စင်္ကာပူတွင် ...
Vol. 6 Ch. 519
စင်္ကာပူ နိုင်ငံသည် စတုရန်း ကီလိုမီတာ ခုနစ်ရာမျှသာ ကျယ်ဝန်းသော်လည်း ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံများအနက် တစ်ခု အပါအဝင် ဖြစ်သည်။ စင်္ကာပူ နိုင်ငံတွင် နေထိုင်သူ ငါးသန်းကျော် ရှိကာ အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။
နဂါးခန်းမ၏ အခြေစိုက် စခန်းသည် စင်္ကာပူ မြို့လယ်ရှိ နဂါးအဆောက်အဦတွင် တည်ရှိသည်။ ထိုအဆောက်အဦက မီတာ သုံးရာခန့် မြင့်မားကာ ကောင်းကင်သို့ ဓားတစ်ချောင်း အလား ထောင်မတ်နေ၏။
ဟူး ... ဟူး ... ဟူး ...
ညနေစောင်း အချိန်၌ G650 လေယာဉ် တစ်စင်းသည် စင်္ကာပူ လေဆိပ်သို့ ဆင်းသက်လာ၏။ ထို့နောက် လေယာဉ်၏ တံခါး ပွင့်လာကာ အလွန်အမင်း လှပသော မိန်းကလေး တစ်ယောက် ထွက်ပေါ်လာသည်။
ထိုမိန်းကလေးသည် ကော်ဖီရောင် နေကာ မျက်မှန်နှင့် ဝါညိုရောင် ဂျာကင်ကို ဆင်မြန်းထားသည်။ သူမ၏ ပုံစံက လွှမ်းမိုးနိုင်စွမ်း ရှိသော သူဌေးသမီး တစ်ဦး ဖြစ်ကြောင်း သိသာစေသည်။
သူမ၏ နောက်တွင်မူ အစောင့်တစ်အုပ်က စည်းကမ်းရှိစွာ လိုက်ပါလာသည်။ ချန်းဖန်နှင့် ရှဲ့ရန်တို့သည်လည်း အစောင့် ဝတ်စုံများ ဝတ်ကာ ထိုအုပ်စုထဲတွင် ရောနှော ပါဝင်နေ၏။
"ဆရာ ... ဝူကန်းချိုး စင်္ကာပူမှာ ရှိနေတာ တွေ့လား ..."
ရှဲ့ရန်က ချန်းဖန်အား မေးလိုက်သည်။
တန်ခိုးရှင် အဆင့်များ၏ ဝိညာဉ် စွမ်းအားသည် အလွန် အစွမ်းထက်၏။ သူတို့သည် အခြား တန်ခိုးရှင်များ၏ တည်ရှိမှုကို အလွယ်တကူပင် အာရုံခံနိုင်သည်။
ထို့ကြောင့်ပင် ရှဲ့ရန်သည် ဝိညာဉ် စွမ်းအင်ကို ဖြန့်ကြက်ပြီး ပစ်မှတ်အား လက်လွတ်စပယ် မရှာဖွေရဲချေ။
"သူက ရှိနေမှာတော့ သေချာပါတယ် ... ဒါပေမဲ့ ငါက သူ့ကို မမြင်ဖူးတော့ ရှာရခက်တယ် ... အရမ်းကြီးလည်း မလုပ်ရဲဘူး ... တော်ကြာ ငါတို့ လာတာကို သူ သတိထား မိသွားမှာ စိုးရိမ်လို့ ..."
ချန်းဖန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူ၏ နတ်ဘုရား စိတ်အာရုံသည် ဝိညာဉ် စွမ်းအင် ဖြန့်ကြက်မှုထက် ပိုမို အစွမ်းထက်သည်။ သို့သော်လည်း အရမ်း နီးကပ်နေလျှင်မူ တန်ခိုးရှင် အဆင့် အနေဖြင့် သတိထားမိနိုင်သည်။
"နဂါး အဆောက်အဦဆီကို အရင် သွားကြရအောင် ..."
လေဆိပ်၏ အပြင်ဘက်သို့ ထွက်သည်နှင့် မာစီဒီးဘန့် SUV အနက်ရောင် ကားများသည် သူတို့အား စောင့်ကြိုနေ၏။
ကောနွမ်နွမ်က ချန်းဖန်နှင့် ရှဲ့ရန်တို့အား ထိပ်ဆုံးရှိ ကားသို့ ဦးဆောင်ခေါ်လာခဲ့သည်။ ကား အတွင်း၌ နေရာယူပြီးနောက် ကောနွမ်နွမ်က နေကာမျက်မှန်ကို ချွတ်ရင်း မေးလိုက်၏။
"နောက် အစီအစဉ်က ဘာလဲ ... ကျွန်မတို့ သူ့ကို အပြင်ရောက်အောင် မြားခေါ်ပြီး သတ်မှာလား ..."
"ကျွန်မတို့ ဟုတ်လား ... ငါရယ် ရှဲ့ရန်ရယ်ပဲ ရှိတယ် ... ငါတို့ အဖွဲ့ထဲမှာ နင်မပါဘူး ..."
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။
"ရှင် ..."
ကောနွမ်နွမ်၏ မျက်နှာက ဒေါသကြောင့် အနည်းငယ် နီရဲသွား၏။ သို့သော်လည်း သူမက စိတ်ကို ချက်ချင်း ပြန်ထိန်းချုပ်ရင်း ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်၏။
"ကျွန်မ ရှင်တို့ကို ဝူကန်းချိုး ရှိတဲ့ နေရာ အထိ ခေါ်သွားပေးနိုင်တယ် ... ကျွန်မက စင်္ကာပူ ကောမိသားစုရဲ့ မျိုးဆက် ဆိုတော့ ... ဝူကန်းချိုးကို ရှာဖို့က မခက်ဘူး ..."
"ကျေးဇူးပါပဲ ... ဒါပေမဲ့ မလိုတော့ဘူး ... သူ နဂါး အဆောက်အဦထဲမှာ ရှိတာ သိနေပြီပဲ ... ငါက သူ့ရဲ့ အငွေ့အသက်နဲ့ သိပ်မရင်းနှီးတော့ သူဟုတ်လား မဟုတ်လား မသေချာရုံတင်ပါ ..."
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်သည်။
သိပ်မကြာခင် မှာပင် သူတို့၏ ကားလေးသည် နဂါး အဆောက်အဦသို့ ရောက်လာခဲ့၏။
နဂါး အဆောက်အဦသည် နဂါးခန်းမ အခြေစိုက်ရာ နေရာဖြစ်သည်။ အဆောက်အဦ တစ်ဝိုက်၌ လုံခြုံရေးကို တင်းကျပ်စွာ ချမှတ်ထား၏။ မီတာ တစ်ရာစီတိုင်းတွင် စစ်ဆေးရေးဂိတ် တစ်ခုရှိပြီး နဂါး အမှတ်အသားပါသော စစ်သားများက စောင့်ရှောက်နေကြသည်။
"ကျွန်မက ကောမိသားစုက ကောနွမ်နွမ်ပါ ... ဒီကို လာတာ ကျွန်မ အဖေ ကောရှို့ခန်နဲ့ တွေ့ချင်လို့ပါ ..."
ကောနွမ်နွမ်က ကားမှန်ကို ချရင်း ပြောလိုက်၏။
ကောရှို့ခန်သည် ကောမိသားစု ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ ကောနွမ်နွမ်သည် ကောရှို့ခန်နှင့် အတူ နဂါးခန်းမသို့ အကြိမ်များစွာ လာရောက် လည်ပတ်ဖူးသည်။ ထို့ကြောင့်ပင် အစောင့်များက ကောနွမ်နွမ်ကို ထွေထွေထူးထူး စစ်ဆေး မနေတော့ပဲ ဝင်ခွင့်ပြုလိုက်သည်။
"ဒီနေရာက တော်တော်လေး ကြီးကျယ် ခမ်းနားတာပဲ ..."
ချန်းဖန်က နဂါး အဆောက်အဦကြီးကို မော့ကြည့်ရင်း ရေရွတ်လိုက်မိသည်။
"ဒီအဆောက်အဦကို အရင်းအနှီး အများကြီး အကုန်အကျခံပြီး ဆောက်ထားတာပါ ..."
ရှဲ့ရန်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
ချန်းဖန်တို့ လုံခြုံရေးဂိတ်များကို ကျော်ဖြတ်ပြီးသည်နှင့် အဆောက်အဦ အတွင်းမှ လူတစ်စု ထွက်ပေါ်လာသည်။ ထိုအုပ်စု၏ ခေါင်းဆောင် ဖြစ်ဟန် တူသော လူကြီး တစ်ယောက်က ကောနွမ်နွမ်အား ကျယ်လောင်စွာ နှုတ်ဆက်လိုက်၏။
"ကောနွမ်နွမ် ... ဒီကို ဘယ်လို ရောက်လာတာလဲ ... အော် သိပြီ ... နင်က ငါ့ချွေးမ လုပ်ဖို့ လက်ခံလိုက်ပြီ ထင်တယ် ..."
ထိုလူကြီးကား မလေးရှား အထွတ်အထိပ် ပညာရှင် လမ့်ကျန့်ဖန်း ဖြစ်ကြောင်း ချန်းဖန် ချက်ချင်းပင် မှတ်မိလိုက်သည်။ သို့သော်လည်း လမ့်ကျန့်ဖန်းကမူ အစောင့် ဝတ်စုံများ ဝတ်ဆင်ထားသော ချန်းဖန်နှင့် ရှဲ့ရန်တို့အား သတိပြုမိပုံ မရချေ။
"တွေရတာ ဝမ်းသာပါတယ် ဦးလေးလမ့် ..."
ကောနွမ်နွမ်က ခေါင်းညိတ်ရင်း ပြန်လည် နှုတ်ဆက်လိုက်သည်။
ထို့နောက် သူမက လမ့်ကျန့်ဖန်း၏ နောက်တွင် ရပ်နေသော လူကြီး တစ်ယောက်အား သတိထား မိသွား၏။
"အဖေကြီး ..."
ကောနွမ်နွမ်က ငိုယိုရင်း ထိုလူကြီးအား ပြေးဖက်လိုက်သည်။
"နွမ်နွမ် ... သမီး ပြန်လာပြီလား ..."
ကောရှို့ခန်၏ မျက်နှာ၌ နောင်တနှင့် ရှက်ရွံ့မှုက အနည်းငယ် ဖုံးလွှမ်းနေခဲ့သည်။
သူ၏ ခွင့်ပြုချက် မပါလျှင် လမ့်ထုံက ကောနွမ်နွမ်အား လက်ထပ်ရန် အတင်းအကျပ် ဖိအားပေးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မိသားစု၏ အကြပ်အတည်းကြောင့် သူ့တွင် ရွေးချယ်စရာ မရှိခဲ့ချေ။
"အချိန်ကိုက်ပဲ ... အဖေနဲ့ ဦးလေးလမ့်တို့က အခုပဲ သမီးတို့ရဲ့ လက်ထပ်ပွဲ အကြောင်း ဆွေးနွေး နေကြတာ ... သမီးသိတဲ့ အတိုင်းပဲ ... ခေါင်းဆောင် အပြောင်းအလဲမှာ နဂါးခန်းမက အခက်အခဲတွေ အများကြီး ကြုံနေရတယ် ... ဒါပေမဲ့ ဦးလေးလမ့်က သမီးနဲ့ လမ့်ထုံတို့အတွက် နေရာနှစ်ခု ချန်ထားတယ်တဲ့ ..." ကောရှို့ခန်က ပြောလိုက်သည်။
"နွမ်နွမ် ... သမီး အဖေကို အပြစ်မတင်နဲ့နော် ... သမီးက အနှေးနဲ့ အမြန် လက်ထပ်ရမယ့် အရွယ်ကို ရောက်နေပြီ ... လမ့်ထုံလို လူမျိုးက သမီးအတွက် အသင့်တော်ဆုံးပဲ ..."
"နွမ်နွမ်ရဲ့ အလှအပနဲ့ဆိုရင် လမ့်ထုံရဲ့ ပါရမီကပဲ လိုက်ဖက်နိုင်မယ် ... တကယ့်ကို နတ်ဖက်တဲ့ စုံတွဲပဲ ... ဂုဏ်ယူပါတယ် ..."
"ဒါပေါ့ ... ဒါပေါ့ ... လက်ထပ်ပွဲကျ ဦးကို ဖိတ်ဖို့ မမေ့နဲ့ဦးနော် ..."
"ရှောင်ထုံနဲ့ နွမ်နွမ်တို့ရဲ့ လက်ထပ်ပွဲက လမ့်မိသားစု အတွက်ရော ... ကြီးကြပ်သူဝူ အတွက်ပါ ဂုဏ်ယူစရာပါပဲ ..."
နဂါးခန်းမ၏ အခြား ခေါင်းဆောင်များက ဂုဏ်ပြုစကားများ ပြောလိုက်ကြသည်။
သို့သော်လည်း ကောနွမ်နွမ်အား မနာလိုစွာ ကြည့်နေကြသူများလည်း ရှိနေသေး၏။ သူတို့၏ သမီးများသာ ကောနွမ်နွမ် ကဲ့သို့ ဆွဲဆောင်မှုရှိလျှင် ကောင်းမည်ဟု သူတို့ တွေးနေမိကြသည်။
"ဒါနဲ့ ငါ့သား လမ့်ထုံရော ..."
ရုတ်တရက် လမ့်ကျန့်ဖန်းက တစ်စုံတစ်ခုကို သတိရသွားဟန် မေးလိုက်၏။
ကောနွမ်နွမ် ပြန်မဖြေ ရသေးခင်မှာပင် အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"နဂါးခန်းမမှာ ကြီးကြပ်သူ ရှိတာ ငါတောင် မသိရပါလား ..."
လူတိုင်းက အသံလာရာသို့ ကြည့်လိုက်ရာ အဇူရာရောင် အစောင့်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုကို တွေ့ရ၏။
"မင်းက ဘယ်သူလဲ ... ဆင်ဆင်ခြင်ခြင်နေစမ်း သောက်အဘိုးကြီး ..."
နဂါးခန်းမ၏ ခေါင်းဆောင် တစ်ယောက်က အဘိုးအိုအား ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
"နွမ်နွမ် ... နင့်ရဲ့ အစေခံတွေကို သေချာ သင်ကြား မထားဘူးလား ... ကြီးကြပ်သူဝူက ငါတို့ နဂါးခန်းမရဲ့ ခေါင်းဆောင် အသစ်ပဲ ... သူ့ကို ဘယ်သူမှ မလေးမစား လုပ်ခွင့် မရှိဘူး"
လမ့်ကျမ့်ဖန်းက ကောနွမ်နွမ်အား ကြည့်ကာ ဒေါသတကြီး မာန်လိုက်သည်။
"ဟုတ်တယ် ... နွမ်နွမ် ... သူ့ကို ကိုယ့်အလုပ်ပဲ ကိုယ်အာရုံစိုက်ဖို့ ပြောလိုက်ပါ ..."
ကောနွမ်နွမ်၏ ဖခင်က စိုးရိမ်တကြီး ဆိုလိုက်သည်။
သို့သော်လည်း အားလုံး၏ အကြည့်များ အောက်တွင်ပင် အဘိုးအိုက စိတ်ပျက်လက်ပျက် ခေါင်းကို ခါရင်း ပြောလိုက်သည်။
"လမ့်ကျန့်ဖန်း ... မင်းက တကယ် စိတ်ပျက်ဖို့ ကောင်းတာပဲ ... ညီလေးလမ့်က ငါ့ကို အမြဲတမ်း သစ္စာရှိခဲ့ပြီး နဂါးခန်းမ ဆက်လက် တည်တံ့ဖို့ အသက်ပေး ကူညီခဲ့တယ် ... မင်းမှာ ညီလေးလမ့်ရဲ့ သွေးတစ်စက်တောင် မပါပါလား ..."
"မင်းက ဘယ်သူလဲ ..."
လမ့်ကျန့်ဖန်းက အဘိုးအိုကို ကြည့်ရင်း မေးလိုက်သည်။ သူ၏ စိတ်များကမူ အနည်းငယ် တုန်လှုပ်နေခဲ့ပြီ ဖြစ်၏။
"မင်းဘာသာ ကြည့်လိုက် ..."
ရှဲ့ရန်က ပြောရင်း ခါးကို ဆန့်တန်းလိုက်သည်။
"ဖျောက် ... ဖျောက် ..."
အဘိုးအို၏ အရေပြားများ အောက်မှ အရိုးများက နေရာ ရွှေ့ပြောင်းကာ ခန္ဓာကိုယ်အား အသွင် ပြောင်းလဲသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အဘိုးအိုသည် မူလ အသွင်သဏ္ဌာန် ကွယ်ပျောက်ကာ အသက်လတ် စာပေသမား တစ်ယောက် အဖြစ် ပြောင်းလဲသွား၏။
"နဂါး သခင်ကြီး ..."
နဂါးခန်းမ၏ ခေါင်းဆောင်များကား ရှဲ့ရန်အား ကြည့်ကာ ဆွံ့အ သွားကြ၏။ လမ့်ကျန့်ဖန်း တစ်ယောက်မှာမူ အသားများ တဆတ်ဆတ် တုန်သည် အထိ သွေးပျက်နေတော့သည်။
"ခင် ... ခင်ဗျား ... ပြန်လမ်းမဲ့ တောင်ကြားမှာ မသေဘူးလား ..."
လမ့်ကျန့်ဖန်းက တုန်ယင်စွာ မေးလိုက်သည်။
"ငါ့လို အသက်ရာချီ နေခဲ့တဲ့လူက လွယ်လွယ် သေစရာလား ..."
ရှဲ့ရန်က နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။
"လမ့်ကျန့်ဖန်း ... မင်းက နဂါးခန်းမကို သစ္စာဖောက်ခဲ့တယ် ... မင်းအတွက် သေလမ်း တစ်လမ်းပဲ ရှိတော့တယ် ..."
"မလုပ်ပါနဲ့ ..."
လမ့်ကျန့်ဖန်းက နောက်ဆုတ်ရင်း အလင်း၏ အမြန်နှုန်းဖြင့် ထွက်ပြေးရန် ကြိုးစားသည်။
"သတ်စမ်း ..."
ရှဲ့ရန်က နှာခေါင်းရှုံ့ရင်း ရေရွတ်လိုက်သည်။
"ဟူး ..."
အနက်ရောင် ဓားက သူ၏ နောက်ကျောမှ ထွက်ပေါ်လာကာ ထွက်ပြေးနေသော လမ့်ကျန့်ဖန်း၏ ဦးခေါင်းဆီသို့ တိုးဝင်၏။ လမ့်ကျန့်ဖန်းက အကာအကွယ် အလင်းကို ထုတ်လွှတ်ကာ ဓားကို တားဆီးရန် ကြိုးစားသည်။ သို့သော်လည်း သူ၏ လှုပ်ရှားမှုက နှေးကွေးလွန်းလှသည်။
"ဘုန်း ..."
ဓား၏ ပိုင်းဖြတ်မှုတွင် လမ့်ကျန့်ဖန်း၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်သည် ထာဝရ ခွဲခွာ သွားရတော့သည်။ အထွတ်အထိပ် ပညာရှင် တစ်ယောက်ကား ဤနည်းဖြင့် အသတ်ခံလိုက်ရပြီ ဖြစ်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
နဂါးခန်းမ၏ ခေါင်းဆောင်များက ကြမ်းပြင်ပေါ်၌ ဒူးများ ထောက်ချကာ ဦးခိုက်လိုက်ကြ၏။ သူတို့သည် ရှဲ့ရန်ကို မော်ပင် မကြည့်ဝံ့ကြချေ။
ရှဲ့ရန်က သူတို့အား တစ်ချက်သာ ကြည့်ကာ ကောင်းကင်သို့ ပျံတက်သည်။ ထို့နောက် သူက တိမ်များထက်၌ ရပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဝူကန်းချိုး ... ထွက်လာပြီး အသေခံစမ်း ..."
***