အစွမ်း အထက်ဆုံး တန်ခိုးရှင်
Vol. 6 Ch. 510
တန်ခိုးရှင်အဆင့် သုံးယောက်၏ ကျဆုံးမှု သတင်း ပျံ့နှံ့သွားသည်နှင့် ကမ္ဘာ တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတော့သည်။
တန်ခိုးရှင်အဆင့် တစ်ယောက်ချင်းစီသည် ရင်ဆိုင်ရန် မလွယ်ကူသော အရာများ ဖြစ်ကြသည်။ တန်ခိုးရှင်အဆင့် တစ်ယောက်ကို ရင်ဆိုင်ရန် အမေရိကန်၊ ရုရှား စသည့် မဟာ အင်အားကြီး နိုင်ငံများပင်လျှင် ထောင်ချီသော စစ်သားများနှင့် ခေတ် အမီဆုံး လက်နက်များကို ပြင်ဆင်ရသည်။
သို့သော်လည်း ချန်းပေ့ရွှမ်းကား တန်ခိုးရှင် အဆင့် သုံးယောက်ကို တစ်ချိန်တည်း၌ တိုက်ခိုက် အနိုင်ယူခဲ့သည်။ ထိုသို့ ပြုလုပ်နိုင်သူ အခြား တန်ခိုးရှင် တစ်ယောက် ရှိလိမ့်မည် မထင်ချေ။
"ချန်းပေ့ရွှမ်းရဲ့ စွမ်းအားက ငါတို့ ခန့်မှန်းထားတာထက် ကျော်လွန်နေပြီ … ဒါကြောင့် ငါတို့ ဒီကိစ္စမှာ ပေါ့နေလို့ မရတော့ဘူး … အထူးကိစ္စ တစ်ခုအဖြစ် သတ်မှတ်ပြီး သူ့ရဲ့ အစစ်အမှန် စွမ်းအားကို သေချာ စုံစမ်းရမယ် …"
ပန်တဂွန်၏ စစ်ဗိုလ်ချုပ် တစ်ယောက်က အမိန့် ထုတ်ပြန်လိုက်၏။
"ငါတို့ MIT နဲ့ စတန်းဖို့က ဦးနှောက်တွေကို သုံးရမယ် … သူတို့ကို စူပါ ကွန်ပျူတာတွေ သုံးခိုင်းပြီး ချန်းပေ့ရွှမ်း အကြောင်း အသေးစိတ် တွက်ချက်ခိုင်းလိုက် … သူ့ကို နျူကလိယ သုံးပြီး သတ်သင့် မသတ်သင့် ငါတို့ သိမှ ဖြစ်မယ်"
အမိန့် ထွက်ပေါ်လာသည်နှင့် အမေရိကန် နည်းပညာပိုင်းက စက်များအား လျင်မြန်စွာပင် ပြင်ဆင်လိုက်ကြသည်။ များစွာသော ပါမောက္ခများ၊ ကျွမ်းကျင်သူများသည်လည်း ချန်းဖန် အကြောင်းအား စုံစမ်းရန် အမေရိကန် အနောက်ဘက် ကမ်းရိုးတန်း အခြေစိုက် စခန်းဆီသို့ စုစည်း ရောက်လာကြ၏။
ထိုကဲ့သို့ ဖြစ်ရပ်များက ကမ္ဘာ အနှံ့တွင် ဖြစ်ပွားသွားခဲ့၏။ ချန်းဖန် ပြသခဲ့သော အင်အားက များစွာသော နိုင်ငံကြီးများအား တုန်လှုပ်စေသည်။
ထိုအချိန် ခွန်လွန် အခြေစိုက် စစ်စခန်း အတွင်း …
နောက်ဆုံး သတင်းအား ကြားရသည်နှင့် ဒါရိုက်တာရှောင်က သက်ပြင်းတစ်ချက် ချသည်။
"တကယ့် ပြဿနာအိုးပဲကွာ …"
ချန်းဖန်၏ စည်းကမ်းမဲ့သော တိုက်ခိုက်မှုများနှင့် အဆုံးမဲ့သော စွမ်းအားက ဒါရိုက်တာရှောင်ကိုပင် ဆွံ့အစေသည်။
ဟောင်ဂိုဏ်း၊ လင်းမိသားစုနှင့် နဂါးခန်းမတို့ကား အထူးဌာန၏ ရန်သူဟောင်းများ ဖြစ်သည်။ သို့သော်လည်း ထိုအဖွဲ့များအား အဆုံးတိုင် ရှင်းလင်းပစ်ရန် သူတို့ မတတ်နိုင်ခဲ့ချေ။ ယခုတွင်မူ ချန်းပေ့ရွှမ်းက ကလေးကစား သကဲ့သို့ လင်းမိသားစု၊ ဟောင်ဂိုဏ်းနှင့် နဂါးခန်းမတို့ကို တိုက်ခိုက် အနိုင်ယူခဲ့သည်။
"လင်းလန့်ယာ သေသွားတာက လင်းမိသားစုကို ကြီးကြီးမားမား ထိခိုက် စေလိမ့်မယ် ထင်တယ် … လင်းရှု့မင်က သက်တမ်း ကုန်ခါနီးနေပြီ … သူ သေသွားတာနဲ့ လင်းမိသားစု ကျရှုံးဖို့ပဲ ရှိတော့တယ်"
လိပ်နက်က တည်ငြိမ်စွာ တွက်ချက် ပြောဆိုသည်။
လူတိုင်းက သူ၏ စကားကို သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
လင်းရှု့မင်ကား လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကျော်ကြားခဲ့သည်။ သူ၏ အသက်က အနည်းဆုံး တစ်ရာ့ငါးဆယ်ခန့် ရှိနေခဲ့ပြီ ဖြစ်သည်။
"ဟောင်ဂိုဏ်းရဲ့ ဘိုးဘေးသခင်က ခန္ဓာကိုယ် ပျက်စီးသွားပြီ ဆိုတော့ သိသိသာသာကို အားနည်းသွားမှာပဲ …"
လိပ်နက်က ဆက်လက် ပြောလိုက်၏။
တန်ခိုးရှင် အဆင့်များသည် နတ်ဘုရား ဝိညာဉ်ဖြင့် ဆက်လက် အသက်ရှင်နိုင်သည် ဆိုသော်လည်း ခန္ဓာကိုယ် မရှိပါက သူတို့၏ စွမ်းအားများသည်လည်း လျော့ကျ သွားလိမ့်မည် ဖြစ်သည်။
"နဂါးသခင်ကြီးကတော့ တောင်ကြားထဲမှာ ဆက်ပြီး အသက်ရှင်ဖို့ မလွယ်တော့ဘူး … အခု ငါတို့ကို ခြိမ်းခြောက်နိုင်တာ ဆိုလို့ ချန်းပေ့ရွှမ်း တစ်ယောက်ပဲ ရှိတော့တယ်"
လိပ်နက်၏ စကားက အခြားလူများ၏ စိတ်ကို လေးလံ ထိုင်းမှိုင်းစေ၏။ တန်ခိုးရှင် သုံးယောက်ကိုပင် တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်သော ချန်းဖန်၏ စွမ်းအားက ဖိအား ကြီးမားလွန်းသည်။ ရဲ့ချင်စန်းပင်လျှင် သူ့အား ကိုင်တွယ်နိုင်ရန် သေချာတော့မည် မဟုတ်ချေ။
"ဗိုလ်ချုပ်ချန်းက ငါတို့ ခွန်းလွန်နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက် ဆက်နွှယ်မှု ရှိနေတာပဲ … သူက ငါတို့ရဲ့ ရန်သူ မဟုတ်ဘူး … နောက်တစ်ခါ အခုလို အဓိပ္ပာယ် မရှိတာတွေ မပြောကြနဲ့ …"
ခဏမျှ အကြာ၌ ဒါရိုက်တာရှောင်က တည်ငြိမ်စွာ ပြောလိုက်၏။
"ဟုတ်ကဲ့ …"
လူတိုင်းက ခပ်လေးလေး ပြောရင်း ခေါင်းကိုသာ ငုံ့လိုက်ကြတော့သည်။
***
ထိုအချိန် တရုတ် အရှေ့တောင်ပိုင်း လင်းမိသာစု၌ …
လင်းမိသားစုဝင် အားလုံးကား ရောက်ရှိလာသော သတင်းကြောင့် ဆွံ့အ နေကြပြီ ဖြစ်သည်။
လင်းမိသားစု အနီးရှိ အချို့လူများက ကောင်းကင်တွင် အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ ခဏချင်းပင် လင်းမိသားစုထံသို့ ပြန်လည် ဆင်းသက်သွားသည် မြင်ရကြောင်း ပြောကြသည်။ လင်းမိသားစုဝင် အချို့ကလည်း ဘိုးဘေးခန်းမ ရှိရာမှ နာကျင်သော အော်ဟစ်သံ အချို့ကို ကြားရသည်ဟု ဆိုကြသည်။
ဟောင်ဂိုဏ်းမူကား တစ်ကမ္ဘာလုံးရှိ ဟောင်ဂိုဏ်း အခက်အလက် အားလုံးကို ရုပ်သိမ်းကာ လုံးဝ ကွယ်ပျောက် သွားခဲ့သည်။ အချို့ကမူ ကောင်းကင်၌ ဟောင်ဂိုဏ်း အခြေစိုက်စခန်း ရှိရာဘက်သို့ ဦးတည် ပျံသန်းသွားသော သွေးနီရောင် အလင်းတန်းကို မြင်ကြရသည်ဟု ဆိုကြသည်။
***
အမှောင်ကမ္ဘာသားများ ကျက်စားရာ စီအိုင်အေ လျှို့ဝှက်ဖိုရမ်တွင်မူ တိတ်ဆိတ်မှုကသာ ကြီးစိုး နေခဲ့သည်။
"အဲဒါက တကယ်ပဲလား …"
အတန်ကြာမှ တစ်ယောက်က ပို့စ်တစ်ခု ရေးသည်။
"အင်း … အရှေ့တောင် အာရှက လူတွေ ကိုယ်တိုင် မျက်လုံးနဲ့ မြင်ခဲ့ရတာတဲ့ … နောက် စင်္ကာပူ စစ်တပ်ကလည်း တိုက်ပွဲကို မှတ်တမ်း တင်နိုင်ခဲ့တယ် တဲ့ …"
တစ်ယောက်က ပြန်ရေးသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာ တန်ခိုးရှင် အဆင့်တွေ ထင်တိုင်းကြဲ နိုင်တုံးကတောင် အခုလို ကြောက်ဖို့ကောင်းတဲ့ စွမ်းအားမျိုး မပေါ်ထွက်ခဲ့ဖူးဘူး …"
အခြား တစ်ယောက်ကလည်း ညှိုးငယ်စွာ ရေးသည်။
"အထွတ်အထိပ် အဆင့် အများကြီးကို တစ်ယောက်တည်း သတ်နိုင်တာက မထူးဆန်းပေမဲ့ တန်ခိုးရှင် အဆင့်တွေကို သတ်နိုင်တယ် ဆိုတာကတော့ လုံးဝ ခြားနားသွားပြီ …"
"တန်ခိုးရှင် အဆင့် ဆိုတာ နှစ်ရာချီအောင် နေခဲ့တဲ့ သူတွေချည်းပဲ … သူတို့က ခန္ဓာကိုယ် မရှိရင်တောင် ဝိညာဉ် အနေနဲ့ ဆက်ရှင်သန်နိုင်တယ် … ဒါကြောင့် တန်ခိုးရှင် အဆင့် တစ်ယောက်ကို သတ်နိုင်ဖို့က အရမ်းကို ခက်ခဲလွန်းတယ် … ဒါပေမဲ့ ချန်းပေ့ရွှမ်းက အယူအဆ အဟောင်းတွေကို ချိုးဖောက် ပစ်နိုင်ခဲ့တာပဲ …"
ဤသို့ဖြင့် စီအိုင်အေ၏ သီးသန့် ဖိုရမ်က ဆွေးနွေးမှုများဖြင့် ပိုမို အသက်ဝင်လာသည်။
"တန်ခိုးရှင် သုံးယောက်ကိုတောင် တစ်ပြိုင်နက်တည်း အနိုင်ယူ နိုင်ခဲ့တယ် ဆိုတော့ ချန်းပေ့ရွှမ်းက ကမ္ဘာ့ အစွမ်း အထက်ဆုံး တန်ခိုးရှင် အဆင့် ဖြစ်နေတာပဲ ဖြစ်ရမယ် …"
တစ်ယောက်က ပို့စ်တစ်ခု ရေးတင်သည်။
"ချန်းပေ့ရွှမ်းရဲ့ အောင်မြင်မှုက လင်းရှု့မင် ရဲ့ချင်စန်းတို့ကို မနှိုင်းယှဉ် နိုင်သေးဘူး ဆိုပေမဲ့ သူက နတ်ဘုရား သတ်မှတ်ချက် တတိယ နေရာလောက်နဲ့တော့ ထိုက်တန်ပါတယ် …"
"ရဲ့ချင်စန်းနဲ့ လင်းရှု့မင်တောင် ချန်းပေ့ရွှမ်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး … ချန်းပေ့ရွှမ်းရဲ့ အောင်မြင်မှုတွေက နတ်ဘုရား သတ်မှတ်ချက် နံပါတ်တစ် နေရာထက်တောင် ပိုနေသေးတယ်"
အယူအဆ မတူညီသော ပို့စ် နှစ်ခုက တစ်ချိန်တည်းတွင်ပင် တက်လာခဲ့သည်။
ထိုပို့စ် နှစ်ခုကို အခြေပြု၍ များစွာသော လူများက စတင် ငြင်းခုန်ကြသည်။
အချို့က အချက်အလက်နှင့် တကွ ချန်းဖန်သည် ကမ္ဘာပေါ်၌ အစွမ်း အထက်ဆုံး တန်ခိုးရှင် ဖြစ်ကြောင်း တင်ပြကြသည်။
မည်သို့ပင် ဆိုစေ ရဲ့ချင်စန်းသည် တန်ခိုးရှင် အဆင့် ဟူ၍ အစိမ်းရောင် ဂိုဏ်းခေါင်းဆောင် တစ်ယောက်တည်းကိုသာ သတ်ခဲ့ဖူးသည်။ ချန်းဖန်ကမူ သုံးယောက် စလုံးကိုပင် တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလား။
ရဲ့ချင်စန်းဘက်မှ လူများကလည်း အခြား အချက်အလက်များနှင့် တုံ့ပြန်ကြသည်။
သူတို့က ရဲ့ချင်စန်းမှာ တန်ခိုးရှင်အဆင့် ခုနစ်ယောက် ဝိုင်းတိုက်မှုမှပင် လွတ်မြောက်ခဲ့သည် ဟူသော အချက်အား လက်ကိုင်ထားကာ ငြင်းဆိုကြသည်။ ယခု နှစ်ငါးဆယ် ကြာပြီ ဖြစ်ရာ ရဲ့ချင်စန်း၏ အစွမ်းသည်လည်း ပိုမို နေလောက်ပြီဟု ပြောကြသည်။
"အဓိက မကျတဲ့ ကိစ္စတွေကို ဆွေးနွေး မနေကြနဲ့တော့ … ချန်းပေ့ရွှမ်းရဲ့ တိုက်ပွဲက ကမ္ဘာကြီးကို ဘယ်လောက် လှုပ်ရှားသွားစေလဲ ခင်ဗျားတို့ သိကြရဲ့လား …"
ရုတ်တရက် ထွက်ပေါ်လာသော ပို့စ် တစ်ခုကြောင့် ငြင်းခုန်နေသော လူများသည် ရပ်လိုက်ကြ၏။ ပို့စ်ပိုင်ရှင်၏ နာမည်က မစ္စတာ လေ့လာသူ ဆိုသူ ဖြစ်သည်။
မစ္စတာ လေ့လာသူကား ချန်းပေ့ရွှမ်း၏ စွမ်းအားများကို အကြိမ်များစွာ အနီးစပ်ဆုံး မှန်ကန်အောင် ထောက်ပြနိုင်ခဲ့သည်။ များစွာသော လျှို့ဝှက် အေးဂျင့်များပင် သူ၏ ယူဆချက်များကို ထည့်သွင်း စဉ်းစားကြသည်။
"မစ္စတာ လေ့လာသူ ခင်ဗျား ပြောချင်တာက …"
တစ်ယောက်က မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်က ကမ္ဘာကို တန်ခိုးရှင် အဆင့်တွေ စိုးမိုး ခဲ့ကြတယ် … ဒါပေမဲ့ သူတို့ အထဲက အစွမ်း အထက်ဆုံး ရဲ့ချင်စန်းတောင် တန်ခိုးရှင်အဆင့် တစ်ယောက်ကိုပဲ သတ်နိုင်ခဲ့တယ် …."
မစ္စတာ လေ့လာသူက ဆက်လက်ရေးသည်။
"ဒါပေမဲ့ ချန်းပေ့ရွှမ်းက နှင်းဝံပုလွေ ဘုရင်နဲ့ မဟာကဝေတို့ကို သတ်ဖြတ်နိုင်ခဲ့တယ် … အခု လင်းလန့်ယာနဲ့ ဟောင်ဂိုဏ်း ဘိုးဘေးသခင်တို့လည်း သူ့လက်အောက်မှာ ပျောက်ကွယ် သွားရပြန်ပြီ … နောက် နဂါးသခင်ကြီးကိုပါ ထည့်ပေါင်းရင် သူ့ဆီမှာ ကျရှုံးခဲ့ရတဲ့ တန်ခိုးရှင် အရေအတွက်က ငါးယောက်တောင် ရှိနေပြီ …"
"တန်ခိုးရှင် အဆင့် တစ်ယောက်ချင်းစီက နိုင်ငံငယ် တစ်ခုလောက် အထိ အစွမ်းထက်ကြတယ် … နောက်ပြီး တန်ခိုးရှင် အဆင့်တွေက တစ်ယောက်နဲ့ တစ်ယောက် မဟာမိတ် ဖွဲ့ထားကြသေးတယ် … ဒါကြောင့် သူတို့ကြားမှာ တိုက်ပွဲ ဖြစ်ခဲတယ် … ရဲ့ချင်စန်းနဲ့ လင်းရှု့မင်တို့တောင် တန်ခိုးရှင် အဆင့်တွေနဲ့ ထိပ်တိုက် မဆုံအောင် ရှောင်ကြတယ် … ဒါပေမဲ့ ချန်းပေ့ရွှမ်းကတော့ တန်ခိုးရှင် သုံးယောက်ကို တစ်ပြိုင်နက်တည်း အနိုင်ယူပြခဲ့တယ် …"
"သူ့ရဲ့ တန်ခိုးရှင် အဆင့်တွေ အပေါ် လွှမ်းမိုးနိုင်မှုကို ဥပမာ ပြရမယ် ဆိုရင် အမေရိကန်ရဲ့ နိုင်ငံငယ်လေးတွေ အပေါ် လွှမ်းမိုးမှုလိုမျိုးပဲ …"
မစ္စတာ လေ့လာသူက ခိုင်မာစွာ ဆက်လက် ရေးလိုက်၏။
"သူက တန်ခိုးရှင်တွေရဲ့ ဧကရာဇ်ပဲ … ဒါက သံသယ ရှိစရာ မလိုဘူး …"
"တန်ခိုးရှင်တွေရဲ့ ဧကရာဇ် …"
မစ္စတာ လေ့လာသူ၏ နောက်ဆုံးမှတ်ချက်က များစွာသော လူများအား ဆွံ့အစေသည်။
ဤသို့ဖြင့် ထိုနေ့မှ စ၍ တစ်ကမ္ဘာလုံးက ချန်းဖန်အား အစွမ်း အထက်ဆုံး တန်ခိုးရှင် အဆင့်ဟု တစ်ပြိုင်နက်တည်း သတ်မှတ် လိုက်ကြတော့သည်။
***