ကောင်းကင်နတ်အရှင်မူ လက်ထပ်ပါပြီ
Vol. 126 Ch. 1629
ပြီးခဲ့သည့် ရက်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ အထက်မြို့တော်နှင့် အောက်မြို့တော်တို့မှာ သွားလာဝင်ထွက်နေသူများဖြင့် စည်ကားသိုက်မြိုက်နေကြသည်။ နွားသိုးစိမ်းကြီးက ပါ့ရှန်အား ပြောနေသည်။ “သခင်ကြီး၊ မမကြီးတော့ စားသောက်ဆိုင်ထဲမှာ မူးပြီး မှောက်နေပြီ… စားပွဲထောင့်မှာ အရက်ပုလင်းခွံတွေ အပုံလိုက်ပဲ”
ပါမောက္ခပါ့ရှန်မှာ ချက်ချင်းပင် စိုးရိမ်ပူပန်လာပြီး ပြောသည်။ “သူ့ကို ကြည့်ထား… ပြဿနာ မရှာစေနဲ့… ငါ အဘွားစစ်ကို သွားပြောမယ်”
နွားသိုးစိမ်းကြီးလည်း အရက်ဆိုင်သို့ ပြေးသွားရာ အသက်ဆယ်နှစ်ခန့်သာ ရှိသေးသည့် ချစ်စရာ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် စားပွဲတွင် ထိုင်နေပြီး ဆိုင်ပိုင်ရှင်အား အရက်ချပေးရန် အော်ဟစ်ပြောဆိုနေသည်။ သူမတင်ပါးရှိ မြေခွေးအမြှီးကိုးချောင်းက လှုပ်ရမ်းနေ၏။
သို့သော် ဆိုင်ထဲတွင် ရှိသမျှ အရက်အားလုံးကား သူမကြောင့် ကုန်သွားချေပြီ။ ဆိုင်ပိုင်ရှင်မှာ ရွေးချယ်စရာ မရှိသည့်အပြင် ဤမူးနေသည့် ကလေးမလေးကို သိသောကြောင့် နှင်မထုတ်ရဲပေ။ သူ့မှာ သူမ ဆူပူကြိမ်းမောင်းနေသည်ကိုသာ ရပ်၍ နားထောင်နေရတော့သည်။
“... ငါလည်း သူနဲ့ လက်ထပ်ဖူးပါတယ်… ပထမဇနီးတော့ မဟုတ်ခဲ့ပေမယ့် ကိုယ်လုပ်တော်တော့ ဖြစ်နိုင်သေးတယ်လေ”
ဟူလင်းအာမှာ လူမှန်းသူမှန်း မသိအောင် မူးရူးနေတော့သည်။ သူမသည် အရက်စားပွဲအရှေ့၌ မှောက်နေပြီး ခြေထောက်တစ်ဖက်ကို အရက်ပုလင်းပေါ်၌ပင် တင်ထားသေးသည်။ တစ်ဖက်ကတော့ တွဲလောင်းကျနေသည်။ သူမက အင်္ကျီလက်စများကိုလည်း ခေါက်တင်ထားပြီး လေထဲတွင် အရက်နံ့တို့ တထောင်းထောင်း နေ၏။
သူမ၏အဖြူရောင်အမွှေးများပင်လျှင် အရက်နံ့ နံနေသည်။ သူမက ဆိုင်ပိုင်ရှင်ကို ပြောနေသည်။ “ငါ့ကို ဒီတစ်ကြိမ် ရာထူးအတိအကျ ပေးသင့်တယ်မဟုတ်ဘူးလား… နင် ဘယ်လိုထင်လဲ”
နွားသိုးစိမ်းကြီးလည်း မနေနိုင်တော့သဖြင့် သွားထိန်းလိုက်ရသည်။ “မမကြီး မူးနေပြီ.. မြန်မြန်… စံအိမ်ကို ပြန်ပို့လိုက်ကြ”
“ငါ မမူးသေးဘူး… ငါ နင့်ကို မှတ်မိတယ်.. နင်က တတိယ..အာ.. စတုတ္ထမလား… လုံပိက ထျန်းရှုနဲ့ ချီကျုံရီတို့နဲ့ သွေးသောက်ညီအစ်ကိုဆိုတော့ နင်က ခြောက်ယောက်မြောက် မဟုတ်ရင် ခုနစ်ယောက်မြောက် ဖြစ်ရမယ်..”
ဟူလင်းအာသည် အဓိပ္ပာယ်မရှိသည့် စကားများကို တောင်စဉ်ရေမရ လျှောက်ပြောနေ၏။ နွားသိုးစိမ်းကြီးမှာ သူမကို အောက်သို့ ခေါ်လာပြီးနောက် ရှန်းရှို့စီရင်စုထဲက အိမ်တော်သို့ လိုက်ပို့ပေးလိုက်သည်။
ဟူလင်းအာမှာ အိမ်တော်သို့ ရောက်သည့်အခါ မူးမူးရူးရူးဖြင့် စစ်ယွင်ရှန်းအား မြင်သွားပြီး နှာခေါင်းရှုံ့လိုက်၏။ “ဒီမှာ ငါလို အဖြစ်ဆိုးနဲ့ လူတစ်ယောက် ရှိသေးတယ်.. စစ်ယွင်ရှန်း၊ နင်က ဒုတိယမိန်းမဆိုတော့ နင် ဆုံးဖြတ်ပေး… အဲဒီတုန်းက ဆရာမျက်ကန်းက ငါတို့သုံးယောက်လုံးနဲ့ လက်ထပ်ပေးခဲ့တာမလား”
စစ်ယွင်ရှန်းနှင့် သူမသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးအပိုင်း တာဝန်ယူထားရသော လက်ဝဲဘဏ္ဍာရေးဝန်မင်းနှင့် လက်ယာဘဏ္ဍာရေးဝန်မင်းတို့ ဖြစ်ကြ၏။ နှစ်ပေါင်းများစွာ အတွေ့အကြုံရလာခဲ့ပြီးနောက် စစ်ယွင်ရှန်းက သူမထက် ပိုမိုတည်ငြိမ်နေသည်။ သူမက ပြော၏။ “ညီမလေး မူးနေပြီပဲ… သွားနားလိုက်ပါတော့”
ဟူလင်းအာက အေးဆေးစွာ တုံ့ပြန်သည်။ “အစ်ကိုကြီးကိုး၊ နင် ကူစရာမလိုဘူး.. ငါ့ဘာသာ လျှောက်နိုင်တယ်” ထိုသို့ပြောပြီးနောက် သူမက နွားသိုးစိမ်းကြီးကို တွန်းထုတ်ကာ ဒယိမ်းဒယိုင် လျှောက်သွားတော့ပြီး ပန်းအိပ်ယာပေါ်သို့ ဘုန်းခနဲ လဲကျသွား၏။ သူမအမြှီးလေးကိုသာ မြင်ရနိုင်ပြီး နှစ်ကြိမ်မျှ တုန်ရီသွားပြီးနောက် ငြိမ်ကျသွားတော့သည်။
နွားသိုးစိမ်းကြီးမှာ ငိုရခက် ရယ်ရခက်ဖြစ်နေ၏။ "ငါက ဘယ်လိုလုပ် အစ်ကိုကြီးကိုး ဖြစ်သွားရပြန်တာတုန်း”
အခြားတစ်ဖက်တွင် အဘွားစစ်သည် ပါ့ရှန်၏ စကားကိုကြားလျှင် ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားပြီး မှာလိုက်သည်။ “ပါ့ရှန်… လူတချို့ရှာပြီး အဲဒီအန္တရာယ်များတဲ့သူတွေကို စောင့်ကြည့်ထားစမ်း… ဒီအချိန်မျိုးမှာ ဘယ်လိုကိစ္စမျိုးမှ ဖြစ်လာလို့ မဖြစ်ဘူး”
ပါ့ရှန်မှာ သူမ မည်မျှလေးနက်နေသည်ကို မြင်လျှင် အလောတကြီး ပြောလေသည်။ “ဘွားဘွား၊ စိတ်မပူပါနဲ့…. ဒီကိစ္စကို ကျွန်တော် သေချာကိုင်တွယ်လိုက်ပါ့မယ်”
သူက တခဏတုံ့ဆိုင်နေပြီးနောက် မေးလိုက်သည်။ “စောင့်ကြည့်ရမယ့် အန္တရာယ်များတဲ့သူတွေက ဘယ်သူတွေလဲ မသိဘူးဗျ”
“မြေခွေးမလေးက ထိပ်ဆုံးပဲ… ပြီးတော့ စစ်ယွင်ရှန်း”
အဘွားစစ်က အလျင်အမြန် ပြောနေသည်။ “အထူးသဖြင့် စစ်ယွင်ရှန်းပဲ.. မြေခွေးမလေးက တည့်တိုးပြောတတ်ပေမယ့် စစ်ယွင်ရှန်းကတော့ သိပ်ကို ဉာဏ်များတယ်… သတိလက်လွတ်ထားလို့ မဖြစ်ဘူး… သူတို့အပြင် နောက်ထပ်စောင့်ကြည့်ရမယ့် အရေးကြီးတဲ့ မိန်းကလေးတွေလည်း … ဥပမာ အနောက်ကမ္ဘာမြေက မိန်းမရိုင်းတွေပေါ့.. သူတို့က မင်္ဂလာဦးညမှာ သတို့သားကို သူတို့အခန်းထဲ ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ မင်္ဂလာပွဲတွေကို လာတက်ကြတဲ့ ဓလေ့ရှိတယ်… ပြီးတော့ အမိကမ္ဘာမြေရော ပါတယ် ....ငါတို့ သတိထားရမယ်”
ပါ့ရှန်က ဂရုတစိုက် လိုက်မှတ်ပြီးနောက် စိတ်ရှုပ်ထွေးသွားလေသည်။ “အမိကမ္ဘာမြေရဲ့ လက်ရှိသိုင်းအဆင့်နဲ့ အောင်မြင်မှုတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်နေပါပြီ… တည်ထောင်သူဂိုဏ်းချုပ်ဝေနဲ့ မင်းသားယိုမင်းကလွဲပြီး သူ့ကို တားနိုင်မယ့်သူ ရှိပါ့မလား”
အဘွားစစ်က သူ့ကို မျက်စောင်းထိုးကြည့်၍ ကြိမ်းမောင်း၏။ “မတားနိုင်ရင်တောင် တားရမှာပဲဟဲ့”
ပါ့ရှန်၏ မျက်နှာလေးမှာ ဇီးရွက်လောက်သာ ကျန်တော့သည်။
အဘွားစစ်က ဆက်ပြော၏။ “သူတို့အပြင် လန်ဝူကိုလည်း သတိထားရမယ်”
ပါ့ရှန်မှာ ကြက်သီးမွေးညှင်းများ ထသွားပြီး ထွက်ခွာသွားတော့သည်။ “တခြားတစ်ယောက်သာ ရှာလိုက်ပါတော့ အဘွားစစ်ခင်ဗျာ… အမိကမ္ဘာမြေက ထားပါဦး…လန်ဝူက ကောင်းကင်နတ်ရှင်အဆင့် နတ်ဘုရင်တစ်ပါးလေ… စကြ၀ဠာတစ်ခုလုံးမှာ သူ့ကို ယှဉ်နိုင်တဲ့သူက နည်းနည်းလေးပဲ ရှိတာလေဗျာ”
အဘွားစစ်က အလျင်အမြန် ပြော၏။ “စိတ်မပူပါနဲ့… လန်ဝူက ခံစားချက်တွေကို မေ့ထားပြီး ဖန်ဆင်းရှင်မျိုးနွယ်ကို အားလုံးထက် ဦးစားပေးတဲ့သူတစ်ယောက်ပဲ…. မဆင်မခြင်လုပ်မှာ မဟုတ်ဘူး… သူ သတို့သားနဲ့ ဖန်ဆင်းရှင်ပေါက်စလေး လိုချင်မှာကိုပဲ စိုးရိမ်တာ… နောင်ကျရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်.. နင် သူ့ကို စောင့်ကြည့်နေစရာ မလိုဘူး… မူအာကို စောင့်ကြည့်ရမှာ.. သူသာ သူ့ခါးစည်းသူ ထိန်းနိုင်ရင် ကိစ္စမရှိဘူး”
ပါ့ရှန်က စောဒကတက်ပြန်သည်။ “ညီလေးက ခါးစည်း မထိန်းနိုင်ရင် ကျွန်တော်က သူ့အတွက် ထိန်းပေးရမှာလားဗျ”
အဘွားစစ်က ပြုံး၏။ “နင် မထိန်းနိုင်တဲ့ကိစ္စ မရှိပါဘူး… အများဆုံးတော့ ပေါက်စလေးတွေ ထပ်ရတာပေါ့… ကောင်းကင်နတ်အရှင်လင်ကတော့ မူအာအပေါ် ဘာခံစားချက်မှ မရှိဘူး… ငါ မသေချာတာ ကောင်းကင်နတ်အရှင်ယွဲ့…”
ပါ့ရှန်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့လာပြီး ကြောက်ဒူးတုန်လာတော့သည်။
အဘွားစစ်က ဆက်ပြော၏။ “... ဒါပေမဲ့ သတို့သားကို လုမယ့် အဆင့်တော့ မဟုတ်ပါဘူး… သူ့ရဲ့ ဂုဏ်သိက္ခာကိုလည်း ထည့်တွက်ရဦးမယ် မဟုတ်လား… သူ အဲ့လိုလုပ်ဖို့ စဉ်းစားလောက်မှာ မဟုတ်ပါဘူး”
သူမက ပြဿနာရှာနိုင်မည့် မိန်းကလေးများကို စာရင်းမှတ်ထားသည်။ ဤသို့ဖြင့် သူမပင် မသိလိုက်ပဲ မိုးချုပ်သွားခဲ့၏။ ပါ့ရှန် ကြယ်တာရာကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ကြယ်များ တဖိတ်ဖိတ် တောက်ပနေသည်ကို တွေ့လိုက်ရသည်။ “ဒီနေ့က ထူးဆန်းတယ်… လတစ်လရဲ့ ဆယ့်ငါးရက်မြောက် ဖြစ်တဲ့အပြင် နေသာတဲ့နေ့ ဆိုပေမယ့် လကို မတွေ့ရဘူး”
အဘွားစစ်မှာ ချက်ချင်း သတိဝင်လာ၏။ “အား.. သွားပါပြီ… ငါ သူ့ကို မေ့သွားတာပဲ… လပျောက်သွားတာဆိုတော့ သူ ရောက်လာတာပဲ ဖြစ်ရမယ်… မြန်မြန်…နင့်ညီလေးကို သွားရှာစမ်း… နင် နောက်ကျသွားရင် သူ လုသွားလိမ့်မယ်”
ပါ့ရှန်မှာ သတိရသွားပုံဖြင့် အလန့်တကြား ပြောလိုက်မိသည်။ “လပေါ်က တစ်ယောက်ကို ပြောနေတာလား… ဒါ တကယ်အရေးကြီးတယ်.. ကျွန်တော် အခုပဲ ညီလေးကို သွားရှာလိုက်မယ်”
သူက အလောတကြီးဖြင့် ချင်မူ့စံအိမ်ဆီသို့ တန်းတန်းမတ်မတ် ထွက်ခွာသွားသည်။ သူ စံအိမ်ဆီသို့ မရောက်ခင်မှာပင် လရောင်သည် စံအိမ်တစ်ခုလုံးအပေါ် ဖြာကျလျက် တောက်ပနေသည်ကို တွေ့လိုက်ရ၏။
သိသိသာသာပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမှာ ကောင်းကင်မှ ပျောက်ကွယ်သွားပြီး ချင်မူ့စံအိမ်သို့ ရောက်ရှိနေခြင်းပင်။
ပါ့ရှန်က သတ္တိမွေး၍ ဝင်ရောက်သွားပြီး စိတ်ထဲမှ တွေးနေသည်။ “ဘာပဲဖြစ်ဖြစ် ဒီမင်္ဂလာပွဲကို ချုံဧကရာဇ်ဓားနတ်ဘုရား ဖျက်လို့ မရစေရဘူး”
သူက စံအိမ်ထဲသို့ ဝင်လိုက်လျှင်ချင်း ချင်မူ့စံအိမ်၏ ကောင်းကင်တွင် တောက်ပနေသော လကို တွေ့လိုက်ရသည်။ ၎င်းက ကိုက်သုံးဆယ်မျှအမြင့်တွင်သာ ရှိနေ၏။ လမှာ ရတနာအဖြစ် သန့်စင်ခံထားရသဖြင့် ကြီးနိုင်ကျုံ့နိုင်ပြီး ယခုတွင်တော့ တစ်ပေအ၀န်းမျှသာ ရှိလေသည်။
ပါ့ရှန်က ခပ်သုတ်သုတ် ဝင်သွားသည်။ ချင်မူ့စံအိမ်ထဲတွင် အစေခံ များများစားစားမရှိပေ။ ထို့ကြောင့် သူ အတင်းအကြပ် ဝင်ရောက်လာသည်ကို တားဆီးမည့်သူလည်း မရှိပေ။
ခန်းမအရှေ့တွင် ချင်မူနှင့် ပိုင်ချွီအာတို့သည် ခန်းမအောက်ရှိ လှေကားထစ်တွင် ထိုင်နေကြသည်။ တစ်ယောက်က နားထင်၌ ဆံပင်များ ဖြူနေပြီး ကျန်တစ်ယောက်ကတော့ မိန်းကလေးငယ်တစ်ဦး၏ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသေး၏။
သူတို့နှစ်ယောက် မည်သည့်အရာများ ပြောနေသည်ကိုတော့ ဘယ်သူမှ မသိကြပေ။ ပါ့ရှန် ၀င်လာသည့်အချိန်တွင် သူတို့နှစ်ယောက်သည် အဝတ်များ သေသပ်စွာ ဝတ်ထားပြီး အေးဆေးနေကြသည်ကို တွေ့ရ၏။ သူက ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ချုံဧကရာဇ်ဓားနတ်ဘုရားကို ပါ့ရှန် ဂါ၀ရပြုပါတယ်… ညီလေး၊ မင်းက လက်ထပ်တော့မှာနော်... တခြားအမျိုးသမီးတွေနဲ့ တစ်ခန်းထဲ အတူ ရှိနေတာ မသင့်တော်ဘူး”
ချင်မူက ပြုံးလျက် နွေးထွေးစွာ တုံ့ပြန်သည်။ “ဒါကြောင့် ကျွန်တော်နဲ့ ချွီအာက အခန်းထဲ မဝင်ဘဲ အပြင်မှာ စကားပြောနေကြတာလေ”
ပိုင်ချွီအာက ထရပ်၍ လက်ကို လွှဲရမ်းလိုက်သည်။ လက ကျဆင်းလာပြီး တဖြည်းဖြည်း ကြီးမားလာ၏။ မြေပြင်နှင့် ဆယ်ကိုက်မျှအကွာတွင် ရပ်တန့်သွားသည်။
အမျိုးသမီးက လနန်းဆောင်ထဲသို့ ဝင်ရောက်သွားပြီး ပါ့ရှန်ကို လှည့်ပင် မကြည့်ချေ။
ပါ့ရှန်မှာ စိတ်အေးသွားတော့သည်။ “ဘာမှမဖြစ်တာ တော်သေးတာပေါ့ကွာ…”
ပိုင်ချွီအာက လနန်းဆောင်ထဲတွင် ရပ်နေပြီး သူမ၏ အင်္ကျီဖဲကြိုးစများက လွင့်ဖြာကျနေသည်။ သူက မျှော်လင့်နေသော မျက်နှာအမူအရာဖြင့် လက်ကလေး ဆန့်တန်းလာ၏။
ချင်မူက ထရပ်၍ ညာလက်အား ဆန့်တန်းလိုက်သည်။ သူတို့၏ လက်ချောင်းထိပ်များ ထိတွေ့သွားကြသည်။
ပါ့ရှန်မှာ ခေါင်းနပန်းကြီးသွားတော့သည်။ သူက ကျယ်လောင်စွာ ချောင်းဟန့်လိုက်၏။
ချင်မူ့လက်ချောင်းများက တုန်ရီသွားပြီး သူက လက်ပြန်ရုတ်လိုက်သည်။
ပိုင်ချွီအာ၏ မျက်နှာအမူအရာလေးမှာ ညှိုးငယ်နေသော်လည်း သူမက လက်ပြန်မရုတ်ပေ။ လသည် အင်္ကျီဖဲကြိုးများ မြောလွင့်လျက် တဖြည်းဖြည်း မြောက်တက်သွားတော့၏။
လမှာ ပို၍ လျှင်မြန်စွာဖြင့် မြောက်တတ်သွားသည်။ တဖြည်းဖြည်းနှင့် လရောင်မှာ ကောင်းကင်တွင် ပြည့်နှက်သွားပြီး မြင့်မားလွန်းသဖြင့် ထိတွေ့၍ပင် မရနိုင်တော့ချေ။
ချင်မူက ခေါင်းမော့လျက် ငေးကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက အကြည့်ရုတ်ကာ ပြောသည်။ “အစ်ကိုကြီး ပါ့ရှန်၊ ကျွန်တော့်ကို မစိုးရိမ်ပါနဲ့… ကျွန်တော် ဘာလုပ်နေသလဲ ကျွန်တော် သိပါတယ်… မဆင်မခြင် မလုပ်ပါဘူး”
ပါ့ရှန်က သက်ပြင်းချလိုက်သည်။ “မင်းရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်မှာ စိုးရိမ်လို့ပါ… အစ်ကိုကြီးက ဒါတွေကို ဖြတ်သန်းဖူးတယ်… အခု မင်းရဲ့ အခြေအနေက အန္တရာယ်အများဆုံးပဲ”
ချင်မူက ပြုံးသည်။ “အစ်ကိုကြီးက သိပ်ကို ကြင်နာတတ်တာပဲ… ကျွန်တော့်ရဲ့ မင်္ဂလာပွဲက ကောင်းကင်နတ်ဘုံ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်မလာဖို့နဲ့ ကောင်းကင်နတ်ဧကရာဇ် ကျွန်တော်နဲ့ ပတ်သက်လာရင် စိတ်အေးနေစေဖို့ပဲ… ဒီလောက်အရေးကြီးတဲ့အခြေအနေမှာ အမှားအယွင်း မရှိစေရပါဘူး… ဒါ့အပြင် ယွိရှို့နဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ ငယ်ချစ်ဦးတွေပါ…အခြေအနေ မပေးခဲ့လို့သာ အခုအချိန်ထိ မင်္ဂလာပွဲကို နောက်ဆုတ်ခဲ့ရတာ”
ပါ့ရှန်က သူ့ကို သေချာကြည့်၍ ပြောသည်။ “ညီလေးရဲ့ စကားကြောင့် ငါ စိတ်အေးပါပြီ….ဒီရက်တွေအတောအတွင်း ငါ မင်းရဲ့ စံအိမ်မှာနေမယ်.. ငါ့ကို ဝိုင်တွေ အသားတွေနဲ့ ဧည့်ခံ”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အား ပခုံးပုတ်လိုက်သည်။
ချင်မူ့အကြည့်က ပါ့ရှန်ကို ဖြတ်ကျော်၍ လင်ယွိရှို့အပေါ် ကျရောက်သွား၏။
လင်ယွိရှို့ ဤနေရာသို့ ဘယ်အချိန်တုန်းက ရောက်လာမှန်း မသိရသော်လည်း လမင်းကြီး ဤကမ္ဘာအပေါ် ဆင်းသက်လာ၍ ချင်မူ့စံအိမ်ထဲ ဝင်ရောက်သွားသည်ကို တွေ့ခဲ့ရခြင်းဖြစ်ပေလိမ့်မည်။ သို့သော် သူမသည် ချက်ချင်း ဝင်မလာခဲ့ပေ။
ပါ့ရှန် ရောက်လာသည့်အချိန်မှသာ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ပါ့ရှန်က အလိုက်သိစွာဖြင့် ရှောင်ပေးသည်။
ချင်မူနှင့် လင်ယွိရှို့ ဥယျာဉ်ထဲတွင် ဘေးချင်းယှဉ်လျက် လျှောက်နေကြသည်။ လင်ယွိရှို့က ပန်းခက်တစ်ခက် ချိုးရန် လက်မြှောက်လိုက်သော်လည်း တစ်၀က်မျှသာ ချိုးပြီးနောက် ပြန်လွှတ်ပေးလိုက်ရာ ပန်းခက်က ပြန်ကန်ထွက်သွားသည်။
“စိတ်ထဲမှာ တစ်ခုခု ရှိနေတာလား” ချင်မူက မေးသည်။
လင်ယွိရှို့က ပြုံးလိုက်၏။ “နင်လည်း အတူတူပဲမလား”
ချင်မူက ပြုံးသည်။ “မင်း တွေးနေတာကို ငါ နားလည်ပါတယ်… ငါတို့ရဲ့ မင်္ဂလာပွဲက ကောင်းကင်နတ်ဘုံ တိုက်ခိုက်လာမှာကို အချိန်ဆွဲဖို့နဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ သံသယတွေကင်းအောင် အတွက် အကြောင်းပြချက်သက်သက် ဖြစ်နေမှာ စိုးရိမ်နေတာမလား… အဲ့လို တွေးစရာ မလိုပါဘူး… ငါ့ရဲ့ စိတ်ကို မင်းသိပါတယ်… ဒီလိုကိစ္စတွေ မရှိရင်တောင် ငါ မင်းကို လက်ထပ်ချင်ပြီးသားပါ”
လင်ယွိရှို့က လရောင်ဖြာကျနေသော ဥယျာဉ်ထဲရှိ ပန်းပွင့်များကို ကြည့်လိုက်သည်။ ပန်းပွင့် မပွင့်ကြသေးသည့် ပန်းဖူးငုံတချို့ ရှိ၏။ သူမက ၎င်းတို့ကို လက်ချောင်းလေးများဖြင့် ထိတွေ့လိုက်ရာ လရောင်အောက်တွင် ပန်းပွင့်များ ပွင့်လာကြသည်။ “ငါတို့ မာန်ဟုန်မြစ်ဘေးမှာ တွေ့ခဲ့တဲ့အချိန်ကို အမြဲပြန်သွားချင်မိတယ်….အဲဒီတုန်းက ငါတို့နှစ်ယောက်က အပြစ်ကင်းစင်ပြီး ငါတို့ရဲ့ ဆက်ဆံရေးကလည်း ... ငါတို့ရဲ့အချစ်ကလည်း ဖြူစင်အပြစ်ကင်းခဲ့တယ်… အဲဒီတုန်းကသာ လက်ထပ်ဖြစ်ခဲ့ရင် သိပ်ကို ကောင်းမှာပဲ”
ချင်မူက ပန်းပွင့်များကို ခူးပြီး ပြုံးလျက် ပြောသည်။ “လူတိုင်းလူတိုင်း တစ်ချိန်ချိန်မှာတော့ အရွယ်ရောက်ကြရတာပဲလေ… မင်းနဲ့ ငါက အရွယ်ရောက်နေပြီ… အန္တရာယ်အများကြီး တွေ့ကြုံခဲ့ပြီးတဲ့နောက်မှာတောင် အဆုံးအစွန်အထိ အတူတူ ဆက်လျှောက်သွားနိုင်သေးတယ်…. ဒါက ဘဝပဲ… စမ်းသပ်ချက်အများကြီး ကြုံတွေ့ခဲ့ရတာတောင် ငါတို့ တစ်ယောက်ကိုတစ်ယောက် အားပေးပြီး ဆက်လျှောက်သွားကြမယ်… အခုရော နောင်ရောပေါ့”
လင်ယွိရှို့က သူ့ကို ကြည့်၍ နူးညံညင်သာသော အသံလေးဖြင့် ပြောလေသည်။ “နင့်ရဲ့ စိတ်ထဲမှာ ခံစားချက်တွေ ရှိနေလို့ ... အဲဒီသူတွေကို လတ်မလွှတ်နိုင်ဘူး ထင်နေခဲ့တာ ”
“မဟုတ်ပါဘူး”
ချင်မူက သူမကို ဖက်၍ သူမ၏ ဆံနွယ်များအား နမ်းရှုံ့လိုက်သည်။ ထို့နောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မဟုတ်ပါဘူးကွာ”
သူက ကောင်းကင်ပေါ်ရှိ တောက်ပနေသော လကို မော့ကြည့်လိုက်ရာ သူ၏ နှလုံးခုန်သံသည် တစ်ချက်မျှ နှေးကွေးသွား၏။
လ မြေပြင်သို့ ဆင်းသက်လာသည့် အဖြစ်အပျက်က ကောင်းကင်နတ်အရှင်မူမင်္ဂလာပွဲ၏ အခန်းဆက်လေးတစ်ခန်းသာ ဖြစ်ပြီး မည်သူမှ သတိမထားမိလိုက်ကြချေ။
ယနေ့တွင် လောကတစ်ခွင်လုံးမှ သံတမန်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ကမ္ဘာလောကတစ်သောင်း၏ အုပ်ချုပ်သူများကလည်း သူတို့ကို ချီးကျူးဂုဏ်ပြုရန် သံတမန်များ စေလွှတ်လိုက်ကြ၏။ လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် အခြားသူများလည်း မင်္ဂလာပွဲအတွက် ဘိုးဘေးနန်းတော်မှ ပြန်ရောက်လာကြသည်။
အနောက်နတ်မင်းကျားဖြူ၊ မြောက်နတ်မင်းလိပ်နက်နှင့် တောင်နတ်မင်းမီးငှက်တို့ကလည်း မင်္ဂလာလက်ဖွဲ့များ ပေးကမ်းရန် သံတမန်များ စေလွှတ်ခဲ့ကြ၏။
အသစ်စက်စက် ကောင်းကင်နတ်အရှင်လုံရှောင်ကလည်း သူ၏မွေးစားသား လုံပိကို သားရဲကမ္ဘာမှ စေလွှတ်ခဲ့သည်။ လုံပိက သူ၏ကလေးများကို ခေါ်လာပြီး ချင်မူ့ကို ကိုယ်တိုင်တွေ့ကာ စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်မိ၏။ သူက တရှုံ့ရှုံ့ငိုလျက် ပြောသည်။ “နောက်ဆုံးတော့ ဂိုဏ်းသခင်ကို ကျွန်တော် စိတ်ချပါပြီဗျာ…”
ချင်ဟန်ကျန်းတို့ ဇနီးမောင်နှံမှာလည်း ခံစားချက်များ ပြည့်နှက်စွာဖြင့် ရွှင်ပျော်ပျော်ကျေးရွာမှ ရောက်လာခဲ့ကြသည်။
ထိုက်ချူကလည်း မင်္ဂလာလက်ဖွဲ့များကို လူလွှတ်၍ ပေးအပ်ခဲ့သည်။ မင်္ဂလာလက်ဖွဲ့ထဲတွင် နဂါးကြေးခွံ ပါရှိ၏။
ယနေ့တွင် ဧည့်သည်တော်များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာမြို့တော်၌ စုဝေးနေကြချေပြီ။ မြို့သည် အလွန်တရာစည်ကားသိုက်မြိုက်နေပြီး ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများက သူတို့၏ မိဘထိုင်ခုံများတွင် အသီးသီး နေရာယူနေထားကြ၏။ သူတို့၏ ဘေးတွင်တော့ ထိုင်ခုံတစ်ခုံ လွတ်နေသည်။
ဧကရာဇ်ယန်ဖုန်းနှင့် မိဖုရားကြီးအပြင် ချင်ဟန်ကျန်းတို့ဇနီးမောင်နှံတို့လည်း ထိုင်နေကြ၏။ မိဘများနှင့် အဘိုးအဘွားများကို ချင်မူနှင့် သူ၏ ဇနီးသည် လင်ယွိရှို့က ဒူးထောက်ရှိခိုးကြသည်။ မိဘ၊ အဘိုးအဘွားများမှာ ပြုံးနေကြသော်လည်း တိတ်တဆိတ် ခေါင်းလှည့်၍ မျက်ရည်များ သုတ်နေကြ၏။
မင်္ဂလာပွဲနေ့တွင် ဟူအင်းအာသည် နိုးလာပြီး အရက်နာကျနေသောကြောင့် မင်္ဂလာပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။
မင်္ဂလာဦးအခန်းသို့ ရောက်သည့်အခါတွင် ချင်မူနှင့် လင်ယွိရှို့မှာ အပြင်မှ ပွစိပွစိ အသံများ ကြားလိုက်ရသည်။ “နင်တို့က နမ်းနေတုန်းလားဟ… အရှက်မရှိလိုက်တာ… ရှက်ကြိုးများ ပြတ်နေသလား…”
မျက်ကန်း၏ အသံ ထွက်လာသည်။ “မူအာ၊ စိတ်မပူနဲ့… ငါ လင်းအာကို နှင်ထုတ်လိုက်မယ်”
လင်ယွိရှို့က သူမ၏ဖိနပ်များကို ချွတ်ကာ ကောက်ပေါက်လိုက်သည်။ သူမက ဒေါသတကြီး လှမ်းအော်လိုက်၏။ “ဘိုးဘိုးမျက်ကန်း၊ ဘိုးဘိုးလည်း ခိုးနားထောင်နေတာပေါ့လေ…”
အင့်ခနဲ ညည်းညူသံက ပြတင်းပေါက်အပြင်မှ ထွက်လာသည်။ မည်သည့်အမျိုးသမီးကို ဖိနပ်က ထိမှန်သွားမှန်း မသိရသော်လည်း အသံအရ စစ်ယွင်ရှန်း ဖြစ်ပေလိမ့်မည်။
ချင်မူက ရယ်မောလျက် စာရွက်တစ်ရွက် ဖြန့်လိုက်၏။ လင်ယွိရှို့က သူ့ကို မင်သွေးပေးပြီး သူက စုတ်တံကို မြှောက်၍ ပန်းချီဆွဲလိုက်သည်။ တခဏအတွင်း တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပန်းချီက စာရွက်ပေါ်တွင် ရုပ်လုံးပေါ်လာချေပြီ။
သူတို့နှစ်ယောက်က လက်ချင်းတွဲလျက် ပန်းချီကားထဲသို့ ဝင်ရောက်သွားကြသည်။
ပန်းချီကားထဲတွင် ညအချိန်ဖြစ်ပြီး တေးငှက်များက သီဆိုနေကြ၏။ စမ်းရေကြည်တို့ကလည်း တသွင်သွင် စီးဆင်းနေ၏။ မြင်ကွင်းတစ်ခုလုံးကား ဖော်ပြ၍မတတ်အောင် အေးချမ်းသာယာနေတော့သည်။