တန်ခိုးရှင် အဆင့်များ
Vol. 6 Ch. 520
ရှဲ့ရန်သည် တန်ခိုးရှင် နောက်ဆုံး အဆင့်သို့ ရောက်လုနီးနေသော ပညာရှင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏ အသံသည် မိုးကုပ်စက်ဝိုင်းကိုပင် ဖြတ်သန်းကာ မိုင်ပေါင်းများစွာ အထိ ပျံ့နှံ့သွားသည်။
"ဘယ်သူလဲ ... ဘယ်သူက ကြီးကြပ်သူဝူကို စိန်ခေါ်ရဲတာလဲ ..."
"သေချင်နေတာလား ... နဂါးခန်းမကို စိန်ခေါ်ရဲတယ်ပေါ့ ..."
"အစောင့်တွေ ... ခုတ်ဓားအဖွဲ့ ... ဘယ်မ ရောက်နေကြလဲ ... အပြင်ကလူကို သတ်ပစ်ကြစမ်း ..."
နဂါး အဆောက်အဦ အတွင်းရှိ လူများကား ရှဲ့ရန်၏ အသံကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ သို့သော်လည်း စိန်ခေါ်သူမှာ ရှဲ့ရန် ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့် မထားခဲ့ကြချေ။
"ကလန့် ..."
နဂါးအဆောက်အဦ အတွင်းရှိ အကြီးအကဲ တစ်ယောက်က ပြတင်းပေါက်အား ဖွင့်ကာ အသံလာရာသို့ လှမ်းကြည့်လိုက်၏။
"ဒါက ..."
ည၏ ကောင်းကင်၌ လမင်းနှင့် အပြိုင် ရပ်တည်နေသော ပုံရိပ်ကို တွေ့သည်နှင့် အကြီးအကဲ၏ မျက်နှာက သွေးဆုတ် ဖြူရော်သွားတော့သည်။ သူက ပုံရိပ်ရှိရာသို့ လက်ညှိုးထိုးရင်း အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်၏။
"ဒါက ... နဂါး သခင်ကြီး"
သူ၏ ရေရွတ်သံက နဂါးအဆောက်အဦ တစ်ခုလုံးရှိ များစွာသော လူများအား တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဆူပွက် သွားစေသည်။
"နဂါး သခင်ကြီး ပြန်လာတယ် ... တကယ်ကြီးလား"
"မယုံရင် ကိုယ်တိုင် ကြည့်လိုက် ... အဲဒါက နဂါး သခင်ကြီး မဟုတ်လို့ ဘာလဲ ..."
"ဟုတ်တယ် ... တကယ့် နဂါးသခင်ကြီးပဲ ..."
"ရောင်းရင်းတို့ ... ကျုပ်တို့ရဲ့ အစစ်အမှန် သခင်ကြီး ပြန်ရောက်လာပြီ ..."
များစွာသော လူများက ဒူးများကို ထောက်ကာ နဂါးသခင်ကြီးအား ဦးခိုက်လိုက်ကြသည်။ နဂါး အဆောက်အဦ ခြံဝန်း အတွင်းရှိ ရာချီသော အနက်ရောင်ဝတ် အစောင့်များသည်လည်း မျက်ရည် ဝေ့သီနေသော မျက်လုံးများဖြင့် ကောင်းကင်သို့ မော့ကြည့် နေကြသည်။
ကောင်းကင်ထက်ရှိ ပုဂ္ဂိုလ်ကြီးကား နဂါးခန်းမကို ထူထောင်ခဲ့သူ နဂါးသခင်ကြီး ဖြစ်သည်။ နဂါးခန်းမ၏ အစစ်အမှန် သခင်ကြီး ဖြစ်သည်။ များစွာသော လူများ၏ နဂါးသခင်ကြီး အပေါ် လေးစားမှုသည် ဝူကန်းချိုး အနေဖြင့် မည်သို့မျှ မယှဉ်နိုင်သော အရာဖြစ်သည်။
"နဂါး ... နဂါးသခင်ကြီး ..."
ထိုမြင်ကွင်းကို ကြည့်ရင်း ကောရှို့ခန်၏ မျက်လုံးများက လင်းလက် လာခဲ့၏။ သို့သော်လည်း ခဏချင်းမှာပင် စိတ်ပျက်မှုများ ဖြစ်ပေါ်လာကာ ပြန်လည် မှေးမှိန်သွားသည်။
"အဖေကြီး ... ဘာလို့လဲ ..."
ကောနွမ်နွမ်က ဖခင်၏ ထူးဆန်းသော အမူအရာကို ကြည့်ရင်း မေးလိုက်သည်။
"နဂါးသခင်ကြီးက အစွမ်းထက်တယ် ဆိုပေမဲ့ ကြီးကြပ်သူဝူကို နိုင်ပြီလို့ တစ်ထစ်ချ မပြောနိုင်ဘူး ... နောက်ပြီး ကြီးကြပ်သူဝူမှာ စစ်ကူတွေ ရှိသေးတယ် ..."
ကောရှို့ခန်က ခေါင်းကို ခါရင်း ပြောလိုက်၏။
"ဟုတ်လား ..."
ကောနွမ်နွမ်က သူမ၏ ဘေးရှိ လူငယ်ကို တစ်ချက် စောင်းကြည့်ရင်း တိတ်တခိုး ပြုံးလိုက်မိသည်။ ထိုလူငယ်အား မည်သူကမျှ ယှဉ်နိုင်မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိနေခဲ့သည်။
"ဝူကန်းချိုး ... မင်း ဘာလုပ်နေတာလဲ ထွက်လာစမ်း ..."
ရှဲ့ရန်က လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း နောက်တစ်ကြိမ် အော်ဟစ်လိုက်၏။
"ဟီးဟီး ... ပြန်လမ်းမဲ့ တောင်ကြားကနေ မင်း အသက်ရှင်ပြီး ပြန်လာနိုင်မယ်လို့ ငါ လုံးဝ မမျှော်လင့်ခဲ့ဘူး ..."
ရုတ်တရက် နဂါးအဆောက်အဦ၏ ထိပ်၌ အလင်းရောင် တစ်ခု ပေါ်ထွက်လာကာ ကောင်းကင်သို့ ပျံတက်လာ၏။ ထိုအလင်းရောင်က မိုးကြိုးစွမ်းအားကို သယ်ဆောင်ကာ တိမ်များထက်၌ ရပ်သည်။
"ဝူကန်းချိုး ... ဒါက ဘာအဓိပ္ပာယ်လဲ ... ငါ မင်းရဲ့ မိသားစုကို ကောင်းကောင်း ဆက်ဆံခဲ့တယ် ... ဒါတောင် မင်းက ငါ့ရဲ့ ရှဲ့မိသားစုကို အငြိုးထားပြီး သုတ်သင်ခဲ့တယ်ပေါ့ ..."
ရှဲ့ရန်က အလင်းရောင် အလယ်ရှိ လူကြီးအား ကြည့်ရင်း မေးလိုက်သည်။
"ဟမ့် ရှဲ့ရန် ... မင်းက ငါ့ကို ဒဏ်ရာ ရစေခဲ့တဲ့ အပြင် ဝူမိသားစုရဲ့ အာဏာနဲ့ ကြွယ်ဝမှုတွေကိုပါ သိမ်းပိုက်ခဲ့တယ် ... မင်းလုပ်ခဲ့တဲ့ ဟာတွေကို ငါက ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ ..."
ဝူကန်းချိုးက နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ ... ဒါဆိုလည်း အချိန်ဖြုန်း မနေတော့ဘူး ... မင်း ချက်ချင်းပဲ သေလိုက်တော့ ..."
ရှဲ့ရန်က ရေရွတ်ရင်း ဓားကို ဆင့်ခေါ်လိုက်၏။
"ဟူး ..."
ဓားက သခင်၏ အလိုအတိုင်း ကောင်းကင်သို့ ပျံတက်ကာ ဝူကန်းချိုးထံ တိုးဝင်သည်။
ရှဲ့ရန်၏ ဓားသည် သစ်သားဖြင့် ပြုလုပ်ထား၍ မည်းနက်သော အရောင်ရှိသည်။ ထိုဓားကား သစ်သားဓား ဖြစ်သည့်တိုင် ချန်းဖန် ကိုယ်တိုင် ဖန်တီးထားသော လက်နက် ဖြစ်ရာ အလွန် အစွမ်းထက်သည်။ ဓားသယ်ဆောင်သူ၏ ငှက်တောင် ဓားပင်လျှင် ထိုဓားနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။
"ကလန့် ..."
အလင်း၏ အမြန်နှုန်းကို သယ်ဆောင်ထားသော အနက်ရောင် အရိပ်အား မြင်သည်နှင့် ဝူကန်းချိုး၏ မျက်နှာက လေးနက်သွား၏။
သူက ချက်ချင်းပင် လက်သီးအား ဆန့်ထုတ်ကာ မရေမတွက်နိုင်သော လျှပ်စီးများကို ဆင့်ခေါ်လိုက်သည်။ ထိုလျှပ်စီးများက လျင်မြန်စွာပင် ကြီးထွားကာ ဓားပျံ၏ လမ်းကြောင်းကို ပိတ်ဆို့သည်။
"ဘုန်း ..."
တိုက်ခိုက်မှု၏ အရှိန်တွင် ဝူကန်းချိုး၏ ခန္ဓာကိုယ်က နောက်သို့ မီတာ အနည်းငယ် လွင့်စဉ်သွား၏။ ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မှုတွင်ပင် ရှဲ့ရန်ကား အထက်စီးမှ နေနိုင်ခဲ့ပြီ ဖြစ်သည်။
"မဖြစ်နိုင်ဘူး ... တစ်နှစ်ခွဲ အတွင်းမှာ သူက ဘာလို့ ဒီလောက်အထိ အစွမ်းထက် လာရတာလဲ ..."
ဝူကန်းချိုးက ခန္ဓာကိုယ်ကို အရှိန်ပြန်ထိန်းရင်း တုန်လှုပ်စွာ တွေးလိုက်မိသည်။ နဂါး သခင်ကြီးကား ပြန်လမ်းမဲ့ တောင်ကြား၌ ကံကောင်းမှု တစ်ခုခု ရရှိလာခြင်း ဖြစ်ရမည်။
"သေစမ်း ..."
ဝူကန်းချိုး တွေးနေစဉ်မှာပင် ရှဲ့ရန်က အခြားသော ဓားသုံးခုကို ဆင့်ခေါ်လိုက်ပြန်၏။ ထိုဓားသုံးခုက ရှေ့ဆင့် နောက်ဆင့်ပင် ကောင်းကင်၌ ပေါ်လာကာ ပစ်မှတ်အား ခုတ်ပိုင်း လိုက်ကြသည်။
"ဟူး ..."
ထိုဓားများကား အထီးကျန် ကိုးယောက်၏ ဓားကျင့်စဉ်မှ "ဓားအလင်း ဆင့်ခေါ်ခြင်း" နည်းစနစ် ဖြစ်သည်။ ထိုနည်းစနစ် အမြင့်ဆုံး အဆင့်တွင် ဓားကိုးချောင်းအား ဆင့်ခေါ်နိုင်သည်။ သို့သော်လည်း ရှဲ့ရန်ကမူ ဓားသုံးချောင်းကိုသာ ဆင့်ခေါ်နိုင်သေး၏။
"ဘုန်း ..."
ဝူကန်းချိုး၏ ခန္ဓာကိုယ် တစ်ဝိုက်၌ အလင်းတစ်ခု ပေါက်ကွဲကာ ဒိုင်းသဖွယ် ဖြစ်တည်လာ၏။ ထိုအလင်းက လျှပ်စီး စွမ်းအားများကို သယ်ဆောင်ကာ သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ကာကွယ်သည်။
ဝူကန်းချိုးသည် ကောင်းကင်သခင်ဂိုဏ်းမှ ဆင်းသက်လာသော မိုးကြိုး လက်သီးငါးခု ကျင့်စဉ်ကို ကျင့်ကြံသည်။ ထိုကျင့်စဉ်သည် ဓမ္မ အစီအရင်နှင့် သိုင်းပညာ လမ်းစဉ် နှစ်ခုကို ပေါင်းစပ်ထားရာ လွန်စွာ အစွမ်းထက်၏။ မိုးကြိုး လက်သီးငါးခုသည် ကျင့်ကြံသူအား မိုးကြိုး အစီအရင်နှင့် ခန္ဓာကိုယ် နှစ်မျိုးစလုံးအား အသုံးပြု တိုက်ခိုက်နိုင်ရန် ထောက်ပံ့ပေးသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ဓားအလင်း သုံးခုနှင့် လျှပ်စီးအလင်းတို့ ထိပ်တိုက်တွေ့ရာ ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာ၏။ လျှပ်စီး အလင်းသည် ပထမနှင့် ဒုတိယ ဓားအလင်းတို့ကို ခုခံနိုင်သော်လည်း တတိယ ဓားအလင်း ကျဆင်းလာသည်နှင့် ပျက်စီးသည်။ ထိုဓားချက်တွင် ဝူကန်းချိုး၏ ခန္ဓာကိုယ်သည်လည်း နောက်သို့ လွင့်စဉ်ရ၏။
"သောက်ရေးမပါတာ ... အဲ့ခွေးကောင်က အသံနဲ့ပဲ တိုက်ခိုက်နိုင်တာပါ ... အခု ဘယ်လို ဖြစ်ပြီး ဓားပျံတွေပါ သုံးတတ်သွားတာလဲ ... ကောင်းကင် မိုးကြိုး အဆင့်ကို မရောက်ပဲ ငါ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ..."
ဝူကန်းချိုးက စိတ်ထဲမှ တွေးလိုက်၏။
မိုးကြိုးလက်သီးငါးခု ကျင့်စဉ်တွင် ကောင်းကင်၊ မြေကြီး၊ မိုးတိမ်၊ ရေနှင့် သိုင်းပညာ ဟူသော အဆင့် ငါးဆင့် ရှိသည်။ ဝူကန်းချိုးသည် စတုတ္ထ အဆင့်ဖြစ်သော မြေကြီး အဆင့်ထိ ရောက်ရှိသေးသည်။
"အခုက သေခြင်း ရှင်ခြင်း အခိုက်အတန့်ပဲ ... ဘာပဲဖြစ်ဖြစ် ငါ အရှုံးမပေးနိုင်ဘူး ..."
ဝူကန်းချိုးက အံကို တင်းတင်းကြိတ်လိုက်၏။
လေသည် တဖြည်းဖြည်း ပြင်းထန်လာ၍ ပင်လယ်ဆီမှ တိမ်တိုက်များကို ကျွန်းဆီသို့ သယ်ဆောင်လာသည်။ မကြာခင် မုန်တိုင်း ကျရောက်တော့မည် ဖြစ်သည်။
"လာစမ်း ..."
ဝူကန်းချိုးက နာကျင်မှုများကို လျစ်လျူရှုရင်း တိမ်များရှိ မိုးကြိုးစွမ်းအားနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်၏။ အဆုံးမဲ့သော မိုးကြိုး စွမ်းအားများ၏ ထောက်ပံ့မှုကို ရသည်နှင့် သူက လက်သီး တစ်ချက် ထိုးလိုက်သည်။
"ဘုန်း ..."
သူ၏ လက်သီး အရှိန်တွင် အလင်းများက ပေါက်ကွဲကာ နဂါးတစ်ကောင် ဖြစ်ပေါ်လာသည်။ ထိုနဂါးက ကျယ်လောင်စွာ ဟိန်းဟောက်၍ စစ်မြေပြင် ရှိရာသို့ ကျဆင်းသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ရှဲ့ရန်၏ မျက်နှာက လေးနက်သွား၏။ သူက ဓားအလင်း သုံးခုကို တစ်ခုတည်း အဖြစ်သို့ ပူးပေါင်းကာ မိုးကြိုးနဂါး ရှိရာသို့ ညွှန်ပြလိုက်သည်။
"သွား ..."
ဓားအလင်းက လျင်မြန်စွာပင် မိုးကြိုး နဂါး ရှိကာသို့ ပြေးဝင်သည်။
"နဂါး သခင်ကြီး အဆင်ပြေပါ့ မလား ..."
များစွာသော အထွတ်အထိပ် ပညာရှင်များကား ဝူကန်းချိုး၏ မိုးကြိုးနဂါးကို ကြည့်ကာ ပင့်သက် ရှိုက်လိုက်မိကြသည်။
"နဂါး သခင်ကြီး နိုင်မှာပါနော် ..."
ကောနွမ်နွမ်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
"စိတ်မပူနဲ့ ... သူ အဆင်ပြေမှာပါ ... တန်ခိုးရှင် အစောပိုင်း အဆင့်လောက်ကို သူ ကိုင်တွယ် နိုင်ပါတယ် ..."
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
သူက ရှဲ့ရန်နှင့် ဝူကန်းချိုးတို့၏ တိုက်ပွဲကို လှည့်ပင် မကြည့်ခဲ့ချေ။ အဝေးသို့ ငေးကြည့်ရင်း ပင်လယ်ရှိ လှိုင်းလုံးများကိုသာ ဆန်းစစ် နေခဲ့၏။
"သူက ဘယ်သူလဲ ..."
ကောရှို့ခန်က ချန်းဖန်အား စိတ်ဝင်တစား ကြည့်လိုက်မိသည်။ သို့သော်လည်း သူက ချက်ချင်းပင် ခေါင်းခါကာ တိုက်ပွဲ ရှိရာသို့သာ အာရုံ ပြန်စိုက်လိုက်၏။
"ဘုန်း ..."
နားစည်ကွဲလောက်သော ပေါက်ကွဲသံ တစ်ခု ရှဲ့ရန်နှင့် ဝူကန်းချိုးတို့၏ တိုက်ပွဲဆီမှ ပေါ်ထွက်လာ၏။
ထိုပေါက်ကွဲသံ အဆုံး၌ ရှဲ့ရန်သည် တည်ငြိမ်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်သော်လည်း ဝူကန်းချိုး၏ ခန္ဓာကိုယ်ကမူ အနည်းငယ် တုန်ယင်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ပခုံးတွင် ဒဏ်ရာ တစ်ခု ဖြစ်ပေါ်နေကာ နီရဲသော သွေးများက စီးကျနေ၏။
ထိုမြင်ကွင်းအရ တိုက်ပွဲ၌ နဂါး သခင်ကြီး အနိုင်ရသွားသည်မှာ ထင်ရှား၏။
"နဂါး သခင်ကြီးကွ ..."
နဂါးခန်းမ၏ များစွာသော အဖွဲ့ဝင်များက အဆုတ်များ ပေါက်ထွက်သည်အထိ အော်ဟစ် အားပေးလိုက်ကြသည်။
"မင်း ကိုယ်မင်း အဆုံးသတ် မလား ... ငါ အဆုံးသတ် ပေးရမလား ..."
ရှဲ့ရန်က အနက်ရောင်ဓားအား ကိုင်ရင်း ဝူကန်းချိုးကို မေးလိုက်သည်။
"ဟား ... ဟား ..."
ရှဲ့ရန်၏ အမေးအား ဝူကန်းချိုးက ရယ်မောကာ တုံ့ပြန်လိုက်သည်။
"ငါ့ကို တစ်ယောက်တည်းလို့ ထင်နေတာလား ... မင်းက ငတုံးပဲ"
"ဘာလဲ ..."
ဝူကန်းချိုး၏ စကားကြောင့် ရှဲ့ရန်၏ မျက်နှာက အနည်းငယ် ဖြူရော်သွား၏။
ရုတ်တရက် ပင်လယ်ဆီမှ အနက်ရောင် အရိပ် တစ်ခု ပေါ်ထွက်လာ၏။ ထိုအရိပ်က ငါးဆယ်မီတာခန့် ရှည်လျားကာ ကြီးမားသော စပါးအုံးမြွေ သဏ္ဌာန် ရှိသည်။ ထိုမြွေကြီး၏ ကျောထက်တွင်မူ ဆံပင်ဖြူ အဘိုးအို တစ်ယောက်နှင့် ဆံပင်ရှည် မိန်းမကြီး တစ်ယောက် စီးနင်း လိုက်ပါလာသည်။
"မတွေ့တာကြာပြီ အစ်ကိုရှဲ့ ..."
ဆံပင်ဖြူ အဘိုးအိုက နှုတ်ဆက်လိုက်သည်။
"ဂွန်းတူဘုရင် ဒါ့ဆင်းနဲ့ ပင်လယ်နတ်ဘုရားရဲ့ ရှေ့ဖြစ်ဟောသူ ဆိုဟာဘီ ..."
အေးစက်မှုများက ရှဲ့ရန်၏ မျက်လုံးတွင် ဖြစ်တည်လာ၏။
ထိုအချိန်၌ နဂါးခန်းမရှိ လူများ အားလုံးကား ထိုမြင်ကွင်းကို ကြည့်ရင်း တိတ်ဆိတ် နေကြပြီ ဖြစ်သည်။
"ဒါ့ဆင်းနှင့် ဆိုဟာဘီ ..."
ထိုနှစ်ယောက် စလုံးကား နဂါးသခင်ကြီးနှင့် တန်းတူကျော်ကြားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ အကယ်၍ ဝူကန်းချိုး၊ ဒါ့ဆင်းနှင့် ဆိုဟာဘီတို့ ပူးပေါင်း တိုက်ခိုက်ပါက နဂါးသခင်ကြီး အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
***