← Chapters

မီးတောက် ဝိညာဉ်ဆေး

Vol. 6 Ch. 514

မီးတောက် ဝိညာဉ်ဆေး

Vol. 6 Ch. 514

ချန်းပေ့ရွှမ်းသည် မြောက်ပိုင်းချုံးဂိုဏ်းအား တည်ထောင်ခဲ့သူဟု ဆိုကြသည်။

ထိုသတင်းသာ အမှန်ဆိုလျှင် မြောက်ပိုင်းချုံးဂိုဏ်း၌ တန်ခိုးရှင် အဆင့် နှစ်ယောက် ရှိနေခဲ့ပြီဟု ဆိုရပေမည်။ ထိုအင်အားသည် တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုထက်ပင် ပိုမိုနေပြီ ဖြစ်သည်။

ကောလာဟလများ အရဆိုလျှင် ဟွာရန်ဖန်းသည် ချန်းပေ့ရွှမ်း၏ အကူအညီဖြင့် တန်ခိုးရှင် အဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရ၏။

မကြာခင်တွင်ပင် မီးမြွေသခင်သည် မိန်းမငယ်လေး တစ်ယောက်၏ လက်၌ အသတ်ခံခဲ့ရကြောင်း သတင်း ထွက်ပေါ်လာပြန်သည်။ မီးမြွေသခင်သည် သူ၏ မြွေသားရဲကို ချန်းပေ့ရွှမ်းထံ၌ ဆုံးရှုံးခဲ့ရသော်လည်း အစွမ်း အထက်ဆုံး ဂွန်းတူ မှော်ဆရာ တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ သို့သော်လည်း မိန်းကလေးက သူ့အား တစ်ကွက်အတွင်း အနိုင်ယူခဲ့သည်ဟု ဆိုကြသည်။

ပိုမို ထွက်ပေါ်လာသော သတင်းများအရ ထိုမိန်းကလေးသည် ချန်းပေ့ရွှမ်း၏ အစေခံ မိန်းကလေး ယူကီရှီရိုဆာ ဖြစ်ကြောင်း သိလာရသည်။ သူမက လင်းပို့ကျွင်းကိုလည်း ကျောင်းဟိုင်တွင် သတ်ဖြတ်ခဲ့သေးသည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ ... အဲဒီ မိန်းကလေးက အသက် နှစ်ဆယ်ပဲ ရှိသေးတာမလား…"

လူအများကား ထွက်ပေါ်လာသော သတင်းများကို ယုံပင် မယုံကြည်နိုင်ကြချေ။

ဂျပန်၏ အစွမ်းအထက်ဆုံး ဓားမာစတာ ဖြစ်သည့် အီရီကာပင်လျှင် အသက် သုံးဆယ့်ငါးနှစ် ပြည့်မှသာ အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

"ယူကီရှီရိုဆာ" ဆိုသော နာမည်က မကြာခင်တွင် ကောင်းကင် စာအုပ် သတ်မှတ်ချက်၌ ပါလာတော့မည်ဟု အချို့က အခိုင်အမာ ဆိုကြသည်။

မကြာခင်တွင်ပင် ယင်တစ္ဆေဂိုဏ်း၏ အားရှို့ဆိုသော မိန်းကလေးက ထိုက်ကျိဂိုဏ်း၏ ချန်းချူရန်ကို စိန်ခေါ်ကာ အနိုင်ယူခဲ့ကြောင်း သတင်း ထွက်လာပြန်၏။ ထိုတိုက်ပွဲ အပြီး၌ သူမ၏ နာမည်က ကောင်းကင်စာအုပ် နံပါတ် ဆယ့်သုံး နေရာသို့ တိုက်ရိုက်ပင် တက်လှမ်းခဲ့သည်။

ကောလာဟလများအရ ထိုမိန်းကလေးသည် ချန်းပေ့ရွှမ်း၏ တပည့်ကြီးဖြစ်ပြီး တန်ခိုးရှင် ဟွာရန်ဖန်းကပင် သူမကို "စီနီယာအစ်မ" ဟူသော နာမ်စားဖြင့် ခေါ်ရသည်ဟု ဆိုကြသည်။ တိုက်ပွဲဖြစ်ပြီး နောက်တစ်နေ့၌ ယင်တစ္ဆေဂိုဏ်းက မြောက်ပိုင်းချုံးဂိုဏ်းကို ပူးပေါင်းကြောင်း အတိအလင်း ကြေညာခဲ့သည်။

နောက်ရက် အနည်းငယ် အတွင်းမှာပင် ဆေးနတ်ဘုရား တောင်ကြားကလည်း ဂိုဏ်းအဖြစ်မှ ဖျက်သိမ်းကာ မြောက်ပိုင်းချုံးဂိုဏ်း ဆေးနတ်ဘုရား ဌာနခွဲအဖြစ် ခံယူကြောင်း ကြေညာပြန်သည်။

ဌာနခွဲ၏ ခေါင်းဆောင်သည် ကျိုးကျင်းရီ ဆိုသည့် မိန်းကလေးဟု ဆိုကြသည်။ သူမသည် ဆေးသန့်စင်ခြင်း၌  အလွန်အမင်း ကျွမ်းကျင်သည့် ပြည့်စုံခြင်း အဆင့် တစ်ယောက် ဖြစ်သည်ဟု ဆိုကြသည်။

သို့သော်လည်း ထိုအရာများကား အံ့အားသင့်စရာ အကောင်းဆုံး သတင်း မဟုတ်သေးချေ။

ထိုရက်ပိုင်းမှာပင် မြန်မာ၏ အမှောင်ကဝေဂိုဏ်းက အမှောင်ကဝေ ဌာနခွဲအဖြစ် မြောက်ပိုင်းချုံးဂိုဏ်းနှင့် ပူးပေါင်းကြောင်း ကြေညာခဲ့သည်။ သူတို့သည် ချန်းပေ့ရွှမ်း၏ ကိုယ်စား မြန်မာ၌ အခြေစိုက်ကာ အရှေ့တောင် အာရှကို လွှမ်းမိုးကြသည်။

မြန်မာ၏ အမှောင်ကဝေဂိုဏ်းကား ဟောင်ဂိုဏ်း၊ နဂါးခန်းမ စသည့် အင်အားကြီး အဖွဲ့အစည်းများနှင့်ပင် တန်းတူ ရပ်တည်နေသော ဂိုဏ်းဖြစ်သည်။ ဂိုဏ်းတွင် ပြည့်စုံခြင်း အဆင့် လေးယောက်အပြင် ရာချီသော တပည့်များစွာ ရှိသည်။

မြောက်ပိုင်းချုံးဂိုဏ်း၊ အမှောင်ကဝေ ဌာနခွဲ၏ လက်ရှိ ခေါင်းဆောင်မှာမူ အလွန်တရာ လှပသော မိန်းကလေး တစ်ယောက်ဟု ဆိုကြသည်။

"ချန်းပေ့ရွှမ်းက တဏှာရူး တစ်ယောက် ဖြစ်ရမယ် ... သူ့ရဲ့ အစေခံတွေ တပည့်တွေ အားလုံး အရမ်းကို လှပတဲ့ မိန်းကလေးတွေချည်းပဲ…"

အချို့က ချန်းဖန်အား ကျိတ်၍ နှာခေါင်းရှုံ့ကြသည်။ သို့သော်လည်း မည်သူကမျှ ပေါ်တင် မဝေဖန် ရဲကြချေ။

မြောက်ပိုင်းချုံးဂိုဏ်းကား တန်ခိုးရှင် အဆင့် နှစ်ယောက်၊ ကောင်းကင်စာအုပ် သတ်မှတ်ချက်ဝင် အထွတ်အထိပ် နှစ်ယောက်အပြင် ပြည့်စုံခြင်း အဆင့်ကျင့်ကြံသူ ခုနစ်ယောက်ကိုပါ ပိုင်ဆိုင်ထားသည်။

ထို့အပြင် ဂိုဏ်း၏ ဌာနခွဲ သုံးခုလုံးသည်လည်း ဂိုဏ်းကြီးများနှင့်ပင် ယှဉ်နိုင်သော အင်အားစုများ ဖြစ်ကြသည်။

ထိုသို့သော အင်အားစုများ ပေါင်းစပ်ထားသည့် မြောက်ပိုင်းချုံးဂိုဏ်းကား မဟာအင်အားကြီး နိုင်ငံများကိုပင် ခြိမ်းခြောက်နိုင်သည့် အင်အားစုတစ်ခု ဖြစ်သည်။ မြောက်ပိုင်းချုံးဂိုဏ်း၏ ပေါ်ထွက်လာမှုက ချန်းမိသားစုကို တိုက်ခိုက်ရန် ကြံနေသော လူများအား လက်တွန့်စေသည်။

တန်ခိုးရှင် အဆင့် နှစ်ယောက်၏ ကျရှုံးမှု အပြီးတွင် မည်သည့် အဖွဲ့အစည်းကမျှ ချန်းမိသားစုကို လက်တည့် မစမ်းရဲကြတော့ချေ။

***

အပြင်လောက၌ အပြောင်းအလဲများ အဆက်မပြတ် ဖြစ်ပေါ်နေချိန်တွင် ချန်းဖန်ကမူ ပြန်လမ်းမဲ့ တောင်ကြားရှိ ဂူအတွင်း၌ အေးအေးလူလူ ထိုင်နေခဲ့သည်။

သူ၏ ရှေ့တွင်မူ မြေကမ္ဘာကဝေ သုံးချောင်းထောက် ဆေးအိုး ရှိ၏။

"ဟူး ... ဟူး…"

သုံးချောင်းထောက် ဆေးအိုး၏ အောက်တွင်မူ အနက်ရောင် မီးတောက် တစ်ခုက တောက်လောင်နေ၏။ ထိုမီးတောက်နက်ကား အနက်ရောင် ခရိုင်စတယ်တုံးကလေး လောင်ကြွမ်းရာမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ရှဲ့ရန်က ချန်းဖန်အား ကူညီကာ မီးအပူရှိန်ကို ထိန်းညှိပေးသည်။ ခရိုင်စတယ်တုံး ပြာကျသည်နှင့် သူက အခြားတစ်ခုကို ချက်ချင်း လဲလှယ်သည်။ အပူချိန် မြင့်လွန်း နေလျှင်လည်း လေထုအား အေးအောင် ပြောင်းလဲကာ အပူချိန်ကို လျှော့ပေးသည်။

"ခရိုင်စတယ် မီးတောက်နဲ့ မြေကမ္ဘာကဝေ ဆေးအိုးကို သုံးပြီး သန့်စင်နေတာ ရှစ်ဆယ့် တစ်ရက်ရှိပြီ ... ဒါကြောင့်မလို့ ဆေးဖော်စပ်မှုက အချိန်မရွေး အောင်မြင်သွားနိုင်တယ်…"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း သုံးချောင်းထောက် ဆေးအိုးကို စူးစိုက် ကြည့်နေခဲ့သည်။

ဓားလျှို့ဝှက်ချက် စုစည်းထားခဲ့သော ဆေးများအား ရှာတွေ့သည်မှာ ကံကောင်းလွန်း၏။ အကယ်၍ ချန်းဖန် ကိုယ်တိုင်သာ ရှာဖွေရမည် ဆိုပါက ထိုဆေးပင်များ အားလုံးကို ရရှိရန် ဆယ်နှစ်မျှ အချိန်ယူရလိမ့်မည် ဖြစ်သည်။

"ဘုန်း…"

ရုတ်တရက် မြေကမ္ဘာ ကဝေဆေးအိုး အတွင်းမှ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့၏။

"ဆရာ ... ဆေးတွေ…"

ရှဲ့ရန်ကလည်း ချန်းဖန်အား အော်ဟစ် ခေါ်လိုက်သည်။

"အင်း…"

ချန်းဖန်က တည်ငြိမ်စွာပင် ချီစွမ်းအင်များကို ဆေးအိုးထံ ပို့လွှတ်ကာ ထိန်းချုပ်လိုက်သည်။

"ဘုန်း…"

ရုတ်တရက် ကြီးမားသော စွမ်းအင် အငွေ့အသက်များ တိုးထွက်ရန် ကြိုးစားသည့် အလား မြေကမ္ဘာကဝေ ဆေးအိုးက မထိန်းချုပ်နိုင်အောင် တုန်ရီလာ၏။

"ဆရာ ... ဘာဖြစ်တာလဲ…"

ရှဲ့ရီက နားမလည်စွာ မေးလိုက်သည်။

သူ့အနေဖြင့် အခြားလူများ ဆေးသန့်စင်သည်ကို မြင်ဖူးသော်လည်း ယခုကဲ့သို့ အဖြစ်အပျက်မျိုးကိုမူ မကြုံခဲ့ဖူးချေ။

"ငါတို့ လုပ်နေတဲ့ ဆေးက ရိုရိုးဆေး မဟုတ်ဘူးကွ ... သာလွန်အဆင့် ဝိညာဉ်ဆေး…"

ချန်းဖန်က သုံးချောင်းထောက် ဆေးအိုးကို ထိန်းချုပ်ရင်း ပြန်ဖြေလိုက်သည်။

"ဝိညာဉ် ဆေးပင်တွေက  ပတ်ဝန်းကျင်မှာ ရှိတဲ့ ဝိညာဉ်ချီတွေကို စုပ်ယူပြီး ရှင်သန်ကြတယ်... ပိုပြီး အစွမ်းထက်တဲ့ နတ်ဘုရား ဆေးပင် တန်ခိုးရှင် ဆေးပင်တွေကျတော့ လူပုံစံကိုတောင် အသွင်ပြောင်းနိုင်စွမ်း ရှိကြတယ်…"

"ဘယ်လို…"

ရှဲ့ရန်ကား ကြားလိုက်ရသော စကားကြောင့် အလွန် အံ့ဩသွားခဲ့၏။ သူသည် နှစ်ရာချီအောင် အသက်ရှင် နေထိုင်ခဲ့သည့်တိုင် ထိုသို့သော ကိစ္စမျိုးကို မကြားဖူးချေ။

"သာလွန်အဆင့် ဝိညာဉ်ဆေးကိုပဲ ဖန်တီးနိုင်သေးတာ ရှက်စရာပဲ ... ငါသာ အစွမ်းထက်ရင် ဒီဆေးပင်တွေနဲ့ ရတနာဆေး နတ်ဘုရားဆေးတွေ ဖန်တီးနိုင်မှာ…"

ချန်းဖန်က ခေါင်းအား ခါလိုက်သည်။

"ဘုန်း…"

ရုတ်တရက် ဆေးအိုးအတွင်းမှ စွမ်းအားများ ပျံ့နှံ့ကာ ရုန်းကြွလာ၏။ အလင်းတန်း အချို့ကလည်း ဆေးအိုးအတွင်းမှ ပျံထွက်ကာ ဂူအပြင်သို့ ထွက်ပြေးရန် ကြိုးစားကြသည်။

"ဟား ... ဟား…"

ချန်းဖန်က ရယ်မောရင်း လက်တစ်ဖက်အား ဝှေ့ယမ်းကာ အလန်းတန်းများကို ပြန်လည် သိမ်းဆည်းလိုက်သည်။

"တစ် နှစ် သုံး ... မဆိုးဘူးပဲ ... ဆေးခြောက်လုံးပဲ ရမယ်ထင်ထားတာ ... ကိုးလုံးတောင် ရတယ်"

ချန်းဖန်က ရေရွတ်ရင်း ဆေးများကို အဝါရောင် ကျောက်မျက်အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်သည်။ အဝါရောင် ကျောက်မျက်ကား မူလဝိညာဉ် အဆင့်ရတနာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဆေးများကို ထိုနေရာတွင် သိမ်းဆည်းထားခြင်းက သင့်လျော်၏။

"ဆရာ ... အဲဒါ ဘာဆေးတွေလဲ"

ရှဲ့ရန်က စိတ်ဝင်တစား ကြည့်ကာ မေးလိုက်သည်။

"ဒီဆေးတွေကို မီးတောက် ဝိညာဉ်ဆေးတွေလို့ ခေါ်တယ်ကွ ... ထိရောက်မှု အရှိဆုံး ဆေးတွေထဲက တစ်မျိုးပေါ့"

ချန်းဖန်က ပြန်ဖြေလိုက်သည်။

"အဲဒါက သာမန်ဆေးတွေနဲ့ ဘာကွာလဲ ဆရာ…"

ရှဲ့ရန်က ဆက်လက် မေးလိုက်သည်။

"ဟဟ ... မင်းတို့စားနေတဲ့ ဆေးတွေကို ပြောတာလား ... အဲဒါက ဝိညာဉ်ဆေးတွေ မဟုတ်ပါဘူး…"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ဆက်ပြောလိုက်သည်။

"တကယ့် ဝိညာဉ်ဆေးတွေ ဖော်စပ်ဖို့ဆိုရင် နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ဆေးပင်တွေ လိုအပ်တယ် ... တကယ် အစွမ်းထက်တဲ့ ဝိညာဉ်ဆေးတွေဆို သာမန် လူတစ်ယောက်ကို အထွတ်အထိပ်အထိ တစ်ထိုင်တည်း ရောက်သွားစေနိုင်တယ်.."

"ဘယ်လို…"

ရှဲ့ရန်ကား ကြားရသော စကားကြောင့် ကြက်သေသေသွားခဲ့၏။

"သာမန် လူတစ်ယောက်ကို တစ်ထိုင်တည်း အထွတ်အထိပ် ဖြစ်စေနိုင်သည့်ဆေး…"

ထိုဆေးက မည်မျှအထိ အစွမ်းထက် နေသနည်း။

"ဟီးဟီး ... အဲဒီဆေးတွေက အလယ်အဆင့်ပဲ ရှိပါသေးတယ် ... သာလွန်အဆင့် ဆေးတွေက ဖော်စပ်ရတာ ပိုခက်ခဲတယ်…"

"မင်း သိထားရမှာက သာလွန်အဆင့် ဆေးတစ်လုံးက သာမန် လူတစ်ယောက်ကို တစ်ထိုင်တည်း တန်ခိုးရှင်အဆင့် ရောက်သွားစေနိုင်တဲ့အထိ အစွမ်းထက်တယ် ဆိုတာပဲ…"

"ဘယ်လို…"

ရှဲ့ရန်ကား မေ့မြောတော့ မလိုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူသည် တန်ခိုးရှင် အဆင့်ကို ရောက်ရန် နှစ်ပေါင်းများစွာ သွေးချွေးများ ရင်းကာ ကျင့်ကြံခဲ့ရသည်။ သို့သော်လည်း ချန်းဖန်၏ လက်အတွင်းရှိ ဆေးကိုးလုံးက တန်ခိုးရှင်အဆင့် ကိုးယောက်ကို အချိန်မရွေး ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

"ဟင်း…"

သို့သော်လည်း ချန်းဖန်က ခေါင်းကို ခါရင်း သက်ပြင်းချလိုက်သည်။

သီအိုရီ အရဆိုလျှင် သာလွန် အဆင့် ဆေးများကို ဖော်စပ်ရန် အနိမ့်ဆုံး မူလဝိညာဉ် အဆင့် ဖြစ်နေရန် လိုအပ်သည်။ သို့သော်လည်း ချန်းဖန်ကား ဝိညာဉ်ပင်လယ် အစောပိုင်း အဆင့်တွင်သူ ရှိသေးသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူဖန်တီးထားသော ဆေး၏ အရည်အသွေးသည်လည်း ရှိသင့် ရှိထိုက်သည်ထက် အနည်းငယ်  လျော့ကျနေခဲ့၏။

"ဘာပဲဖြစ်ဖြစ် ငါ သုံးလလုံးလုံး အပင်ပန်း ခံခဲ့တာတွေက မဆိုးပါဘူး ... ဒီဆေးတွေနဲ့ဆို ငါ့ရဲ့ အစီအစဉ်တွေ စောစောစလို့ ရပြီ…"

ထိုအတွေးဖြင့် ချန်းဖန်၏ မျက်လုံးများကား တောက်ပလာတော့သည်။

***

All Chapters