ကာကွယ်ရေး နတ်ဘုရား စွမ်းအား
Vol. 6 Ch. 515
ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်ပြီးချိန်မှ စ၍ ချန်းဖန်၏ ကျင့်ကြံခြင်းမှာ အနည်းငယ်သာ တိုးတက်တော့သည်။
ဝိညာဉ်ပင်လယ် အဆင့်၏ ဝိညာဉ်ချီ တောင်းဆိုမှု ပမာဏက များပြားလွန်းသည်။ အဇူရာ သက်ရှည် ခန္ဓာကိုယ်သည်လည်း ဝိညာဉ်ချီများကို တွင်းနက်ကြီးများကဲ့သို့ စုပ်ယူနိုင်သည်။
ထို့ကြောင့်ပင် ချန်းဖန်သည် အခြားအဆင့်တူ ကျင့်ကြံသူများထက် ပိုမိုအစွမ်းထက်နေခြင်း ဖြစ်၏။
"ရေအိုင်ထဲက ဝိညာဉ် ရင်းမြစ်က ငါ့ကို ဝိညာဉ်ပင်လယ် အလယ်အဆင့်ထိ ရောက်အောင် ထောက်ပံ့ပေးနိုင်လိမ့်မယ် ... နောက်ပြီး ငါ့အနေနဲ့ ခုခံခြင်းနဲ့ ပတ်သက်တဲ့ ကျင့်စဉ်ကို တိုးတက်အောင် လုပ်ရဦးမယ်…"
ချန်းဖန်က တင်ပျဉ်ခွေထိုင်ရင်း တွေးနေမိသည်။
လင်းလန့်ယာနှင့် တိုက်ပွဲက သူ့အား ကြီးကြီးမားမား ဒဏ်ရာ မရစေသည့်တိုင် တစ်စုံတစ်ခုကို သတိပေးခဲ့သည်။
လင်းလန့်ယာ၏ တိုက်ခိုက်မှုတွင် ပါဝင်သော စွမ်းအားမှာ တန်ခိုးရှင် အထွတ်အထိပ် အဆင့်သာ ဖြစ်သည်။ ရဲ့ချင်စန်း၊ လင်းရှု့မင် တို့သည် ထိုစွမ်းအားထက် ပိုမိုသော တိုက်ခိုက်မှုကိုပင် ဖော်ထုတ်နိုင်ရန် ဖြစ်နိုင်ချေ ရှိသည်။
"တန်ခိုးရှင် အထွတ်အထိပ်က ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတော့ မြေကမ္ဘာ နတ်ဘုရားအဆင့် ဆိုရင်ရော ... ငါသာ ခုအချိန် ဓားလျှို့ဝှက်ချက်နဲ့ ရင်ဆိုင်ရရင် ထွက်ပြေးရမှာလား... နောက်ပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရမယ် ဆိုရင်ရော…"
သူ့တွင် မူလခန္ဓာကိုယ် ရှိသော်လည်း မူလဝိညာဉ် အဆင့်၏ နတ်ဘုရား စွမ်းအားများ၊ အစီအရင်များ ရှိမနေသေးချေ။ အကယ်၍ ယခုအချိန်သာ နျူကလိယ လက်နက်နှင့် ရင်ဆိုင်ရပါက အသက်ရှင်ရန် အခွင့်အရေး သိပ်မရှိချေ။
သူနှင့် မဟာအင်အားကြီး နိုင်ငံများ၏ ဆက်ဆံရေးက ထိလွယ်ရှလွယ် အခြေအနေ ဖြစ်သည်။ ထို့ကြောင့် သူအနေဖြင့် အရာရာကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေသင့်သည်။
"ဓားပျံလို လက်နက်မျိုးကို ကမ္ဘာပေါ်မှာ ရှာတွေ့တာ ကံကောင်းလွန်းတယ် ... ဒါပေမဲ့ အဲဒီလို အချိန်တိုင်း ကံကောင်းနေမယ် လို့ ငါမထင်ဘူး…"
ချန်းဖန်က တွေးရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
တန်ခိုးရှင် အဆင့်များ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် အနည်းဆုံး ဝိညာဉ်လက်နက် တစ်ခုသုံးရန် လိုသည်။ အခြားဝိညာဉ်လက်နက် တစ်ခုကို ကံကောင်းထောက်မစွာ ထပ်မံရရှိလိမ့်မည်ဟု ချန်းဖန် မထင်ချေ။
"အဇူရာ သက်ရှည် ခန္ဓာကိုယ် တိုးတက်လာဖို့က လွယ်မယ် မထင်ဘူး ... ငါ့အနေနဲ့ နတ်ဘုရား စွမ်းအား တစ်ခုနှစ်ခု ရလာအောင်ပဲ ကြိုးစားသင့်တယ်…"
မီးတောက် ဝိညာဉ်ဆေးများကို ကြည့်ရင်း ချန်းဖန်၏ မျက်လုံး၌ အလင်းရောင် တစ်ခု တောက်ပလာခဲ့သည်။
ယခု သူ့တွင် နတ်ဘုရားစွမ်းအား သုံးခုရရှိခဲ့ပြီး ဖြစ်သည်။ ထိုသုံးခုကား လီရွှေရောင် မျက်လုံး၊ ယီသစ်သား ဝိညာဉ်ချီနှင့် အချိန်ကုန်လွန်ခြင်းတို့ ဖြစ်၏။
ထိုသုံးခု၌ လီရွှေရောင် မျက်လုံးသည် တိုက်ခိုက်မှု စွမ်းအား ဖြစ်၏။ ယီသစ်သား ဝိညာဉ်ချီသည် ကုသမှုစွမ်းအား ဖြစ်ပြီး အချိန်ကုန်လွန်ခြင်းမှာမူ နောက်ဆုံး အခိုက်အတန့်အတွက် သိမ်းဆည်း ထားသင့်သော နတ်ဘုရား စွမ်းအား ဖြစ်သည်။
သူ့တွင် ကာကွယ်ခြင်းနှင့် ပတ်သက်သော နတ်ဘုရား စွမ်းအား တစ်ခုပင် မရှိသေးချေ။
"မီးတောက် ဝိညာဉ်ဆေးတွေနဲ့ ဆိုရင် အကာအကွယ် နတ်ဘုရား စွမ်းအား တစ်ခုတော့ ရမှာပဲ ... ဘယ်တစ်ခုကို ငါ ရွေးရမလဲ…"
ချန်းဖန်က မေးစေ့ကို ပွတ်ရင်း အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည် ဆန်းစစ်လိုက်သည်။
"ချီအင်ပါယာ ကာကွယ်ခြင်း ... မဟုတ်သေးဘူး ဒီစွမ်းအားကို ရဖို့က ချီအင်ပါယာရဲ့ သွေးလိုတယ်"
"အနက်ရောင်ရွှေ ဓမ္မဝတ်ရုံ ... ဒါက သိပ်မလုပ်မဖြစ်ဘူး…"
"မီးနတ်ဘုရားရဲ့ အကာအကွယ် ... ဒါက ခက်လွန်းတယ် ... မီးနတ်ဘုရားရဲ့ ဝိညာဉ်ကို ဘယ်မှာ သွားရှာရမှာလဲ…"
ချန်းဖန်သည် နတ်ဘုရား စွမ်းအားများကို တစ်ခုပြီး တစ်ခု စဉ်းစားကြည့်သော်လည်း မဖြစ်နိုင်သော အရာက များလွန်းနေ၏။
အတန်ကြာတွင်မှ နတ်ဘုရား စွမ်းအား တစ်ခုကို ချန်းဖန် ရွေးချယ်လိုက်နိုင်သည်။
"မီးတောက် သံချပ်ကာ ... အဆင့်နိမ့် အကာအကွယ် နတ်ဘုရား စွမ်းအား ... ဒီနတ်ဘုရား စွမ်းအားက အသုံးပြုတဲ့သူကို မီးသံချပ်ကာလိုမျိုး ကာကွယ် ပေးနိုင်တယ် ... ဒါပေမဲ့ မီးတောက် သံချပ်ကာက မီးဒြပ်စင် နတ်ဘုရား စွမ်းအားတွေထဲမှာ အညံ့ဆုံး အဆင့်ပဲ ရှိတယ်…"
"ချီးပဲကွာ…"
ချန်းဖန် ဖြူလျော်စွာ ပြုံးလိုက်သည်။
ကာကွယ်ခြင်း နတ်ဘုရား စွမ်းအားများသည် သာမန် နတ်ဘုရား စွမ်းအားများနှင့် ယှဉ်ပါက ရရှိရန် ပိုမိုခက်ခဲ၏။ ချီအင်ပါယာ ကာကွယ်ခြင်း စသည့် နတ်ဘုရား စွမ်းအားများဆိုလျှင် အလွန်အစွမ်းထက်ပြီး ကျင့်ကြံခြင်း အဆင့်မြင့်သူ၏ တိုက်ခိုက်မှုမှပင် ကာကွယ်ပေးနိုင်စွမ်း ရှိသည်။
သို့ရာတွင် ထိုနတ်ဘုရား စွမ်းအားများ ရရှိရန်မှာ လိုအပ်ချက် များလွန်းသည်။ ချန်းဖန်တွက် လက်ရှိ ပိုင်ဆိုင်ထားသော အရာဟူ၍ မီးတောက် ဝိညာဉ်ဆေး ကိုးလုံးသာ ရှိသည်။ ထိုဆေးကိုးလုံးဖြင့် ဆိုပါက အဆင့်နိမ့် မီးတောက် သံချပ်ကာလောက်သာ ရရှိနိုင်သည်။
"ထားပါလေ ... ဘာမှ မရှိတာထက်စာရင် တော်ပါသေးတယ် ... နောက်ပြီး ဒီနတ်ဘုရား စွမ်းအားက အဆင့်မြှင့်လို့ ရသေးတာပဲ…"
ချန်းဖန်က ခေါင်းကို ခါရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။
မီးတောက် သံချပ်ကာသည် ကျင့်ကြံခြင်း လောက၌ အဆင့်နိမ့် ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း ဤကမ္ဘာမြေတွင်မူ ပြိုင်ဘက် ကင်းမဲ့နေဆဲ ဖြစ်သည်။ ထိုအကာအကွယ်က မြေကမ္ဘာအဆင့် နှင့် နျူကလိယ လက်နက်၏ တိုက်ခိုက်မှုကိုပင် ကာကွယ်ပေးနိုင်စွမ်း ရှိသည်။
"စလိုက်ရအောင်…"
ချန်းဖန်က မီးတောက် ဝိညာဉ်ဆေးများကို အဝါရောင် ကျောက်မျက်အတွင်းမှ ထုတ်ယူလိုက်သည်။ ထို့နောက် တစ်ထိုင်တည်းပင် ဆေးတစ်လုံးကို မျိုချကာ ကျင့်ကြံလိုက်၏။
"သန့်စင်မယ်…"
ချန်းဖန်က ကျောရိုးကို ဆန့်တန်းရင်း စတင် ကျင့်ကြံလိုက်၏။
ဖြည်းညင်းစွာပင် သူ၏ ဒန်တျန် အတွင်း၌ သင်္ကေတစာလုံးများ ဖြစ်ပေါ်လာ၏။ ထိုစာလုံးများက ဆန်းကြယ် မီးတောက်နှင့် ပူးပေါင်းကာ ရှေးဟောင်း သင်္ကေတများအဖြစ် ဖွဲ့စည်းကြသည်။
"ဘုန်း…"
ရှေးဟောင်း သင်္ကေတများက ချန်းဖန်၏ ကိုယ်မှ စီးဆင်းထွက်ပေါ်လာကာ သံချပ်ကာအသွင် ဖြစ်ပေါ်လာ၏။ သံချပ်ကာသည် မီးတောက်သဖွယ် နီရဲနေရာ ချန်းဖန်၏ ပုံစံက ကောင်းကင်ဘုံမှ စစ်ဗိုလ်ချုပ် တစ်ဦးနှင့်ပင် တူညီနေသေး၏။
"ဟူး ... ကျင့်စဉ် အောင်မြင်အောင် ဆေး အကူအညီနဲ့ ငါဖြည်းဖြည်းချင်း သန့်စင်ရမယ်…"
ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ဒုတိယမြောက် အနီရောင် ဆေးလုံးကို ထုတ်ယူ မျိုချလိုက်ပြန်၏။
သုံးရက်မျှ အကြာ၌ ဆေးခြောက်လုံးအား ချန်းဖန် အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့တိုင်အောင် ကျင့်စဉ်ကို အောင်မြင်ခြင်း မရှိသေးချေ။
"ဘုန်း…"
ဆယ့်ငါးရက် အကြာ၌ ချန်းဖန်၏ ဒန်တျန် အတွင်းရှိ ရှေးဟောင်း သင်္ကေတများမှာ အလုံးလေး တစ်လုံးအဖြစ် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
"နောက်ဆုံးတော့ မီးတောက် သံချပ်ကာ အောင်မြင်သွားပြီပဲ…"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
ရုတ်တရက် သူ၏ မျက်လုံးမှ ရွှေရောင် အလုံးလေး နှစ်လုံး ပေါ်ထွက်လာကာ ခန္ဓာကိုယ်ကို စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်ကြသည်။
"အာ…"
ချန်းဖန်က ရွှေရောင် အလုံးကလေး နှစ်လုံးကို ကြည့်၍ အံ့အားသင့်သွားခဲ့၏။ သို့သော်လည်း ချက်ချင်းပင် သူ သဘောပေါက် သွားခဲ့သည်။
မီးတောက် သံချပ်ကာ အနီရောင်မှ ရွှေရောင်သို့ ပြောင်းသွားရသည့် အဓိက အကြောင်းရင်းမှာ လီရွှေရောင် မီးတောက် မျက်လုံးကြောင့် ဖြစ်သည်။ လီရွှေရောင် မီးတောက် မျက်လုံးသည် အလယ်အဆင့် နတ်ဘုရား စွမ်းအား တစ်ခုဖြစ်ပြီး မီးတောက် သံချပ်ကာသည် အဆင့်နိမ့် နတ်ဘုရားစွမ်းအား ဖြစ်သည်။ ထို့ကြောင့်ပင် အလယ်အဆင့် လီရွှေရောင် မျက်လုံးက အဆင့်နိမ့် မီးတောက် သံချပ်ကာကို လွှမ်းမိုးသွားခြင်း ဖြစ်သည်။
"ဒါဆို ငါ့ရဲ့ နတ်ဘုရား စွမ်းအားက မီးတောက် သံချပ်ကာ မဟုတ်တော့ဘူး ... ရွှေရောင်သံချပ်ကာ ဖြစ်သွားပြီ…"
ထိုအတွေးဖြင့် ချန်းဖန်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခုဆိုလျှင် ပြန်လမ်းမဲ့ တောင်ကြားအတွင်း ဝင်ရောက်လာသည်မှာ ရက်တစ်ရာကျော်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ ထိုရက်များအတွင်း၌ ချန်းဖန်သည် ဆေးသန့်စင်ခြင်းနှင့် နတ်ဘုရား စွမ်းအား ကျင့်ကြံခြင်းတို့ အပေါ်တွင်သာသာ အာရုံစိုက်နေခဲ့သည်။ ကျင့်ကြံခြင်းအား စပင်မစရသေးချေ။
"ငါ တန်ခိုးရှင် အလယ်အဆင့်လောက် အထိရောက်အောင် ကျင့်ကြံမှ ဖြစ်မယ်…"
ချန်းဖန်က ကျန်ရှိနေသော ဆေးများကို အဝါရောင် ကျောက်မျက်အတွင်း သိမ်းဆည်းကာ စတင်ကျင့်ကြံလိုက်၏။
"ဟူး ... ဟူး…"
ဝင်လေ ထွက်လေတိုင်း၌ သူ၏ ခန္ဓာကိုယ်က ရေကန်ထဲရှိ ဝိညာဉ် ရင်းမြစ်များကို စုပ်ယူသည်။ ဖြည်းညင်းစွာပင် သူ၏ ခန္ဓာကိုယ်မှ အဇူရာ အလင်းတစ်ခု ထွက်ပေါ်လာကာ ဂူတစ်ခုလုံးအား ဖြန့်ကြက်၏။
သုံးလ…
ငါးလ…
ခုနစ်လ…
အချိန် တစ်နှစ်ကြာသွားသည့် တိုင်အောင် ချန်းဖန်နှင့် နဂါးသခင်ကြီးတို့ကား ပြန်လမ်းမဲ့ တောင်ကြား၌ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
အချို့လူများက မြေကမ္ဘာ နတ်ဘုရား၏ ဓမ္မ အစီအရင်တွင် ချန်းဖန် အသတ်ခံလိုက်ရပြီ ဟု အခိုင်အမာ ဆိုကြသည်။
သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်က သင်ခန်းစာကြောင့် မည်သူကမျှ ချန်းမိသားစုကို မထိရဲကြချေ။ ထို့အပြင် မြောက်ပိုင်းချုံးဂိုဏ်း၏ လွှမ်းမိုးမှုကလည်း လူအများကို လက်တွန့်စေသည်။
သို့သော်လည်း ချန်းမိသားစုကို သွေးတိုးစမ်းသည့် တန်ခိုးရှင် အဆင့်တချို့ ရှိနေဆဲ ဖြစ်သည်။ သူတို့က အစိမ်းရောင် နဂါးအစီအရင်ကို ရှောင်ရှားကာ ချန်းမိသားစု ခြံဝင်းကို တိုက်ခိုက်ရန် ကြံစည်ကြသည်။
သို့သော်လည်း ထိုတန်ခိုးရှင်များကား အမည်မသိရသော ပညာရှင် တစ်ယောက်၏ တားဆီးခြင်းကိုသာ ခံလိုက်ရသည်။ ထွက်ပေါ်လာသော သတင်းများ အရဆိုလျှင် တန်ခိုးရှင်များကို တားခဲ့သည့် ပညာရှင်မှာ အရပ် သုံးမီတာခန့် ရှည်လျားသည့် သံမဏိ အရည်ပြား ပိုင်ဆိုင်ထားသူ ဟု ဆိုကြ၏။
ထိုသတင်းက တစ်ကမ္ဘာလုံးအား အံ့အားသင့်စေသည်။
ချန်းမိသားစုတွင် အခြားတန်ခိုးရှင် အဆင့် တစ်ယောက် ရှိနေမည်ဟု မည်သူကမျှ မျှော်လင့် မထားခဲ့ကြချေ။ အဆိုးဆုံးကား ထိုပညာရှင်မှာ တန်ခိုးရှင် အဆင့်ကို ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ဖြင့် ရောက်ရှိနေပုံ ပေါ်ခြင်းပင်။ ထိုအရာက သူ၏ စွမ်းအားသည် အခြားတန်ခိုးရှင် အဆင့်များထက် သာလွန်နေသည်ဟု ဆိုလိုသည်။
သတင်းထွက်လာပြီးသည့် နောက်ပိုင်း ချန်းမိသားစု ခြံဝင်းသို့ ကျူးကျော်ဝံ့သူ မရှိကြတော့ချေ။
ထိုအချိန်၌ ချန်းဖန်ကမူ ကျင့်ကြံခြင်း၏ အရေးကြီးသော အခိုက်အတန့် တစ်ခုသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
***