လှုပ်ရှားလာသော တန်ခိုးရှင်များ
Vol. 6 Ch. 513
ချန်းဖန်နှင့် တန်ခိုးရှင် သုံးယောက်၏ တိုက်ပွဲက ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာအောင် ပျောက်ကွယ် နေကြသော နေခဲ့သော စိတ်တိုကြီးများပင်လျှင် ပုန်းအောင်းနေရာမှ ထွက်ကာ စတင်လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။
တန်ခိုးရှင် အဆင့်များသည် မဟာအင်အားကြီး နိုင်ငံများမှ လွဲ၍ ကမ္ဘာအား စိုးမိုးနိုင်သူများ ဖြစ်ကြသည်။ သူတို့အား လွယ်ကူစွာ ဖယ်ရှားပစ်ရန် မလွယ်ကူလှချေ။
သို့သော်လည်း ချန်းဖန်ကမူ အင်အား ကြီးလှသည် ဆိုသော တန်ခိုးရှင်များကို အလွယ်တကူပင် ဖယ်ရှားပစ်နိုင်ခဲ့သည်။ သူ၏ ဓားက ပြိုင်ဘက်များကို သုတ်သင်ရာတွင် အညှာအတာ ကင်းမဲ့လွန်းသည်။
"အဲဒီအရူးလေး သတင်းကို ကြားရတာ လွန်ခဲ့တဲ့ နှစ်ထောင်ချီက မဟာကဝေ၊ ကျန်းစန်းဖုန်းနဲ့ ဓားလျှို့ဝှက်တို့ကို ပြန်ပြီး အမှတ်ရစေတယ်…"
"ဟမ့် ... သူ ဘယ်လောက်ပဲ အစွမ်းထက်ထက် ... ရဲ့ချင်စန်း တုန်းကလို စုပေါင်းပြီး တိုက်ခိုက်ရင် သူ ခံနိုင်မှာလား…"
တန်ခိုးရှင် များစွာကား ချန်းဖန်၏ သတင်းကို စိတ်ဝင်တစား နားစွင့်နေကြပြီ ဖြစ်သည်။
"လင်းလန့်ယာ သေသွားတာက လင်းမိသားစု အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပဲ ... ဒီကိစ္စကို လင်းရှု့မင် ဘယ်လို တုံ့ပြန်မယ် မသိဘူး…"
များစွာသော လူများကား လင်းမိသားစုထံမှ ထွက်ပေါ်လာမည့် သတင်းကို နားစွင့်နေခဲ့ကြသည်။ လင်းမိသားစု၏ တန်ခိုးရှင် ဘိုးဘေး ထွက်ပေါ်လာမည်လား လူတိုင်း စိတ်ဝင်စားကြသည်။
လင်းရှု့မင်ကား ကမ္ဘာ့ အသက်အရှည်ဆုံး တန်ခိုးရှင် ဖြစ်သည်။ ချန်းပေ့ရွှမ်းကို ရင်ဆိုင်နိုင်မည့်သူ ဆို၍ ရဲ့ချင်စန်းမှ လွဲလျှင် သူသာ ရှိသည်။
"လင်းရှု့မင် ပေါ်ထွက် မလာခဲ့တာ နှစ်ရာချီ ကြာမြင့်နေပြီ ... ပြန်ပေါ်လာတဲ့ အချိန်ရောက်ရင် သူက မြေကမ္ဘာ အဆင့်ကို ရောက်နေမလား"
လူများက အမျိုးမျိုး ခန့်မှန်းကြသည်။
လွန်ခဲ့သည့် နှစ်တစ်ထောင် အတွင်း မြေကမ္ဘာ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ မရှိခဲ့သော်လည်း များစွာသော တန်ခိုးရှင်များသည် ထိုအဆင့်သို့ ရောက်ရန် ရည်မှန်းချက် ထားနေကြဆဲ ဖြစ်သည်။
တန်ခိုးရှင် အဆင့်များ လူမြင်ကွင်းမှ ပျောက်ကွယ် နေရသည့် အကြောင်းရင်းသည် နျူကလိယဗုံး တစ်ခုတည်းကြောင့်သာ မဟုတ်ချေ။ တံခါးပိတ်ကာ ကျင့်ကြံလိုသည့် ဆန္ဒလည်း ပါဝင်နေ၍ ဖြစ်သည်။
"ဆယ်ရက်…"
"ရက်နှစ်ဆယ်…"
"ရက်သုံးဆယ်…"
ချန်းပေ့ရွှမ်း ပြန်လမ်းမဲ့ တောင်ကြား အတွင်း ဝင်ရောက်သွားသည်မှာ တစ်လခန့် ရှိခဲ့ပြီ ဖြစ်သည်။ အချို့ဆိုလျှင် မြေကမ္ဘာ နတ်ဘုရား၏ ထောင်ချောက်များကြောင့် ချန်းပေ့ရွှမ်း သေဆုံးသွားပြီ ဟု ခန့်မှန်း ပြောဆိုကြသည်။
သို့သော်လည်း ချန်းမိသားစုကို ထိရဲသူ မရှိချေ။ ရေခဲဝံပုလွေ တောင်ကြား၌ ဖြစ်ပျက်ခဲ့သော ကိစ္စက များစွာသော လူများကို လက်တွန့်စေသည်။
ထို့ကြောင့်ပင် ချန်းဖန်၏ ပျောက်ဆုံးနေမှုက ချန်းမိသားစုအား ကြီးကြီးမားမား မထိခိုက် စေခဲ့ပေ။
"ဘုန်း…"
ထိုအတောအတွင်းမှာပင် ကျားနဂါးတောင်ထိပ်၌ ပေါက်ကွဲသံ တစ်ခုနှင့် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
ကောင်းကင်သခင်ဂိုဏ်း၏ ဂန္ထဝင် ယောင်တောက်ရီကား ကာလရှည်ကြာ တံခါးပိတ် ကျင့်ကြံနေခဲ့ရာမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ယောင်တောက်ရီသည် နှစ်ဆယ်ရာစုကပင် တရုတ်၌ နာမည် ကျော်ကြားခဲ့သူ ဖြစ်သည်။ အလွန် အစွမ်းထက်သော မိုးကြိုးကျင့်စဉ်က သူ့အား နတ်ဆိုး တစ်ကောင်အလား လွှမ်းမိုးစေခဲ့သည်။ ရဲ့ချင်စန်းကသာ သိန်းချီသော စစ်တပ်ဖြင့် ကျားနဂါးတောင်အား ဝန်းရံကာ ဖိအားမပေးခဲ့လျှင် ယောင်တောင်ရီ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။
အခုလပိုင်းအတွင်း ယောင်တောက်ရီကား တစ်ယောက်တည်းသော ထွက်ပေါ်လာသူ မဟုတ်ချေ။
ခရီးသွား အချို့က တိမ်ပေါ်တွင် လမ်းလျှောက်နေသော လူတစ်ယောက်ကို မကြာခဏ တွေ့မြင်ရသည်ဟု ပြောကြသည်။ ထိုလူသည် ဆံပင်များ ဖြူဖွေးနေသော်လည်း ငယ်ရွယ် နုနယ်သော မျက်နှာရှိသည်ဟု သူတို့က ဆိုကြသည်။
ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်း၏ ဘုန်းကြီးအို တစ်ပါးကမူ တိမ်တိုက်ထက်၌ တွေ့မြင်ရသည့် သူမှာ သူ ငယ်ရွယ်စဉ် ကတည်းက မြင်ခဲ့ဖူးသူဟု အခိုင်အမာ ဆိုသည်။
"သူက ဝူတန်ဂိုဏ်းက လီချန်းရှန့်ပဲ ဖြစ်ရမယ်…"
"လီချန်းရှန့်က ဓမ္မအစီအရင်ရော သိုင်းပညာရော နှစ်ခုစလုံးကို ပူးတွဲလေ့ကျင့်တဲ့ တန်ခိုးရှင် အဆင့်ပဲ…"
အချို့လူများက အွန်လိုင်းပေါ်တွင် အမျိုးမျိုး ခန့်မှန်းရေသားကြသည်။ ထိုအကြောင်း အရာများကား တရုတ်မီဒီယာ၏ အဓိက သတင်းများ ဖြစ်လာခဲ့သည်။
ယောင်တောင်ရီ နှင့် လီချန်းရှန့် တို့ကား လွန်ခဲ့သည့် နှစ်ရာချီကပင် ကျော်ကြားခဲ့သော တရုတ်၏ ဂန္ထဝင် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့၏ နာမည်က တရုတ်၌ မသိသူ မရှိအောင် ကျော်ကြားသည်။
ထိုကဲ့သော ထူးဆန်းမှုများက တရုတ်တွင်သာ ဖြစ်ပျက်နေခြင်း မဟုတ်ချေ။ ကမ္ဘာ အနှံ့အပြား၌ ဖြစ်ပျက်နေခဲ့ခြင်း ဖြစ်သည်။
ထိုင်းတွင် မြွေကြီးကို စီးကာ ကောင်းကင်၌ ပျံသန်းနေသော အဘိုးအို တစ်ယောက်ကို တွေ့ရကြောင်း သတင်းများ ပျံ့နှံ့နေသည်။
ဂျပန်တွင်လည်း အိုင်းမဟာ ဘုရားကျောင်း၌ ထူးဆန်းမှုများ မကြာခဏ တွေ့ရသည်ဟု လူအများက ပြောဆိုကြသည်။
အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက စသည့် နေရာများတွင်လည်း အလားတူ ကောလာဟလများက ပျံ့နှံ့နေ၏။
"ယောင်တောက်ရီ…"
"လီချန်းရှန့်…"
"ဓမ္မရာဂျာ စက္က…"
"ဂွန်းတူဘုရင်…"
"အိုင်းမဟာ ဘုရားကျောင်းရဲ့ နတ်ဆိုး သခင်…"
စီအိုင်အေ၏ နတ်ဘုရား သတ်မှတ်ချက်တွင် နာမည်များက အဆက်မပြတ် တိုးပွားလာနေခဲ့သည်။
"ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေတာလဲ ... ဘာလို့ တန်ခိုးရှင် အဆင့်တွေ ထွက်ပေါ်လာရတာလဲ ... အမေရိကန်ရဲ့ နျူကလိယဗုံးကို သူတို့ မကြောက်ကြဘူးလား…"
စီအိုင်အေ၏ သီးသန့် ဖိုရမ်တွင် တစ်ယောက်က မေးသည်။
"သူတို့ စိုးရိမ် နေကြတာ…"
အခြား တစ်ယောက်က အဖြေပေးသည်။
"သူတို့ ပုန်းကွယ်နေရတဲ့ အကြောင်းရင်းက အမေရိကန်ကြောင့် မဟုတ်သလို နျူကလိယဗုံး ကြောင့်လည်း မဟုတ်ဘူး ... သူတို့ရဲ့ မိသားစုတွေ မျိုးဆက်တွေကို အန္တရာယ်ပေးမှာ စိုးရိမ်လို့ပဲ…"
"ဒါပေမဲ့ ချန်းပေ့ရွှမ်းရဲ့ ထင်တိုင်းကြဲနေမှုက သူတို့ရဲ့ အတွေးတွေကို ပြောင်းလဲစေပုံရတယ်... ဒါကြောင့်ပဲ ပုန်းအောင်း နေရာကနေ ထွက်လာကြတာပဲ…"
"ဟုတ်တယ် ... သဘောတူတယ်…"
အခြားတစ်ယောက်က ရေးသည်။
"အမြဲတမ်း ပုန်းနေရတဲ့ အလုပ်ကို သူတို့လည်း ဘယ်လုပ်ချင်မှာလဲ ... အခု ချန်းပေ့ရွှမ်းတောင် ပေါ်တင် သောင်းကျန်းနေတော့ သူတို့က ဘာလို့ ဆက်ပုန်းနေရမှာလဲ…"
ဤသို့ဖြင့် စီအိုင်အေ၏ သီးသန့်ဖိုရမ်ကား ပို့စ်များ၊ ငြင်းခုန်မှုများဖြင့်သာ ပြည့်နှက် နေတော့သည်။
တစ်လ…
နှစ်လ…
သုံးလ…
သုံးလ ကြာသည် အထိ ချန်းပေ့ရွှမ်းကား ပျောက်နေဆဲ ဖြစ်သည်။ အချို့ လူများက ပြန်လမ်းမဲ့ တောင်ကြား၌ ချန်းပေ့ရွှမ်း သေဆုံးသွားပြီ ဖြစ်ကြောင်း အခိုင်အမာ ဆိုလာကြ၏။
***
"ဘုန်း…"
၂၀၁၀၊ ဩဂတ်လ ၃ ရက်နေ့….
ထိုနေ့ည၌ ကျင်းမြို့တော်တွင် အဆက်မပြတ် မိုးရွာကာ တစ်ညလုံး မိုးကြိုးပစ်သံများဖြင့် ဆူညံ နေခဲ့သည်။ အချို့ကမူ ကောင်းကင်၌ နဂါးတစ်ကောင်နှင့် လူတစ်ယောက် တိုက်ခိုက်နေသည်ကို တွေ့ရကြောင်း ဆိုကြသည်။
နောက်ရက်ပိုင်းအတွင်း သတင်းထူး တစ်ခုက စီအိုင်အေ သီးသန့် ဖိုရမ်တွင် ပျံ့နှံ့လာခဲ့သည်။
ထိုသတင်းကား တန်ခိုးရှင် အဆင့် တစ်ယောက်က ချန်းမိသားစု တည်ရှိရာ အရှေ့တောင်ကြားကို တိုက်ခိုက်သော်လည်း ဒဏ်ရာပြင်းစွာရ၍ ထွက်ပြေးသွားသည် ဟူ၍ ဖြစ်သည်။
နောက်ရက်အနည်းငယ်တွင် ကျောင်းဟိုင်၏ ကောင်းကင်၌ တိုက်ခိုက်မှု အချို့ ဖြစ်ပွားခဲ့ကြောင်း သတင်း ထွက်ပေါ်လာသည်။ မျက်မြင်တွေ့သူ အချို့၏ ပြောစကား အရဆိုလျှင် တိုက်ခိုက်သူ နှစ်ယောက်မှ တစ်ယောက်သည် ကျောင်းဟိုင်၏ ဂန္ထဝင် ဟွာရန်ဖန်းဟု သိရသည်။
ထိုသတင်း နှစ်ခုက အမှောင်ကမ္ဘာအား ကြီးမားစွာ လှုပ်ခတ်စေသည်။
"အရှေ့တောင်ကြားမှာ ချန်းပေ့ရွှမ်း ထားခဲ့တဲ့ အစီအရင်က တန်ခိုးရှင် တစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်တဲ့..."
"ဘယ်သူမှ သတိမထားမိခင်မှာပဲ ဟွာရန်ဖန်းက တန်ခိုးရှင် အဆင့်ကို တက်လှမ်းသွားပြီ ဟုတ်လား ... တကယ်ဆို ရဲ့နန်ထင်း အဇူရာနဂါး အိုဒင်တို့က သူ့ထက် ပိုပြီးစွမ်းတာ မဟုတ်ဘူးလား…"
အမှောင်ကမ္ဘာသားများကား ဆက်တိုက် ထွက်ပေါ်လာသော သတင်းများကြောင့် အကြိမ်ကြိမ် အံ့အားသင့်ကြရသည်။
မကြာခင်မှာပင် ဟွာရန်ဖန်းသည် ချန်းဖန်၏ တပည့် ဖြစ်ပြီး မြောက်ပိုင်းချုံးဂိုဏ်း၏ ဂိုဏ်းဝင် တစ်ယောက် ဖြစ်ကြောင်း သတင်းထွက် လာခဲ့ပြန်၏။
ထိုသတင်းက တစ်ကမ္ဘာလုံးအား ဆွံ့အ သွားစေခဲ့တော့သည်။
***