ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်
Vol. 126 Ch. 1630
နောက်နေ့တွင် ချင်မူနှင့် လင်ယွိရှို့တို့ စောစောစီးစီး နိုးထလာကြပြီးနောက် ကိုယ်လက်သန့်စင်နေကြ၏။ လင်ယွိရှို့က ဆံပင်အား ထုံးဖွဲ့နေရာ ချင်မူက သူမအား တယုတယ ဆံထိုးလာပန်ပေးသည်။ ဇနီးမောင်နှံနှစ်ယောက် မနက်စာ စားပြီးသည့်အခါ စံအိမ်ရှိ အစေခံများသည် မင်္ဂလာလက်ဖွဲ့အားလုံးကို စာရင်းပြုစုပြီးနောက် ချင်မူ့အား စာရင်းစာအုပ် လာပေး၏။
ချင်မူနှင့် လင်ယွိရှို့က လက်ဖက်ရည်ကြမ်း သောက်ရင်း စာအုပ်ကို လှန်လှောကာ အတူတူ ဖတ်ရှုနေကြသည်။
ရတနာများအပြင် ဧည့်သည်များသည် ထူးဆန်းသော အရာမျိုးစုံကို ပေးပို့ခဲ့ကြ၏။ ဥပမာအနေဖြင့် လန်ယွီတျန်းက ဤနှစ်များအတွင်း လောကသစ်ပင်တွင် သူ သိမြင်နားလည်ထားသမျှအရာအားလုံးကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးပို့ခဲ့သည်။ ရှုရှန်းဟွာက လက်ဖက်ခြောက်အိုးတစ်အိုးနှင့် မွှေးပျံ့နေသော သစ်ခွပန်းအိုးတစ်အိုးအား ပေး၏။ ကျဲ့ဟွလီကတော့ သူကိုယ်တိုင် ဓားမဖြင့် ထွင်းထားသော ကလေးတစ်ရာကျောက်စိမ်းပန်းပုအား ပေးခဲ့သည်။
တာအိုဆရာသခင်လင်းရွှမ်ကမူ သူ ဤနှစ်များအတွင်း ရှာဖွေလေ့လာထားသော သင်္ချာညီမျှခြင်းနိယာမများတို့အား စာအုပ်တစ်အုပ်ဖြင့် ရေးသားကာ ပေးပို့ခဲ့၏။ တထာဂတကိုယ်တော် ကျန်းခုံးကတော့ ပုတီးတစ်ကုံး လက်ဖွဲ့သည်၊ ၀မ့်မူရန်ကတော့ စိန်ခေါ်စာ ပေးပို့ကာ ချင်မူ့ကို အဆင့်တူတွင် တိုက်ခိုက်ရန် ကျောက်စိမ်းမြို့တော်ငယ်သို့ ဖိတ်ခေါ်ခဲ့၏။
ဧကရာဇ်ယန်ဖုန်းက သူတို့အား ချင်မူ့နာမည် ရေးသားထားသော လက်ကမ်းစာစောင် အထပ်လိုက်ကြီး ပေးခဲ့သည်။ ၎င်းတို့အောက်တွင်တော့ “正” ဟူသော စာလုံးများကို အတန်းလိုက် ရေးသားထား၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့က သူ၏ ဓားလမ်းစဉ် ကိန်းဝပ်နေသော သစ်ကိုင်းတစ်ခက် ပေးပို့ခဲ့သည်။ ချင်မူ့ကို စိန်ခေါ်သည်လား သို့မဟုတ် သူ့ဓားလမ်းစဉ်ကို သိမြင်နားလည်၍ နောက်ထပ်တစ်ဆင့် တက်စေချင်သည်လားတော့ မသိရပေ။
တန်ခိုးရှင်သစ်ခုတ်သမားက ကမ္ဘာခေတ်နှောင်းမဟာတာအို ၃၆၀ ဖြင့် ရေးဖွဲ့ထားသော စာစောင်တစ်စောင် လက်ဖွဲ့ပေးခဲ့သည်။ ၎င်းက သူ၏ အမွေအနှစ်တို့အား ချင်မူ့ထံ လွှဲပြောင်းပေးသည့် အဓိပ္ပာယ်ပင်ဖြစ်၏။ ယန်ယွင်ရှီက သူ့အား တစ်ကိုက်ကိုက်ခံထားရသော မုန်လာဥနီတစ်လုံး ပေးသည်။ မြည်း လုကျန်းသည် လက်ဆောင် လာပို့သည့်အချိန်တွင် စိတ်မထိန်းနိုင်ဘဲ ကိုက်စားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
တိရီယွဲ့က လင်ယွိရှို့အတွက် အသုံးဝင်သည့် ဆံထိုးတစ်လက် လက်ဆောင်ပေးသည်။ တျန်းရှုက သူ နှစ်ပေါင်းများစွာ တန်ဖိုးထားခဲ့ရပြီး သောက်ပင် မသောက်ရက်သည့် ဝိုင်အိုးတစ်အိုး ပေးခဲ့၏။
ကောင်းကင်နတ်မင်း လီရုံလန်က သူ သိမြင်နားလည်ထားခဲ့သော ‘ကောင်းကင်လက်မှုပညာမှတ်တမ်းများ’ စာအုပ်ကို ကိုယ်တိုင်ရေးသား၍ ပေးခဲ့သည်။ လယ်သမားအိုကြီးကွမ်းချာကမူ သူကိုယ်တိုင် ထွန်ယက်စိုက်ပျိုးထားသည့် ဆန်တစ်အိတ် ပေးသည်။ နျိုစန်းသွောကလည်း ဆန်တစ်အိတ် လက်ဖွဲ့သည်။ ကောင်းကင်နတ်မင်း တံငါသည်ကတော့ အနီရောင်ငါးနှစ်ကောင်အား လက်ဖွဲ့ပေးခဲ့သည်။ ၎င်းတို့မှာ မွေးကာစဖြစ်သဖြင့် ငယ်ရွယ်လွန်း၏။
လင်ယွိရှို့က ထိုလက်ဖွဲ့ကို လက်ဆောင်ပုံထဲမှ ထုတ်လိုက်ရာ ငါးပေါက်လေးများသည် ချိုလိမ်ကိုယ်စီ ကိုက်စားပြီး ငါးကန်လေးထဲတွင် ကူးခတ်နေကြလေသည်။
“မထိလိုက်နဲ့”
ချင်မူက သူမကို ချက်ချင်း လှမ်းတားသည်။ “သူတို့က ခွန်ပေါက်စတွေ … လူသား စားနိုင်တယ်”
အနီရောင်ငါးလေးနှစ်ကောင်က ချိုလိမ်များကို တမြုံမြုံ့ ကိုက်၍ အပြစ်ကင်းစင်စွာ ကြည့်နေကြသည်။
သူတို့နှစ်ယောက်သား လက်ဖွဲ့များကို ဆက်ဖောက်နေကြစဉ် လင်ယွိရှို့က ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်လင်က နင့်ကို ထာဝရ မပြေလျော့နိုင်တဲ့ ကြိုးထုံးတစ်ထုံး ပေးတာပဲ… ကောင်းကင်နတ်အရှင်တွေပေးတဲ့ လက်ဆောင်တွေက တကယ်ကို ထူးခြားတာပဲနော်”
ချင်မူက ကောင်းကင်နတ်အရှင်လင် ပေးသော ကြိုးထုံးးကို ထုတ်ကြည့်လိုက်သည်။ ၎င်းမှာ အနီရောင်ကြိုးထုံး ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ၎င်း၏မျက်နှာပြင်ပေါ်တွင် မီလော့နန်းတော် တာအိုအမှတ်အသားမျိုးစုံ ရှိနေသောကြောင့် သူ့မှာ အာရုံနစ်၀င်သွားမိသည်။
“ကောင်းကင်နတ်အရှင်ယွဲ့ကတော့ နေရာဟင်းလင်းပြင် မီးအိမ်တစ်လုံး ပေးတာပါလား”
လင်ယွိရှို့က အသည်းပုံနှစ်ခု ရေးဆွဲထားသော မီးအိမ်တစ်လုံးကို ထုတ်လိုက်သည်။ သူမက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ရေရွတ်နေသည်။ “ကောင်းကင်နတ်အရှင်တွေရဲ့ လက်ဆောင်က တကယ်ကို ထူးခြားပါပေတယ်”
“သူက ငါတို့နှစ်ယောက် ထာဝရပေါင်းဖက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပေးလိုက်တာပါ”
ချင်မူ့မျက်နှာတွင် ခံစားချက်များ ကင်းမဲ့နေသည်။ “ဒီမီးအိမ်က ခရီးသွားဖို့ သိပ်ကို အသုံးဝင်တယ်”
လင်ယွိရှို့က နတ်ဘုရင်လန်ဝူ၏ လက်ဆောင်ကို ထုတ်သည်။ “မမလန်ဝူကတော့ ပန်းတစ်ပွင့် ပေးတာပဲ”
ချင်မူ လှမ်းကြည့်လိုက်သည့်အခါ သူ၏နှလုံးသားသည် တစ်ချက်မျှ ခုန်သွား၏။ ဤပန်းပွင့်က မဟာလေဟာနယ်တစ်ဖက်ကမ်းတွင် လန်ဝူ သူ့ကို သင်ကြားပေးခဲ့စဉ်တုန်းက အမှတ်တရတစ်ခု ဖြစ်သည်။ သူတို့ တိုက်ကွက်ဖလှယ်သည့်အချိန်တွင် ချင်မူက နောက်ဆုံးတိုက်ကွက်ကို ထုတ်မသုံးခဲ့ပေ။ ထိုအစား ပန်းပွင့်တစ်ပွင့်အား မြင်ယောင်ဖန်ဆင်းကာ လန်ဝူအား လက်ဆောင်ပေးခဲ့လေသည်။
လန်ဝူသည် ထိုပန်းပွင့်ကို ဖန်ဆင်းရှင်တို့ ရေကန်ထဲတွင် စိုက်ထားခဲ့ခြင်းဖြစ်သဖြင့် အဆိုပါပန်းပွင့်မှာ ယနေ့အထိ ရှင်သန်နိုင်ခဲ့ခြင်းပင်။
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မမကြီးလန်ဝူ ပေးတဲ့ လက်ဆောင်က တကယ်ကို ထူးခြားတာပဲ”
လင်ယွိရှို့က အပြုံးမဟုတ်သောအပြုံးတစ်ခုဖြင့် ပြောပြန်သည်။ “အဆိပ်ဆရာမမုယင်ရွှယ်ကတော့ သူ့အိမ်ကို လမ်းပြထားတဲ့ မြေပုံတစ်ခု ပေးတယ်”
ချင်မူမှာ ကပျာကယာ လှမ်းပြောလိုက်သည်။ “အဆိပ်မိလိမ့်မယ် သတိထား… မြန်မြန်မီးရှို့လိုက်တာ ကောင်းတယ်”
“၀င်္ကပါဆရာသခင် ဟယ့်ရီရီကတော့ အဖြူရောင်မြင်းတစ်ကောင်ရဲ့ ပန်းချီကားတစ်ချပ် ပို့လိုက်တာပဲ… ပန်းချီကားထဲမှာ အတူ မြင်းစီးနေတဲ့ နင်နဲ့ သူက မေတ္တာမျှနေတတဲ့အတိုင်း အတော်လေး အသက်ဝင်တယ်နော် … ဘိုးဘိုးနားကန်းဆီက သင်ယူခဲ့တဲ့ တပည့်ဆိုတဲ့ နာမည်နဲ့ လိုက်ပါပေတယ်”
“အထဲမှာ အသတ်အဖြတ်၀င်္ကပါ ဖွက်ထားတာ… မြန်မြန်မီးရှို့လိုက်”
“ချုံဧကရာဇ်ဓားနတ်ဘုရားက အရုပ်တွေ ပို့လိုက်တာပဲ”
လင်ယွိရှို့က လှန်လျောကြည့်လိုက်ရာ အရုပ်သည် ခြေထောက်လေးဖက် ရှိသည့် သေတ္တာတစ်လုံးဖြစ်သည်ကို တွေ့လိုက်ရ၏။ သေတ္တာအား ဖွင့်လိုက်သည့်အချိန်တွင် လူပိစိလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကျောချင်းကပ်လျက် ထိုင်နေကြသည်။
သူမ အရုပ်လေးများကို ထုတ်၍ စစ်ဆေးကြည့်တော့မည့်အချိန်တွင် ချင်မူက အံ့ဩနေဟန်ဖြင့် ထပြော၏။ “ဘိုးဘိုးဆေးဆရာက တူနှစ်ကိုယ် ကျင့်လို့ရမယ့် ကျင့်စဉ်တစ်ခုပေးလိုက်တာပဲ …. မိန်းမရေ… မြန်မြန်လာကြည့်”
လင်ယွိရှို့က သေတ္တာကိုချ၍ လှမ်းကြည့်လိုက်သည်။ သူမ၏မျက်နှာလေးမှာ နီရဲသွားပြီး ရှက်ရွံ့နေသောအသံလေးဖြင့် ဆူလိုက်သည်။ “ဘိုးဘိုးဆေးဆရာက တေလေဂျပိုး… နှာဘူးကြီးပဲ”
“ထိုက်ချူက နဂါးအကြေးခွံတစ်ခု ပို့လိုက်တယ်”
ချင်မူက နဂါးကြေးခွံကို ထုတ်၍ တစ်ခဏကြည့်လိုက်သည်။ သူက ပြုံးလျက် ပြော၏။ “အရှေ့နတ်မင်း မိုးပြာရောင်နဂါးပါလား…. မိုးပြာရောင်နဂါးက ငါ ကပ်ဘေးဓားကို သွန်းလုပ်တုန်းက သူ့အပေါ် အကြွေးတင်နေတယ်လို့ ထိုက်ချူကို ပြောခဲ့တယ်နေမှာ... အဲဒါကြောင့် ဒီအကြေးခွံကို ပို့လိုက်တာဖြစ်ရမယ်… ဒီနဂါးကြေးခွံလက်ဆောင်က စိတ်ဝင်စားဖို့ကောင်းတယ်…”
သူ့မျက်လုံးများက ရိပ်ခနဲဖြတ်ပြေးသွားပြီး သူက ပြောသည်။ “ငါ တကယ်အနားမယူသေးဘူးဆိုတာကို ထိုက်ချူက သံသယဝင်နေလို့ ဒီအကြေးခွံနဲ့ စမ်းသပ်လိုက်တာပဲ… ငါ အရှေ့နတ်မင်းမိုးပြာရောင်နဂါးကိုသာ အသက်သွင်းလိုက်ရင် အမှန်တကယ်အနားယူတာမဟုတ်ဘဲ ရည်မှန်းချက်တွေရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားလိမ့်မယ်… သူက င့ါအပေါ် သံသယဝင်နေသေးတာပဲ”
သူက နဂါးကြေးခွံကို သိမ်းဆည်းလိုက်ပြီး အရှေ့နတ်မင်းမိုးပြာရောင်နဂါးကို အသက်မသွင်းချေ။ “ကောင်းကင်နတ်အရှင်ဆယ်ပါးကတော့ ဘယ်တော့မှ ပြောင်းလဲမှမဟုတ်ဘူး… ထိုက်ချူနဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကလည်း ဒီပုပ်ထဲက ဒီပဲပဲ…. အရှေ့နတ်မင်းကို အသက်သွင်းဖို့ ကိစ္စ နောက်မှပဲ စဉ်းစားတာပေါ့”
“ကောင်းကင်နတ်ဧကရာဇ်ဟောင်ကလည်း ရတနာတွေအများကြီး ပို့လိုက်တယ်”
လင်ယွိရှို့က တအံ့တဩ စုပ်သပ်လိုက်ရင်း ပြောသည်။ “တကယ်ကို ရက်ရောတာပဲ… ကောင်းကင်နယ်စားမင်းလည်း လက်ဆောင်တစ်ခု ပေးလိုက်သေးတယ်… နာမည်မှာတော့ ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က လက်ဖွဲ့တာတဲ့”
“မြေအောက်ဘုံအရှင်သခင်ကို ပြန်အသက်သွင်းပေးဖို့ ငါ့ကို တိုက်တွန်းနေတာပဲ”
ချင်မူက ပိုင်ချွီအာ ပေးသော သေတ္တာအရုပ်ကို တိတ်တဆိတ် သိမ်းဆည်းလိုက်ပြီး အထဲရှိ အရုပ်ကလေးနှစ်ရုပ်ကို သူနှင့် လင်ယွိရှို့အဖြစ် ပြန်လည်မြင်ယောင်ဖန်ဆင်းလိုက်သည်။ “သူကိုယ်တိုင် လာအလောကြီးနေရင် မကောင်းတတ်လို့ လက်ဆောင်နဲ့ သတိပေးလိုက်တာနေမှာ”
“ဖက်တီးနဂါးကလည်း လူထိန်းကျမ်းစာတွေ ပေးလိုက်တယ်”
လင်ယွိရှို့က တခစ်ခစ် ရယ်မောလိုက်၏။ “ကျမ်းစာတွေက အသစ်ရေးထားတာပဲ… ဖက်တီးနဂါးက တွေးပေးတတ်လိုက်တာ … ဒါ ငါ့အတွက်ပဲ ဖြစ်ရမယ်” သူမက ထိုသို့ပြောပြီးနောက် ချင်မူ့ကို မျက်စောင်းထိုးလေသည်။
ချင်မူက ရယ်မော၍ စူပုတ်နေသော မျက်နှာအမူအရာဖြင့် တစ်ဖက်သို့ လှည့်သွားသည်။
“ထိုက်ရှီကလည်း လက်ဆောင် ပို့ပေးလိုက်တာပါလား… ဥခွံအစလေးတစ်စပဲ”
လင်ယွိရှို့က နားမလည်နိုင်စွာ မေးလေသည်။ “သူက ဘာလို့ ဥခွံပေးတာလဲ… အစ်ကိုကြီးဝေစွေ့ဖုန်းက မြေပုံတော်တော်များများ ပေးလိုက်တယ်… ကြည့်ချင်သေးလား”
ဇနီးမောင်နှံနှစ်ယောက်သည် နောက်ဆုံးတွင်တော့ ဧည့်သည်များ လက်ဖွဲ့သည့် မင်္ဂလာလက်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီးချေပြီ။ သိမ်းဆည်းယူဆောင်ထားမည့် အရာများနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဘဏ္ဍာတိုက်သို့ ပို့ဆောင်ရမည့်အရာများ ဟူ၍ ခွဲခြားထား၏။
ညနေစောင်းသောအခါ ဇနီးမောင်နှံနှစ်ယောက်က သူတို့၏မိဘများနှင့် ဒုက္ခိတဘိုးဘွားကျေးရွာ အဘိုးအဘွားရှစ်ယောက်ကို ဂါ၀ရပြုအရိုအသေပေးသည်။ အဘွားစစ်က ချင်မူ့အတွက် နွားတချို့ ပြင်ဆင်ပေးထား၏။ ချင်မူမှာ ရင်တုန်ပန်းတုန်ဖြင့် နွားများကို လှမ်းကြည့်လိုက်မိသည်။ အမှန်တကယ် နွားအစစ်များ ဖြစ်ကြောင်း သိရသည့်အချိန်မှသာ စိတ်အေးသွားတော့သည်။
“မူအာ၊ ရွာပြန်ကြစို့” မျက်ကန်းက ပြုံးလျက် လောဆ်ောသည်။
မာန်ဟုန်မြစ် ဒုက္ခိတဘိုးဘွားကျေးရွာတွင်။
ကြက်နဂါးများသည် ဤနေရာကို သိမ်းပိုက်ထားကြပြီး ပတ်ဝန်းကျင်တွင် အရှင်သခင်များပင် ဖြစ်နေကြ၏။ အားလုံးက နေရာကို ရှင်းလင်းပြင်ဆင်၍ ကြက်နဂါများကို မောင်းထုတ်နေကြ၏။
ချင်မူက ပြုံးလိုက်သည်။ “မလိုပါဘူး… ကျွန်တော်က ကောင်းကင်နတ်ရှင်တစ်ပါးမလား… အရင်လို ရွာလေးမှာ နေလို့ ဘယ်ရတော့မလဲ”
သူက အသိစိတ်အလျဉ်ဖြင့် မြင်ယောင်ဖန်ဆင်းလိုက်ရာ ကြီးကျယ်ခမ်းနားသည့် ရွှေရောင်ကောင်းကင်နန်းဆောင်တစ်ဆောင်က ဒုက္ခိတဘိုးဘွားကျေးရွာအထက် ကောင်းကင်တွင် ပေါ်လာသည်။ နန်းဆောင်သည် ခမ်းနားတင့်တယ်ပြီး လှပ၏။ သူက လင်ယွိရှို့နှင့်အတူ လက်တွဲ၍ ကောင်းကင်နန်းဆောင်ထဲ ၀င်ရောက်သွားတော့သည်။
အောက်ရှိ မရေမတွက်နိုင်သော ကြက်နဂါးများမှာ တိမ်တိုက်များအထက်က ကောင်းကင်နန်းဆောင်ကို အားကျစွာ မော့ကြည့်နေကြလေသည်။
ကောင်းကင်နတ်မြစ်က ကောင်းကင်တွင် ဖြတ်သန်းစီးဆင်းနေပြီး ချင်မူသည် မှော်စွမ်းအင်ကိုအသုံးပြုကာ မြေထုတစ်ခုအား ကောင်းကင်နတ်မြစ်ဘေးသို့ ရွှေ့လိုက်သည်။ သူက မြစ်ကမ်းတွင် နွားများမွေးထား၏။ တောင်တန်းများက စိမ်းလန်းစိုပြေ၍ မြစ်ရေတို့ကလည်း တသွင်သွင် စီးဆင်းနေသည့်အပြင် အဖြူရောင်တိမ်တိုက်များက မြောလွင့်နေသေးသည်။ ရင်သပ်ရှုမောဖွယ်ရာ လှပလွန်းနေသည်။
လင်ယွိရှို့က အနီရောင်ငါးလေးနှစ်ကောင်ကို ကောင်းကင်နတ်မြစ်ထဲသို့ လွှတ်ပေးလိုက်သည်။ အနီရောင်ငါးလေးနှစ်ကောင်က ထွက်မသွားဘဲ မြစ်ကမ်းဘေးတွင်သာ ကူးခတ်နေကြသည်။
လင်ယွိရှို့ ပြန်ထွက်ခွာလာသည့်အချိန်တွင် ကောင်းကင်နတ်မြစ်ထံမှ အက်ကွဲသံကြီးနှစ်ချက် ကြားလိုက်ရ၏။ မိုင်ရာပေါင်းများစွာ ရှည်လျားသည့် အနီရောင်ငါးနှစ်ကောင်က မြစ်ရေထဲမှ ခုန်ထွက်လာကြပြီး ကမ်းစပ်တွင် မြက်စားနေကြသော နွားနှစ်ကောင်ကို ဝါးမြိုလိုက်သည်။
လင်ယွိရှို့မှာ ငေးကြောင်နေမိသည်။ အနီရောင်ငါးနှစ်ကောင်သည် တဖြည်းဖြည်း ကောင်းကင်နတ်မြစ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့က ချိုလိမ်များ ကိုင်လျက် ကူးခတ်နေကြသော ငါးလေးနှစ်ကောင်အဖြစ် ပြန်လည်ပြောင်းလဲသွားကြ၏။
“ငါ့ယောက်ျား ဒီကိစ္စကို မသိသေးဘူး… အင်း… နွားနှစ်ကောင် အစား ပြန်ဝယ်ပေးထားရမယ်… သူ မသိလောက်ပါဘူး….”
လင်ယွိရှို့က အမြန်ထွက်ခွာသွားပြီး နွားနှစ်ကောင် ဝယ်ကာ ကျန်ရှိသည့် နွားအုပ်ထဲတွင် ရောထည့်ထားလိုက်သည်။
သူမက လန်ဝူပေးသည့် ပန်းပွင့်ကို ကောင်းကင်နတ်မြစ်ဘေးတွင် စိုက်ထားလိုက်ပြီး ယန်ယွင်ရှီပေးသည့် မုန်လာဥကိုလည်း စိုက်လိုက်သည်။ မုန်လာဥသည် မြေပေါ် ကျသွားသည့်အချိန်တွင် လုကျန်းကိုက်ထားသည့် ကိုက်ရာမှာ ပျောက်ကွယ်သွား၏။ ၎င်းက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး မြေကြီးထဲမှ ခုန်ထွက်သွားသည့် ကိုယ်လုံးတီးကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ကလေးက ကောင်းကင်နတ်မြစ်ထဲသို့ ရေချိုးရန် ခုန်ဝင်သွား၏။
“ရေထဲက ငါးတွေကို သတိထား…”
လင်ယွိရှို့ ထိုသို့ပြောလိုက်သည့်အချိန်မှာပင် ဗွမ်းခနဲအသံ ကြားလိုက်ရပြီး ငါးနှစ်ကောင်က ခုန်ထွက်လာကြသည်။ ကလေးလေးက လက်သီးဆုပ်၍ ထိုငါးနှစ်ကောင်ကို ရိုက်နှက်လိုက်၏။
ထို့မှသာ လင်ယွိရှို့တစ်ယောက် စိတ်အေးနိုင်တော့သည်။
ချင်မူက လက်ဆောင်များထဲတွင် ပါဝင်သည့် သမိုင်းမှတ်တမ်းများကို တစ်ခုပြီးတစ်ခု လှန်လျောဖတ်ရှုနေ၏။ လင်ယွိရှို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်မှတ်တမ်းမျိုးစုံကိုလည်း ယူလာသဖြင့် သူ့အတွက် အတော်လေး အသုံးဝင်လေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နှစ်များတလျှောက် ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်များနှင့် လမ်းစဉ်များ တိုးတက်ပြောင်းလဲလာမှုတို့ကြောင့် သူ့မှာ အံ့သြဝမ်းသာ ဖတ်ရှုနေမိသည်။
သူက တန်ခိုးရှင်သစ်ခုတ်သမား ပေးခဲ့သော မဟာတာအို ၃၆၀ မှတ်တမ်းများကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို တိုက်စစ်ကြည့်လိုက်ရာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“ဆရာသစ်ခုတ်သမားက မဟာတာအို ၃၆၀ ကို မှတ်တမ်းတင်ထားတာ… အဲဒါက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ခန်းမ ၃၆၀ ရဲ့ မူရင်းပုံစံပဲ... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု နှစ်တစ်ရာကျော်လာပြီးတဲ့နောက်မှာတော့ ကမ္ဘာခေတ်နှောင်းမဟာတာအိုက ၃၆၀ ကျော်နေပြီပဲ”
ချင်မူက စာလိပ်ကို ပိတ်၍ ထရပ်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုသည် စက်မှုလုပ်ငန်းအသစ်များကို ပေါ်ပေါက်လာစေခဲ့ပြီး ၎င်းတို့တစ်ခုချင်းစီက ကမ္ဘာခေတ်နှောင်းမဟာတာအိုအသစ်တစ်ခုကို ကိုယ်စားပြုလာ၏။
လမ်းစဉ်က အဆုံးမရှိပေ။ လမ်းစဉ်ရှာဖွေခြင်းက အဆုံးမရှိသည်မဟုတ်ဘဲ ကမ္ဘာခေတ်နှောင်းမဟာတာအိုသည် အဆုံးမရှိခြင်းပင် ဖြစ်၏။ တာအို၏ အဆုံးအထိ မည်သည့်နည်းနှင့်မျှ အပြည့်အဝ လေ့လာစူးစမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ချင်မူမှာ လင်ယွိရှို့နှင့်အတူ ကြင်စဦးဘဝကို ပျော်ပျော်ကြီးဖြတ်သန်းရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုများကို လေ့လာသင်ယူခဲ့သည်။ ဒုက္ခိတဘိုးဘွားကျေးရွာ အဘိုးအဘွားများနှင့်လည်း လမ်းလျှောက်ထွက်တတ်၏။ ဤသို့ဖြင့် အချိန်များကား အလျင်အမြန် ကုန်ဆုံးသွားတော့သည်။
သို့သော် ချင်မူမှာ သူ၏နှလုံးသားကို တည်ငြိမ်စွာ ထားနိုင်ရန် ကြိုးစားနေကြသည်။ ဤရက်များအတွက် တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်၍ သူ၏ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို စီစဉ်နေရာချနေ၏။ သူ၏ တာအိုနှလုံးသားမှာ ပို၍နားလည်နိုင်ရန် ခက်ခဲလာခဲ့ပြီး လန်ယွီတျန်း သူ့ကိုပေးခဲ့သည့် အရာများက အတော်လေး ဉာဏ်အလင်းပွင့်စေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုနှင့် တန်ခိုးရှင်သစ်ခုတ်သမား၏ ကမ္ဘာခေတ်နှောင်းမဟာတာအို ၃၆၀ ကလည်း သူ့ကို နက်ရှိုင်းစွာ သိမြင်နားလည်စေ၏။
ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တိုင်းရေးပြည်ရာကိစ္စများကို တာဝန်ယူထားကြပြီး ယွီချိန်ကျစ်ကတော့ ကောင်းကင်နတ်ဘုံနှင့် ညှိနှိုင်းဆွေးနွေးမှုကို တာဝန်ယူထားသည်။ ထိုကိစ္စများက သူ၏ တာအိုနှလုံးသားကို ထိခိုက်မလာပေ။
သူ၏လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများသည် ဧရာမအဆင့်တက်မှုတစ်ခုကို ဖောက်ထွက်နိုင်တော့မည့် အခြေအနေသို့ တဖြည်းဖြည်း ရောက်လာကြောင်း ခံစားလာရသည်။ သူသည် အသစ်စက်စက် အဆင့်တစ်ဆင့်သို့ တက်တော့မည်ကို ခံစားနေရသော်လည်း အရှေ့ရှိ လမ်းစဉ်ကိုတော့ မသိနိုင်ဘဲဖြစ်နေ၏။
ချင်မူမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်းဖြင့် သူပင် မသိလိုက်ဘဲ ကောင်းကင်နတ်မြစ်တစ်ဖက်ကမ်းသို့ ရောက်ရှိလာမိသည်။ ကြက်နဂါးအုပ်တစ်အုပ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး တောအုပ်ထဲ၌ ပိုးကောင်များ ရှာနေသည်ကို တွေ့လိုက်ရ၏။
သူတို့၏ဘေးတွင်တော့ နွားတချို့က သစ်ပင်အရိပ်အောက်တွင် လှဲနေကြကာ အမြှီးများ လှုပ်၍ အေးဆေးအနားယူနေကြသည်။
ချင်မူက မြက်ပေါ်တွင် ထိုင်ချလိုက်ပြီး အတွေးနက်နေမိ၏။
အချိန်တစ်ခုကြာသွားပြီးနောက် ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသည်။ “မင်းက ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်ခဲ့ပေမယ့် အခုတော့ နွားကျောင်းနေရပြီပေါ့လေ… ငါ တကယ်ကို နှမြောမိပါတယ်ကွာ”
ချင်မူ လှည့်ကြည့်လိုက်သည့်အခါ သာမန်အဝတ်များ ဝတ်ထားသော ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို တွေ့လိုက်ရသည်။ သူ မည်သည့်အချိန်က ရောက်လာသည်ကိုတော့ မသိရပေ။
ချင်မူက ထရပ်၍ အပြုံးတုတစ်ခု ပြုံးလိုက်၏။ “အရှင်မင်းကြီးက ကျွန်တော့်ကို လှောင်နေတာပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ဘေးသို့ ရောက်လာပြီး ဟိုဟိုသည်သည် ကြည့်လိုက်၏။ “ကောင်းကင်နတ်အရှင်မူ သူ့ တာအိုနှလုံးသားကို ဆုံးရှုံးလိုက်ရပြီလို့ ကြားခဲ့တုန်းက ငါ မယုံနိုင်ခဲ့ဘူး… မယုံရဲခဲ့တာပေါ့… အခု မင်း ဒီလို စိတ်ဓာတ်ကျနေတာကို တွေ့ရတော့ ယုံသွားပြီ … ရင်ထဲမှာတောင် ဝမ်းနည်းလာမိသလိုပဲ”
သူက ကောင်းကင်သို့ မော့ကြည့်၍ ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူလို ပြိုင်ဘက်တစ်ယောက် မရှိမှတော့ ငါ့ရဲ့ အတိုက်အခိုက်စွမ်းရည်တွေက ဘာအသုံးဝင်တော့မှာလဲ”
သူ့မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာတော့သည်။