← Chapters

သူတစ်ယောက်ထဲနဲ့တင် ပွဲပြီးနေပြီ

Vol. 17 Ch. 236

သူတစ်ယောက်ထဲနဲ့တင် ပွဲပြီးနေပြီ

Vol. 17 Ch. 236

“မင်းဘယ်လိုဆင်းလာတာလဲ”

ကျောရှန့်ခယ်က ဖန့်ကြွယ်ယွီရောက်လာမှုကို တအံ့တဩဖြစ်နေသည်။

“လေယာဉ်နဲ့ဆင်းလာတာပါ။ အမှန်အတိုင်းပြောရမယ်ဆို ဆရာဖုန်းဆက်တုန်းက အိပ်ရာနိုးခါစပါ။ ကျန်းနန်မြို့မှာပဲရှိနေသေးတာ။ ပုံမှန်အတိုင်းလာရင် မမီတော့လို့ အခုလိုလာခဲ့ရတာပါ”

“အမရီ..ပွဲခင်းထဲကို ငါဝင်လာတဲ့ အသက်ကယ်ယာဉ်ကိုရှင်းပေးဖို့ တစ်ယောက်ယောက် လွှတ်ပေးပါဦး”

“မစ္စတာကျော..အထဲကိုမြန်မြန်ဝင်ကြမယ်လေ။ ပြိုင်ပွဲက စတော့မှာမဟုတ်လား”

ဖန့်ကြွယ်ယွီက ဝင်ပေါက်တံခါးပိတ်တော့မည်ဆိုတာ သတိထားမိသည်။

“ဟုတ်တယ် ဟုတ်တယ် သွားကြမယ်”

ဖန့်ကြွယ်ယွီတို့နှစ်ဦးက အထဲကို ဒရောသောပါးပြေးဝင်သွားသည်။

ခဏအကြာမှာ ဖန့်ကြွယ်ယွီမိုးပေါ်မှ ဆင်းလာသည့် ဗီဒီယိုဖိုင်က လိုင်းပေါ်ပျံ့သွားသည်။

“ငါ ဒီဗီဒီယိုကို ကြည့်စရာတောင်မလိုဘူး။ သေချာပေါက် ဥက္ကဌဖန့်ပဲဖြစ်ရမယ်”

“ဟုတ်တယ် သူပြောတာမှန်တယ်။ ဒါမျိုးလုပ်ပြနိုင်တာ သူပဲရှိတယ်”

“သူ့အတွက် ဒါက ထမင်းစားရေသောက်ကိစ္စလိုပဲ”

ထိုဗီဒီယိုကိုမြင်သော်လည်း လူတွေက မအံ့ဩကြတော့ပေ။ ပုံမှန်အတိုင်းဆို ဖန့်ကြွယ်ယွီကို မြင်ရဖို့ဆိုတာ ခဲယဉ်းပေသည်။ ဗီဒီယို၏ တည်နေရာက ယန်ကျင်းရာပြည့်အားကစားရုံရှေ့ဆိုတာ သိရသောအခါ ထိုနေရာကို လူတွေက အပြေးအလွှားရောက်လာကြသည်။

လုချောင်နှင့် အခြားသူများက စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။ ပထမပွဲကအကြိတ်အနယ်ဖြစ်သည်။ ကျန်းနန်တက္ကသိုလ်၊ ယန်ကျင်းတက္ကသိုလ်နှင့် ပေကျင်းတက္ကသိုလ်တို့က အဓိက ပစ်မှတ်များဖြစ်ကြသည်။

ပေကျင်းတက္ကသိုလ်က လုရီရန်၊ ယန်ကျင်းတက္ကသိုလ်မှ စုမြောင်တို့သည် ဘွဲ့ရပြီးဖြစ်သော်လည်း ကျောင်းကိုယ်စားပြုအသင်းကို အထူးလေ့ကျင့်သင်ကြားပေးကြသည်။

ယှဉ်ပြောရမည်ဆို ကျန်းနန်တက္ကသိုလ်က ထိုနှစ်သင်းထက် အနည်းငယ်အားပျော့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ကျန်းနန်တက္ကသိုလ်သည် ပေကျင်းနှင့် ယန်ကျင်းတက္ကသိုလ်များနှင့် တစ်အုပ်စုထဲမကျပေ။ တခြား၁၃ ဖွဲ့က သူတို့ကိုမျက်စိကျနေပြီး ဖိအားလည်း အတော်လေးပေးသည်။

“အကယ်၍ ဖန့်ကြွယ်ယွီ ရောက်မလာခဲ့ဘူးဆို ငါတို့နည်းအတိုင်း တိုက်စစ်ဖွင့်ပြီး ဆော့ကြမယ်။ ငါတို့ဘက်က စည်းတွေ အဖျက်မခံရခင် အမှတ်တွေရနိုင်သလောက်ယူကြမယ်။အထုတ်ခံရတဲ့နံပါတ်စဉ်က အဆင့်ကို မသက်ရောက်ဘူး။ငါတို့ပစ်မှတ်က အမှတ်စုဖို့ပဲ”

လုချောင်က အစီအစဉ်ကို အသင်းသားများအား ရှင်းပြသည်။

“ဟုတ် နားလည်ပါပြီ”

ကျန်းနန်တက္ကသိုလ်အသင်းသားများက စိတ်ကို အတတ်နိုင်ဆုံးပြင်ဆင်ထားကြသည်။ပြိုင်ပွဲဝင်များ ဝင်ရောက်နေရာယူရမည့်အချိန်က တစ်မိနစ်သာကျန်တော့သည်။

“ဝုန်း”

ထိုအချိန်မှာခန်းမတံခါးပွင့်လာပြီး လူတစ်ဦးက အလျင်စလိုပြေးဝင်လာသည်။

“လာပြီ။ ဖန့်ကြွယ်ယွီရောက်လာပြီ”

သူဝင်လာတာကို မြင်သောအခါ အသင်းသားများလည်းကစိတ်ဓာတ်တက်ကြွလာသည်။

“သူက ဘယ်သူလဲ။ ဘယ်ကျောင်းကလဲ”

“ဘုရားရေ မင်းသူ့ကိုမသိဘူးလား။ သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖန့်ကြွယ်ယွီလေ။ ကျန်းနန်တက္ကသိုလ်ကပေါ့”

“သူက ဒီကိုဘာလာလုပ်တာလဲ။ ပြိုင်ပွဲလာပြိုင်တာလား”

“မဟုတ်လောက်ပါဘူး။ သူ့လိုလူက ဒီလိုပြိုင်ပွဲတွေ ဝင်ပြိုင်ပါ့မလား”

“ဘယ်သူသိမှာလဲ။ သူက ကျန်းနန်တက္ကသိုလ်က ကွန်ပျူတာဌာနကဆိုလားလို့”

“ကြည့်ကြည့် သူစင်ပေါ်တက်သွားပြီ”

“ငါပြောသားပဲ သူပြိုင်မှာပါလို့”

“ငါ့ကိုစောင့်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်”

“ရပါတယ် မင်းရောက်လာပြီပဲလေ။ ကဲ အသင့်ပြင်ကြစို့။ ပွဲစတော့မယ်”

“ငါတို့က ဘာလုပ်ရမှာလဲ။ အိပ်နေရမလား။ ဖုန်းပဲထိုင်ဆော့နေရမလား” ချန်ဖန့်က စနောက်သည်။

“မနောက်နဲ့။ ပြိုင်ဘက်အယောက် ၄၀တောင်ရှိတယ်”

ဖန့်ကြွယ်ယွီက အယောက် ၂၀ကို အသာလေးအနိုင်ရသော်လည်း အခုတစ်ခေါက်ပြိုင်ဘက်က အယောက် (၄၀) ဖြစ်သည်။

“စိတ်မပူပါနဲ့။ အယောက် ၄၀နဲ့ အယောက် ၂၀ ငါ့အတွက်ဘာမှ မကွာဘူး”

“ငါပြောထားသလိုပဲ မင်းတို့သက်တောင့်သက်သာလှဲနေပြီး အနိုင်ရဖို့ စောင့်နေကြ”

ချန်ဖန့်တို့သုံးဦးလည်း တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီးပြုံးလိုက်ကြသည်။ ဤပြိုင်ပွဲမှာ ဖန့်ကြွယ်ယွီတစ်ဦးတည်းနှင့်ပင် လုံလောက်သည်။

“တော်သေးတယ် ဒီကလေးက အပြေးမြန်ပေလို့”

ဖန့်ကြွယ်ယွီက ပြိုင်ပွဲဝင်ခုံမှာ နေရာယူထားတာကို မြင်မှပဲ ကျောရှန့်ခယ် သက်ပြင်းချနိုင်သည်။

“မစ္စတာကျော..အရင်လိုမဟုတ်တော့ဘူး။ နည်းနည်းလှုပ်ရှားလိုက်တာနဲ့ မောလာပြီပေါ့”

“ဒါတင်ဘယ်ကမလဲ။ ကျန်းနန်တက္ကသိုလ်က ကလေးတွေကလည်း သိပ်မတော်ဘူးဆို။ ပထမပွဲမှာတင် ထွက်နေရမယ်”

“ဟမ် ခင်ဗျားတို့သတ္တိရှိရင် ငါတို့ကလေးတွေနဲ့ တစ်ယောက်ချင်းစီပြိုင်ကြမလား”

ကျောရှန့်ခယ်က ဒေါသထွက်သွားသည်။

“ဟမ်..ခုချိန်ခင်ဗျားပြောထားဦးပေါ့။ ပါမောက္ခကျော။ ပွဲပြီးမှ ဒီစကားထွက်နိုင်သေးလားဆိုတာ ကြည့်ကြသေးတာပေါ့”

ကျောရှန့်ခယ်က ဖန့်ကြွယ်ယွီကိုစိုက်ကြည့်ပြီး “ဖန့်ကြွယ်ယွီ..ဒီတစ်ခါတော့ ငါတို့ကျောင်းရဲ့ ဂုဏ်ကို ဆောင်ပေးပါကွာ”

ဟု တိုးတိုးလေးရေရွတ်သည်။

ပွဲက ကိုးနာရီအတိမှာစတင်သည်။ ပြိုင်ပွဲစည်းမျဉ်းကရိုးရှင်းသည်။ စည်းမျဉ်းဆယ်ခု ဆုံးရှုံးပါက ပြိုင်ပွဲက အထုတ်ခံရမည်။အမှတ်ပေးပုံက ပွိုင့်နှင့်ဖြစ်သည်။စည်းတစ်ခုဖျက်နိုင်လျှင် တစ်မှတ်ရသည်။ထိပ်ဆုံး ၇သင်းကို ရရှိသော အမှတ်ဖြင့်ရွေးချယ်မည်။

“ဗျူဟာကတော့ အရင်ကလိုပဲ။ အားလုံးကကျန်းနန်တက္ကသိုလ်ကို ပထမဆုံး စုပေါင်းပြီး တိုက်ခိုက်ကြမယ်။ ပြီးမှ ကျန်တဲ့အဖွဲ့ကိုရှင်းမယ်”

ကျန်တဲ့ တက္ကသိုလ်၁၃ခုက ကျန်းနန်တက္ကသိုလ်ကိုရှင်းပစ်ရန် စုစည်းလိုက်ကြသည်။ ဖန့်ကြွယ်ယွီဘေးနားက ကျန်းနန်တက္ကသိုလ် အသင်းသားသုံးဦးက အားလုံးမထင်မှတ်ထားသောအရာကို လုပ်လိုက်ကြသည်။

သူတို့သုံးဦးက ခုံတွေကို နောက်လှန်ပြီး အိပ်စက်ဖို့ပြင်ဆင်ကြသည်။

“ဘာတွေထလုပ်နေတာလဲ”

“မပြိုင်တော့ဘူးလား။ အရှုံးပေးလိုက်တာလား”

“မဖြစ်နိုင်တာ သူတို့ကိုကျောင်းအားလုံးက ရှင်းပစ်ဖို့ မျက်စိကျနေတာ။ ဒီလိုလုပ်ရဲပါ့မလား”

“သူတို့ကို အားလုံးစုပေါင်းပြီး တိုက်ခိုက်တာကို မခံချင်လို့ အခုလို ထလုပ်ကြတာလား”

“ကျစ် စိတ်ဓာတ်ပျော့ညံ့လိုက်တာ။ ယန်ကျင်းတက္ကသိုလ်နဲ့ ပေကျင်းတက္ကသိုလ်ဆိုလည်းအမြဲတမ်း ပစ်မှတ်ထားပြီး အရှင်းခံရတာပဲလေ။ ဒါပေမဲ့ သူတို့တစ်နှစ်မှ ထိပ်ဆုံး သုံးနေရာကနေမဆင်းဘူး”

ကျန်းနန်တက္ကသိုလ်က ထုတ်သုံးလိုက်သော အကွက်ကိုကြည့်ပြီး အာလုံးလည်း အံ့အားသင့်ကုန်ကြသည်။

စာစဉ်ပြီး၏

All Chapters