ရှဲ့ရန်၏ ဒုက္ခ
Vol. 6 Ch. 517
"ဆရာ ... ဒီကနေ သိပ်မဝေးတဲ့ ပွန်တီနက်မြို့မှာ နဂါးခန်းမရဲ့ ဌာနခွဲ တစ်ခု ရှိပါတယ် ... အဲဒီနေရာကို ရောက်ရင် နဂါးခန်းမနဲ့ ချိတ်ဆက်လို့ ရပါပြီ ... ရောက်တုန်းရောက်ခိုက် ကျွန်တော် ဆရာ့ကို ဧည့်ဝတ်ကျေပါရစေ…"
"ကောင်းပြီလေ ... အိမ်ကို မပြန်ခင် နဂါးခန်းမကို လိုက်လည်တာပေါ့…"
ချန်းဖန်က ပြန်ပြောလိုက်သည်။
နဂါးခန်းမသည် အရှေ့တောင်အာရှ၌ လွှမ်းမိုးနိုင်စွမ်း ရှိသော အဖွဲ့ကြီး ဖြစ်သည်။ ထို့ကြောင့် နဂါးခန်းမထံမှ ချန်းမိသားစု အကြောင်း စုံစမ်းလျှင် ခက်ခဲလိမ့်မည် မဟုတ်ပေ။
ချန်းဖန်နှင့် ရှဲ့ရန်တို့ နှစ်ယောက်စလုံးသည် တန်ခိုးရှင် အဆင့်များ ဖြစ်ကြရာ ပျံသန်း၍ ခရီးသွားနိုင်ကြ၏။ သူတို့သည် အသံထက် မြန်သော တိုက်လေယာဉ်များကဲ့သို့ မမြန်သည့်တိုင် ဟယ်လီကော်ပတာ၏ အမြန်နှုန်းအတိုင်း ပျံသန်းနိုင်ကြသည်။
သုံးနာရီမျှ မကြာခင်မှာပင် ချန်းဖန်နှင့် ရှဲ့ရန်တို့ ကီလိုမီတာ သုံးရာခန့်ကို ပျံသန်းခဲ့ပြီး ပွန်တီနက် မြို့တော်သို့ ရောက်ရှိလာခဲ့၏။ ရှဲ့ရန်က ချန်းဖန်အား ပွန်တီနက်မြို့ရှိ နဂါးခန်းမ၏ ဌာနခွဲ တစ်ခုသို့ ခေါ်လာခဲ့သည်။ သို့သော်လည်း ခြံဝန်းအတွင်းသို့ မဝင်ခင်မှာပင် အုတ်အော်သောင်းနင်း ဖြစ်သံတချို့ကို သူတို့ ကြားလိုက်ရသည်။
"ဟမ် ... ဒီအသံက ကောနွမ်နွမ်ရဲ့ အသံ မဟုတ်လား…"
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။
***
ထိုအချိန် နဂါးခန်းက ဌာနခွဲ အတွင်း၌…
"ဘုန်း…"
အရိပ်နှစ်ခုမှာ သည်းကြီးမည်းကြီး တိုက်ခိုက် နေကြ၏။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ အသက်လတ် အရွယ်လူကြီး ဖြစ်သည်။ သူ၏ ပါးစပ်မှ သွေးများ စီးကျနေရာ ဒဏ်ရာရနေပြီ ဖြစ်ကြောင်း ပေါ်လွင်နေ၏။ သူကား ကောနွမ်နွမ်၏ သက်တော်စောင့် အန်ကယ်ရှဲ့ပင် ဖြစ်သည်။
အန်ကယ်ရှဲ့နှင့် တိုက်ခိုက်နေသော ပုဂ္ဂိုလ်မှာ အသက်လတ် လူငယ် တစ်ယောက် ဖြစ်သည်။ ထိုလူငယ်၏ လက်၌ အန်ကယ်ရှဲ့ကား ဒဏ်ရာများစွာ ရနေခဲ့ပြီ ဖြစ်သည်။
"ရပ်စမ်း…"
ကောနွမ်နွမ်က အသံကုန် အော်ဟစ်ရင်း တားလိုက်သည်။
လူငယ်က တိုက်ခိုက် နေရာမှ ရပ်ကာ သူမအား မချိုမချဉ် ကြည့်သည်။ ထို့နောက် လူငယ်က အနည်းငယ် ပြုံးကာ မေးလိုက်၏။
"နင် စိတ်ပြောင်းသွားပြီလား…"
"ငါသေမှပဲ ရမယ် ... ငါနင့်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး ... ရှောင်ထုံ"
ကောနွမ်နွမ်က နှာခေါင်းရှုံ့ရင်း လမ့်ထုံ၏ နောက်ရှိ လူငယ်များကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။
"ဟွမ်ကျင်း ... နင်က သူ့ဘက်ကပေါ့ ဟုတ်လား…"
ဟွမ်ကျင်း၏ မျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီရဲသွားခဲ့၏။ သို့သော်လည်း လမ့်မိသားစုအား သူ မဆန့်ကျင်ရဲချေ။
"အမကော ... အမနဲ့ အကိုလမ့်တို့က စေ့စပ်ထားကြတာပဲ ... အမရဲ့ အဖေကတောင် သဘောတူပြီးနေပြီ ... ဒါတောင် အစ်မက ဘယ်လို ဖြစ်နေတာလဲ..."
ဟွမ်ကျင်းက မဝံ့မရဲ မေးလိုက်သည်။
"ဟမ့် ငါ့အဖေကို နင်တို့က ခြိမ်းခြောက်ပြီး အတင်းသဘောတူခိုင်းတာ ငါမသိဘူးလို့ ထင်နေတာလား ... နောက်ပြီး ငါ့လက်ထပ်ပွဲကို ဘယ်သူမှ ဝင်စွက်ဖက်လို့ မရဘူး... ငါ့ဘာသာပဲ ဆုံးဖြတ်မယ်…"
ကောနွမ်နွမ်က နှာခေါင်းရှုံ့ရင်း အေးစက်စွာ ဆိုလိုက်သည်။
"လမ့်ထုံ ... နင်လိုချင်တာ ဘယ်တော့မှ မရစေရဘူး ဆိုတာမှတ်ထား ... ငါက နင့်ကို လူကောင်းလို့ ယုံကြည်ခဲ့တာ တကယ်မှားတာပဲ ... တကယ်တော့ နင်က မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးပဲ…"
"နွမ်နွမ် ... နင်မှားနေပြီ ... ငါတို့ နင့် အဖေကို တွန်းအား မပေးပါဘူး ... သူက လိုလိုချင်ချင် သဘောတူခဲ့တာ"
လမ့်ထုံက လက်ပိုက်ရင်း ကောနွမ်နွမ်အား မထီတရီ ကြည့်လိုက်သည်။
"မဟုတ်ရင် နင်နဲ့ ငါတို့ ရှဲ့မိသားစု ခြံဝန်းထဲမှာ ဆုံစရာအကြောင်းမှ မရှိတာ ... မဟုတ်ဘူးလား…"
"ဘယ်လို…"
လမ့်ထုံ၏ စကားကြောင့် ကောနွမ်နွမ်၏ မျက်နှာမှာ သွေးမရှိတော့ သကဲ့သို့ ဖြူရော်သွားတော့သည်။
"ကောနွမ်နွမ် ... နင့်မိသားစုက အရင်တုံးကလောက် အင်အား မရှိတော့ဘူး.. ဟုတ်တယ် မလား…"
လမ့်ထုံက ပြုံးရင်း စကားဆက်လိုက်သည်။
"ကောမိသားစုက နဂါးခန်းမရဲ့ ထိပ်သီးမိသားစု လေးခု ဖြစ်ခဲ့ပါတယ် ... ဒါပေမဲ့ နဂါးသခင်ကြီး သေသွားပြီးတဲ့ နောက်ပိုင်းမှာ ကောမိသားစုလည်း ဘာမှ အားကိုးအားထား မရှိတော့ဘူး ... ဒါကြောင့် နင့်အဖေက ငါတို့ လမ့်မိသားစုကို မိတ်ဖက် အနေနဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့တာ…"
"သောက်ရေးမပါတာ ... နဂါးသခင်ကြီးက ဘာလို့ သေရမှာလဲ…"
အန်ကယ်ရှဲ့က ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်ပစ်ရင်း ဝင်ရောက် ပြောလိုက်သည်။
"ဟီးဟီး ... သောက်ရေး မပါဘူး ဟုတ်လား"
လမ့်ထုံက အနည်းငယ် ရယ်မောလိုက်သည်။
"ပြန်လမ်းမဲ့ တောင်ကြားထဲကို နဂါးသခင်ကြီး ဝင်သွားတာ ငါတို့ ကိုယ်တိုင် မြင်ခဲ့တာပဲ ... အခု သူ ပေါ်မလာတာ တစ်နှစ်ခွဲ ရှိနေပြီ ... အဲဒါတောင် အသက်ရှင်ဖို့ မျှော်လင့် နေသေးတာလား…"
လမ့်ထုံ၏ စကားများက ကောနွမ်နွမ်နှင့် အန်ကယ်ရှဲ့တို့အား မျှော်လင့်ချက် ကင်းမဲ့စေသည်။
"အစ်မကော ... ကမ္ဘာကြီးက ပြောင်းလဲနေပြီ ... နဂါးသခင်ကြီး မရှိတာနဲ့ နဂါးခန်းမက ဘာမှ အသုံးမကျတော့ဘူး ... အကိုလမ့်ထုံရဲ့ အဖေက အရှေ့တောင် အာရှမှာ အစွမ်းအထက်ဆုံး အထွတ်အထိပ်တွေထဲက တစ်ယောက်ပဲ ... သူက လွဲပြီး ငါတို့ကို ကာကွယ် ပေးနိုင်မယ့်သူ မရှိဘူး"
ဟွမ်ကျင်းက သက်ပြင်း တစ်ချက်ချရင်း ဝင်ရောက် ပြောလိုက်၏။
"နွမ်နွမ် ... ငါ ကတိပေးတယ် ... နင် ငါ့ကို လက်ထပ်ရင် နင့်မိသားစု လုံခြုံရေးအတွက် ငါတာဝန်ယူတယ်…"
လမ့်ထုံက မိန်းကလေးအား အနုနည်းဖြင့် သိမ်းသွင်းရန် ကြိုးစားသည်။
ထိုအချိန်၌ အန်ကယ်ရှဲ့၏ မျက်နှာကား ပိုမိုမည်းမှောင် လာနေခဲ့၏။ လမ့်ထုံသည် လူငယ်တစ်ယောက်သာ ဖြစ်သော်လည်း သူ့ထက် အဆများစွာ အစွမ်းထက် နေခဲ့သည်။
လမ့်ထုံအပြင် ထွက်ပေါက် အားလုံးကို ပိတ်ထားသော အနက်ရောင် ဝတ်စုံဝတ် လူများလည်း ရှိသည်။ ထိုလူများကား နဂါးခန်းမ၏ "ခုတ်ဓား" အဖွဲ့မှ လူများ ဖြစ်ကြသည်။ သူ့အနေဖြင့် ထိုလူများ အားလုံးကို အနိုင်တိုက်ကာ ကောနွမ်နွမ်ကို ကယ်တင်ရန် မလွယ်ကူပေ။
"ဘာပဲဖြစ်ဖြစ် ... ဒီနေ့ ငါသေရင်တောင် မိန်းကလေးကိုတော့ ရအောင် ကယ်ရမယ်…"
အန်ကယ်ရှဲ့က အသက် ပြင်းပြင်းရှူရင်း လမ့်ထုံအား အလစ် တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော်လည်း ရုတ်တရက် အသံတစ်ခုက ပျံ့လွင့်လာခဲ့သည်။
"ငါ ပြန်လမ်းမဲ့ တောင်ကြားမှာ သေပြီလို့ ဘယ်သူ ပြောလဲ…"
လူတိုင်းက အသံလာရာသို့ လှမ်းကြည့်လိုက်ရာ စာပေသမား ဆန်ဆန် အဇူရာရောင် ဝတ်စုံဝတ် အသက်လတ် လူကြီး တစ်ယောက်ကို တွေ့ရသည်။ သူ၏ ဘေးတွင်မူ လက်နှစ်ဖက်ကို နောက်ပစ်ထားသည့် လူငယ် တစ်ယောက် ရှိနေ၏။
"ချန်းပေ့ရွှမ်း နဂါးသခင်ကြီး ခင်ဗျားတို့ သေသွားပြီ မဟုတ်ဘူးလား…"
ဟွမ်ကျင်းက တုန်တုန်ရီရီ ရေရွတ်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လမ့်ထုံ၏ မျက်နှာကား သွေးမရှိ သကဲ့သို့ ဖြူရော်လာခဲ့တော့သည်။
အန်ကယ်ရှဲ့ တစ်ယောက်မှာမူ မျက်ရည်များ စီးကျကာ ဒူးထောက်နေခဲ့ပြီ ဖြစ်သည်။
"ပြန်တွေ့ရတာ တကယ်ပဲ ဂုဏ်ယူ မိပါတယ် ... ဘိုးဘေးကြီး ... နဂါးခန်းမရဲ့ အောင်မြင်မှုတွေကို ပြန် ယူဆောင်ပေးပါ…"
"ထတော့ ကလေး…"
ရှဲ့ရန်က ညင်သာစွာဖြင့် အန်ကယ်ရှဲ့ကို ပြောလိုက်၏။
အခန်းအတွင်းရှိ လူများကား နဂါးသခင်ကြီးကို ကြည့်ရာ တဆတ်ဆတ်တုန်အောင် ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။ နဂါးသခင်ကြီး၏ ရှေ့၌ သူတို့ကား ခြေလက်များကိုပင် မလှုပ်ဝံ့ကြချေ။
"ရှဲ့ရန် ... မင်းဒုက္ခက ငါ့ ဒုက္ခထက် ပိုများနေတာပဲ…"
ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်၏။ ကောနွမ်နွမ်တို့၏ ထွက်ပေါက်များကို ပိတ်ထားသည့် ဝတ်စုံနက်ဝတ် လူများမှာ နဂါးခန်းမ၏ လူများ ဖြစ်ကြောင်း ချန်းဖန် အကဲခတ်မိသည်။ သို့သော်လည်း ထိုလူများကား နဂါးခန်းမ၏ ဆန့်ကျင်ဘက်တွင် ရှိနေကြပုံ ပေါ်သည်။
"ဆရာ ... တောင်းပန်ပါတယ် ... ကျွန်တော်…"
ရှဲ့ရန်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီရဲလာခဲ့၏။ သူက ချန်းဖန်ကို လေးလေးစားစားပင် ဦးညွှတ်ရင်း ဆက်ပြောလိုက်သည်။
"ကျွန်တော် ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းလိုက်ပါ့မယ်…"
"အေးအေးဆေးဆေးလုပ် ရတယ် ... မင်းက မြောက်ပိုင်းချုံးဂိုဏ်းရဲ့ စောင့်ရှောက်သူ ဆိုတော့ နဂါးခန်းမကလည်း မြောက်ပိုင်းချုံး ဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ ... ဒီလို အဖြစ်အပျက်မျိုးကို ငါလည်း မမြင်ချင်ဘူး"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ…"
ရှဲ့ရန်က ခေါင်းညိတ်ရင်း သူ့ရှေ့ရှိ ဝတ်စုံနက်ဝတ် လူအုပ်စုအား အေးစက်စွာ ကြည့်လိုက်၏။ တစ်ချိန်တည်းတွင်ပင် သူ၏ ဝိညာဉ်စွမ်းအားကလည်း လှိုင်းများ သဖွယ် ထိုလူများထံ တိုးဝင်၏။
"ဘာတွေ ဖြစ်နေတာလဲ ... နဂါးသခင်ကြီးနဲ့ ချန်းပေ့ရွှမ်းက ရန်သူတွေ မဟုတ်ဘူးလား ... ဒါပေမဲ့ ခုမြင်ရတာ သူတို့ နှစ်ယောက်က တည့်နေကြပုံ ပေါ်တယ်…"
ကောနွမ်နွမ်က သံသယ ဖြစ်စွာ တွေးလိုက်မိ၏။
"နဂါးသခင်ကြီး ... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ခင်ဗျာ…"
ထိုအချိန်၌ ဝတ်စုံနက်ဝတ် လူများကား မြေပြင်ပေါ်၌ ဝပ်တွားကာ တောင်းပန်နေကြပြီ ဖြစ်သည်။ သို့သော်လည်း ရှဲ့ရန်က သူတို့ကို ဂရု မစိုက်ပဲ လမ့်ထုံအား ကြည့်လိုက်သည်။
"မင်းအဖေ လမ့်ကျန့်ဖန်းက နဂါးခန်းမကို အမှုထမ်းတယ် ... မင်းရဲ့ ဘိုးဘေးကလည်း ငါ့ဆီမှာ သစ္စာခံတယ် ... ဒါပေမဲ့ မင်းကတော့ ရှဲ့မိသားစု ခြံဝင်းကို အပိုင်စီးထားခဲ့တယ်…"
ရှဲ့ရန်က ဖြည်းညင်းစွာ ပြောသည်။
"ကျွန်တော်…"
လမ့်ထုံကား တစ်ခုခု ပြောရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။
"မင်းက ငါ့ရဲ့ မိသားစုကို တိုက်ခိုက်ပြီး နဂါးခန်းမကို သစ္စာဖောက်ခဲ့တယ် ... အဲဒီတော့ မင်းနဲ့ ထိုက်တန်တာကို ငါက ပေးရမှာပေါ့"
စကားဆုံးသည်နှင့် အနက်ရောင် အလင်းတစ်ခု ရှဲ့ရန်၏ နောက်မှ ထွက်ပေါ်လာကာ လမ့်ထုံ၏ လည်ပင်းအား ပိုင်းဖြတ်သွားတော့၏။
မလေးရှား အထွတ်အထိပ် ပညာရှင်၏ သားကား ဤသို့ဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ သူ့အနေဖြင့် ဆက်လက် ရှင်သန်ရန် အခွင့်အရေး တစ်ခုပင် မရခဲ့ချေ။
လမ့်ထုံ သေဆုံးသွားသည်ကို မြင်သည်နှင့် ဝတ်စုံနက် လူများကား ပိုမိုကြောက်ရွံ့ လာကြတော့သည်။
"ကျွန်တော်တို့ကို မသတ်ပါနဲ့ ခင်ဗျာ ... ကျွန်တော်တို့က လမ့်မိသားစု ခိုင်းတဲ့အတိုင်းပဲ လုပ်ရတာပါ ... လွန်ဆန်ခွင့် မရှိလို့ပါ…"
"ဟမ့် ... ခုတ်ဓား အဖွဲ့က နဂါးခန်းမကိုပဲ သစ္စာခံတယ် ... လမ့်ကျန့်ဖန်းရဲ့ အမိန့်ကို ဘယ်တုန်းက နာခံဖူးလို့လဲ…"
ရှဲ့ရန်က နှာခေါင်းရှုံ့လိုက်သည်။
"အဲဒါက…"
ဝတ်စုံနက်ဝတ် လူများက အခက်တွေ့စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
လမ့်ကျန့်ဖန်းကား နဂါးခန်းမကို ချုပ်ကိုင်နိုင်လောက်အောင် အစွမ်းထက်သူ မဟုတ်ချေ။ နဂါးခန်းမ၏ အဓိက အဖွဲ့ဝင်များမှာ မိသားစုကြီး လေးခုသာ ဖြစ်သည်။ ထိုမိသားစုကြီး လေးခု၏ ဆုံးဖြတ်ချက် မပါလျှင် ခုတ်ဓားအဖွဲ့အား မည်သူမျှ အမိန့်မပေးနိုင်ချေ။
"ငါမရှိတုန်း ဘာတွေ ဖြစ်သွားလဲဆိုတာ ပြောစမ်း…"
ရှဲ့ရန်က မေးလိုက်သည်။
"ဟုတ်ကဲ့ပါ…"
ဝတ်စုံနက်ဝတ် လူများက အဖြစ်အပျက်များအား မချွင်းမချန်ဖြင့် ရှင်းပြလိုက်တော့သည်။
***