မြေကမ္ဘာ အဆင့် နတ်ဘုရားနှင့် တွေ့ဆုံခြင်း
Vol. 6 Ch. 511
အပြင်လောက တစ်ခုလုံး ကြီးမားစွာ လှုပ်ခတ်နေချိန်၌ ချန်းဖန်သည် ဓားနှင့်အတူ ပြန်လမ်းမဲ့ တောင်ကြားအတွင်း ရောက်နေခဲ့ပြီ ဖြစ်သည်။
သူ့အနေဖြင့် အလွန် အစွမ်းထက်သော ရန်သူ တစ်ယောက်ကို လွှတ်မပေးနိုင်ချေ။ ထိုရန်သူက သူ့အား ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်သော်လည်း သူ၏ မိသားစုဝင်များ၊ မိတ်ဆွေများကို အန္တရာယ် ပြုလာနိုင်သည်။
ထို့ကြောင့်ပင် နဂါးသခင်ကြီး၏ ကံကြမ္မာသည် ပြန်လမ်းမဲ့ တောင်ကြားတွင်ပင် အဆုံးသတ်ပေးရမည်။
"ဘုန်း…"
ပြန်လမ်းမဲ့ တောင်ကြားအတွင်း ခြေချလိုက်စဉ်မှာပင် မြူခိုးတိမ်များက စတင်ပေါက်ကွဲလာ၏။ ထိုမြူခိုးတိမ်များကား ရေပူစမ်း တစ်ခုမှ ထွက်ပေါ်လာသည့်အလား ကောင်းကင်သို့ ပျံတက်ကာ မရေမတွက်နိုင်သော မြူခိုးနဂါးများ အဖြစ်သို့ ပြောင်းလဲသည်။
"ဂါး…"
နဂါးများက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ချန်းဖန်ထံသို့ ဘက်ပေါင်းစုံမှ တိုးဝင်လာကြ၏။
မြေကမ္ဘာ နတ်ဘုရား ခင်းကျင်းထားသော အစီအရင်ကား ခုခံခြင်းသာမကပဲ တိုက်ခိုက်မှုကိုပါ လုပ်ဆောင်နိုင်သည်။
မြူခိုးနဂါးများသည် မီတာ ရာချီခန့် ရှည်လျားကာ သန့်စင်သော ယုတ်မာခြင်း ချီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့၏ ကြီးမား ရှည်လျားသော ခန္ဓာကိုယ်ကြီးများက ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော ချိန်းကြိုးများနှင့်ပင် တူညီနေသေး၏။ ထိုနဂါး တစ်ကောင်ချင်းစီက အထွတ်အထိပ် တစ်ယောက်ကို သတ်နိုင်သည်အထိ အစွမ်းထက်သည်။
"နဂါးသခင်ကြီးက ဒီကိုအကြိမ်ကြိမ် ရောက်ဖူးတယ် ထင်တယ် ... ဒါကြောင့်ပဲ ထောင်ချောက်တွေကို ဘယ်လို ရှောင်ရမယ် ဆိုတာ သိနေတာ ဖြစ်မယ်…"
ချန်းဖန်က တွေးလိုက်မိ၏။
သူ့အနေဖြင့် ထောင်ချောက်များကို ဆယ့်ငါးမိနစ်အတွင်း ဖျက်ဆီးပစ်နိုင်သည်။ သို့သော်လည်း သူ့တွင် ထိုမျှအချိန် မရှိချေ။ ဆယ့်ငါးမိနစ် ဆိုသော အချိန်က နဂါးသခင်ကြီး အတွက် ထွက်ပြေးရန် လုံလောက်နေပြီ ဖြစ်သည်။
"နိုးထ…"
"ဘုန်း…"
ချန်းဖန် အမိန့်ပေးလိုက်သည်နှင့် ဓားပျံက မိုးကြိုးကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကို သယ်ဆောင်ကာ မြူခိုးနဂါးများထံ တိုးဝင်သည်။
ပြန်လမ်းမဲ့ တောင်ကြားကား အလွန်နက်ရှိုင်း၏။ ချန်းဖန်ပင်လျှင် တောင်ကြား၏ အဆုံးသတ်ကို မမြင်ရချေ။ ထူထပ်သော မြူနှင်းများက ယင်ချီများကို ဖန်တီး၍ နေရာ အနှံ့ပြန့်ကျဲနေရာ နတ်ဘုရား စိတ်အာရုံပင်လျှင် တိုး၍မပေါက်ချေ။
ချန်းဖန် အနေဖြင့် နတ်ဘုရား စိတ်အာရုံကို အလွန်ဆုံး မီတာတစ်ရာခန့် အထိသာ ဖြန့်ကြက်နိုင်သည်။
"ဖျက်ဆီးစမ်း ... ဖျက်ဆီးစမ်း…"
ဓားပျံက ချန်းဖန်၏ ထိန်းချုပ်မှုအတိုင်း မြူခိုးနဂါးကို တိုးဝင် ဖျက်ဆီး၏။
ချန်းဖန်သည် ဓားပျံအား နှစ်ချီအောင် အစစ်အမှန် အမတေများဖြင့် ဖြည့်တင်းကာ သန့်စင်ခဲ့သည်။ ထို့ကြောင့်ပင် ဓားပျံသည် အစွမ်းထက် ဝိညာဉ် လက်နက်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
"ဟူး…"
ဓားပျံက မြူခိုးနဂါးများစွာကို ဖျက်ဆီးရင်း ချန်းဖန် အတွက် လမ်းတစ်ခုအား ဖန်တီးပေး၏။ ချန်းဖန်က လျင်မြန်စွာပင် ထိုလမ်းကြောင်းအတိုင်း လှုပ်ရှားကာ မြူခိုး အစီအရင်၏ အခြားတစ်ဖက်သို့ ဖောက်ထွက်လိုက်သည်။
မြူခိုး အစီအရင်အား ကျော်ဖြတ်ပြီးသည်နှင့် လှပသာယာသော မြင်ကွင်းတစ်ခု ချန်းဖန်အား ကြိုဆိုနေခဲ့သည်။ ထိုအရာက ငြိမ်းအေးသော ချိုင့်ဝှမ်းကလေး တစ်ခုဖြစ်ကာ လှပသော ပန်းကလေးများက နေရာအနှံ့ဖူးပွင့် နေ၏။
"မြေကမ္ဘာ နတ်ဘုရားက အစီအရင် သုံးခုကို ခင်းကျင်းခဲ့တယ် ... ငါက ပထမ မြူခိုး အစီအရင်ကို ဖြတ်ကျော်လာခဲ့ပြီးပြီ ... ဒုတိယ တစ်ခုက ဘာဖြစ်မလဲ…"
ချန်းဖန်က ချိုင့်ဝှမ်းကလေးအား သေချာစွာ အကဲခတ်လိုက်သည်။
ချိုင့်ဝှမ်း ကလေး၏ အရှေ့ဘက်တွင် ကြီးမားသော သစ်ပင်ကြီး တစ်ပင် ရှိကာ အနောက်ဘက် မြေပြင်တွင် ဓားများအား စိုက်ထားသည်။ တောင်ပိုင်းတွင် ပွက်ပွက်ဆူနေသော ချော်ရည်ပူများ ရှိကာ မြောက်ဘက်တွင်မူ နက်ရှိုင်းသော ရေကန် တစ်ခု ရှိနေ၏။
"ဒါက ... ဒြပ်စင် ငါးခု အစီအရင်လား…"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။
ဒြပ်စင်ငါးမျိုး ပေါင်းစပ်မှုသည် မြေကမ္ဘာ၌ အသုံးပြုခဲသော်လည်း စကြဝဠာရှိ ကျင့်ကြံခြင်း လောကတွင်မူ တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ ယခု သူ့ရှေ့ရှိ အစီအရင်က အလွန် ကောင်းမွန်ခြင်း မရှိသည့်တိုင် ကမ္ဘာမြေပေါ်ရှိ အခြား အစီအရင်များနှင့် နှိုင်းယှဉ်ပါက ထိပ်တန်း အဆင့်ရှိသည်ဟု ဆိုရပေမည်။
"ဒြပ်စင်ငါးမျိုး အစီအရင် ဆိုတော့လည်း ငါ့အတွက် ပိုလွယ်ကူသွားတာပေါ့…"
ချန်းဖန်က ပြုံးလိုက်၏။
အဇူရာ သက်ရှည် ခန္ဓာကိုယ်သည် ဒြပ်စင်ငါးမျိုး တန်ခိုးရှင် ဂိုဏ်း၏ အစွမ်းအထက်ဆုံး ခန္ဓာကိုယ် တစ်ခု ဖြစ်သည်။ ဒြင်စင်ငါးမျိုး တန်ခိုးရှင် ဂိုဏ်းသည် ကျင့်ကြံခြင်း လောက၌ ဒြပ်စင်ငါးမျိုးအား အသုံးပြုခြင်းဖြင့် ထင်ရှားသည်။ ထို့ကြောင့်ပင် ချန်းဖန်သည် ထိုအစီအရင်အား ခန္ဓာကိုယ် သက်သက်ဖြင့်ပင် ဖြိုခွဲနိုင်သည်။
ချန်းဖန်က အေးဆေးစွာပင် ဒြပ်စင်ငါးမျိုး အစီအရင်ထံသို့ လျှောက်လာလိုက်၏။
ဟူး ... လား ... လား…
အစီအရင်အတွင်း စတင်ခြေချသည်နှင့် မြေပြင်က စတင်တုန်ဟည်းကာ မရေမတွက်နိုင်သော မီးလုံးများ နေရာအနှံ့ ဖြစ်ပေါ်လာ၏။ ထိုမီးလုံးများက ချန်းဖန်ဆီသို့ ဦးတည်ကာ လောင်ကျွမ်းရန် ကြိုးစားကြသည်။
သို့သော်လည်း ချန်းဖန်က တုန်လှုပ်မှု မရှိချေ။ သူက အကာအကွယ် အလင်းအား ဖြန့်ကြက်ကာ အစီအရင် အတွင်းပိုင်းသို့ ဆက်လက် တိုးဝင်လာခဲ့သည်။
ဘုန်း ... ဘုန်း ... ဘုန်း…
မီးလုံးများအား ကျော်လွန်သည်နှင့် ဆူညံသော ပေါက်ကွဲသံများနှင့် အတူ အမှောင်ချီလုံးများက ချန်းဖန်အား ဒေါသတကြီး တိုက်ခိုက်ကြသည်။
ထိုအမှောင်ချီလုံးများကား ရေဒြပ်စင်မှ ပျစ်ခဲနေသော အရာများ ဖြစ်ကာ ကီလိုဂရမ်ရာချီသော အလေးချိန် ရှိ၏။
ဘုန်း…
အမှောင်ချီလုံးများက ချန်းဖန်၏ အကာအကွယ် အလင်းကို တိုက်စားသော်လည်း အသုံးမဝင်ချေ။ ချန်းဖန်က ထိုအရာများကို လှည့်ပင်မကြည့်ပဲ ရှေ့သို့သာ ဆက်လက် ရွေ့လျားသည်။
အစီအရင် အတွင်းပိုင်းသို့ ပိုမိုရောက်လေလေ တိုက်ခိုက်မှုများက ပိုမိုပြင်းထန်ကာ အန္တရာယ် ရှိလာလေလေ ဖြစ်သည်။
ထိုတိုက်ခိုက်မှုများ အားလုံးသည် အစီအရင် အတွင်းရှိ စွမ်းအင်များဖြင့် ဖန်တီးထားခြင်း ဖြစ်ကာ တန်ခိုးရှင် အဆင့်ကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။ ချန်းဖန်၏ အကာအကွယ် အလင်းပင်လျှင် အစီအရင်၏ ဗဟိုသို့ ရောက်ခါနီး၌ အတော်လေး ပါးလွှာနေခဲ့ပြီ ဖြစ်သည်။
အကာအကွယ် အလင်း မီတာဝက်ခန့်သာ ထူတော့သည့် အချိန်၌ မရေမတွက်နိုင်သော ယီသစ်သားဓားများက နေရာအနှံ့ ပေါ်ထွက်လာပြန်၏။
"မင်းတို့က ဒီမှာပဲ…"
ချန်းဖန်က ရယ်မောရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အဇူရာ သက်ရှည် ခန္ဓာဆိုတဲ့ နာမည်နဲ့ ငါမင်းတို့ကို အမိန့်ပေးမယ်…"
ရုတ်တရက် ချန်းဖန်ထံမှ အဇူရာ သက်ရှည် ခန္ဓာ၏ အစစ်အမှန် အမတေများ စီးဆင်းထွက်ပေါ်လာကာ သစ်သား ဓားများထံသို့ တိုးဝင်သည်။ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကား အစွမ်းအထက်ဆုံး သစ်သား ဒြပ်စင်ခန္ဓာ ဖြစ်သည်။ ထိုခန္ဓာကိုယ်ဖြင့် စကြဝဠာ တစ်ခုလုံးရှိ သစ်သား ဒြပ်စင် အားလုံးကို အမိန့်ပေးနိုင်သည်။
ဘုန်း…
ရုတ်တရက် ယီသစ်သားဓားများ အားလုံး ကွယ်ပျောက်ကာ သစ်သားဒြပ်စင် အစီအရင် တစ်ခုလုံး ချန်းဖန်၏ ထိန်းချုပ်မှု အောက်သို့ ရောက်သည်။
ဒြပ်စင်ငါးမျိုး အစီအရင်သည် ဒြပ်စင်ငါးမျိုးအား ပေါင်းစပ်ထားခြင်း ဖြစ်ရာ တစ်မျိုး ပျက်စီးသည်နှင့် အစီအရင် တစ်ခုလုံးလည်း ပျက်စီးရ၏။
"ကျိုးပျက်စမ်း…"
ချန်းဖန်က မြေပြင်အား ဖနှောင့်ဖြင့် ပေါက်ရင်း အော်ဟစ်လိုက်သည်။
"ဘုန်း…"
အစီအရင် တစ်ခုလုံး ပျက်စီးသွားသည်နှင့် ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင် အားလုံးသည်လည်း ပျောက်ကွယ်သွား၏။ ချန်းဖန်က ပတ်ဝန်းကျင်အား စူစမ်းလိုက်ရာ ဂူ တစ်လုံးအား တွေ့ရသည်။ ဂူ၏ အပေါက်ဝတွင်မူ မတ်တပ်ရပ်နေသော နဂါးသခင်ကြီး ရှိနေခဲ့သည်။
နဂါးသခင်ကြီးကား အစီအရင်ကို ချိုးဖျက်၍ ထွက်ပေါ်လာသော ချန်းဖန်အား ကြည့်ကာ တုန်လှုပ်နေခဲ့ပြီ ဖြစ်၏။
"မင်းက မြူခိုးနဂါး အစီအရင်နဲ့ ဒြပ်စင်ငါးမျိုး အစီအရင်တွေကို ချိုးဖောက် ထွက်လာနိုင်လား…"
နဂါးသခင်ကြီးက စိတ်များကို ပြန်လည် စုစည်းရင်း မေးလိုက်သည်။ သူ၏ အသံကား မယုံကြည်နိုင်မှုကြောင့် အနည်းငယ်ပင် တုန်ခါနေခဲ့၏။
သူနှင့် အခြား တန်ခိုးရှင်များသည် အစီအရင် နှစ်ခုအား ကျော်ဖြတ်နိုင်ရန် အတွက် ဆယ်စုနှစ်များစွာ အချိန်ယူ လေ့လာခဲ့ရသည်။ သို့သော်လည်း ချန်းဖန်ကမူ အလွယ်တကူပင် အစီအရင် နှစ်ခုကို ချိုးဖောက် ဝင်လာခဲ့သည်။
"ငါ့အတွက် ဒါလေးက ကလေး ကစားစရာလေးပါ…"
ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ပေါ့ပေါ့ပါးပါးသာ တုံ့ပြန်လိုက်သည်။
နဂါးသခင်ကြီးကား တောင်ကြား အတွင်း၌ ချောင်ပိတ်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန် အတွက် သူ့အား သတ်ရန် အလျင်လိုစရာ မလိုချေ။
ထို့ကြောင့် သူက နဂါးသခင်ကြီးအား ဂရုမစိုက်တော့ပဲ ဂူပေါက်ဝကိုသာ ကြည့်လိုက်သည်။
"ဒါက တတိယ ဓမ္မ အစီအရင်ပေါ့..."
ဂူ၏ အပေါက်ဝအား ကျောက်တုံး တစ်ခုက တားဆီးထားသည်။ ကျောက်တုံး အပေါ်တွင်မူ သေးငယ်သော ဓားကိုးလက် ရှိသည်။ ဓားတစ်ခုချင်းစီ၏ ခန္ဓာကိုယ်ထက်တွင်မူ နာမည် တစ်ခုစီကို ရေးထိုးထားသည်။
"ပီးရှို့…"
"နှင်းဆီ…"
"အော်ဆာရာ…"
" ... "
ဓားများပေါ်ရှိ နာမည်များကို ကြည့်ကာ ဓားများ၏ ပိုင်ရှင်အား ချန်းဖန် ခန့်မှန်း၍ ရနေပြီ ဖြစ်သည်။
ချန်းဖန် မျက်မှောင်ကြုတ်၍ စဉ်းစားနေချိန်မှာပင် နဂါးသခင်ကြီးက ဝင်ပြောလိုက်၏။
"ငါတို့ သိရသလောက်ဆို ဒီဂူမှာ တရုတ်ရဲ့ နောက်ဆုံး မြေကမ္ဘာအဆင့် နတ်ဘုရား ဓားလျှို့ဝှက်ချက် နေခဲ့တာတဲ့ ... အဲဒီ ဓားကိုးလက်က သူ အသုံးပြုခဲ့တဲ့ ဓားတွေ ဖြစ်နိုင်တယ် ... မင်း ဂူထဲကို ဝင်ချင်ရင် အဲဒီ ဓားဝင်္ကပါကို ကျော်ဖြတ်မှရမယ်…"
"ဓားလျှို့ဝှက်ချက်က အဲဒီ ဓားကိုးလက်နဲ့ တရုတ်ကို လွှမ်းမိုးနိုင်ခဲ့တယ် ... တန်ခိုးရှင် အဆင့် ကိုးယောက် ပေါင်းမှပဲ ဓားဝင်္ကပါကို ကျော်ဖြတ်နိုင် လိမ့်မယ်…"
"သဘောပေါက်ပြီ…"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
သူ့အနေဖြင့် ဓားကိုးလက်မှ စီးဆင်းထွက်နေသော စွမ်းအားများကို ကောင်းစွာ အာရုံခံနိုင်သည်။ သူတို့၏ ပုံစံက သာမန်ဆန် နေသည့်တိုင် လင်းလန့်ယာ၏ သွေးဓား အလား အစွမ်းထက်သည်။
ရုတ်တရက် သူ၏ အိတ်အတွင်းရှိ အဝါရောင် ကျောက်မျက် စတင် တုန်ခါလာကြောင်း ချန်းဖန် ခံစားလိုက်ရ၏။
"ဓားအားဖြည့်ခြင်း ကျောက်မျက်က ဓားလျှို့ဝှက်ချက် ပိုင်ခဲ့တာ ဆိုတော့ ... ဖြစ်နိုင်တာက…"
ချန်းဖန်က တွေးတောရင်း အဝါရောင် ကျောက်မျက်အား ထုတ်ယူလိုက်သည်။
"ကလန့် ကလန့်…"
နဂါးသခင်ကြီး၏ အကြည့်များ အောက်တွင်ပင် ဓားကိုးချောင်းက လေပေါ်သို့ တက်ကာ အဝါရောင် ကျောက်မျက်ဆီသို့ ပျံသန်းကာ ဝင်သွားကြတော့၏။
ရုတ်တရက် နဂါးသခင်ကြီးက တစ်စုံ တစ်ခုကို သတိရသွားဟန်ဖြင့် ချန်းဖန်အား ကြည့်ကာ မေးလိုက်၏။
"အဲဒါက ဓားလျှို့ဝှက်ချက်ရဲ့ ဓားအားဖြည့်ခြင်း ကျောက်မျက် မလား…"
ချန်းဖန်ကား ဓားကိုးချောင်းကို ရရှိထားရာ စိတ်ကြည်လင်နေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူက ပေါ့ပေါ့ပါးပါးပင် အဖြေပေးလိုက်သည်။
"ဟုတ်တယ် ... ငါ ဟောင်ကောင်ကနေ ရခဲ့တာ"
နဂါးသခင်ကြီးအား အဖြေပေးပြီးနောက် ချန်းဖန်က ဂူအတွင်းသို့ ဦးတည်လိုက်သည်။
"ငါ့နောက်က လိုက်ခဲ့ ... ထွက်ပြေးဖို့ လုံးဝ မကြိုးစားနဲ့"
နဂါးသခင်ကြီး၏ မျက်နှာက အနည်းငယ် အရောင် ပြောင်းသွား၏။ သို့သော်လည်း သူက သက်ပြင်း တစ်ချက်ချကာ ချန်းဖန်၏ နောက်မှ ကပ်လိုက်လာခဲ့သည်။
သူသည် သေခြင်းတရားကို အလောင်းအစား ပြုလုပ်၍ ထွက်မပြေးလိုချေ။ သေရမည် ဆိုလျှင်ပင် မြေကမ္ဘာ နတ်ဘုရား၏ ရတနာသိုက်ကို ကြည့်ပြီးမှ သေဆုံးလိုသည်။
သို့သော်လည်း ဂူအတွင်းပိုင်းသို့ ဝင်လိုက်သည်နှင့် မည်သည့် ရတနာ အပိုင်းအစကိုမျှ မတွေ့ရချေ။ ပြန့်ကျဲနေသော ပုရပိုက် အပိုင်းအစ အချို့ကိုသာ တွေ့ရသည်။ အချို့ ပုရပိုက်များ ဆိုလျှင် အမှုန်များပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဂူ၏ အလယ်တွင်မူ မျက်လုံးများ ပိတ်၍ထိုင်နေသော ကျင့်ကြံသူ တစ်ယောက် ရှိသည်။ သူ၏ မျက်နှာက အသက်ဓာတ်နှင့် စွမ်းအားများ ဖြာထွက်နေ၏။
"ဓားလျှို့ဝှက်ချက်က အသက် ရှင်နေသေးတာလား…"
နဂါး သခင်ကြီးက တီးတိုး ရေရွတ်လိုက်သည်။
"ရွှေအမြုတေ အဆင့် ကျင့်ကြံသူတောင် နှစ်တစ်ထောင်ထက် ပိုပြီး မနေနိုင်ဘူး…"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ဆက်ပြောလိုက်သည်။
"အဲဒါက ခန္ဓာကိုယ် သက်သက်ပဲ ... သူ့ရဲ့ နတ်ဘုရား ဝိညာဉ်က မရှိတော့တာ ကြာပြီ…"
နဂါးသခင်ကြီးက ကျင့်ကြံသူအား သေချာ အကဲခတ်ကြည့်ရာ နှလုံး မခုန်တော့ကြောင်း တွေ့လိုက်ရသည်။ ထိုအရာက ချန်းဖန် ပြောသကဲ့သို့ ခန္ဓာကိုယ် အလွတ် တစ်ခုသာ ဖြစ်သည်။
ရုတ်တရက် ကျင့်ကြံသူ၏ လက်ထဲ၌ ပုရပိုက် တစ်ခု ကိုင်ထားကြောင်း ချန်းဖန် သတိပြုမိလိုက်၏။
"ဒါက ဘာလဲ…"
ချန်းဖန်က ပုရပိုက်ကို ကျင့်ကြံသူ၏ လက်ထဲမှ ဆွဲထုတ်ကာ ဖတ်ရှုလိုက်သည်။
***