နဂါးခန်းမ၏ အခက်အခဲ
Vol. 6 Ch. 518
ရှဲ့ရန် ပြန်လမ်းမဲ့ တောင်ကြား အတွင်း ဝင်ရောက် ပျောက်ကွယ်သွားပြီး လအနည်းငယ် အကြာ၌ နဂါးခန်းမ၏ တပည့်များသည် ရှဲ့ရန် သေသွားပြီဟု စတင် တွေးတော လာကြ၏။
အစပိုင်းတွင် နဂါးခန်းမသည် သူတို့၏ ဩဇာအာဏာကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့သည်။ သို့သော်လည်း တန်ခိုးရှင် အဆင့်များ တစ်ယောက်ပြီး တစ်ယောက် ပြန်လည် ထွက်ပေါ်လာမှုက နဂါးခန်းမ၏ တည်ရှိမှုအား ခြိမ်းခြောက်လာ၏။
လွန်ခဲ့သော တစ်နှစ်ခန့်က အရှေ့တောင် အာရှ၏ ပညာရှင်များသည် နဂါးခန်းမသို့ စုစည်း ရောက်ရှိလာကာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့ရှိ နဂါးခန်းမ ဌာနခွဲများကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း နဂါးခန်းမ သခင်က တိုက်ရိုက်ပင် ငြင်းဆိုခဲ့သည်။
နဂါးခန်းမ၌ ရှဲ့ရန် မရှိတော့သော်လည်း အထွတ်အထိပ် အဆင့် ဆယ်ယောက်ကျော် ကျန်ရှိနေသေးသည်။ ထို့ကြောင့် အရှေ့တောင် အာရှ၏ ပညာရှင်များနှင့် တိုက်ပွဲဖြစ်မည် ဆိုလျှင်ပင် ကြောက်နေစရာ မလိုချေ။
သို့သော်လည်း ဂွန်းတူဘုရင်၏ ပါဝင်လာမှုက အရာရာအား ပြောင်းလဲ စေခဲ့သည်။ သူက နဂါးခန်းမ၏ အစွမ်း အထက်ဆုံး ပညာရှင်များကို သတ်ဖြတ်ကာ နဂါးခန်းမအား ဖိနှိပ်ခဲ့သည်။
နဂါးခန်းမ၏ အခက်အခဲက ထိုမျှ မကသေးချေ။ အင်ဒိုနီးရှား၏ ပင်လယ် နတ်ဘုရားကျောင်းကလည်း နဂါးခန်းမ၏ စစ်စခန်း တစ်ခုကို တိုက်ခိုက်ကာ ဖျက်ဆီး ပစ်ခဲ့သေး၏။
"ဒါ့ဆင်းနဲ့ ဆိုဟာဘီ ... ခွေးတွေ ..."
အဖြစ်အပျက်များအား နားထောင်ပြီးနောက် ရှဲ့ရန်က အံကြိတ်လိုက်၏။
"သူတို့ နှစ်ယောက်က ဘယ်သူတွေလဲ ..."
ချန်းဖန်က မျက်မှောင်ကြုတ်ကာ ဝင်မေးလိုက်၏။ သူကား တရုတ်တွင် နေထိုင်သူ ဖြစ်ရာ အရှေ့တောင် အာရှမှ ပညာရှင်များ အကြောင်း သိပ်မသိချေ။
"ဒါ့ဆင်း ဆိုတာက ဂွန်းတူ ဘုရင်ပါ ... သူက လက်ရှိ ထိုင်းဘုရင်ရဲ့ ဦးလေး တော်တယ် ... ထိုင်းတော်ဝင် မိသားစုက သူ့ရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိနေတာ ... သူသာ မရှိရင် ထိုင်းတော်ဝင် မိသားစုက အင်္ဂလိပ် ကိုလိုနီ ခေတ်မှာတည်းက ပျက်စီးသွားလောက်ပြီ"
ရှဲ့ရန်က ရှင်းပြလိုက်၏။
"ဆိုဟာဘီကတော့ အင်ဒိုနီးရှား ပင်လယ် နတ်ဘုရားကျောင်းရဲ့ ရှေ့ဖြစ်ဟောသူပါ ... လွန်ခဲ့တဲ့ နှစ်တွေတုံးက ကျွန်တော် သူ့ကို တိုက်ခိုက်ပြီး အနိုင်ယူဖူးပါတယ် ... တစ်ယောက်နဲ့ တစ်ယောက် မကျူးကျော်ဖို့ သဘောတူထားတာကို သူ ချိုးဖျက်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး ..."
"ဒါမျိုးက ပုံမှန်ပါပဲ ... မင်းသေသွားပြီလို့ သတင်းထွက်နေတော့ သူ့အတွက် ကြောက်စရာမှ မရှိတော့တာ ..."
ချန်းဖန်က ခေါင်းကို ခါယမ်းလိုက်၏။
"ငါတို့ တစ်နှစ်ခွဲလောက် ပျောက်နေတဲ့ အတွင်း ကမ္ဘာမှာ တန်ခိုးရှင်တွေ အများကြီး ပေါ်လာတာပဲ ..."
သူနှင့် တန်ခိုးရှင် သုံးယောက်၏ တိုက်ပွဲက ဤမျှ လှုပ်လှုပ်ရွရွ ဖြစ်သွားလိမ့်မည်ဟု ချန်းဖန် လုံးဝ မျှော်လင့် မထားခဲ့ချေ။
"နောက်ပြီးတော့ ဘာဆက်ဖြစ်ရောလဲ ..."
ချန်းဖန်က စိတ်ဝင်တစားဖြင့် ခုတ်ဓား အဖွဲ့ ခေါင်းဆောင်အား မေးလိုက်သည်။
"ကျွန်ဝောာ်တို့ အထိနာနေတုံးမှာ ဝူကန်းချိုး ရောက်လာပါတယ် ... သူကလည်း တန်းခိုးရှင် အဆင့်ပါ ... ကျွန်တော်တို့သာ သူ့ကို အညံ့ခံရင် ဂွန်းတူဘုရင်နဲ့ ပင်လယ် နတ်ဘုရားကျောင်းက ရှေ့ဖြစ်ဟော သူတို့ရဲ့ ရန်ကနေ ကာကွယ်ပေးမယ်လို့ ပြောပါတယ် ..."
"ဝူမိသားစုက သဘောတူညီဖို့ ပထမဆုံး ထောက်ခံခဲ့ပါတယ် ... အဲဒီ နောက်မှာ အခြား မိသားစု လေးခုကပါ သဘော တူညီခဲ့ရပါတယ် ... အဲဒီ အချိန်က စလို့ သခင်ကြီး ဝူကန်းချိုးက နဂါးခန်းမကို ထိန်းချုပ်ခဲ့ပါတယ် ..."
ခုတ်ဓား အဖွဲ့ ခေါင်းဆောင်က တုန်တုန်ယင်ယင်ဖြင့် ရှင်းပြလိုက်သည်။
ချန်းဖန်ကမူ နားထောင်ရင်း ခေါင်းသာ ခါနေမိတော့သည်။
နဂါးခန်းမကား တကယ့် အကြပ်အတည်းသို့ ကျရောက် နေခဲ့ခြင်းပင်။ တန်ခိုးရှင် အဆင့် နှစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် အပြင် တတိယမြောက် တန်ခိုးရှင်ကပါ သူတို့အား အကျပ်ကိုင် ခဲ့သေးသည်။ သူတို့၌ ရွေးချယ်စရာ ဟူ၍ အညံ့ခံခြင်း တစ်ခုသာ ရှိပေလိမ့်မည်။
ချန်းဖန် တွေးတော နေစဉ်မှာပင် အန်ကယ်ရှင်းက ရှင်းရန်၏ ရှေ့၌ ဒူးထောက်ချရင်း ခံပြင်းစွာ ပြောဆိုလိုက်၏။
"ဝူကန်းချိုးက သူ့အမိန့်ကို လိုက်နာဖို့ တွန်းအားပေးခဲ့ပါတယ် ... သူ့ကို ဆန့်ကျင်ပြီး စကားပြောမိတဲ့ ကျွန်တော်တို့ ရှဲ့မိသားစု ခေါင်းဆောင်ကို သူက သတ်ပစ်ခဲ့ပါတယ် ... နောက်ပြီး ရှဲ့မိသားစု တစ်ခုလုံးကိုပါ သူက သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့ပါတယ် ... အသက်ရှင် လွတ်မြောက်ခဲ့တာ ဆိုလို့ ကျွန်တော် အပါအဝင် လေးငါးယောက်ပဲ ရှိပါတယ် ... ဘိုးဘေးခင်ဗျာ ... ဝူကန်းချိုးကို သတ်ဖြတ်ပြီး ရှဲ့မိသားစု အတွက် တရားမျှတမှုကို ယူဆောင်ပေးပါ ..."
"ဝူကန်းချိုး ... ခွေးကောင် ..."
ရှဲ့ရန်၏ မျက်နှာ တစ်ခုလုံးကား မှောင်မည်း နေခဲ့ပြီ ဖြစ်တော့သည်။
"မင်း သူ့ကို သိတာလား ..."
ချန်းဖန်က မေးလိုက်၏။
"အရင်တုံးက သူက အရှေ့တောင် အာရှရဲ့ အစွမ်းအထက်ဆုံး လူပါ ... သူ့ရဲ့ ဝူမိသားစုကလည်း မလက္ကာရဲ့ အကြီးဆုံး မိသားစုကြီး သုံးခုထဲမှာ ပါခဲ့ပါတယ် ... ကျွန်တော် အရှေ့တောင် အာရှကို ရောက်ရောက်ချင်း ဝူကန်းချိုးက ပထမဆုံး စိန်ခေါ်ခဲ့ပါတယ် ... ဒါပေမဲ့ ကျွန်တော် သူ့ကို အနိုင်ယူလိုက်တဲ့ နောက်ပိုင်းမှာ သူ စုန်းစုန်းမြုပ် ပျောက်ကွယ်သွားပါတယ် ... အဲဒီနောက် သူ့ရဲ့ ဝူမိသားစုကလည်း ကျွန်တော့်ဆီမှာ သစ္စာခံခဲ့ပါတယ် ... ကျွန်တော် မရှိတဲ့ အချိန်မှာ သူ ပြန်ပေါ်လာပြီး နဂါးခန်းမကို အပိုင်သိမ်းလိမ့်မယ်လို့ လုံးဝ မျှော်လင့် မထားခဲ့မိဘူး ..."
ရှဲ့ရန်က မျက်မှောင်ကြုတ်ရင်း ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် ကျွန်တော်နဲ့ တိုက်ခိုက်တုံးမှာ ဝူကန်းချိုးက အထွတ်အထိပ် ထိပ်ဆုံး အဆင့်ပဲ ရောက်သေးတာပါ ... ဒီနှစ်ခြောက်ဆယ် အတွင်း သူ ဘယ်လို တန်ခိုးရှင် အဆင့်ကို ရောက်သွားတယ် မသိဘူး ... တစ်ခုခုတော့ ထူးခြားနေပြီ ထင်တယ် ... နောက်ပြီး လီမိသားစုနဲ့ ကောမိသားစုတို့ ကလည်း သူ့ကို တန်းပြီး ထောက်ခံခဲ့တယ် ဆိုတော့ ... သူတို့မှာ အစောကတည်းက အစီအစဉ် ရှိနေတာများလား ..."
ထိုအတွေးဖြင့် ရှဲ့ရန်၏ မျက်မှာက ပိုမို မည်းမှောင်လာ၏။
ဒါ့ဆင်း၊ ဆိုဟာဘီနှင့် ဝူကန်းချိုးတို့ကား တန်ခိုးရှင် အဆင့်များ ဖြစ်ကြသည်။ အကယ်၍ ထိုသုံးယောက်သာ ပူးပေါင်း တိုက်ခိုက်ပါက သူ ရှုံးနိမ့်မည်မှာ သေချာသည်။
"စိုးရိမ် မနေနဲ့ ... ငါ ကူညီပေးမယ် ... အခု လောလောဆယ် ငါ့မှာ ထွေထွေထူးထူး ကိစ္စ မရှိသေးဘူးလေ ..."
ချန်းဖန်က ရှဲ့ရန်၏ ပခုံးအား ပုတ်ရင်း ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
"ကျေးဇူးပါ ... ဆရာ"
ရှဲ့ရန်၏ မျက်နှာက အနည်းငယ် ပြန်လည် ဝင်းပလာ၏။
သူ့အနေဖြင့် တန်ခိုးရှင် သုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူ၏ ဆရာ ချန်းဖန် အတွက်မူ ထိုအရာက မပြောပလောက်သော အရာဖြစ်ကြောင်း ရှဲ့ရန် ကောင်းစွာ သိ၏။
မေးခွန်းအချို့ မေးပြီးနောက် ရှဲ့ရန်က ခုတ်ဓား အဖွဲ့သားများအား ခွင့်လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
"မင်းတို့က အထက်ရဲ့ အမိန့်အတိုင်း လုပ်ခဲ့တာ ဆိုတော့ ... ဒီတစ်ကြိမ်တော့ အသက် ချမ်းသာ ပေးလိုက်မယ် ... အေး ဒါပေမဲ့ နောက်တစ်ကြိမ် ငါ့ကို သစ္စာဖောက်ရင်တော့ မင်းတို့ကို ငါကိုယ်တိုင် သတ်မယ် နားလည်လား ..."
"ကျေးဇူးတင်ပါတယ် ခင်ဗျာ ... နောက်တစ်ကြိမ် စိတ်မပျက် စေရပါဘူး ..."
ခုတ်ဓား အဖွဲ့သားများက ရှဲ့ရန်အား အကြိမ်ကြိမ် ဦးညွှတ်ရင်း ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
ထိုအချိန်၌ ဟွမ်ကျင်းနှင့် အခြား လူငယ်များသည် ထောင့်တစ်ထောင့်၌ ကုပ်ကာ ဝပ်နေခဲ့ကြ၏။ သူတို့ကား အသက်ကိုပင် ပြင်းပြင်း မရှူရဲကြချေ။
သို့သော်လည်း ချန်းဖန်နှင့် ရှဲ့ရန်တို့ကမူ သူတို့ကို သတိပင် မထားမိကြချေ။ သူတို့၏ အမြင်၌ ထိုကလေးများကား အသုံးမကျသော အမှိုက်စများသာ ဖြစ်သည်။
"ဆရာ ... ကျွန်တော်တို့ ဘာဆက်လုပ်ကြ မလဲ ..."
ခုတ်ဓား အဖွဲ့ဝင်များ၏ ကိစ္စကို ရှင်းလင်းပြီးနောက် ရှဲ့ရန်က ချန်းဖန်အား မေးလိုက်သည်။
"စင်္ကာပူကို သွားပြီး ဧည့်သည်တွေနဲ့ တွေ့ကြရအောင်လေ ... ဒါပေမဲ့ ငါတို့ အကြောင်းကို ဝူကန်းချိုး သိလို့ မရဘူးနော် ... တော်ကြာနေ သူထွက်ပြေးသွားရင် အလုပ် ပိုရှုပ်နေမယ် ..."
ချန်းဖန်က အေးဆေးစွာ ပြောလိုက်၏။
"ဟုတ်ကဲ့ ..."
ရှဲ့ရန်က နားလည်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရှဲ့ရန်က ခုတ်ဓား အဖွဲ့သားများအား ခြံဝန်းအတွင်းရှိ လူများကို စောင့်ကြပ်ထားရန်နှင့် သူတို့၏ ဆက်သွယ်ရေး ပစ္စည်းများကိုပါ သိမ်းထားရန် အမိန့်ပေးလိုက်သည်။ ထိုလူများထံမှ သတင်း ပျံ့သွားလျှင် ပြဿနာများ ပိုမို ရှုပ်ထွေး သွားပေလိမ့်မည်။
"မစ္စတာချန်း ... ကျွန်မကိုပါ ခေါ်သွားပေးလို့ ရမလား ... ကျွန်မ အဖေက စင်္ကာပူမှာ ရှိနေတာ ... ကျွန်မ သူ့ကို စိတ်ပူတယ် ..."
ကောနွမ်နွမ်က ချန်းဖန်ထံသို့ လာရင်း တောင်းပန်လိုက်သည်။
"ဘာလို့ ခေါ်ရမှာလဲ ..."
ချန်းဖန်က သူမအား ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"ကျွန်မ ..."
ကောနွမ်နွမ်က အံကို တင်းတင်းကြိတ်ရင်း မာနများကို လျှော့ချလိုက်၏။
"ကျွန်မ တောင်းပန်ပါတယ် ... ခေါ်သွားပေးပါနော် ..."
"ဒီမှာပဲနေ ... ဘယ်မှ လျှောက်မသွားနဲ့ ..."
ချန်းဖန်က ခေါင်းခါရင်း စတင် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ချန်းဖန်၏ တုံ့ပြန်မှုကြောင့် ကောနွမ်နွမ်၏ မျက်နှာ၌ စိတ်ပျက်မှုများ အထင်းသား ပေါ်လာခဲ့သည်။ သို့သော်လည်း သူမက အားမလျှော့ပဲ ဆက်လက် ကြိုးစားလိုက်သည်။
"မစ္စတာချန်း ... ကျွန်မမှာ ကိုယ်ပိုင် လေယာဉ် တစ်စင်းရှိပါတယ် ... လေယာဉ်နဲ့သာ သွားရင် ပိုပြီး မြန်မြန်ဆန်ဆန် ရောက်မှာပါ ..."
"ကိုယ်ပိုင် လေယာဉ် ..."
ချန်းဖန်နှင့် ရှဲ့ရန်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
အကယ်၍ သူတို့သာ ပျံသန်းသွားပါက မလိုလားအပ်သော အာရုံစိုက်မှုများ ရရှိလာမည်က အသေအချာပင် ဖြစ်သည်။ သို့သော်လည်း ကိုယ်ပိုင် လေယာဉ်များမှာမူ စင်္ကာပူ၌ အချိန်မရွေး တွေ့နိုင်သည့် အရာများ ဖြစ်သည်။ ထို့ကြောင့် လေယာဉ်နှင့် သွားခြင်းက သူတို့ အတွက် ပိုမို သင့်လျော်ပေသည်။
"အဲဒီ လေယာဉ်က ကောမိသားစုရဲ့ ကိုယ်ပိုင် လေယာဉ် ဆိုတော့ စင်္ကာပူကို ဝင်ဖို့ ပြဿနာ မရှိလောက်ဘူး ဆရာ ... အဲဒါနဲ့ပဲ သွားရင် ပိုအဆင်ပြေတယ်"
ရှဲ့ရန်က ချန်းဖန်အား ကြည့်ကာ အကြံပေးလိုက်သည်။
"ဒါဆိုလည်း အဲ့လိုပဲ လုပ်လေ ..."
ချန်းဖန်က များများစားစား မစဉ်းစားပဲ သဘောတူလိုက်သည်။
ကိုယ်ပိုင်လေယာဉ်နှင့် သွားခြင်းက ဝူကန်းချိုး အနားသို့ ချဉ်းကပ်ရန် အကောင်းဆုံးသော နည်လမ်း ဖြစ်သည်။ စင်္ကာပူသို့ လေယာဉ် ဆိုက်ကပ်ပြီးသည်နှင့် ဝူကန်းချိုး ထွက်ပြေးလျှင်ပင် လွတ်မြောက်တော့မည် မဟုတ်ချေ။
သိပ်မကြာခင်မှာပင် ကောနွမ်နွမ်၏ ဦးဆောင်မှုနှင့် အတူ ကိုယ်ပိုင် လေယာဉ်ရှိရာ ဆီသို့ ချန်းဖန်တို့ ရောက်လာခဲ့၏။ ထို့နောက် မနားတော့ပဲ ချက်ချင်းပင် စင်္ကာပူ ရှိရာဆီသို့ ပျံသန်းလာခဲ့တော့၏။
***