ချန်းဖန်၏ တိုက်ခိုက်မှု
Vol. 6 Ch. 521
ဂွန်းတူဘုရင်၊ ပင်လယ် နတ်ဘုရားကျောင်း၏ ရှေ့ဖြစ်ဟောသူတို့သည် တန်ခိုးရှင် အဆင့်များ ဖြစ်ကြသည်။ ရှဲ့ရန် ပေါ်ထွက်မလာခင်က သူတို့သည် အရှေ့တောင် အာရှကို လွှမ်းမိုးခဲ့ကြသည်။ သူတို့၏ စွမ်းအားက သံသယာ ဖြစ်စရာ မရှိချေ။
"တန်ခိုးရှင် သုံးယောက် ... ဒီတိုက်ပွဲက တကယ်ပဲ ပြင်းထန်မှာ သေချာတယ် ..."
နဂါးခန်းမ၏ အထွတ်အထိပ် ပညာရှင် တစ်ယောက်က ကောင်းကင်သို့ မော့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။
တန်ခိုးရှင် အဆင့် တစ်ယောက်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသော အရာ ဖြစ်သော်လည်း တန်ခိုးရှင် သုံးယောက်ကို ရင်ဆိုင်ရန်မှာမူ ခက်ခဲသော အရာ ဖြစ်သည်။ ရဲ့ချင်စန်းနှင့် လင်းရှု့မင်တို့ အတွက်ပင် ထိုအရာက မလွယ်ကူလှချေ။
"အစ်ကိုရှဲ့ ... ခင်ဗျား ပြန်လမ်းမဲ့ တောင်ကြားကနေ ထွက်လာနိုင်မယ် ဆိုတာ ကျုပ်တို့ မျှော်လင့်ပြီးသားပါ ... ဒါပေမဲ့ ခုလောက်ထိ ကြာမယ်လို့ မမျှော်လင့်ခဲ့ဘူး ... ကျုပ်တို့ စောင့်ရတာ စိတ်တောင် မရှည်တော့ဘူး ..."
ဆံပင်ဖြူ အဘိုးအိုက ရယ်မောရင်း ဆိုလိုက်သည်။
သူသည် ငါးဆယ်မီတာခန့် ရှိသော မြွေကြီး၏ ဦးခေါင်းထက်၌ တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့သည်။ ထိုမြွေကြီးကား အလွန် ကြီးမားရာ ၎င်း၏ ဦးခေါင်းပင်လျှင် သာမန် အိမ်တစ်လုံး အရွယ်အစား ရှိ၏။
"ဒီသားရဲက နာဂ အသွင်ပြောင်းလဲဖို့ အတော်လေး နီးကပ်နေပြီပဲ ..."
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မြွေကြီးအား စစ်ဆေးလိုက်၏။ ထိုမြွေကြီးသည် ယင်နဂါး ရေအိုင်ရှိ ယင်မြွေထက်ပင် ပိုမို အစွမ်းထက် နေသေးသည်။
"ဘာပဲဖြစ်ဖြစ် မင်းပြန်လွတ်လာမယ် ဆိုတဲ့ ငါတို့ရဲ့ ခန့်မှန်းချက်ကတော့ မှန်သားပဲ ... ဒါနဲ့ စကားမစပ် ... ချန်းပေ့ရွှမ်းရော ဘယ်မှာလဲ ... သူ ပြန်လမ်းမဲ့ တောင်ကြားထဲမှာပဲလား ..."
ဝူကန်းချိုးက နှုတ်ခမ်းတွန့်ရုံ ပြုံးရင်း မေးလိုက်သည်။
ထိုအချိန် အထိ ပင်လယ် နတ်ဘုရားကျောင်း၏ ရှေ့ဖြစ်ဟောသူမှာမူ တိတ်ဆိတ် နေဆဲပင်။
သူမ၏ ဆံပင်များက မြရောင် တောက်ပကာ ပိုးသားများကဲ့သို့ ဖြောင့်စင်းနေသည်။ သူမ၏ အသားအရေကမူ အစိမ်းရောင်ဖြင့် ခပ်မှိန်မှိန် လင်းလက်နေ၏။ ပင်လယ် လှိုင်းလုံးများကို စီးနင်းနေသော သူမ၏ အသွင်အပြင်ကား ပင်လယ် စောင့်ရှောက်သည့် နတ်သမီး အလားပင် ထင်မှတ်ရသည်။
"အစ်ကိုရှဲ့ ... နဂါးခန်းမကို စင်္ကာပူမှာပဲ အခြေစိုက်မယ်လို့ ရှင် ကတိပေးရင် ကျွန်မတို့ ခုချက်ချင်း နောက်ပြန်ဆုတ်ပေးမယ် ..."
ရှေ့ဖြစ်ဟောသူက သက်ပြင်းချရင်း ပြောလိုက်၏။ သူမ၏ အသံက ဂီတသံစဉ် ကဲ့သို့ သာယာ ငြိမ့်ညောင်းကာ လူတိုင်း၏ စိတ်ကို ဖမ်းစားနိုင်စွမ်းများ ပါဝင်နေ၏။
တန်ခိုးရှင် အဆင့် သုံးယောက်ပေါင်းသည် အင်အား ကြီးမားသည် ဆိုသော်လည်း ရှဲ့ရန်သည်လည်း ခေသူ မဟုတ်ချေ။ အကယ်၍ တိုက်ပွဲ ဖြစ်ပါက နှစ်ဖက်စလုံး အထိနာမည်မှာ ကျိန်းသေ၏။
"အရှေ့တောင် အာရှကို နဂါးခန်းမ ပိုင်တယ် ... ဒီအချက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး ... မင်းတို့သာ ငါ့ကို နောက် မဆန့်ကျင်ဘူးလို့ ကျိန်ဆိုရင် မင်းတို့ အသက်တွေကို ငါ ချမ်းသာပေးမယ် ..."
ရှဲ့ရန်က အေးစက်စွာ ပြုံးရင်း တုံ့ပြန်လိုက်သည်။
"ရူးလိုက်တာ ... ကိုယ်ပြောတဲ့ စကား အဓိပ္ပာယ်ရော ကိုယ် သိရဲ့လား ..."
ဒါ့ဆင်းက နှာခေါင်းရှုံ့လိုက်သည်။
"ရှဲ့ရန် ... မင်းက ငါတို့ သုံးယောက်ကို နိုင်မယ် ထင်နေတာလား ... ပြပါဦး မင်းရဲ့ အစွမ်းလေး ..."
ဝူကန်းချိုးကလည်း လှောင်ရယ်ရယ်ကာ ရှဲ့ရန်အား မထီတရီ စိန်ခေါ်လိုက်သည်။
ပင်လယ် ဘုရားကျောင်း၏ ရှေ့ဖြစ်ဟောသူ ကမူ ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းကိုသာ ခါနေမိတော့သည်။ နဂါးခန်းမ၏ များစွာသော အဖွဲ့ဝင်များ သည်လည်း အလွန်တရာ စိုးရိမ် နေကြပြီ ဖြစ်သည်။
ရှဲ့ရန် မည်မျှပင် အစွမ်းထက် စေကာမူ တန်ခိုးရှင် အဆင့် သုံးယောက်ကို ကိုင်တွယ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ဒါ့ဆင်၏ မြွေသည်လည်း တန်ခိုးရှင် အဆင့် တစ်ယောက် ကဲ့သို့ အစွမ်းထက် နေသေးရာ နဂါး သခင်ကြီး အတွက် အခွင့်အရေး လုံးဝ မရှိချေ။
"နွမ်နွမ် ... ငါမပြောဘူးလား ... ကြီးကြပ်သူဝူမှာ စစ်ကူတွေ ရှိတယ် လို့ ... နဂါးခန်းမတော့ ဒီနေ့မှာ အဆုံးသတ်ရတော့မယ် ထင်တယ် ..."
ကောရှို့ခန်ကား အဖြစ်အပျက် အလှည့်အပြောင်းကြောင့် စိတ်ဓာတ်များ လုံးလုံးကျနေပြီ ဖြစ်သည်။ သူက ကောနွမ်နွမ် ဘက်သို့ လှည့်ရင်း ဆိုလိုက်သည်။
ကောနွမ်နွမ်ကမူ ခေါင်းခါရင်း ဘေးရှိ အစေခံ လူငယ်ကိုသာ တိတ်တခိုး ကြည့်လိုက်သည်။
"မင်းတို့ ကောင်လေးတွေ ငါ့ကို မေ့နေတာလား ..."
ကောရှို့ခန်နှင့် ကောနွမ်နွမ်၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ ခန္ဓာကိုယ်က အလင်းတန်း အသွင်ပြောင်းကာ တိမ်များ အထက်သို့ ပျံတက်၏။
"သူ ... သူက ..."
ထိုမြင်ကွင်းကြောင့် ကောရှို့ခန်၏ မျက်လုံးများကား အဆများစွာ ပြူးကျယ် သွားတော့သည်။ ထိုသာမန် လူငယ်လေးက တန်ခိုးရှင် တစ်ယောက် ဖြစ်နေမည်ဟု သူ လုံးဝ မျှော်လင့် မထားခဲ့ချေ။
"အဖေ ... နဂါး သခင်ကြီးက အခု ဆရာချန်းရဲ့ တပည့် ဖြစ်နေပြီ ... နဂါးခန်းမကလည်း မြောက်ပိုင်းချုံးဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သွားပြီ ..."
ကောနွမ်နွမ်က သက်ပြင်း တစ်ချက်ချရင်း ဆိုလိုက်သည်။
"သမီးပြောတာက ... မြောက်ပိုင်းချုံးဂိုဏ်း ... ဒါဆို သူက ချန်းပေ့ရွှမ်းလား ..."
ကောရှို့ခန်ကား လုံးဝ ဆွံ့အ သွား၏။
"ဟူး ..."
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က မိုးကုပ်စက်ဝိုင်းတွင် ခြေချကာ တန်ခိုးရှင် လေးယောက် ရှေ့သို့ ရောက်၏။
"မင်းက ဘယ်သူလဲ ..."
ဝူကန်းချိုးနှင့် ဒါဆင်းတို့က လူငယ်အား စူးရဲစွာ ကြည့်ရင်း မေးလိုက်ကြသည်။
ကမ္ဘာပေါ်၌ တန်ခိုးရှင် အဆင့်များကား အလွန် ရှားပါးသည်။ ထို့ကြောင့်ပင် တန်ခိုးရှင်တိုင်း လိုလိုမှာ တစ်ယောက်ကို တစ်ယောက် သိထားကြသည်။ သို့သော်လည်း ဆယ်ကျော်သက် မျက်နှာ ပိုင်ရှင် တန်ခိုးရှင် လူငယ်လေးကိုမူ သူတို့ မရင်းနှီးကြချေ။
"ဘာလဲ ... မင်းတို့က ငါ့ကို မသိဘူးလား ... ခုနကတောင် ငါ့အကြောင်း ပြောနေပြီးတော့ ..."
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆိုလိုက်သည်။
"ချန်း ... ချန်းပေ့ရွှမ်းလား ..."
ဒါ့ဆင်းက အထိတ်ထိတ် အလန့်လန့် မေးလိုက်၏။
"သူက ဂန္ထဝင် ချန်းပေ့ရွှမ်းလား ... သူနဲ့ နဂါး သခင်ကြီးကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ ... သူတို့က ရန်သူတွေ မဟုတ်ဘူးလား ..."
ဝူကန်းချိုးနှင့် ရှေ့ဖြစ်ဟောသူ တို့သည်လည်း ချန်းပေ့ရွှမ်း ဆိုဟော နာမည်ကြောင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်မိကြသည်။
ထိုအချိန်၌ နဂါးခန်းမရှိ လူများမှာမူ အောင်ပွဲခံ နေကြပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်း ဆိုသော နာမည်အား သူတို့ အကြိမ်များစွာ ကြားဖူးသည်။ ချန်းပေ့ရွှမ်းသာ ဝင်ပါပါက နဂါးခန်းမ အတွက် စိုးရိမ်စရာ မရှိတော့ချေ။
"တန်ခိုးရှင် ဆရာချန်း ... ဒါက ဘာအဓိပ္ပာယ်လဲ ... ကျုပ်တို့ ခင်ဗျားကို တစ်ခါမှ မနှောက်ယှက်ခဲ့ဘူး ..."
ဒါ့ဆင်းက ချန်းဖန်ကို ကြည့်ရင်း နားမလည်စွာ မေးလိုက်သည်။
"အခု ရှဲ့ရန်နဲ့ နဂါးခန်းမက မြောက်ပိုင်းချုံးဂိုဏ်းဝင်တွေ ဖြစ်နေပြီ ... သူတို့ကို တိုက်ခိုက်တာက ငါ့ကို တိုက်ခိုက်တာနဲ့ အတူတူပဲ ..."
ချန်းဖန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဘယ်လို ..."
သူ၏ စကားက လူတိုင်းအား အံ့အား သင့်စေ၏။
နဂါးခန်းမ၏ အဖွဲ့ဝင်များမှာမူ ထိုစကားကြောင့် အော်ဟစ်ကာ အောင်ပွဲခံ နေခဲ့ကြပြီ ဖြစ်သည်။ မြောက်ပိုင်းချုံးဂိုဏ်းသည် ပေါ်ထွက် လာသည်မှာ မကြာသေးသည့်တိုင် အာရှ၏ အင်အား အကြီးမားဆုံး ဂိုဏ်းကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မြောက်ပိုင်းချုံးဂိုဏ်းနှင့် ပူးပေါင်းခြင်းက နဂါးခန်းမ အတွက် မဟာ အခွင့်အရေးကြီး ဖြစ်သည်။
"ပြန်ကြမယ် ..."
ဒါ့ဆင်းက ခပ်တိုးတိုး ရေရွတ်ရင်း မြွေကြီးကို အမိန့်ပေးလိုက်သည်။ မြွေကြီးက အလိုက်သိစွာပင် ပင်လယ်ဆီသို့ ပြန်လည် ဦးတည်၏။
ရှေ့ဖြစ်ဟောသူကလည်း ပင်လယ်၌ ဝဲကတော့ တစ်ခု ချန်ရစ်ကာ နေရာတွင်ပင် ပျောက်ကွယ် သွားသည်။ ဝူကန်းချိုးကလည်း အံတစ်ချက် ကြိတ်ကာ အလင်း၏ အမြန်နှုန်းဖြင့် ထွက်ပြေးရန် ကြိုးစားသည်။
"ဟဟ ... မင်းတို့ ငါ့လက်က ပြေးလို့ လွတ်မယ် ထင်နေတာလား ..."
ချန်းဖန်က ရယ်မော၍ လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအဝှေ့က အဟန့်အတား သုံးခုကို ဆင့်ခေါ်ကာ တန်ခိုးရှင် သုံးယောက်၏ လမ်းကို တားဆီးသည်။
ဒါ့ဆင်း၏ မြွေကြီးက အတားအဆီးကို ခေါင်းဖြင့် ဝင်တိုက်ရန် ကြိုးစားသော်လည်း သူသာလျှင် နောက်သို့ လွင့်စဉ်ရသည်။
တစ်ချိန်တည်းတွင်ပင် ဝူကန်းချိုး၏ မိုးကြိုး နည်းစနစ်လည်း အတားအဆီး၏ အောက်၌ ကျရှုံးရသည်။ ရှေ့ဖြစ်ဟောသူပင်လျှင် ပင်လယ်အောက်မှ ထွက်ပေါ်လာရန် တွန်းအားပေးခြင်း ခံရသည်။
"ဒါက ဘယ်လို အစီအရင်လဲ ..."
ချန်းပေ့ရွှမ်းကား လက်တစ်ချက် အဝှေ့ဖြင့် အတားအဆီး သုံးခုကို ဖိတ်ခေါ်ကာ တန်ခိုးရှင် သုံးယောက်ကို တားဆီးခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားက လေဟာနယ်ကိုပင် ဖန်ဆင်းနိုင်သည့် ရှေးဟောင်း နတ်ဘုရားများကို သတိရစေ၏။
"အဲဒါက နတ်ဘုရား စွမ်းအား ထင်တယ် ... သူ အဲဒီ စွမ်းအားကို ကြာကြာ ထိန်းထားနိုင်မယ် မထင်ဘူး ... အစီအရင် အလိုလို ပျက်စီးသွားတဲ့ အချိန် အထိ ငါတို့ စောင့်ရုံပဲ ..."
ရှေ့ဖြစ်ဟောသူက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
ရုတ်တရက် ချန်းဖန်၏ မျက်လုံး၌ အလင်းရောင် တစ်ချက် တောက်ပသွား၏။ ရှေ့ဖြစ်ဟောသူ၏ ခန့်မှန်းချက်ကား မှန်ကန်ပေသည်။ သူ အသုံးပြုခဲ့သည့် အစီအရင်က လေဟာနယ်စည်း ဟု ခေါ်သော လေဟာနယ်ကို ချုံ့ပစ်သည့် မူလဝိညာဉ် အဆင့် အစီအရင် ဖြစ်သည်။ ချန်းဖန် အနေဖြင့် ထိုအစီအရင်ကို ဆယ်စက္ကန့်သာ ထိန်းထားနိုင်စွမ်း ရှိသေးသည်။
"ဒါပေမဲ့ တစ်ဆယ် စက္ကန့်က လုံလောက်ပါတယ် ..."
ချန်းဖန်က အချိန်မဆွဲတော့ပဲ ဝူကန်းချိုး ထံသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
ဝူကန်းချိုးကလည်း ချက်ချင်းပင် မိုးကြိုးလက်သီး ငါးခုကို ဆင့်ခေါ်ကာ ချန်းဖန်အား တားဆီးရန် ကြိုးစားသည်။
"တကယ့် မိုးကြိုး စွမ်းအားက ဘယ်လိုလဲ ဆိုတာ မင်းမသိသေးပါဘူး ..."
ချန်းဖန်က ပြုံးရင်း ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီနေ့ မင်းရဲ့ မျက်လုံးတွေကို ငါ ဖွင့်ပေးရမှာပေါ့ ..."
"ဘုန်း ..."
ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ချန်းဖန်၏ လက်၌ အနီရောင် အလင်းလုံး တစ်ခု ပေါ်လာ၏။
ထိုအလင်းကား တန်ခိုးရှင် ကျင့်ကြံခြင်း လောက၏ အသုံးများသော မိုးကြိုး နည်းစနစ် တစ်ခု ဖြစ်သည်။ ထိုမိုးကြိုး နည်းစနစ်တွင် အပြာ၊ အဖြူ၊ အနီ၊ ရွှေ၊ အဇူရာ၊ ခရမ်းနှင့် အနက် ဟူသော အဆင့်များ ခွဲခြားထားသည်။
အနီရောင် မိုးကြိုး စွမ်းအားကို ထုတ်ဖော်ရန် အတွက် ကျင့်ကြံသူ၏ အဆင့်က မူလဝိညာဉ် အဆင့် ဖြစ်နေရန် လို၏။ ချန်းဖန်သည် အတိတ်ဘဝ၏ ဉာဏ်အလင်းများကြောင့် သူ ဝိညာဉ်ပင်လယ် အဆင့်ဖြင့် အနီရောင် မိုးကြိုးကို ဆင့်ခေါ်နိုင်ခြင်း ဖြစ်သည်။
"ဘုန်း ..."
အနီရောင် မိုးကြိုး အလင်းက ခဏချင်းပင် အတားအဆီးများကို ကျော်ဖြတ်ကာ ဝူကန်းချိုး၏ ရင်ဘတ်သို့ ထိ၏။
"ဘာဖြစ်သွားတာလဲ ..."
ဝူကန်းချိုးက သူ့ရင်ဘတ်သို့ ဖောက်ထွက်သွားသော မိုးကြိုးအလင်းကို ကြည့်ရင်း နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။
"အဲဒါက အစစ်အမှန် မိုးကြိုးရဲ့ စွမ်းအားပဲလေ ..."
ချန်းဖန်က ပြန်ဖြေလိုက်သည်။
ဝူကန်းချိုးက ပါးစပ်ကို ဟကာ တစ်ခုခု ပြောရန် ကြိုးစားလိုက်သော်လည်း အသံထွက် မလာခင်မှာပင် အနီရောင် မိုးကြိုး၏ ဝါးမျိုခြင်းအား ခံလိုက်ရ၏။
ချန်းဖန်ကား တစ်ကွက်အတွင်း တန်ခိုးရှင် တစ်ယောက်ကို သတ်ဖြတ် ပစ်လိုက်ပြီ ဖြစ်သည်။ ထိုမြင်ကွင်းက ဒါ့ဆင်းနဲ့ ဆိုဟာဘီတို့အား ချောက်ချားစေသည်။
"တစ်စက္ကန့် ..."
ချန်းဖန် ဝူကန်းချိုးအား သတ်ဖြတ်လိုက်သည့် အချိန်က တစ်စက္ကန့်သာ ကြာမြင့်ခဲ့သည်။ သူ့တွင် အခြား တန်ခိုးရှင် နှစ်ယောက်ကို အဆုံးသတ် ပေးရန် ကိုးစက္ကန့် ကျန်ရှိနေသေးသည်။
***