← Chapters

အဆုံးသတ်က ရောက်လာပြီပဲ

Vol. 6 Ch. 512

အဆုံးသတ်က ရောက်လာပြီပဲ

Vol. 6 Ch. 512

"ကောင်းကင် တံခါးက ပိတ်ထားတော့ လမ်းက ခက်ခဲသွားခဲ့ပြီ ... အဆုံးသတ်က ရောက်လာပြီပဲ…"

ပုရပိုက်၏ ပထမ စာကြောင်းတွင် သွေးရောင် မင်များဖြင့် ရေးသားထားသော စာတစ်ကြောင်းကို တွေ့ရသည်။

ထိုပုရပိုက်သည် ဖိုက်ဘာ၊ သတ္တု စသည်တို့ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပဲ အခြားအထူးပစ္စည်း တစ်မျိုးဖြင့် ပြုလုပ်ထားသည်။ ထို့ကြောင့်ပင် နှစ်ထောင်ချီ ကြာသည်အထိ အကောင်းအတိုင်း တည်ရှိနေခြင်း ဖြစ်သည်။

"ကောင်းကင်တံခါးက ပိတ်ထားတော့ လမ်းက ခက်ခဲသွားခဲ့ပြီ ... ဒါက ဘာအဓိပ္ပာယ်လဲ…"

ချန်းဖန်က စိတ်ဝင်တစားဖြင့် အောက်ရှိ စာများကို ဆက်လတ် ဖတ်လိုက်သည်။

"ငါဟာ ကလေးဘဝတည်းက တာအိုလမ်းကို လေ့လာခဲ့တယ် ... ရှု့တောင်တန်းက ငါ့ကံကြမ္မာကို ဓားကျင့်စဉ် တစ်ခုနဲ့ ပြောင်းလဲစေခဲ့တယ် ... အကြောက်အလန့် ကင်းမဲ့စွာနဲ့ ဓားလမ်းစဉ်ကို ငါလျှောက်ခဲ့တယ် ... နှစ်ပေါင်း တစ်ရာ့သုံးဆယ် ကြာပြီးတဲ့နောက်မှာ မြေကမ္ဘာ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဓားလျှို့ဝှက်ချက် အဖြစ်နဲ့ ငါဟာ ကျော်ကြားလာခဲ့တယ်…"

ပုရပိုက် တစ်ခုလုံး၌  ဓားလျှို့ဝှက်၏ ဘဝ အကြောင်းကို အသေးစိတ် ရေးသားထားသည်။ ထိုအထဲတွင် စိတ်ဝင်စားစရာ အဖြစ်အပျက်များ၊ စွန့်စားခန်းများစွာ ပါဝင်၏။

ထိုအဖြစ်အပျက်များကို ဖတ်ပြီးနောက် ဓားလျှို့ချက်မှာ ငယ်ရွယ်စဉ် အခါကပင် ယုံကြည်ချက် မြင့်မားပြီး စိတ်ဓာတ် ခိုင်မာသော လူတစ်ယောက် ဖြစ်ကြောင်း ချန်းဖန် အကဲခတ်မိသည်။ ထို့ကြောင့်ပင် ချီရှားပါးသော ကမ္ဘာ၌ မူလဝိညာဉ် အဆင့်ထိ သူ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဓားလျှို့ဝှက်ချက်၏ အသက် သုံးရာနောက်ပိုင်း အကြောင်းအရာများမှာမူ အနည်းငယ် ပြောင်းလဲသွား၏။ ထိုအချိန်၌ သူသည် ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ မြင်လာနိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူရောက်ရှိနေသော မြေကမ္ဘာ အဆင့်မှာ ပမွှားလေးသာ ဖြစ်ကြောင်း ကောင်းစွာ နားလည်လာခဲ့သည်။

အသက် သုံးရာ နောက်ပိုင်းတွင် ဓားလျှို့ဝှက်ချက်သည် ကမ္ဘာမြေမှ ထွက်ခွာရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သူသည် အောင်မြင်လုနီးပါး အထိပင် ရောက်ခဲ့သော်လည်း အဆုံးသတ်၌ ကျရှုံးခြင်းနှင့်သာ အဆုံးသတ် ခဲ့ရသည်။

"အခု ငါ့အသက်က လေးရာ ကိုးဆယ့် နှစ်နှစ် ဖြစ်နေခဲ့ပြီ ... ငါ့မှာ ဆက်နေရဖို့ အချိန်မရှိတော့ဘူး ... ငါဟာ ဘဝ တစ်လျှောက်လုံးမှာ အရူး တစ်ယောက်လို ကြိုးစား ရုန်းကန်ခဲ့တယ် ... အခုလည်း အရူး တစ်ယောက်လိုပဲ သေရတော့မယ် ... ကောင်းကင် တံခါးက ပိတ်ထားတော့ လမ်းက ခက်ခဲသွားပြီ ... အဆုံးသတ်က ရောက်လာပြီပဲ"

ချန်းဖန်သည် ဓားလျှို့ဝှက်ချက် ပုရပိုက် ပထမဆုံး စာကြောင်း၏ အနက်အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီ ဖြစ်၏။ ဓားလျှို့ဝှက်ချက်၏ ခံစားချက်များ ပါဝင်နေသော ထိုစာကြောင်း၏ အဓိပ္ပာယ်ကား လေးနက်လွန်းလှသည်။

"ဓားလျှို့ဝှက်ချက်က ကမ္ဘာရဲ့ နောက်ဆုံး မြေကမ္ဘာ အဆင့် ဆိုရင်တောင် ကမ္ဘာပေါ်မှ အခြား မြေကမ္ဘာ အဆင့်တွေလည်း ရှိမှာပဲ ... ဒါပေမဲ့ သူတို့ အားလုံးက ဓားလျှို့ချက်လို ကံကြမ္မာမျိုးနဲ့ပဲ ကြုံတွေ့ခဲ့ရတာ ဖြစ်မယ်"

ချန်းဖန်က သက်ပြင်း တစ်ချက် ချလိုက်သည်။

ကမ္ဘာမြေကား ဝိညာဉ်ချီ ခန်းခြောက်နေရာ ကျင့်ကြံသူများ၏ အမြင်၌ ဂြိုဟ်သေ တစ်ခုနှင့် မခြားနားပေ။ မြောက်ပိုင်းကောင်းကင် အရှင်သခင်၏ မှတ်ဉာဏ်များ ရှိသော ချန်းဖန်ပင်လျှင် အလွန်ဆုံး ရွှေအမြုတေ အဆင့်အထိသာ ရောက်နိုင်သည်။

ထို့ကြောင့်ပင် ကမ္ဘာမြေမှ ထွက်ခွာရန် ချန်းဖန် အစဉ်အမြဲ တွေးတောနေခဲ့ခြင်း ဖြစ်သည်။

"ငါ့မှ ရွေးချယ်စရာ သုံးခု ရှိတယ်…"

"ပထမ တစ်ခုက ခရီးသွားဝင်္ကပါ တစ်ခုခုကို ရှာဖို့ပဲ ... ဓားလျှို့ဝှက်ချက် ရေးထားတဲ့ ကောင်းကင်တံခါး ဆိုတာက ခရီးသွားဝင်္ကပါကိုပဲ ပြောတာ ဖြစ်ရမယ် ...  ကမ္ဘာပေါ်မှာ ရှေးခေတ်က ကျင့်ကြံသူတွေ ထားခဲ့တဲ့ ခရီးသွား ဝင်္ကပါ တစ်ခုခုတော့ ရှိရမယ် ... ခရီးသွား ဝင်္ကပါ တစ်ခုလောက် ရှာတွေ့ရင် ငါ အဲဒါကို ပြန်ပြီး အသက်သွင်းလို့ရတယ်…"

"ဒုတိယ နည်းလမ်းကတော့ ရွှေအမြုတေ အဆင့်အထိ ရောက်အောင် ကျင့်ကြံဖို့ပဲ ... အဲဒီလိုဆိုရင် ပျံသန်းပြီး ကမ္ဘာကနေ ငါ ထွက်သွားလို့ ရတယ်…"

"ဒါပေမဲ့ အဲဒီ နည်းလမ်းက အရမ်းခက်ခဲမယ် ထင်တယ် ... အာကာသ ဟင်းလင်းပြင်က ရွှေအမြုတေ အဆင့်တွေ အတွက်တောင် အရမ်းအန္တရာယ် များလွန်းတယ်"

"တတိယ နည်းလမ်းကတော့ ရိုးရှင်းတယ် ... ဒီကမ္ဘာကို ငါ့ဆရာ လာတဲ့အထိ စောင့်ဖို့ပဲ ... အဲဒါဆို ငါ သူနဲ့ အတူ လိုက်သွားလို့ ရတယ်"

ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။

နည်းလမ်း သုံးခုတွင် ပထမ နည်းလမ်းက ဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။  ဒုတိယ နည်းလမ်းကိုမူ သူ့ အနေဖြင့် ယုံကြည်ချက် သိပ်မရှိပေ။

သို့သော်လည်း ပထမ နည်းလမ်း အလုပ်မဖြစ်ပါက ဒုတိယ နည်းလမ်းကို အသုံးပြုရမည် ဖြစ်သည်။

တတိယ အစီအစဉ်မှာမူ ချန်းဖန်၏ နောက်ဆုံး ဝှက်ဖဲ ဖြစ်၏။ သူ့ အနေဖြင့် ထိုနည်းလမ်းကို လိုအပ်လိမ့်မည် မထင်ချေ။

"ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တွေက လိုပါသေးတယ် ... ငါက အခုမှ ဝိညာဉ် ပင်လယ်အဆင့် အစောပိုင်းပဲ ရောက်သေးတာ ... မူလဝိညာဉ် အဆင့်ကို ရောက်ဖို့တောင် နှစ်ချီပြီး လေ့ကျင့်ရဦးမယ်"

ချန်းဖန်က အနည်းငယ်ပြုံးရင်း ခေါင်းကို ခါလိုက်သည်။ ထို့နောက် သူက ပုရပိုက်ကို ဆက်လက် ဖတ်ရှုလိုက်၏။

ပုရပိုက်တွင် ဓားလျှို့ဝှက်ချက်၏ ဘဝဖြစ်စဉ်များအပြင်  ဓားကျင့်စဉ်တစ်ခု ကိုလည်း တွေ့ရသည်။ ထိုဓားကျင့်စဉ်၏ နာမည်ကား "အထီးကျန် ကိုးယောက်၏ ဓားကျင့်စဉ်" ဟူ၍ ဖြစ်သည်။

ရဲ့ချင်စန်း၊ လင်းရှု့မင်နှင့် အခြားတန်ခိုးရှင် အဆင့်များသာ ထိုကျင့်စဉ်ကို တွေ့ရှိပါက လောဘမီး တောက်လောင်ကာ အချင်းချင်းပင် သတ်ဖြတ်ကြပေ လိမ့်မည်။ ထိုအရာကား ရှေးဟောင်း ဓားတန်ခိုးရှင် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုကျင့်စဉ်က မည်သည့် တန်ခိုးရှင်ကိုမဆို နောက်တစ်ဆင့် တက်ရန် ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ထိုအရာက ချန်းဖန် အတွက် အသုံးမဝင်လှချေ။ သူ့တွင် ထိုကျင့်စဉ်ထက် ပိုမို အစွမ်းထက်သော ကျင့်စဉ်ပေါင်း တစ်သောင်းမက ရှိသည်။

သို့သော်လည်း ချန်းဖန်က ပုရပိုက်အား အဝါရောင် ကျောက်မျက် အတွင်းသို့ ထည့်ကာ သိမ်းဆည်းလိုက်၏။ ထိုအရာက တစ်ချိန်ချိန်တွင် သူ့အတွက် အသုံးလိုကောင်း လိုလာပေလိမ့်မည်။

ထိုအချိန်၌ နဂါးသခင်ကြီးကား ပုရပိုက်အား ကြည့်ကာ အလွန် စိတ်ဝင်စားနေခဲ့၏။ ထိုအရာက အဖိုးထိုက်တန်သော တစ်ခုခု ဖြစ်မည် ဖြစ်ကြောင်း သူ ကောင်းစွာသိသည်။

သို့သော်လည်း သူက သက်ပြင်းကိုသာ ချရင်း ခေါင်းငုံ့လိုက်သည်။ ချန်းဖန်အား အနိုင်ယူရန် သူ့အတွက် အခွင့်အရေး မရှိပေ။

"ကဲ ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ ... မင်း အသက်ရှင် မလား သေမလား"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း နဂါး သခင်ကြီးအား မေးလိုက်၏။

နဂါးသခင်ကြီးက အချိန် အတန်မျှ ကြာအောင် စဉ်းစားပြီးနောက် ချန်းဖန်၏ ရှေ့၌ ဒူးထောက်ချလိုက်သည်။

"ကျုပ် သခင်ကြီးဆီမှ အစေခံပါရစေ ... သစ္စာရှိမှုကို ပြသဖို့အတွက် ကျုပ် အသက်နဲ့ ဝိညာဉ်ကို သခင်ကြီးဆီမှာ အပ်နှံပါတယ်…"

"ကောင်းပြီ…"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

နဂါးသခင်ကြီးကို အစေခံအဖြစ် ရရှိလိုက်ခြင်းက သူ့အတွက် မဆိုးလှချေ။ အကယ်၍ ဟွာရန်ဖန်းနှင့် နဂါးသခင်ကြီးတို့၏ ကာကွယ်မှုအောက်တွင် ရှိပါက ချန်းမိသားစု အနေဖြင့် လုံခြုံလိမ့်မည် ဖြစ်သည်။

ချန်းဖန်က နဂါးသခင်ကြီးနှင့် စိတ်ဝိညာဉ် ပဋိညာဉ်ကို လျင်မြန်စွာပင် ချုပ်ဆိုလိုက်သည်။ အကယ်၍ နဂါးသခင်ကြီးသာ ချန်းဖန်ကို သစ္စာဖောက်ရန် ကြံစည်ပါက ချက်ချင်းပင် စိတ်ဝိညာဉ် ပျက်စီးကာ သေဆုံးရပေလိမ့်မည်။

စိတ်ဝိညာဉ် ပဋိညာဉ်ကို ချုပ်ဆိုပြီးသည်နှင့် နဂါးသခင်ကြီးက ချန်းဖန်အား အရိုအသေပေးကာ ပြောဆိုလိုက်သည်။

"ကျွန်တော်ရဲ့ နာမည် အရင်းက ရှဲ့ရန်ပါ ... သခင်ကြီးဆီမှာ အမှုထမ်းရတာ ဂုဏ်ယူပါတယ်"

"ရှဲ့ရန်…"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကျောက်မျက်ထဲမှ ဓားလျှို့ဝှက်ချက်၏ ပုရပိုက်ကို ထုတ်ကာ ရှဲ့ရန်ထံ ပစ်ပေးလိုက်၏။

"ဒါက မင်းအတွက် ငါ့ရဲ့ ပထမဆုံး လက်ဆောင်ပဲ ... အခုကစလို့ မင်းက မြောက်ပိုင်းချုံးဂိုဏ်းရဲ့ အစောင့်အရှောက် ဖြစ်သွားပြီ"

"ဘာများလဲ…"

ရှဲ့ရန်က ပုရပိုက်ကို ဖြန့်၍ စိတ်ဝင်တစား ဖတ်လိုက်သည်။

"အထီးကျန် ကိုးယောက်ရဲ့ ဓားကျင့်စဉ်…"

ထိုကျင့်စဉ်အား မြင်သည်နှင့် ရှဲ့ရန်ကား မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။ သူ၏ တစ်ကိုယ်လုံးသည်လည်း စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ရီလာတော့၏။

"ဆရာ ... ကျွန်တော့်ကို ဒါ တကယ်ပဲ ပေးတာလား…"

"ဪ ဟုတ်တယ်လေ ... မင်းသာ ငါ့ အပေါ် သစ္စာရှိရှိနေရင် ပိုပြီးအစွမ်းထက်တဲ့ ကျင့်စဉ်တွေ ပေးဦးမှာ"

ချန်းဖန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ ... သခင် ... အဲလေ ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

ရှဲ့ရန်က ချန်းဖန်အား အကြိမ်ကြိမ် အရိုအသေပေးရင်း ပြောလိုက်သည်။

ဤနည်းဖြင့် ချန်းဖန်သည် နဂါးသခင်ကြီး၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ကြောက်ရွံ့မှုကြောင့် ဦးခိုက်ခြင်းကား လေးစားသမှုဖြင့် အလိုအလျောက် အညံ့ခံလာခြင်းကို ယှဉ်နိုင်မည် မဟုတ်ချေ။

"ဒီကျင့်စဉ်ကြောင့်ပဲ ဓားလျှို့ဝှက်ချက်က မြေကမ္ဘာ အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ... လင်းရှု့မင်လို လူမျိုးတောင် ဒီလိုကျင့်စဉ်ကို လက်လွှတ်ခံမှာ မဟုတ်ဘူး ... ဒါပေမဲ့ ဂိုဏ်းချုပ်ကတော့ ဒီကျင့်စဉ်ကို သာမန်ပစ္စည်း တစ်ခုလိုပဲ သဘောထားပုံ ရတယ် ... ရှေးဟောင်း နတ်ဘုရား ဝင်စားတယ်ဆိုတဲ့ ကောလာဟလတွေက တကယ် မှန်နေပုံပဲ"

ထိုအတွေးဖြင့် ရှဲ့ရန်က ပင့်သက် တစ်ချက် ရှိုက်လိုက်မိသည်။ သူ၏ စိတ်တွင်မူ ချန်းဖန်အား ကြောက်ရွံ့ လေးစားခြင်းများက ထိန်းချုပ် မရအောင် တိုးပွား လာနေတော့သည်။

ထိုအချိန်၌ စိတ်တိုကြီးချန်းကမူ ဂူအား လှည့်ပတ်ကြည့်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေတော့သည်။

"ဂိုဏ်းချုပ် ... မြေကမ္ဘာ နတ်ဘုရားရဲ့ ရတနာသိုက် ဆိုတာက ချဲ့ကား ပြောကြတာလား မသိဘူးနော် ... ဂူထဲမှာ ရတနာ ဆိုလို့ ပုရပိုက် တစ်ခုပဲ ရှိတယ် ... ကျွန်တော်က အစွမ်းထက်ဆေးတို့ ဓမ္မ ရတနာတို့ ရှိမယ် ထင်နေတာ…"

ရှဲ့ရန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။

"ဟဲဟဲ ... ကြည့်လိုက်ပါဦး…"

ချန်းဖန်က အနည်းငယ် ပြုံးရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟူး…"

ရုတ်တရက် ချန်းဖန်၏ လက်မှ အဇူရာ အလင်းတစ်ခု ထွက်ပေါ်လာကာ ဂူနံရံ တစ်ခု ပေါ်သို့ ကျသည်။ အဇူရာ အလင်း၏ တိုက်စားမှုတွင် နံရံက ပျက်စီးကာ လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာ၏။

ချန်းဖန်တို့ ထိုလမ်းကြောင်းအတိုင်း လျှောက်လာလိုက်ရာ မီတာ အနည်းငယ် ကြီးမားသော ရေကန် တစ်ခုအား တွေ့ရသည်။ ထိုရေကန် အတွင်းရှိ ရေများကား ပွက်ပွက်ဆူကာ သန့်စင်သော ဝိညာဉ်ချီများဖြင့် ပြည့်သိပ်နေ၏။

ရေကန်၏ တစ်ဖက်တွင်မူ ထူးဆန်းသော အပင်များဖြင့် ပြည့်နှက်နေသည့် ဥယျာဉ်ငယ် တစ်ခုရှိ၏။

"ဒါက…"

ရှဲ့ရန်၏ မျက်လုံးများကား မယုံကြည်နိုင်မှုကြောင့် ဝိုင်းစက်သွား၏။

"ဒါက တကယ့် ရတနာသိုက်ပဲ ... ဒီနေရာက ဝိညာဉ်ရင်းမြစ် တွေက ရေခဲဝံပုလွေ ချိုင့်ဝှမ်းက ဝိညာဉ်ရေတွေထက် အများကြီး ပိုသန့်စင်တယ် ... ဓားလျှို့ဝှက်ချက် ဒီနေရာကို ဘယ်လိုတွေ ရှာတွေ့ခဲ့တယ် မသိဘူး…"

ချန်းဖန်၏ မျက်နှာကား ပြုံးရွှင်နေခဲ့ပြီ ဖြစ်သည်။

"နောက်ပြီး ဒီအပင်တွေ အားလုံးက သာလွန်အဆင့် ဝိညာဉ် ဆေးပင်တွေပဲ…"

ချန်းဖန်က အခန်းအပြည့် ဆေးပင်များကို စစ်ဆေးရင်း ရေရွတ်လိုက်၏။

"မီးသစ်သီး သက်တန့်ကြာပန်း ငွေရောင်စပါး ... နောက်ပြီး ဆေးပင် တစ်ခုချင်းစီက နှစ်ထောင်ချီ သက်တမ်း ရှိနေပြီ ... မြေကမ္ဘာကဝေ သုံးချောင်းထောက် ဆေးအိုးနဲ့သာ သန့်စင်လိုက်ရင် တကယ့် မဟာဆေးဝါးတွေ ငါဖန်တီးနိုင်ပြီ…"

ချန်းဖန်ကား အချိန်ဖြုန်း မနေတော့ချေ။ ချက်ချင်းပင် လုပ်ငန်း စလိုက်တော့၏။

သူ၏ အဆင့်ဖြင့် ဆိုပါက လပေါင်းများစွာ အစာမစားပဲ နေနိုင်နေပြီ ဖြစ်သည်။ ဆာလောင်လျှင်ပင် သူ့တွင် အလျှံပယ် ရှိသော အမတေ စုစည်းခြင်း ဆေးများနှင့် ဝိညာဉ်ရေများ ရှိသည်။

ချန်းဖန် ကြိုးစားပမ်းစားဖြင့် ဆေးသန့်စင် နေချိန်၌ အပြင်လောကတွင်မူ ကြီးမားသော အပြောင်းအလဲများ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တော့သည်။

***

All Chapters