သူတို့ ချိတ်ဆက်ပြီး တိုက်ခိုက်နေပြီ …"
ရှဲ့မိသားစု ခေါင်းဆောင်က လေးနက်သော အသံဖြင့် ပြောသည်။
"သူတို့ သုံးယောက်က ရဲ့ချင်စန်းကို တိုက်ခိုက်ဖို့ အဲဒီ တိုက်ကွက်ကို တီထွင်ထားတာ … မထင်မှတ်ပဲ ချန်းပေ့ရွှမ်းနဲ့တင် ထုတ်သုံးလိုက်ရတာပဲ …"
ကွန်ပျူတာ ဖန်သားပြင်တွင် ပေါ်နေသော တိုက်ပွဲကို ကြည့်၍ သမ္မတကြီး အပါအဝင် လူတိုင်း၏ မျက်နှာများကား တဖြည်းဖြည်း မည်းမှောင် လာနေခဲ့ပြီ ဖြစ်သည်။
"ဒါ … လင်းလန့်ယာက အသက်ဓာတ်ကို စတေးပြီး တိုက်ခိုက်နေပြီပဲ … ချန်းပေ့ရွှမ်းကို ဒီတစ်ကွက်မှာ မနိုင်ရင် နောက်ထပ် နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး... "
ခန်းမသခင်က စိုးရိမ် ပူပန်စွာ ပြောလိုက်၏။
ထို့နောက် အားလုံ၏ အကြည့်များ အောက်တွင်ပင် ဓားသယ်ဆောင်သူ၏ ဓားက ချန်းဖန်၏ ပခုံးထက်သို့ ကျသည်။ တစ်ချိန်တည်းတွင်ပင် ချန်းဖန်၏ တိုက်ခိုက်မှုကလည်း ဓားသယ်ဆောင်သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးသည်။
"ဒါက … ဘယ်လို ဖြစ်နိုင်မှာလဲ …"
မြေကျင်းထဲမှ ပြန်လည် ထွက်ပေါ်လာသော ချန်းဖန်အား ကြည့်၍ သမ္မတကြီးမှာ ထိုင်ခုံမှပင် လန်ကျမလို ဖြစ်သွားခဲ့၏။
"အဲဒီ တိုက်ခိုက်မှုက ခရူဇာ စစ်သင်္ဘောကိုတောင် နှစ်ပိုင်း ဖြတ်ပစ်နိုင်တယ် … ဒါတောင်မှ ချန်းပေ့ရွှမ်းက ဘာမဖြစ်ဘူးလား … သူ့ ခန္ဓာကိုယ်က ဘာသားနဲ့ လုပ်ထားတာလဲ …"
"ရေခဲ အရေပြား ကျောက်စိမ်း အရိုး … သူက မြေကမ္ဘာ အဆင့် …"
ရှဲ့မိသားစု ခေါင်းဆောင်၏ လက်များကား တုန်ယင် နေခဲ့ပြီ ဖြစ်သည်။
"ကောလာဟလတွေ မှန်တာပဲ … မြေကမ္ဘာ အဆင့်တွေက ခန္ဓာကိုယ် သန့်စင်မှု တစ်ခုတည်းနဲ့တင် နှစ်ငါးရာလောက် နေနိုင်တယ်တဲ့ … နျူကလိယဗုံးနဲ့ တိုက်ခိုက်ခံရတာတောင် သူ အသက် ရှင်နိုင်တာ မထူးဆန်းတော့ဘူး"
သူတို့၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က လင်းလန့်ယာကို သတ်ဖြတ်၍ ဟောင်ဂိုဏ်း ဘိုးဘေးသခင်၏ ခန္ဓာကိုယ်အား ဖျက်ဆီးလိုက်သည်။ ထို့နောက် သူက နဂါးသခင်ကြီး နောက်သို့ လိုက်ကာ ပြန်လမ်းမဲ့ တောင်ကြားအတွင်း ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။
"ဟူး …"
တိုက်ပွဲ အဆုံးသတ် သွားသည်နှင့် မိသားစု သခင်ကြီးများက သက်ပြင်းရှည် ချလိုက်ကြသည်။
"ဒီလို စွမ်းအားမျိုးနဲ့ သူက တန်ခိုးရှင် အဆင့် သုံးယောက်ကို အနိုင်ယူခဲ့တယ် … သူက ဘယ်လို အစွမ်းထက် လာတာလဲ …"
သမ္မတကြီး၏ လက်များကား တဆတ်ဆတ် တုန်ယင်နေခဲ့ပြီ ဖြစ်သည်။
"သူက လင်းရှု့မင် ရဲ့ချင်စန်းတို့ ထက်တောင် ပိုပြီး အစွမ်းထက်နေပြီ ထင်တယ် …"
သခင်ကြီးဝူက ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်၏။
သခင်ကြီးရှီ၏ မျက်နှာတွင်မူ သွေးမရှိတော့ချေ။ နဂါးသခင်ကြီးကား ရှဲ့မိသားစု၏ ကျောရိုး ဖြစ်သည်။ သူ မရှိလျှင် ရှဲ့မိသားစု ဆက်လက် ရပ်တည်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
"ဘိုးဘေး နဂါးသခင်ကြီး အသက်ရှင် နိုင်ဖို့ပဲ ဆုတောင်းရတော့မယ် …"
သခင်ကြီးရှဲ့က ခေါင်းခါရင်း ဖြူရော်စွာ ရေရွတ်လိုက်တော့သည်။
***