အဆင့်တက်ခြင်း
Vol. 6 Ch. 516
"ဟူး…"
အဖြူရောင် ဝိညာဉ်ချီများ စွမ်းအင်များသည် ချန်းဖန်၏ နှာခေါင်းမှ တစ်ဆင့် စီးဝင်နေ၏။ ချန်းဖန်သည် အသက်တစ်ခါရှူတိုင်း ယွင်ဝူရေ တစ်ပုလင်းမျှသော ဝိညာဉ်ချီ ပမာဏကို စုပ်ယူနေခဲ့သည်။
နေ့တစ်နေ့၌ ချန်းဖန် စုပ်ယူနေသော ပမာဏကား အစိမ်းရောင် နဂါးအစီအရင် တစ်လစာ ထုတ်လုပ်သည့် ပမာဏနှင့် ညီမျှသည်။ နှစ်ထောင်ချီ စုစည်းထားသော ဝိညာဉ်ချီ ရင်းမြစ်သာ ချန်းဖန်၏ သုံးစွဲမှု ခံနိုင်ရည် ရှိပေသည်။
သို့သော်လည်း တစ်နှစ်ခန့် ကြာပြီဖြစ်ရာ ရေကန်အတွင်းရှိ ဝိညာဉ်ချီ ပမာဏသည်လည်း တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ ဖြစ်သည်။
"ဂိုဏ်းချုပ်က ဘယ်လို ကျင့်စဉ်မျိုးကို ကျင့်တာလဲ ... သူက အချိန်ခဏလေးမှာတောင် ဝိညာဉ်ချီ အများကြီးကို စုပ်ယူနိုင်တယ်…"
ရှဲ့ရန်သည် တစ်ဝက်ခန့်သာ ကျန်တော့သော ဝိညာဉ်ချီများကို ကြည့်ရင်း တွေးနေမိ၏။
လွန်ခဲ့သည့် တစ်နှစ်အတွင်း သူသည်လည်း အထီးကျန် ကိုးယောက်၏ ဓားကျင့်စဉ်ကို ကျင့်ကြံနေခဲ့သည်။ ချန်းဖန်က သူ့အား အမတေ စုစည်းခြင်း ဆေးများ ပေးထားရာ အစားအစာအတွက် ပူစရာ မလိုခဲ့ချေ။
အထီးကျန် ကိုးယောက်၏ ဓားကျင့်စဉ်ကို ကျင့်ကြံခြင်းက သူ၏ ပုံပန်းသွင်ပြင်ကို များစွာပြောင်းလဲ စေခဲ့သည်။ ယခုဆိုလျှင် သူ၏ ဖြူဖွေးနေသော ဆံပင်များ ပြန်လည် နက်မှောင်လာပြီ ဖြစ်သလို တွန့်လိမ်နေသော အရည်ပြားများသည်လည်း ပြန်လည် ချောမွေ့နေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း တန်ခိုးရှင် အလယ်ဆင့်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ တန်ခိုးရှင် အဆင့်၏ နောက်ဆုံးသို့ နောက်ရန်ပင် မဝေးကွာတော့ချေ။ ဤတစ်နှစ်အတွင်း ကျင့်ကြံခြင်းက လွန်ခဲ့သည့် ဆယ်နှစ် ကျင့်ကြံခြင်းထက်ပင် ပိုမိုထိရောက်မှု ရှိနေသေးသည်။
"ဘုန်း…"
ရုတ်တရက် အစွမ်းထက်သော စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာကာ ဂူတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ထိုစွမ်းအင်လှိုင်းက ရှဲ့ရန်အား ရိုက်ခတ်ရာ ခြေလှမ်း အနည်းငယ်ပင် ဆုတ်လိုက်ရသည်။
"ဂိုဏ်းချုပ်က အဆင့်တက် သွားတာလား ... ဘယ်အဆင့်ကို ရောက်သွားတာလဲ... တန်ခိုးရှင် ထိပ်ဆုံးအဆင့်လား ... မြေကမ္ဘာ နတ်ဘုရား အဆင့်လား…"
ရှဲ့ရန်က စိတ်ဝင်တစားဖြင့် ချန်းဖန် ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ဘုန်း ... ဘုန်း ... ဘုန်း…
ရုတ်တရက် ချန်းဖန်၏ မျက်လုံး၌ ရွှေရောင် မီးတောက်နှစ်ခု ပေါ်ထွက်လာ အရွယ်အစား ကြီးမားလာ၏။ သစ်သား ဝိညာဉ်ချီများကလည်း ချန်းဖန်၏ ခြေထောက်မှ စီးထွက်လာကာ မရေမတွက်နိုင်သော နွယ်ပင်များ အသွင်ပြောင်းလဲသည်။
ထို့အပြင် ရွှေရောင် မီးတောက် တစ်ခုက ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ဖြစ်တည် လာသည်။ ဖြည်းညင်းစွာပင် ထိုမီးတောက်က ရွှေရောင် သံချပ်ကာ အဖြစ်သို့ ပြောင်းလဲ၏။
ချန်းဖန်၏ နောက်တွင်မူ မှုန်ဝါးဝါး ပုံရိပ်ယောင် တစ်ခု ရှိနေခဲ့၏။ ထိုပုံရိပ်ယောင်က သရဖူကို ဆောင်းကာ အင်ပါယာ တစ်ပါးအလား လောကကို ငုံ့ကြည့်နေသည်။ အချိန်နှင့် ဟင်းဟင်းပြင်တို့က ထိုပုံရိပ်ယောင်၏ ဘေးတွင် ခစားကာ အနာဂတ်နှင့် အတိတ်ကို ပုံဖော်ကြ၏။
"ဘာတွေဖြစ်နေတာလဲ…"
ရှဲ့ရန်ကား ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူမြင်တွေ့ နေရသည့် ရွှေရောင် မီးတောက် မျက်လုံး၊ သစ်သား ဝိညာဉ်ချီ၊ ရွှေရောင် သံချပ်ကာ နှင့်အချိန် ပုံရိပ်ယောင်တို့ကား ချန်းဖန်၏ နတ်ဘုရား စွမ်းအား လေးခု ဖြစ်သည်။ နတ်ဘုရား စွမ်းအားများကား ပိုင်ရှင်၏ စွမ်းအင် အဆင့် အတိုင်း လိုက်ပါ ပြောင်းလဲနိုင်စွမ်း ရှိသည်။
ယခု ချန်းဖန်ကား ဝိညာဉ်ပင်လယ် အလယ်ဆင့် သို့ ရောက်ရှိသွားပြီ ဖြစ်ရာ နတ်ဘုရား စွမ်းအားများသည်လည်း ပိုမို အစွမ်းထက် လာခဲ့ပြီ ဖြစ်သည်။
"ဟူး ... ဟူး…"
မကြာခင်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ် ပတ်လည်၌ ပေါ်နေသော နတ်ဘုရား စွမ်းအားများ ပြန်လည် ပျောက်ကွယ်သွား၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရှဲ့ရန်၏ မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ့အနေဖြင့် အပြင်လောကသို့ ပြန်လည် ထွက်ချင်နေပြီ ဖြစ်သည်။
သို့သော်လည်း တစ်လမျှ ကြာသည် အထိ ချန်းဖန်က တစ်ချက်ပင် လှုပ်ရှား မလာခဲ့ချေ။
"ဆရာက နောက်တစ်ဆင့်ကို ထပ်တက်ဖို့ ကြိုးစား နေတာလား…"
ရှဲ့ရန်က နားမလည်စွာ တွေးလိုက်မိသည်။
ချန်းဖန် နောက်ဆုံး ပြသခဲ့သော စွမ်းအားကား ရဲ့ချင်စန်း လင်းရှု့မင်တို့ကိုပင် အနိုင်ယူနိုင်သော စွမ်းအားမျိုး ဖြစ်သည်။ ထိုစွမ်းအားဖြင့် ဆိုပါက ကမ္ဘာကြီးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ချန်းဖန်ကား ကျေနပ်သေးပုံ မရချေ။
နေ့ရက်များ စီးဆင်းသွားသည်နှင့် ချန်းဖန်၏ စွမ်းအားသည်လည်း ပိုမို သန်မာလာခဲ့သည်။ ဂူတစ်ခုလုံး၌ ချန်းဖန်၏ စွမ်းအားများဖြင့် ပြည့်နှက်နေရာ ရှဲ့ရန်အတွက် ကျင့်ကြံစရာနေရာ မရှိတော့ချေ။ ထို့ကြောင့်ပင် ရှဲ့ရန်က ဂူအပြင်သို့ ပြောင်းရွှေ့ နေထိုင်ကာ ချန်းဖန်အား စောင့်ဆိုင်းနေခဲ့သည်။
တစ်လ…
နှစ်လ…
သုံးလ…
ခြောက်လ...
ရှဲ့ရန် ဂူအပြင်သို့ ထွက်နေခဲ့သည်မှာ နှစ်ဝက်ခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုအတောအတွင်း သူသည် အထီးကျန် ကိုးယောက်၏ ဓားကျင့်စဉ်ကို အားစိုက်ကာ ကျင့်ကြံ နေခဲ့သည်။
"ဟူး…"
သူ၏ အမိန့်ပေးမှု၌ အနက်ရောင်ဓားက လေထုကို ထိုးခွဲကာ ကောင်းကင်ကို မျဉ်းတစ်ကြောင်း ရေးခြစ်သည်။
"ဘုန်း…"
ဓားက ကျောက်ဆောင် တစ်ခုပေါ်သို့ကျရာ ကြီးမားသော ပေါက်ကွဲမှု တစ်ခု ပေါ်ထွက်လာ၏။
"နောက်ဆုံးတော့ အပယ်ခံ ကိုးယောက်ရဲ့ ဓားကျင့်စဉ် စဦးအဆင့်ကို အောင်မြင်သွားပြီးပဲ…"
ရှဲ့ရန်က ဓားအား ပြန်လည် ဆင့်ခေါ်ကာ သက်ပြင်း တစ်ချက် ချလိုက်သည်။
သူ၏ အဆင့်တိုးတက်မှုက မျှော်လင့်သလောက် မြန်ဆန်ခြင်း မရှိသည့်တိုင် အစစ်အမှန် အမတေများကမူ မူလကထက် အဆများစွာ သန်မာလာခဲ့သည်။ ယခု သူ၏ သာမန် လက်တစ်ချက် အဝှေ့ကပင်လျှင် လွန်ခဲ့သော တစ်နှစ်၏ အစွမ်း အထက်ဆုံး တိုက်ခိုက်မှုထက် ပိုမိုပြင်းထန်နေခဲ့ပြီ ဖြစ်သည်။
"အပယ်ခံ ကိုးယောက်ရဲ့ ဓားကျင့်စဉ်တောက် ဒီလောက် အစွမ်းထက်နေရင် ဆရာ့ရဲ့ ကျင့်စဉ်ဆို ဘယ်လောက် အစွမ်းထက်နေမလဲ မသိဘူး"
ရှဲ့ရန် တွေးတောနေစဉ်မှာပင် စွမ်းအင်လှိုင်း တစ်ခု ဂူဆီမှ ပျံ့နှံ့လာကြောင်း သတိထားလိုက်မိသည်။
"ဆရာလား…"
ရှဲ့ရန်၏ မျက်နှာ၌ စိတ်လှုပ်ရှားမှုများ ပျံ့လွင့်လာ၏။
သူ၏ သက်တမ်းတစ်လျှောက်လုံး ထိုမျှအင်အား ကြီးမားသော စွမ်းအင်လှိုင်းမျိုး မခံစားခဲ့ဖူးချေ။
"ဆရာက မြေကမ္ဘာ အဆင့်ကို ရောက်သွားတာလား…"
ရှဲ့ရန်က တွေးလိုက်မိသည်။
သို့သော်လည်း အံ့အားသင့်စွာပင် စွမ်းအင်လှိုင်း၏ အင်အားက ပိုမိုကြီးမားလာ၏။
"ဘာဖြစ်တာလဲ…"
ရှဲ့ရန်၏ မျက်နှာ၌ နားမလည်ခြင်းများ ဖြစ်ပေါ်လာသည်။ သူ့အနေဖြင့် ချန်းဖန်၏ အဆင့်ကို ခန့်မှန်းနိုင်စွမ်း မရှိတော့ချေ။
ရှဲ့ရန်က လျှင်မြန်စွာပင် ဂူဆီသို့ ပြန်လာခဲ့ရာ ကြီးမားသော ကျောက်တုံးကြီး တစ်တုံးပေါ်၌ ထိုင်နေသော ချန်းဖန်အား တွေ့ရသည်။
ချန်းဖန်၏ ရှေ့ရှိ ရေကန်တွင်မူ ရေတစ်စက်မျှပင် မရှိတော့ချေ။ ရေကန်၏ အောက်ခြေ တစ်နေရာတွင်မူ ဝိညာဉ်ရေစက်များက တစ်စက်ချင်းစီ စိမ့်ထွက်နေ၏။ သို့သော်လည်း ရေကန်အပြည့် ပြန်ဖြစ်လာရန်မူ နှစ်တစ်ထောင်ခန့် စောင့်ရလိမ့်မည် ဖြစ်သည်။
"ဆရာ…"
ရှဲ့ရန်က ချန်းဖန်အား ဦးညွှတ် အရိုအသေ ပေးလိုက်သည်။
"အင်း…"
ချန်းဖန်က ခေါင်းညိတ်ရင်း တစ်ဆက်တည်း မေးလိုက်၏။
"အခု ဘယ်ခုနှစ်ကို ရောက်ပြီလဲ…"
"ကျွန်တော်တို့ ဒီကို ရောက်နေတာ တစ်နှစ်ခွဲလောက် ရှိပြီဆိုတော့ ၂၀၁၂ လောက်ကို ရောက်ပြီ ထင်တယ်…"
ရှဲ့ရန်က ပြန်ဖြေလိုက်သည်။
"တစ်နှစ်ခွဲတောင် ရှိသွားပြီလား…"
ချန်းဖန်က ဘာမျှမရှိတော့သော ရေကန် အလွတ်ကို ငုံ့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဝိညာဉ်ပင်လယ် နောက်ဆုံးအဆင့်ထိ ရောက်ရန် သူမျှော်လင့်ချက် ထားခဲ့သော်လည်း ယခုမူ ဝိညာဉ်ပင်လယ် အလယ်အဆင့်ကိုသာ အခြေခိုင်အောင် ကျင့်ကြံနိုင်ခဲ့သည်။
သူ့အနေဖြင့် ဆန္ဒရှိပါက ဝိညာဉ်ပင်လယ် နောက်ဆုံးအဆင့် အတားအဆီးကို အဓမ္မ ချိုးဖျက်နိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံခြင်း လမ်းစဉ်၌ အခြေခံ ခိုင်မာခြင်းက အလွန်အရေးကြီးသည်။ ထို့အပြင် ယခု သူပိုင်ဆိုင်ထားသော စွမ်းအားကား မြေကမ္ဘာအဆင့် နတ်ဘုရားများကိုပင် ယှဉ်ကာ တိုက်ခိုက်နေနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အဆင့်တက်ရန် လောစရာ မလိုချေ။
"ငါတို့ အပြင်လောကကို ထွက်ဖို့ အချိန်ရောက်ပြီ…"
ချန်းဖန်က ထိုင်ရာမှ ထရင်း ပြောလိုက်၏။
"ဟုတ်ကဲ့…"
ရှဲ့ရန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် ချန်းဖန်က ဆေးပင်များနှင့် ဆေးလုံးများကို အဝါရောင် ကျောက်မျက်အတွင်း ထည့်ကာ သိမ်းဆည်းလိုက်၏။ ထိုအရာများက ဖန့်ချုံးနှင့် သူ၏ မိဘများအတွက် အသုံးဝင်နိုင်သည်။
ပြန်လမ်းမဲ့ တောင်ကြားမှ မထွက်ခွာခင် ဒြပ်စင်ငါးမျိုး အစီအရင်ကို ခင်းကျင်းရာ၌ အသုံးပြုထားသော ဓမ္မရတနာ ငါးမျိုးကို ချန်းဖန် ရှာဖွေကာ သိမ်းဆည်းခဲ့သည်။
"ရွှေရောင်ဓား…"
"လီမီးတောက် အလံ…"
"ရေပုလဲ…"
"အဝါရောင်ကမ္ဘာမြေ…"
"နတ်ဘုရား သစ်သား တံဆိပ်…"
ထိုတစ်ခုချင်းစီက ဝိညာဉ် လက်နက်များ ဖြစ်ကာ ဒြပ်စင်ငါးမျိုး အစီအရင်၏ အဓိက စွမ်းအား ရင်းမြစ်များ ဖြစ်ကြသည်။ ထိုအရာများက တစ်နေ့နေ့တွင် အသုံးဝင်လာနိုင်ချေ ရှိသည်။
***
၂၀၁၂ ဇန်နဝါရီ ၃ ရက်…
ဘောနီယိုကျွန်း ပြန်လမ်းမဲ့ တောင်ကြားမှ လူနှစ်ယောက် ထွက်ပေါ်လာခဲ့၏။ တစ်ယောက်က အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများ ပိုင်ဆိုင်ထားသော လူငယ် တစ်ယောက်ဖြစ်ကာ အခြား တစ်ယောက်ကမူ အဇူရာရောင် စာပေသမား ဝတ်စုံဝတ် အသက်လတ် လူကြီး ဖြစ်သည်။
"ဟင်း ... ချိုင့်ဝှမ်း အပြင်တော့ ရောက်ပြီ…"
ချန်းဖန်က သက်ပြင်း တစ်ချက် ချလိုက်၏။
"တစ်နှစ်ခွဲတောင် ရှိပြီ ဆိုတော့ လူတွေ ငါ့အကြောင်းကို မေ့နေလောက်ပြီ ထင်တယ်…"
ချန်းဖန်က လက်နှစ်ဖက် နောက်ပစ်ရင်း ရေရွတ်လိုက်၏။ သူ၏ မျက်နှာတွင်မူ အေးစက်စက် အပြုံးတစ်ခုက အသာအယာပင် တွဲခိုနေခဲ့တော့သည်။
***