ကောင်းကင်နတ်အရှင်မူ၏ မင်္ဂလာပွဲ
Vol. 126 Ch. 1628
ကောင်းကင်နတ်ဘုံသည် ဘိုးဘေးနန်းတော်အထက်ကောင်းကင်၌ တိတ်ဆိတ်စွာ မြောလွင့်လျက်ရှိ၏။
အရှေ့ရက်များက ကောင်းကင်နတ်အရှင်ဟွေ့ ပုန်ကန်ထကြွ၍ အသစ်စက်စက် ကောင်းကင်နတ်အရှင်ယင်နှင့် ကောင်းကင်နတ်အရှင်ချင်းလုံတို့ကို သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းက ကောင်းကင်နတ်ဘုံတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ သို့သော် မကြာမီမှာပင် ကောင်းကင်နတ်အရှင်ဟွေ့သည် ကြီးလေးသော ပြစ်ဒဏ်ကို ကျူးလွန်ခဲ့သဖြင့် ကွပ်မျက်ခံခဲ့ရပြီဆိုသော သတင်းကြောင့် အားလုံးမှာ စိတ်အေးသွားကြ၏။
ကောင်းကင်နတ်ဘုံတွင် ဆူညံသံ၊ ကောလဟာလသံများ ရှိလျှင်တောင်မှ ပြဿနာ သိပ်မဖြစ်နိုင်ပေ။ ကော်ငးကင်နတ်အရှင်ဟွေ့၏ တပည့် ယင်ယကျစ်က ကောင်းကင်နတ်ဘုံတို့ ကိုယ်တိုင် ရောက်လာပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်အား တောင်းပန်ကာ သူ၏ဆရာ ကောင်းကင်နတ်အရှင်ဟွေ့ ကျူးလွန်ခဲ့သော ပြစ်ဒဏ်များအတွက် အပြစ်ခံယူရန် ဆန္ဒရှိကြောင်း လျှောက်တင်ခဲ့သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သူ၏ ရိုသေကိုင်းရှိုင်းမှုနှင့် သစ္စာရှိမှုတို့ကို သဘောကျသောကြောင့် သူ၏အမှားများကို ပယ်ဖျက်ပေးခဲ့ပြီး ကောင်းကင်နတ်အရှင်ဟွေ့အား မြှုပ်နှံခွင့်ပေးခဲ့သည်။ ကောင်းကင်နတ်ဘုံနှင့် တစ်လောကလုံးအပေါ် ကောင်းကင်နတ်အရှင်ဟွေ့၏ အကျိုးသယ်ပိုးမှုများကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ပြန်၏။ ကောင်းကင်နတ်အရှင်ဟွေ့၏ မဟာဥသျှောင်ဆိုသော ရာထူးကို ပယ်ဖျက်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ရာထူးကိုတော့ ပေးအပ်ကာ ကောင်းကင်နတ်အရှင်တို့အား သဂြိုဟ်သည့် ထုံးစံအတိုင်း မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။
သို့သော် ကောင်းကင်နတ်အရှင်ဟွေ့သည် အလောင်းကောင်ပင် မကျန်ဘဲ သေဆုံးခဲ့ရ၏။ ယင်ယကျစ်က ကောင်းကင်နတ်အရှင်ဟွေ့နှင့် ဆင်တူသည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရှာ၍ ထိုသူအားသတ်ဖြတ်ကာ ရတနာများ ပြည့်နှက်နေသည့် ခေါင်းတလားထဲတွင် ထည့်ထားခဲ့သည်။
ယင်ယကျစ်သည် အဆောက်အဦးများစွာကိုလည်း ဆောက်လုပ်ခဲ့သည်။ သင်္ချိုင်းဂူဗိမ္မာန်ကြီးတစ်ခု ဆောက်လုပ်ခဲ့ပြီး ဤကောင်းကင်နတ်အရှင်ဟွေ့အတုအား မြှုပ်နှံထားခဲ့သည်။ သင်္ချိုင်းဂူဗိမ္မာန်ရှေ့တွင် မေ့လဲသည်အထိ အကြိမ်ပေါင်းများစွာ ငိုကြွေးခဲ့၏။ သူ၏ဆရာသခင် ကောင်းကင်နတ်အရှင်ဟွေ့ အထီးကျန်နေမည် ဆိုသောကြောင့် အဖော်ပြုပေးရန် သူ့ကိုယ်သူ သတ်သေရန်ပင် ကြိုးစားခဲ့သည်။
အသုဘအခမ်းအနားကို ကြည့်ရှုနေကြသည့် အရာရှိများ၊ တပ်မှူးများမှာ သက်ပြင်းတချချဖြင့် စိတ်မကောင်းဖြစ်နေကြ၏။ ကောင်းကင်နတ်အရှင်ဟွေ့သည် တပည့်ကောင်းတစ်ယောက် ရခဲ့သည်ဟု အားလုံး ပြောနေကြသည်။ သူ့တပည့်သည် ငယ်ရွယ်စဉ်အခါက ကောင်းကင်နတ်အရှင်ဟွေ့ကဲ့သို့ သစ္စာရှိ၍ ဖြောင့်မတ်၏။
လူအုပ်ကြီးက ရှေ့သို့ တက်သွားကြပြီး ယင်ယကျစ် ရူးနှမ်းသော အရာတစ်ခုခု မလုပ်နိုင်အောင် ကာဆီးထားကြသည်။
ကောင်းကင်နတ်ဘုံသားမှာ ပူဆွေးဝမ်းနည်းနေသည်။ သူတို့က ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ယင်နှင့် ကောင်းကင်နတ်အရှင်ချင်းလုံတို့ကို မြှုပ်နှံခဲ့ကြသည်။
ကောင်းကင်နတ်အရှင်ယင်၏ အလောင်းကိုတော့ တွေ့ခဲ့သဖြင့် သူ့အတွက် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူထားလေသည်။ ကောင်းကင်နတ်အရှင် ချင်းလုံကတော့ ဦးခေါင်းသာ ကျန်ရစ်ခဲ့၏။ ကောင်းကင်နတ်ဧကရာဇ်က သူ၏သစ္စာရှိမှုကို ထောက်ထားပြီး နဂါးမင်း၏ခန္ဓာကိုယ်အား နတ်ရွှေတို့ဖြင့် သွန်းလုပ်စေသည်။ ထို့နောက် ဦးခေါင်းနှင့် တွဲဆက်ထား၏။
မြှုပ်နှံသည့် နေ့တွင် ကောင်းကင်နတ်ဧကရာဇ်သည် ကိုယ်တိုင် ကြွလာကာ မျက်ရည်များ စီးကျနေခဲ့သည်။ သူက ခေါင်းတလားကို ကိုင်၍ ကျယ်လောင်စွာ ငိုကြွေးနေခဲ့၏။ အရာရှိများနှင့် တပ်မှူးများကလည်း ငိုနေကြသည်။ နောက်ပိုင်းတွင် ကောင်းကင်နတ်ဘုံ၏ ရာထူးအကြီးဆုံး အရာရှိခုနစ်ပါးက ရှေ့သို့ တက်လာကာ ကောင်းကင်နတ်ဧကရာဇ်အား တစ်လောကလုံးရှိ သက်ရှိသတ္တဝါများအတွက် မိမိကျန်းမာရေးအား ဂရုစိုက်တော်မူရန် လျှောက်တင်ကြ၏။ ထိုနောက်မှသာ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ပူဆွေးငိုကြွေးနေခြင်း ရပ်တန့်သွားခဲ့သည်။
အသုဘအခမ်းအနားပြီးနောက် ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ဇာမဏီနတ်မင်း ချီရှားယွီအား တောင်ကောင်းကင်၏ ကောင်းကင်နတ်အရှင်အဖြစ် တင်မြှောက်ခဲ့ပြီး အနောက်နတ်မင်းအား အနောက်ကောင်းကင်၏ ကောင်းကင်နတ်အရှင်၊ မြောက်နတ်မင်းအား မြောက်ကောင်းကင်၏ ကောင်းကင်နတ်အရှင်၊ အရှေ့ဝင်ရိုးစွန်းကိုတော့ နန်းစွန့်ဧကရာဇ် အနားယူစံမြန်းရာနေရာ အဖြစ် သတ်မှတ်ခဲ့သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မြောက်နတ်မင်းအသစ် တင်မြှောက်ပြီး ကောင်းကင်နတ်အရှင်ထိုက်ယင်ကို မြောက်ကောင်းကင်၏ ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်ထိုက်ယန်ကိုတော့ ကမ္ဘာဦးဘုံ၏ ကောင်းကင်နတ်အရှင်အဖြစ် အသီးသီး ရာထူးပေးခဲ့၏။
အချိန်တစ်ခုအထိ ကောင်းကင်နတ်ဘုံတွင် ဆူညံပွက်လောရိုက်နေခဲ့သည်။ တချို့က ပျော်ရွှင်နေကြသလို တချို့ကတော့ ဝမ်းနည်းနေကြ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ချီရှားယွီကို ဂုဏ်ပြုချီးမြှင့်ပြီးနောက် နန်းဆောင်သို့ ပြန်လည်ကြွလာခဲ့၏။ တစ်စုံတစ်ယောက်က ကျောက်စိမ်းသေတ္တာတစ်ခု သူ့ထံ ဆက်သသည်။ ကောင်းကင်နတ်အရှင်ဟောင်က လက်ဝှေ့ရမ်း၍ ရွှေသံချပ်ကာဝတ် ကိုယ်ရံတော်များအား ထွက်ခွာသွားစေ၏။ သူ ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် နတ်ဧကရာဇ်လန်ရွှမ်၏ လူဝင်စားဖြစ်သည့် ယွင်ခန်းချီ၏ ဦးခေါင်းကို တွေ့လိုက်ရသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးကာ မေးလိုက်သည်။ “နောင်တော်လန်ရွှမ်၊ နေလို့မှ ကောင်းရဲ့လား”
ကျောက်စိမ်းသေတ္တာထဲတွင် လန်ရွှမ်၏ လူဝင်စား ဦးခေါင်းက မျက်လုံး ဖွင့်ကာ ဖြေသည်။ “အနိုင်ရသူက အရာအားလုံးကို ရနိုင်မှာပဲလေ… ဘာကြောင့် လေကုန်ခံနေရတာပါလဲ အရှင်မင်းကြီး… ကျုပ်ကို သတ်ဖြတ်လိုက်ပါတော့”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျယ်လောင်စွာ ရယ်မောနေ၏။ “နန်းစွန့်ဧကရာဇ်က ကျုပ် သံသယ၀င်လာမှာကို သိနေတာပဲ… ဒါကြောင့် ခင်ဗျားရဲ့ ဝိညာဉ်ကို ဦးခေါင်းထဲမှာ ချိတ်ပိတ်ထားခဲ့တာ.. နောက်တော်၊ ဒီလိုလုပ်ခဲ့တဲ့ နန်းစွန့်ဧကရာဇ်ကို မုန်းတီးမိလား…”
လန်ရွှမ်က တုံ့ပြန်သည်။ “တော်၀င်မိသားစုက အစကတည်းက နှလုံးသားရှိတာမှ မဟုတ်ဘဲ… အမုန်းတရားလည်း တည်ရှိမယ်ထင်သလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခေါင်းညိတ်လိုက်ပြီး လန်ရွှမ်၏ အရိုးများကို ပြာအဖြစ် ကြိတ်ချေလိုက်၏။ လန်ရွှမ်၏ ဝိညာဉ်သည် ဖျက်ဆီးချေမှုန်းခံရရန် အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်ထဲသို့ ကျရောက်သွားသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်လေသည်။ “ငါ အခုတော့ အနားယူနိုင်ပြီ”
ထိုအခိုက်အတန့်တွင် သူ၏ ထာဝရငြိမ်းချမ်းရေးအင်ပါယာ လူဝင်စားထံမှ ဝိညာဉ်တစ်ခု ပျံသန်းလာပြီး သူ၏မူလဝိညာဉ်နှင့် ပေါင်းစည်းသွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဒေါသထွက်သွား၏။ “အောက်ဘုံက အရိုင်းအစိုင်းကောင်တစ်ကောင်က ငါ့ကို ဒီလိုအရှက်ခွဲခဲ့တယ်ပေါ့လေ”
သူက သူ၏ ဝိညာဉ်ကို ပြန်လည်သိမ်းယူလိုက်ရာ သိုင်းအခြေခံ အနည်းငယ် တိုးတက်သွား၏။ သူ ထရပ်၍ ရှင်းအန်းကို ကိုယ်တိုင်သတ်ဖြတ်ရန် ပြင်ဆင်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။ “သူက ပါရမီရှင်တစ်ယောက်ပဲ… ကောင်းကင်နတ်ဘုံကို ခေါ်ထားနိုင်ရင် ဖန်ဆင်းဂိုဏ်းချုပ်ကော်ငးကင်နန်းတော်အဖြစ် ကောင်းကင်နတ်အရှင်အဖြစ် သတ်မှတ်လို့ရတယ်… သူက ငါတို့ရဲ့ ကျင့်စဉ်တွေကနေ ပြစ်ချက်တွေ ရှာနိုင်တာဆိုတော့ ကျင့်စဉ်တွေ ပြီးပြည့်စုံအောင် လုပ်ပေးနိုင်တယ်… ဒီကိစ္စကို ကောင်းကင်နတ်အရှင်မူကို ကိုင်တွယ်ခိုင်းရမယ်”
သူက ရှင်းအန်း၏ ပုံတူကို ရေးဆွဲလိုက်ပြီး ကိုယ်ရံတော်များအား လှမ်းခေါ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူဆီ သွား၊ ဒီလူကို ရှာခိုင်းပြီး ကောင်းကင်နတ်ဘုံဆီ ပို့ခိုင်းလိုက်… ငါ သူ့ကို အသုံးချစရာနေရာ ရှိတယ်”
ကိုယ်ရံတော်များက ချက်ချင်းပင် ထွက်ခွာသွားကြသည်။
စွမ်းအင်အကူးအပြောင်းတံတားမှာ မပိတ်သေးသည့်အတွက် ကိုယ်ရံတော်များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာမြို့တော်သို့ တစ်ရက်နှစ်ရက်အတွင်း ရောက်သွားကြ၏။ သူတို့သည် အထက်မြို့တော်နှင့် အောက်မြို့တော်မှာ မီးအိမ်တို့ဖြင့် အလှဆင်ခံထားရပြီး အလွန်တရာ စည်ကားသိုက်မြိုက်နေကြောင်း တွေ့လိုက်ရသည်။
ကိုယ်ရံတော်များလည်း လိုက်လံမေးမြန်းရာ တစ်စုံတစ်ယောက်က ဖြေသည်။ “ဧကရာဇ်ယွိရှို့က နန်းစွန့်သွားပြီလေ… ဧကရာဇ်ဟောင်း ယန်ဖုန်းက အပြစ်ဒဏ်ကနေ လွတ်လာပြီး နန်းပြန်တက်ခဲ့တယ်… ဧကရာဇ်အတိုင်ပင်ခံချင်ကလည်း ရာထူးကို စွန့်လွှတ်ပြီး ဧကရာဇ်အတိုင်ပင်ခံဟောင်းကျန်းကို ပြန်ပေးလိုက်ပြီ… ဧကရာဇ်အတိုင်ပင်ခံကျန်းကလည်း ပြစ်ဒဏ်က လွတ်လာခဲ့ပြီလေ”
ကိုယ်ရံတော်ထဲမှ တစ်ယောက်က ပြုံးလိုက်သည်။ “ဒါဆိုရင် ဘာလို့ မီးအိမ်တွေ ချိတ်ဆွဲထားရတာလဲ… ဧကရာဇ်နဲ့ ဧကရာဇ်အတိုင်ပင်ခံ ပြောင်းသွားတာပဲ မဟုတ်လား”
“မင်းတို့ မသိတာ တစ်ခုရှိသေးတယ်”
လူများစွာက သူတို့ကိုရယ်လျက် ပြောပြသည်။ “ဧကရာဇ်အတိုင်ပင်ခံချင်နဲ့ ဧကရာဇ်ယွိရှို့က သဘောတူညီချက်တစ်ခု ရှိထားတယ်လေ… အနာဂတ်မှာ ဧကရာဇ်ရာထူး စွန့်နိုင်တဲ့အချိန် လက်ထပ်ကြမယ် ဆိုပြီးတော့ပေါ့… အရင်တုန်းက အခြေအနေတွေက မတည်ငြိမ်ခဲ့တဲ့အတွက် ဧကရာဇ်က ဒီကတိကို ထိန်းပြီး အုပ်ချုပ်ခဲ့တယ်… နန်းတွင်းက ၀န်မင်းတွေကတော့ ဧကရာဇ်ယွိရှို့ကို ကိုယ်လုပ်တောင် ရွေးချယ်ဖို့တောင် တိုက်တွန်းခဲ့ဖူးတယ်… ဒီတိုင်းပြည် တိုးတက်ဖို့အတွက် သားတစ်ယောက် သမီးတစ်ယောက် မွေးဖွားပေးဖို့ပေါ့… ဒါပေမဲ့ ဧကရာဇ်က အမြဲတမ်း ငြင်းဆန်ခဲ့တယ်.. ဧကရာဇ် နန်းစွန့်ခဲ့တဲ့ အကြောင်းအရင်းက ဧကရာဇ်အတိုင်ပင်ခံချင်ကို လက်ထပ်ဖို့ပဲ”
ကိုယ်ရံတော်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ “ဧကရာဇ်လက်ထပ်မယ့် ဒီဧကရာဇ်အတိုင်ပင်ခံဆိုတဲ့ ပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်မူများလား…”
“ဟုတ်တယ်လေ… ဧကရာဇ်က ဧကရာဇ်အတိုင်ပင်ခံကို လက်ထပ်လို့မရဘူး… ဧကရာဇ် နန်းစွန့်ပြီးရင်တော့ မင်းသမီးရှို့ ပြန် ဖြစ်သွားပြီ… ဧကရာဇ်အတိုင်ပင်ခံလည်း ရာထူးစွန့်လိုက်ရင် ကောင်းကင်နတ်အရှင်မူ ဖြစ်သွားမှာဆိုတော့ မင်းသမီးကို လက်ထပ်လို့ရပြီလေ”
တစ်ယောက်က ဆက်လက်ပြောပြ၏။ “ကောင်းကင်နတ်အရှင်မူက မင်းသမီးရှို့နဲ့ လက်ထပ်ပြီးရင် မာန်ဟုန်မြစ်ဆီ ပြန်ပြီး လောကရေးရာတွေကို ဂရုမစိုက်တော့ဘဲ နွားပဲ ကျောင်းတော့မယ်လို့ ပြောတယ်”
ကိုယ်ရံတော်များမှာ သူတို့အကြားထဲတွင် တိတ်တဆိတ် ဆွေးနွေးနေကြသည်။ “ကောင်းကင်နတ်အရှင်မူက အနားယူတော့မှာ… အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အာဏာရှိတဲ့သူက သူ မဟုတ်တော့ဘူး… ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်သွားပြီ… ငါတို့ အရှင်မင်းကြီးကို ဒီကိစ္စ ဘယ်လိုရှင်းပြရမှာလဲ… ဒီပန်းချီကားထဲက သူကို ဘယ်သူ ဖမ်းပေးနိုင်သေးလဲ”
“ကောင်းကင်နတ်အရှင်မူ လက်ထပ်ပြီး အနားယူတာက အရေးကြီးတဲ့ကိစ္စပဲ… မင်းတို့ထဲက တစ်ယောက် အရင်ပြန်သွားပြီး ဒီကိစ္စကို အရှင်မင်းကြီးဆီ လျှောက်တင်လိုက်… ငါတို့ ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံကို ဒီလူကို ဖမ်းပေးဖို့ သွားရောက်တောင်းဆိုမယ်”
ကိုယ်ရံတော်များ အလျင်အမြန် ထွက်ခွာသွားကြသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် တိုင်းပြည်ရေးရာများကို အာရုံစိုက်၍ အစီရင်ခံစာများ ဖတ်ရှုနေ၏။ ထိုစဉ် အစောင့်အကြပ်များ အပြေးအလွှား ခစားကြပြီး ဒူးထောက်ကာ တစ်စုံတစ်ခု လျှောက်တင်လိုက်ကြသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က လျှောက်တင်လွှာများကို ချထားလိုက်၏။ “ကောင်းကင်နတ်အရှင်မူက လက်ထပ်ပြီးရင် အနားယူတော့မှာတဲ့လား” သူ့မှာ အံ့အားသင့်နေမိသည်။ “ငါ အဲဒီကောင်ကို အများကြီး ထိုးနှက်ခဲ့မိတာလား…. သူ ကောင်းကင်နတ်ဘုံကို လာပြီး ငါ့ရှေ့မှာ ဒူးထောက်၊ ငါ့ကို မြှောက်ပင့်ပြောဆိုပြီး အသနားခံတာ လိုချင်သေးတာလေ…. အခုအချိန် အနားယူဖို့က စောလွန်းနေသေးတယ်…”
အစောင့်အကြပ်များက လျှောက်တင်သည်။ “အရှင်မင်းကြီး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မြို့တော်မှာ သိပ်ကို စည်ကားသိုက်မြိုက်နေတာပါ… ကောင်းကင်နတ်အရှင်မူရဲ့ မင်္ဂလာပွဲက နှစ်ရက်အတောအတွင်း ဖြစ်လောက်ပါတယ်ဘုရား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူက ဗျူဟာချတဲ့နေရာမှာ ပါရမီရှင်တစ်ယောက်ပဲ… သူ့ကို ငါ အမြဲတမ်း လေးစားခဲ့တယ်… အနားယူသွားတာလည်း ကောင်းတယ်… သူ့ရဲ့ ဒီရှုံးနိမ့်မှုကနေ ခေါင်းပြန်မထောင်နိုင်တော့ဘူးပေါ့ … သူ ဒုတိယကောင်းကင်နတ်အရှင်ဟွေ့ ဖြစ်လာမှာကိုလည်း ငါကိုယ်တော် မလိုလားဘူး… သူ့အန္တရာယ်က ကောင်းကင်နတ်အရှင်ဟွေ့ထက် ပိုကြီးတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်အရှင်မူရဲ့ မင်္ဂလာပွဲအတွက် မင်္ဂလာလက်ဖွဲ့ ပေးဖို့ ဘဏ္ဍာတိုက် ဖွင့်လိုက်ပြီး လက်ဆောင်တချို့ ငါ့ဆီယူလာခဲ့”
သူက ထရပ်၍ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ မင်္ဂလာပွဲက စည်ကားနေမှာပဲ…. ခမ်းနားတဲ့ အသုဘပွဲ ပြီးတော့… အဟက်… မင်္ဂလာပွဲပေါ့လေ”
သူသည် သက်ပြင်းချလိုက်သော်လည်း သူ၏မျက်နှာတွင်တော့ အပြုံးရိပ်များက ဖုံးဖိမရနိုင်အောင် ဝေဆာနေတော့သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ခေတ်က ဒီလိုနဲ့ ကုန်သွားပြီပေါ့လေ….အိမ်း… နှမြောစရာပဲ….မင်းတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်ရင် ဧကရာဇ်က တိုင်းပြည်ရေးရာတွေ အလုပ်ရှုပ်နေတဲ့အတွက် ကိုယ်တိုင်လာရောက် ဂုဏ်မပြုနိုင်ဘူးလို့ ပြောလိုက်ကြ…. သူ မာန်ဟုန်မြစ်ဆီ ပြန်ရောက်တဲ့အခါကျ ဧကရာဇ်က သာမန်လူတစ်ယောက်လို ဝတ်စားပြီး သူနဲ့အတူ သောက်စား စကားစမြည်ပြောမယ်လို့ မှာလိုက်ချေ”
အစောင့်အကြပ်များလည်း အလျင်အမြန် ထွက်ခွာသွားကြသည်။
အခြားတစ်ဖက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ကျန်ရှိခဲ့သော နန်းတွင်းကိုယ်ရံတော်များက ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့ကို သွားရောက်တွေ့ဆုံကြ၏။
ဧကရာဇ်ယန်ဖုန်းလည်း ကပျာကယာ လက်ခံတွေ့ဆုံသည့်အခါ ကိုယ်ရံတော်များက ကောင်းကင်နတ်ဧကရာဇ် ရေးဆွဲပေးလိုက်သည့် ပန်းချီကားကို တင်ပြကြသည်။ ဧကရာဇ်က ရိုကျိုးစွာ လက်ခံရယူပြီး စားပွဲပေါ် တင်၍ အမွေးတိုင်ထွန်းပြီး ပူဇော်လိုက်၏။ ထို့နောက်မှသာ ပန်းချီကားချပ်ကို ဖွင့်ကြည့်သည်။ သေချာကြည့်ရှုပြီးနောက် သူ့မှာ တွန့်ဆုတ်သွားလေသည်။
ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့ကလည်း ပန်းချီကားကို လာကြည့်သည်။ သူတို့နှစ်ယောက်လုံးမှာ အတွေးနက်နေကြ၏။
ကိုယ်ရံတော်တချို့က ရှင်းပြသည်။ “အရှင်မင်းကြီးက ဒီပုဂ္ဂိုလ်ကို သတ်ချင်တာမဟုတ်ပါဘူး…. ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ အရှင်သခင်အဖြစ် တင်မြှောက်မလို့ပါ… အရှင်မင်းကြီးက ကောင်းချီးပေးလိုက်တာပါပဲ… ဧကရာဇ်တို့အနေနဲ့ ဒီလိုပြုမူနေရတဲ့ အကြောင်းအရင်းများ ရှိပါသလား”
“သံတမန်တို့”
ဧကရာဇ်ယန်ဖုန်းက စိတ်သောက ရောက်နေသောပုံစံဖြင့် ဖြေကြားသည်။ “အရှင်မင်းကြီးရဲ့ ပန်းချီကားက သိပ်ကိုခမ်းနားပါတယ် ကောင်းကင်စာအုပ်တွေလိုပါပဲ…. ကျုပ်တို့ အတွေးနက်နေရတဲ့ အကြောင်းအရင်းက နားမလည်လို့ပါ”
ကိုယ်ရံတော်များလည်း နှာခေါင်းရှုံ့၍ ရှေ့တက်ကာ ကြည့်လိုက်ကြသည်။ သူတို့အားလုံးလည်း အတွေးနက်သွားကြတော့သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပန်းချီကားမှာ လက်တန်းဆွဲထားမှန်း သိသာလွန်းပေသည်။ ပန်းချီကားထဲရှိ ပုဂ္ဂိုလ်မှာ ရှုံ့တွနေပြီး ရုပ်ရည်သွင်ပြင်ကို မမြင်ရနိုင်ချေ။ သူ၏ခြေထောက်ဘေးတွင်တော့ အမြှီးမပါသည့် ခွေးတစ်ကောင် ရပ်နေ၏။ ထိုခွေးက သေတ္တာတစ်လုံးနှင့်လည်း တူပေသည်။
သေချာရှင်းလင်းပြတ်သားစွာ သိနိုင်သည့်အရာဟူ၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်ရေးများသာ ဖြစ်၏။ “ငါ သူ့နာမည်ကို မသိဘူး… ဒါပေမဲ့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်က ကောင်းကင်နတ်အရှင်ယွီနဲ့ တူတယ်… လူငယ်တစ်ယောက်ပုံစံပဲ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရေရွတ်လိုက်သည်။ “ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနဲ့ တူတာတဲ့လား… ဒီလိုပုဂ္ဂိုလ်မျိုးကို ဘယ်မှာ ရှာနိုင်မှာလဲ…. သံတမန်တို့၊ အရှင်မင်းကြီးဆီ ပြန်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဒီပုဂ္ဂိုလ်ကို အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပါမယ်လို့ လျှောက်တင်ပေးပါ…. သူ့ကို ဘယ်မှာ ရှာလို့ရမလဲဆိုတာကတော့….”
သူ၏မျက်နှာမှာ စိတ်ရှုပ်နေသည့် အမူအရာ ဖြစ်သွား၏။
ကိုယ်ရံတော်သုံးယောက်လည်း နားလည်ကြသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပန်းချီကားကိုကြည့်၍ ရှာဖွေရခြင်းက ကောက်ရိုးပုံထဲတွင် အပ်တစ်ချောင်း ရှာရမည့်အတိုင်းပင်။
ထိုမျှသာမက ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ထိုပုဂ္ဂိုလ်၏ နာမည်ကိုလည်း မသိသောကြောင့် ပို၍ပင် ရှာရခက်စေလိမ့်မည်။
ကိုယ်ရံတော်များလည်း နှုတ်ဆက်စကားဆိုကြပြီး ထွက်ခွာရန် ပြင်နေကြစဉ် ဧကရာဇ်ယန်ဖုန်းက အလောတကြီး ပြောသည်။ “မင်းသမီးက ကောင်းကင်နတ်အရှင်မူနဲ့ လာမယ့် ရက်အတွင်းမှာ လက်ထပ်တော့မှာပါ…. အလောတကြီး ပြန်သွားစရာ မလိုပါဘူး… မင်္ဂလာပွဲအရင် ကျင်းပကြတာပေါ့…သံတမန်တို့အတွက် ကျုပ် လက်ဆောင်တချို့လည်း ပေးလိုက်ချင်သေးတာမလို့ တစ်ရက်နှစ်ရက်လောက် နေသွားကြပါဦး”
ကိုယ်ရံတော်သံဒးယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။ “ကောင်းကင်နတ်အရှင်မူက မသေနိုင်တဲ့ နတ်ဘုရားကျင့်စဉ်ကို ဖြန့်ဝေပေးခဲ့တဲ့ပုဂ္ဂိုလ်ပဲ… သူ့ရဲ့ အကျိုးသယ်ပိုးမှုတွေက များပြားတယ်… သူ လက်ထပ်တော့မှာဆိုတော့ ကျုပ်တို့ နေပြီး မင်္ဂလာပွဲကို ဂုဏ်ပြုကြည့်ရှုသွားတာ သင့်တော်ပါတယ်”
သူတို့သုံးယောက်က နေခဲ့ကြသဖြင့် ဧကရာဇ်ယန်ဖုန်းသည် အကောင်းဆုံး ဝိုင်များ၊ အသားများဖြင့် ဧည့်ခံပေး၏။ သူက အရှားပါးဆုံးရတနာများကို ရှာဖွေခိုင်းပြီး သူတို့၏အိမ်တော်သို့ ပို့ဆောင်ဆက်သစေသည်။
ထို့နောက် ဧကရာဇ်ယန်ဖုမ်းက သူတို့သုံးယောက်အား ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အကြီးမားဆုံး ကုန်ထုတ်စက်ရုံသို့ ခေါ်ဆောင်သွားကာ ကောင်းကင်လက်နက်များ ရွေးချယ်စေသည်။ သူတို့သုံးယောက်မှာ အလွန်တရာ ပျော်ရွှင်နေကြပြီး စိတ်ထဲမှ တွေးနေကြ၏။ “ဒီဧကရာဇ်ယန်ဖုန်းက တော်တော်တွေးတတ်တဲ့ ပုဂ္ဂိုလ်ပဲ”
ဧကရာဇ်ယန်ဖုန်းက ဧကရာဇ်အတိုင်ပင်ခံအား ပြောသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ မင်္ဂလာပွဲက ကိစ္စတွေကို အချိန်ဆွဲထားနိုင်ပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင် စိတ်အေးအောင် လုပ်နိုင်တယ်… ဒီအချိန်အတွင်းမှာ ကောင်းကင်နတ်ဧကရာဇ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ စစ်တပ်တွေ စေလွှတ်မှာမဟုတ်ဘူး… ကောင်းကင်နတ်ဧကရာဇ်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားက ညှိနှိုင်းမှုတွေကိုလည်း နောက်ထပ်နှစ်အနည်းငယ်လောက် အချိန်ဆွဲထားလို့ ရနိုင်တယ်”
“သိပ်ပြီး အကောင်းမမြင်ပါနဲ့ အရှင်မင်းကြီး”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “ယွီချိန်ကျစ်က ပြဿနာရှာတဲ့နေရာမှာ တော်တဲ့ စကားပြောကောင်းတဲ့သူတွေကို ခေါ်သွားတယ်… မူလအစီအစဉ်အရကတော့ ကောင်းကင်နတ်ဧကရာဇ်နဲ့ ညှိနှိုင်းမှုတွေက နှစ်အနည်းငယ်လောက် အချိန်ဆွဲထားလို့ရနိုင်တယ်…ဒါပေမဲ့ အခု ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်ဟွေ့ကို သတ်ခဲ့တဲ့အပြင် ထိုက်ချူကလည်း မျက်နှာလာပြပြီး အကျိုးအမြတ်တွေအတွက် တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး… ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှုနဲ့ ထိုက်ကျိရှေးဟောင်းနတ်ဘုရားတို့ကိုတော့ ထည့်တွက်နေစရာတောင် မလိုဘူး.. ဒီနေ့ကောင်းကင်နတ်ဘုံမှာ အင်အားတစ်ရပ်ပဲ ရှိတယ်… အဲ့ဒါက ကောင်းကင်နတ်ဧကရာဇ်ဟောင်ပဲ… ယွီချိန်ကျစ်ရဲ့ ဗျူဟာတွေက အလုပ်မဖြစ်မှာကို စိုးရိမ်မိတယ်”
ဧကရာဇ်ယန်ဖုန်းက မျက်မှောင်ကြုတ်၍ တုံ့ပြန်သည်။ “ဒါကြောင့်ပဲ ယွိရှို့နဲ့ ကောင်းကင်နတ်အရှင်မူက ရာထူးစွန့်ပြီး လက်ထပ်ကြတာလေကွာ… သူတို့က ငါတို့ကို အစားနေရာယူပြီး နှစ်အနည်းငယ်လောက် အချိန်ဆွဲထားစေချင်တာပဲ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လျက် ပြောသည်။ “သူတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ကျရောက်နေတဲ့ ဖိအားတွေကြောင့် အနားယူပြီး လက်ထပ်ကြရတာ… မင်းသမီးရှို့အတွက် ခက်ခဲမှာပဲ”
ဧကရာဇ်ယန်ဖုန်း၏ မျက်နှာအမူအရာက ထူးဆန်းနေသည်။ “ငါတော့ သူ သိပ်ပျော်နေတယ် ထင်တာပဲ… ဒီရက်တွေအတွင်းမှာ သူ့ကြည့်ရတာ အေးချမ်းနေတော့ သူ့ကို တွေ့တဲ့လူတိုင်း စိတ်အေးရတယ်… အရွယ်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို အိမ်ထဲမှာပဲ သိမ်းထားလို့ မရဘူးမလား…”