ရှင်းအန်း၏ မင်္ဂလာလက်ဖွဲ့
Vol. 126 Ch. 1631
ချင်မူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက်မှ သူက ပြုံးလိုက်၏။ “ကျွန်တော့်လို ပြိုင်ဘက်တစ်ယောက်သာ ရှိနေရင် အရှင်မင်းကြီး မျက်ရည်ကျမိရုံတင် မဟုတ်ဘူး…. ကျွန်တော့်ကို ဘယ်လိုရှင်းလင်းရမလဲ စဉ်းစားနေရတာနဲ့တင် ခေါင်းကိုက်မိလိမ့်မယ်… အရှင်မင်းကြီး လိုချင်တာက ထာဝရတည်မြဲတဲ့ အာဏာ… အဲဒီလိုအာဏာမျိုးကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်ဖို့ပဲ…အရှင်မင်းကြီးက ကျွန်တော့်ကို အခုလို မြင်လို့ နည်းနည်းရင်ထဲ ထိသွားရုံပါပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏အသံက ပြတ်သား၍ ကောင်းကင်နတ်မြစ်ရေပြင်ကို တုန်လှုပ်သွားစေသည်အထိ ကျယ်လောင်လှသည်။
“မင်း မှန်တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချင်မူ့ကို စေ့စေ့ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်ရှိ အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ “မင်းသာ အညံ့မခံခဲ့ဘူးဆိုရင် ငါ ခေါင်းကိုက်ရမှာပဲ…” သူက တည်ကြည်လေးနက်စွာ ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေအားလုံးကို ငါ သတ်ပစ်လို့ရတယ်…. ဒါပေမဲ့ မင်းတစ်ယောက်တည်း ကျန်နေခဲ့ရင် ငါ အိပ်ပျော်စားဝင်မှာ မဟုတ်ဘူး…. မင်းက ခိုင်ဧကရာဇ်ချင်ယဲ့ထက် အန္တရာယ်များတယ်”
ချင်မူမှာ ခိုင်ဧကရာဇ်၏ နာမည်ကို ကြားလျှင် မှိုင်သွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချင်မူ၏ မျက်နှာကို အကဲခတ်နေသောကြောင့် သူ့တာအိုနှလုံးသား၏ အားနည်းနေမှုကို အာရုံခံမိသွားသည်။ သူက ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ “မင်းက ဖျက်ဆီးလို့ မရနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဆိုတော့ တစ်လောကလုံးမှာ ဘယ်သူမှ မင်းကို မသတ်နိုင်ဘူး…. တစ်လောကလုံးရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်တဲ့ ငါတောင်မှ မင်းကို မသတ်နိုင်ဘူး… မင်းကို အန္တိမဟင်းလင်းပြင်ထဲ ထားလိုက်ရင်တောင် မင်းဆိုတဲ့ကောင်က အသက်ရှင်နေဦးမယ်လို့ ငါ ထင်တယ်… ကောင်းကင်နတ်အရှင်မူ၊ မင်းကို အနိုင်ယူနိုင်တဲ့ တစ်ယောက်တည်းသောသူက မင်းပဲ”
ချင်မူက ဇဝေဇဝါ ဖြစ်နေသော မျက်နှာအမူအရာဖြင့် ခေါင်းမော့ကြည့်လာသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ၏ နှလုံးသားနေရာကို ထိလိုက်ပြီး အလေးအနက် ပြောသည်။ “ဘာလို့လဲဆိုတော့ မင်းရဲ့နှလုံးသားမှာ အားနည်းချက်ရှိတယ် ကောင်းကင်နတ်အရှင်မူ… မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အထင်ကြီးလွန်းတယ်… အဲ့ဒါက မင်းတာအိုနှလုံးသားရဲ့ သေစေနိုင်တဲ့နေရာပဲ… ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ထိလိုက်တာနဲ့ မင်းရဲ့ ချက်ကောင်းကို ထိသွားပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိနေသရွေ့ မင်းက င့ါပြိုင်ဘက် ဖြစ်လာမှာမဟုတ်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိနေသရွေ့ မင်း ရှုံးနေဦးမှာပဲ”
သူက ပြုံး၏။ “မင်းက ပြိုင်ဘက်ကင်း ဖြစ်ချင်ပေမယ့် ကစားပွဲကို ပြောင်းပြန်လှန်တဲ့နေရာမှာတော့ မတော်ဘူးလေ… မင်း မြေအောက်ဘုံအရှင်သခင်ကို ငါ့ထက် တစ်လှမ်းစောပြီး သတ်နိုင်ခဲ့တယ်…ဘယ်လောက်အံ့သြဖို့ ကောင်းလိုက်သလဲ… သခင်လေးသုံးနဲ့ သခင်လေးလေးသာ ငါ့ကို ထောက်ပံ့မပေးထားဘူးဆိုရင် ငါ အဲဒီတုန်းက သေချာပေါက်ရှုံးသွားမှာပဲ… ချင်ဖုန်းကျင့်က မြေအောက်ဘုံအရှင်သခင် ဖြစ်လာပြီး ခိုင်ဧကရာဇ်ကလည်း မင်းကို ကူညီပေးလိမ့်မယ်… တစ်လောကလုံးကို ငါ မင်းနဲ့ ညီတူညီမျှ ခွဲယူခဲ့ရမှာ…. အခု အဲ့ဒီလိုတူညီတဲ့ နည်းလမ်းကို သုံးပြီး အခြေအနေတွေကနေ ရုန်းထွက်လို့ရတယ်”
သူ၏လေသံက တင်းစီးမောက်မာနေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေမှန်သမျှကို ဖယ်ရှားရှင်းလင်းလိုက်ရင် မင်းမှာ အားနည်းချက်ဆိုတာ မရှိတော့ဘူး… ငါက အဲဒီလိုပုဂ္ဂိုလ်မျိုးပဲ… ဘယ်သူမှ ငါ့ကို တားဆီးလို့မရနိုင်သလို အရာအားလုံးကို အသုံးချနိုင်တယ်… အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ ငါက အောင်နိုင်သူ ဖြစ်လာခဲ့တာ”
ချင်မူက အကြည့်လွှဲထားပြီး မျက်လုံးချင်းမဆုံပေ။
“ငါ မင်းကို စိတ်ပျက်မိတယ်” ကောင်းကင်နတ်ဧကရာဇ်ဟောင်က အေးစက်စွာ ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာလူတွေကို စွန့်ပယ်ပြီး ရှုံးနိမ့်ပြီးတဲ့နောက်မှာ မင်းရဲ့ တာအိုနှလုံးသားကို ကာကွယ်ခဲ့မယ်ဆိုရင် မင်းနဲ့တိုက်ခိုက်နိုင်ဖို့ မျှော်လင့်လို့ရဦးမှာ…. ဒါပေမဲ့ မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်ဆီးပြီး တာအိုနှလုံးသားကို မကာကွယ်ခဲ့တဲ့အပြင် ဒီလောက်ယိုယွင်းပျက်စီးနေတဲ့ အခြေအနေမှာတောင် လက်ထပ်ခဲ့သေးတယ်… မင်းကိုယ်မင်း နောက်ထပ်ဝန်ထုပ်ဝန်ပိုးတစ်ခု ပေးလိုက်တာပဲ”
ချင်မူ့နှုတ်ခမ်းထောင့်များ တွန့်သွားသော်လည်း ဘာမှမပြောပေ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ရုတ်တရက် ဖော်ပြ၍မရနိုင်သော ပျော်ရွှင်လန်းဆန်းမှုကို ခံစားလိုက်ရသည်။ သူ့တာအိုနှလုံးသားမှာ ကြည်လင်သွားပြီး တာအိုနှလုံးသားထဲ၌ ဖိနှိပ်ထားသည့် စိတ်နှလုံးမိစ္ဆာမှာ အစအနပင်မကျန်အောင် ပျောက်ကွယ်သွားတော့၏။ သူက နွေးထွေးစွာ ပြုံးလိုက်သည်။ “ဒါပေမဲ့ မင်းက ကောင်းကင်နတ်အရှင်မူဆိုတော့ မင်းအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး…. ငါက ကောင်းကင်နတ်ဧကရာဇ်ဆိုတော့ မင်း အသက်ရှင်နေသရွေ့ ငါ့အနေနဲ့ မင်းရဲ့တာအိုနှလုံးသားကို ဖြည့်ဆည်းဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်ဆီးပေးဖို့လည်း မဖြစ်နိုင်ဘူး….”
သူက ပြုံး၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို အခုလို မြင်လိုက်ရတုန်းက ငါ့နှလုံးသားက နာကျင်လာခဲ့ပေမယ့် မင်းကို ကျေးဇူးလည်း တင်မိတယ်…. ငါ့နှလုံးသားက မင်းရဲ့ပျက်စီးယိုယွင်းမှုကြောင့် နာကျင်ခဲ့ရပေမယ့် မင်းကို အနိုင်ယူနိုင်တဲ့အတွက်လည်း ကျေးဇူးတင်မိတယ်…”
ချင်မူသည် အက်ကွဲနေသောအသံဖြင့် အားတင်းရုန်းကန်၍ တုံ့ပြန်သည်။ “ကျွန်တော့်ကို အနိုင်ယူခဲ့တာ ခင်ဗျား မဟုတ်ပါဘူး…မီလော့နန်းတော်ရဲ့ သခင်လေးသုံးနဲ့ သခင်လေးလေးပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ခွန်အားငှားယူနိုင်တာလည်း ခွန်အားတစ်မျိုးပဲလေ…. ငါ့ရဲ့ ခမည်းတော်ထိုက်ချူကလည်း မီလော့နန်းတော်ရဲ့ စွမ်းအားကို ငှားယူချင်ခဲ့တာပဲမလား…. သူက ငှားယူချင်ခဲ့ပေမယ့် မငှားနိုင်ခဲ့ဘူး… ဒါက ငါ့ခွန်အားပဲ…မင်းက ရှုံးသွားပြီဆိုတော့ မင်းကိုယ်မင်း ဖြေသိမ့်နေစရာ မလိုဘူး”
ချင်မူက ပါးစပ်ဟ၍ သက်ပြင်းချလိုက်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံး၏။ “မင်း အခုလို ချမ်းချမ်းသာသာနဲ့ အေးဆေးနေလိုက်ပါတော့… ဒီနေရာက ကောင်းပါတယ်…. ရှုခင်းလည်း လှတယ်… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနဲ့လည်း မဝေးဘူး… မင်းကို အဖော်ပြုပေးမယ့် မိန်းမလှလေးလည်း ရှိတယ်”
ချင်မူ ရုတ်တရက် လှည့်ကြည့်လိုက်ရာ လင်ယွိရှို့သည် မဝံ့မရဲ လျှောက်လာသည်ကို တွေ့လိုက်ရ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချင်မူ့ခန္ဓာကိုယ် တောင့်တင်းသွားသည်ကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်သည်။ ချင်မူမှာ သိသိသာသာပင် စိုးရိမ်ပူပန်နေ၏။
“မင်း တကယ် ရှူံးသွားပြီပဲ…”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပူဆွေး၀မ်းနည်းနေသည့်ပုံဖြင့် ပြောသည်။ “မင်းက မတွယ်တာသင့်တဲ့ သံယောဇဉ်ခံစားချက်တွေကြောင့် ရှုံးသွားတာပဲ…. မင်းကိုယ်မင်း ပြန်တည်ဆောက်စေချင်တယ်…. ဒါမှ ငါ မင်းကို နောက်တစ်ကြိမ် အနိုင်ယူလို့ရမှာ…”
သူသည် မသိလိုက်ဘဲ အသိစိတ်အလျဉ်ကို ထုတ်လွှတ်လိုက်မိသည်။ ဤအသတ်အဖြတ်အရှိန်အဝါက ချင်မူ့ကို ရည်ရွယ်ထားခြင်းမဟုတ်ဘဲ လင်ယွိရှို့ကို ရည်ရွယ်ခြင်း ဖြစ်၏။
ထိုအခိုက်အတန့်တွင် သူ့ဘေးရှိ ချင်မူ့တာအိုနှလုံးသားမှာ အသက်ပြန်၀င်လာသော နွေဦးသစ်ပင်တစ်ပင်အလားပင်။ ထိန်းချုပ်ကန့်သတ်ထားခံရသည့် အလွှာများစွာက ပျောက်ကွယ်သွားသကဲ့သို့ သူ့အသတ်အဖြတ်စိတ်ဆန္ဒက ပိုပို၍ အားကောင်းလာသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်ပြီး သူ့ဦးခေါင်းအနောက်ရှိ ကောင်းကင်နတ်ဘုံနှစ်ခုက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးနှစ်ခုကို ဖွဲ့တည်လိုက်၏။
တဝုန်းဝုန်းမြည်သံများ ချင်မူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူ၏ တည်ငြိမ်နေသော တာအိုနှလုံးသားမှာ လျင်မြန်စွာ နိုးထလာတော့သည်။
ရုတ်တရက် ကောင်းကင်နတ်ဧကရာဇ်ဟောင်က လှည့်လာပြီး ချင်မူ့လက်ဆီသို့ သူ့လက်ဖြင့် ရိုက်ချလိုက်၏။ သူတို့နှစ်ယောက် ၀င်တိုက်သွားသည့်အခါ ကောင်းကင်နတ်မြစ်တွင် ကောင်းကင်ကို နှစ်ခြမ်းကွဲသွားစေနိုင်သည့် လှိုင်းဂယက်များ ဖြာထွက်လာသည်။ ၎င်းက နှိုင်းယှဉ်၍ မရနိုင်အောင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။
ကောင်းကင်ရှိ အဖြူရောင်နှင့် မီးခိုးရောင်တိမ်တိုက်များမှာ လွင့်ပြယ်သွားကြပြီး ကောင်းကင်မှာ ရေပြင်အလား ကြည်လင်လာသည်။
ချင်မူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ လင်ယွိရှို့ကို ကာကွယ်ပေးလိုက်၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က လက်ကို ကျောနောက်ပစ်၍ သူတို့နှစ်ယောက်အနားသို့ လျှောက်လာပြီး ခေါင်းညိတ်လိုက်သည်။ “ခယ်မ၊ မင်းက ကောင်းကင်နတ်အရှင်ဟွေ့လူ၀င်စားကို သတ်ဖို့ လူတစ်ယောက် လွှတ်လိုက်တယ်မလား… အဲ့ဒီလူက သေတ္တာတစ်လုံး သယ်ထားပြီး ကောင်းကင်နတ်အရှင်ယွီရဲ့ ရုပ်ခန္ဓာကို ပိုင်ထားတယ်… အဲ့ဒီလူက ဘယ်သူလဲ”
လင်ယွိရှို့က ကောင်းကင်နတ်ဧကရာဇ်ဟောင်အပေါ် မရိုမသေမပြုရဲသဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အဲ့ဒါက မိစ္ဆာလမ်းစဉ် နတ်ဘုရားတစ်ပါး ဖြစ်တဲ့ ရှင်းအန်းပါ…. သူက သိပ်ကို စွမ်းအားကြီးပေမယ့် အကျင့်စရိုက်က ထူးဆန်းပါတယ်…”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူတို့နှစ်ယောက်ဘေးမှ ဖြတ်သွားပြီး ပြောသည်။ “ငါ သူ့ကို ရှာနေတာ… ငါ ရှာနေတဲ့ ပုဂ္ဂိုလ်ဆိုတာ အဲ့ဒီလူဖြစ်ကြောင်း ဧကရာဇ်ယန်ဖုန်းကို ပြောပေးဖို့ ခယ်မလေးကိုပဲ အကူအညီ တောင်းရတော့မှာပဲ… ဒီလူကို ကောင်းကင်နတ်ဘုံဆီ ပို့ပေးရင် ဆုလာဘ် ချီးမြှင့်မယ်လို့ သူ့ကို ပြောပေးပါ”
လင်ယွိရှို့မှာ အခက်တွေ့သွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ငါ့လက်ထဲမှာ ရှိနေသေးတယ်… မင်း ရိုးသားသရွေ့ ငါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို မထိဘူး”
ချင်မူမှာ တစ်ချက်မျှ ညည်းတွားလိုက်ပြီး သွေးတစ်လုတ် အန်လိုက်ရသည်။ သက်သာလာဆဲဖြစ်သည့် သူ၏တာအိုနှလုံးသားမှာ ချက်ချင်း မှိန်ကျသွားပြီး တစ်လွှာပြီးတစ်လွှာ ပြန်လည်ချိပ်ပိတ်သွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တဟားဟား ရယ်မောပြီးနောက် သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။
လင်ယွိရှို့က ချက်ချင်း ချင်မူ့ဒဏ်ရာများကို စစ်ဆေးကြည့်ရန် ပြင်သည့်အခါ ချင်မူက လက်ရမ်းပြသည်။ “ငါ အဆင်ပြေပါတယ်…. သူ ငါ့ကို ထိခိုက်အောင် လုပ်လို့ရပေမယ့် သတ်တော့ မသတ်နိုင်ဘူး အပြည့်အ၀ စိတ်မချသေးတဲ့အတွက် ငါ့ခန္ဓာကိုယ်ပေါ်မှာ အကောင်းပကတိအတိုင်း ကုသလို့ မရတဲ့ တာအိုဒဏ်ရာတွေကို ထားခဲ့ချင်တာပဲ… ဒီဒဏ်ရာတွေကို မကြာခင် ကုနိုင်မှာပါ…”
လင်ယွိရှို့မှာ စိတ်အေးသွားသော်လည်း စိတ်ပူနေသော အသံဖြင့် ဆက်မေးသည်။ “နင့် တာအိုနှလုံးသားကို နှိုးထပြီး သူနဲ့ တိုက်ခိုက်ရင် နင့်ကို သူ ရိပ်မိသွားမှာလား...”
ချင်မူက သူ၏ကျင့်စဉ်ကို အသက်သွင်းလျက် တာအိုဒဏ်ရာများကို သက်သာစေလိုက်ပြီး ခေါင်းခါသည်။ “ဒါကြောင့်ပဲ သူ သံသယမ၀င်မှာ…. ငါ စိုးရိမ်မိတာ တစ်ခုတော့ ရှိတယ်….”
သူက ကောင်းကင်နတ်ဧကရာဇ်ဟောင် ထွက်ခွာသွားသော နေရာသို့ ကြည့်လိုက်၏။ “သူ ငါ့ကို အနိုင်ယူနိုင်ပြီ ထင်ခဲ့တော့ သူ့ရဲ့နှလုံးသားထဲက စိတ်နှလုံးမိစ္ဆာတွေ ပျောက်ကွယ်သွားပြီ… တာအိုအဆင့်လည်း တက်သွားပြီ ဖြစ်ရမယ်… အရင်က ထပ်ပိုပြီးသန်မာနေတယ်”
လင်ယွိရှို့ မျက်မှောင်ကြုတ်နေသည်။
ချင်မူက မေးလိုက်သည်။ “ရှင်းအန်းက ဘာဖြစ်လို့လဲ”
လင်ယွိရှို့က ကောင်းကင်နတ်အရှင်ဟွေ့၏ လူဝင်စားကို သတ်ရန် ရှင်းအန်းအား စေလွှတ်ခဲ့သည့်အကြောင်းကို ပြောပြသည်။ “၀န်မင်းရှင်းအန်းက ပြန်လာပြီးကတည်းက ကြယ်ခြွေတောင်ထွတ်မှာပဲ တံခါးပိတ်ကျင့်ကြံနေတာ… ဘာတွေဖြစ်သွားသလဲ ငါလည်း မသိဘူး”
“ကောင်းကင်နတ်အရှင်ဟွေ့ကို အသတ်ချင်ဆုံးသူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ပဲ…. ကောင်းကင်နတ်ဧကရာဇ်ရဲ့ လူဝင်စားက ရှင်းအန်းနဲ့ တွေ့ပြီး သူ့လက်ထဲမှာ သေဆုံးခဲ့ရတာ ဖြစ်မယ်”
ချင်မူမှာ ဖြစ်ကြောင်းကုန်စင်ကို မျက်စိတစ်မှိတ်အတွင်း ခန့်မှန်းနိုင်ခဲ့သည်။ “ရှင်းအန်းက မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့သူ…. သူ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို တစ်ယောက်တည်း လေ့လာနေရင် အောင်မြင်မှုရဖို့ ခက်ခဲလိမ့်မယ်လို့ ငါ သူ့ကို ပြောခဲ့ဖူးတယ်…. ကြည့်ရတာ ဒီနှစ်တွေအတွင်း အတော်လေး အောင်မြင်ခဲ့ပြီးပြီ ဖြစ်မယ်… ဒါကြောင့် ကောင်းကင်နတ်ဧကရာဇ်ရဲ့ လူဝင်စားကိုတောင် အနိုင်ယူခဲ့တာပဲ…. ငါတို့မင်္ဂလာပွဲအတွက် သူ ဘာမင်္ဂလာလက်ဖွဲ့ ပို့လိုက်လဲ”
လင်ယွိရှို့က တခဏ တွန့်ဆုတ်နေပြီးနောက် တိုးညှင်းသောအသံလေးဖြင့် ပြောသည်။ “တာအိုအမှတ်အသားမျိုးစုံနဲ့ ပြည့်နေတဲ့ လူ့အရေပြားတစ်ချပ် ပို့လိုက်တာ… ငါ အတော်လေး လန့်သွားလို့ နင့်ကို မပြခဲ့မိဘူး”
ချင်မူ့နှလုံးသားမှာ အနည်းငယ်လှုပ်ရှားသွားသည်။ သူက တည်ကြည်လေးနက်စွာ မေးလိုက်သည်။ “အဲဒီအရေပြားက ဘယ်မှာလဲ… ငါ ကြည့်ချင်တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်ကြောင့် ရရှိခဲ့သည့် တာအိုဒဏ်ရာမှာ အတော်လေး ခေါင်းမာသည်။ မကြာခဏ ပြန်လည်ထွက်ပေါ်လာတတ်ပြီး ပြင်းထန်လှသော နာကျင်မှုကို ခံစားရစေသော်လည်း သူ့ကို မသတ်နိုင်ပေ။
ချင်မူမှာ မကြာခဏ မျက်မှောင်ကြုတ်နေတတ်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် တာအိုနှလုံးသားထဲရှိ စိတ်နှလုံးမိစ္ဆာ ကွယ်ပျောက်သွားပြီးနောက် ယခင်ကထက် အမှန်တကယ် သန်မာလာခဲ့ချေပြီ။
လင်ယွိရှို့က ကျောက်စိမ်းသေတ္တာတတစ်လုံး ထုတ်လိုက်၏။ ၎င်းအပေါ်တွင် ချိတ်တံဆိပ်တစ်ခု မှတ်သားထားသည်။ သူ
ချင်မူက ချိပ်တံဆိပ်ကို ဖြေလိုက်ကာ အရေပြားကို ဖြန့်ကြည့်လိုက်သည်။ အနီးကပ် ကြည့်ရှုလိုက်သည့်အချိန်တွင် လူအရေပြားပေါ်ရှိ တာအိုအမှတ်အသားများမှာ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ရတနာခန်းမ ၅၈ ခုတို့၏ အသေးစိတ်တည်ဆောက်ပုံများ ဖြစ်ကြပြီး အရေပြားအနောက်တွင်တော့ ကောင်းကင်နန်းဆောင် ၃၅ ဆောင်နှင့် ရတနာခန်းမ ၅၈ ခုတို့၏ တည်ဆောက်ပုံက နေရာယူထားသည်။
မဟာကောင်းကင်နတ်ဘုံနှစ်ခုမှာ အလွန်တရာ အသေးစိတ်ကျသော တာအိုအမှတ်အသားများဖြင့် ခွဲခြားခံထားရပြီး အရေးကြီးသော နန်းဆောင်များဖြစ်သည့် ခရမ်းရောင်ကောင်းကင်ဘုံခန်းမနှင့် နတ်ကောင်းကင်ခန်းမတို့ပင်လျှင် အသေးစိတ် ခွဲခြမ်းစိတ်ဖြာပေးထားသည်။
လူအရေပြားမှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကျင့်စဉ်နှင့် သူ၏မဟာတာအိုတွင် ပါဝင်သော သဘောတရားနိယာမတို့ ဖြစ်နေ၏။
ချင်မူမှာ လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။ “ဒါ ကောင်းကင်နတ်ဧကရာဇ်ဟောင် လူဝင်စားရဲ့ အရေပြားပဲ…. ရှင်းအန်းက ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ လူဝင်စားကို သတ်ခဲ့တဲ့အပြင် အရေခွံပါ ဆုတ်ခဲ့သေးတာ…. မဟုတ်ဘူး… ရှင်းအန်းက ကောင်းကင်နတ်ဧကရာဇ်ဟောင်လူဝင်စားကို အစိတ်အပိုင်းတစ်ခုချင်းစီ အသေအချာ ပိုင်းဖြတ်ခဲ့တာ…. သူ ဒါကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့တာ အံ့သြစရာမရှိဘူး… ပေါ့သေးသေး လက်ဖွဲ့ မဟုတ်ဘူး”
လင်ယွိရှို့မှာ ကြက်သီးမွှေးညှင်းများ ထလာမိသည်။ ဤလူသားအရေပြားမှာ ကောင်းကင်နတ်ဧကရာဇ်ဟောင် လူဝင်စား၏ အရေပြား ဖြစ်သည်တဲ့လော။
ရှင်းအန်းသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မဟာကောင်းကင်နတ်ဘုံနှစ်ခုကို အမှန်တကယ် ရှင်းလင်းအဖြေထုတ်နိုင်ခဲ့ခြင်းက သူမကို ပို၍ပင် အံ့ဩမိစေသည်။
ဤသည်က လူသားတစ်ယောက် လုပ်နိုင်သည့်အရာ မဟုတ်ပေ။
ချင်မူက အသေအချာ အဖြေထုတ်ပြီးနောက် မကြာမီ သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအိုဒဏ်ရာများအတွက် ကုသရန် နည်းလမ်း တွေ့ရှိသွားသည်။ “ရှင်းအန်းပေးလိုက်တဲ့ ဒီအရေပြားမှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ ပြစ်ချက်ခြောက်ခု ပါတယ်…. သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ ကျင့်စဉ်က ပြစ်ချက်တွေမှန်သမျှ ရှာဖို့ ကြိုးစားနေခဲ့တာ ဖြစ်မယ်… ဒီလူ မကောင်းဆိုးဝါးပဲ… ဒီနှစ်တွေအတွင်း ဒီလောက်နက်နဲတဲ့ အောင်မြင်မှုရဖို့က မဖြစ်နိုင်ဘူး…. ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုနဲ့ ထိတွေ့မိရင်တောင် ဒီအထိ လုပ်နိုင်ဖို့က မဖြစ်နိုင်ဘူး..”
လင်ယွိရှို့က သူ၏အရိပ်အခြည်ကို အကဲခတ်ကာ မဝံ့မရဲ ပြောသည်။ “ဒီနှစ်တွေအတွင်း ၀န်မင်းရှင်းက ကြယ်ခြွေတောင်ထွတ်မှာ တစ်ယောက်တည်း နေခဲ့တဲ့အတွက် ငါ သူ့ဆီကို လူလွှတ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေ ပို့ပေးခဲ့တယ်… ငါ မှားသွားတာလားဟင်”
ချင်မူမှာ သူမ၏မေးခွန်းကြောင့် ရုတ်တရက် ကြောင်သွားသော်လည်း ခေါင်းရမ်းကာ ပြုံးလိုက်သည်။ “ကိုယ့်မိန်းမ မမှားပါဘူးကွာ … ရှင်းအန်းက အနှိုင်းမဲ့အောင် ရက်စက်ကောက်ကျစ်တဲ့သူ ဆိုပေမယ့် စည်းကမ်းတစ်ခုတော့ ရှိတယ်…. ဘယ်တော့မှ အားနည်းတဲ့သူကို မတိုက်ခိုက်တဲ့အပြင် လူသားတွေရဲ့ အသက်ကိုလည်း ထိခိုက်အောင် မလုပ်ဘူး… သူ့ကို သိုင်းလောကမှာသာ ပျိုးထောင်ခဲ့မယ်ဆိုရင် မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်လာမှာ…. သူ့ကို အရေးပါတဲ့နေရာတစ်နေရာ ပေးထားပြီး သူလိုချင်တာကို ဖြည့်ဆည်းပေးမယ်ဆိုရင် မကောင်းတဲ့ကိစ္စတွေ ဘာမှမလုပ်ဘဲ လေ့လာသင်ယူဖို့ပဲ အာရုံစိုက်လိမ့်မယ်”
လင်ယွိရှို့လည်း စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်မိသည်။ “ဒါဆို ၀န်မင်းရှင်းအန်းကို ကောင်းကင်နတ်ဘုံဆီ လွှတ်လိုက်ရမှာလား”
“သူ သွားချင်တယ်ဆိုရင်တော့ ခွင့်ပြုပေးလိုက်ပါ”
ချင်မူက ခေါင်းမော့ကြည့်မလာဘဲ ဆက်လက်လေ့လာနေသည်။ “သူ ကောင်းကင်နတ်ဘုံမှာ ကြာကြာနေမှာ မဟုတ်ဘူး… သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဝင်ရောက်ခဲ့ပြီးပြီဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူပြည်သားတစ်ယောက် ဖြစ်နေပြီ…. ပျက်စီးယိုယွင်းနေတဲ့ ကောင်းကင်နတ်ဘုံမှာ သူ့အတွက် နေရာမရှိဘူး… ခဏလေး စောင့်ဦးနော်”
ထိုသို့ပြောပြီးနောက် ချင်မူသည် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွား၏။ အိမ်မက်အလွှာတစ်ခုပြီးတစ်ခုက ပျံ့ထွက်လာပြီး ချင်မူပိစိလေးများသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်လူဝင်စား၏ အရေပြားကို မ,ထားကြ၏။
လင်ယွိရှို့မှာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေသည်။ သူမမှာ သူ နိုးထလာသည်ကိုသာ စောင့်နေရတော့သည်။
ချင်မူက တစ်ရက်နှင့်တစ်ည ကြာသည့်အထိ အိပ်နေခဲ့ပြီး အိမ်မက်များက ပိုပို၍ နက်ရှိုင်းလာခဲ့သည်။ အိပ်မက်ထဲတွင် နှစ်ပေါင်းရာဂဏန်းမျှ ကုန်ဆုံးသွားပြီဖြစ်သော်လည်း ရုတ်တရက် အိပ်မက်အလွှာများက လွင့်ပြယ်ပျောက်ကွယ်သွား၏။ ချင်မူ နိုးထလာသည့်အချိန်တွင် စုတ်တံကို မြှောက်ကာ လူသားအရေပြားပေါ်တွင် တာအိုအမှတ်အသားတချို့ ရေးဆွဲသည်။ “မိန်းမရေ၊ ရှင်းအန်းဆီ ဒီလူအရေပြားကို လူလွှတ် ပို့ခိုင်းလိုက်ပါဦး …. သူ အဖြေမထုတ်နိုင်ခဲ့တဲ့ တာအိုအမှတ်အသားတချို့ကို ပြင်ရဦးမယ်…”
လင်ယွိရှို့က တခစ်ခစ် ရယ်မောလိုက်သည်။ “ကော်းကင်နတ်အရှင်မူက တခြားသူတွေထက် အားမနည်းဘူးဆိုတော့ တိုက်ခိုက်ရမယ်မလား….”
ချင်မူက ကျောနောက်တွင် လက်ပစ်၍ အေးဆေးဆေးဆေး တုံ့ပြန်လိုက်သည်။ “ဒါပေါ့ကွာ”
လင်ယွိရှို့က လူအရေပြားကို သိမ်းပြီးနောက် ချက်ချင်းပင် ကြယ်ခြွေတောင်ထွတ်သို့ လူလွှတ်၍ ပို့ဆောင်စေသည်။
ချင်မူက မျက်လုံးများမှိတ်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကျင့်စဉ်အကြောင်း အသေအချာ တွေးတောကာ မှတ်သားနေသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မွေးရာပါချီအောင်မြင်မှုများက သူ့ထက်သာလွန်ပြီး အဆုံးသတ်မြို့ပျက်လမ်းစဉ်တွင်လည်း အလွန်တရာမြင့်မားသော အောင်မြင်မှုများ ရရှိထားသည်။ အထူးသဖြင့် ထိုက်စုလမ်းစဉ်တွင်လည်း ဖြစ်၏။ ချင်မူ နားမလည်သည့် အရာများလည်း ပါရှိလေသည်။
ချင်မူက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အားသာချက်မျာကို သူကိုယ်တိုင်၏ အားနည်းချက်များတွင် ဖြည့်တင်းကာ လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်အား တိုးတက်စေသည်။ အချိန်အတော်ကြာပြီးနောက် သူသည် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလျက် သူ၏ချီစွမ်းအင်အား ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်သည်။ သူ၏ ကောင်းကင်ရတနာနယ်ပယ် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်က စကြ၀ဠာဖြစ်လာ၏။
ထိုအခိုက်အတန့်တွင် သူ့ကောင်းကင်ရတနာနယ်ပယ်၏ အတွင်းပိုင်းထဲမှ ထွက်ပေါ်လာသည့် အက်ကွဲသံတစ်ချက်အား ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
အဆုံးသတ်မြို့ပျက်၏ ဖရိုဖရဲပင်လယ် အောက်ဆုံးအလွှာထဲတွင် ကြာပန်းစေ့တစ်စေ့ကား အညှောင့်ပေါက်လာချေပြီ။