အန္တရာယ်များသော တိုက်ခိုက်မှု
Vol. 6 Ch. 522
"ချန်းပေ့ရွှမ်းက ဒီနှစ်ပိုင်းမှာ ပိုပြီးတော့ အစွမ်းထက် လာတာပဲ ..."
ဒါ့ဆင်းက ချန်းဖန်အား တစ်ချက် ကြည့်ရင်း မြွေကြီးအား ဖနောင့်ဖြင့် ပေါက်လိုက်သည်။ မြွေကြီးက သခင်၏ စိတ်ကို သိသည့်အလား အတာအဆီးသို့ အမြီးဖြင့် ရိုက်တာ ချိုးဖျက်ရန် အသည်းအသန် ကြိုးစား၏။
"ဘုန်း ..."
မြေကြီး၏ အမြီးက အတားအဆီးသို့ ထိရာ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ပေါ်ထွက်လာ၏။
ထိုမြွေသားရဲကြီးကား ငါးဆယ်မီတာခန့် ရှည်လျားပြီး အလုံးအထည်မှာလည်း အိမ်တစ်လုံး အရွယ်အစားခန့်ပင် ရှိသည်။ ထို့ကြောင့် အမြီးရိုက်ချက်က သံချပ်ကာ ကားတစ်စီးကိုပင် ပြားပြားဝပ် စေနိုင်၏။ သို့သော်လည်း အကြိမ်ကြိမ် တိုက်ခိုက်မှုများ အောက်တွင်ပင် အတားအဆီးကား တုပ်တုပ်မျှ လှုပ်ခြင်း မရှိချေ။
"အားကုန် မခံနဲ့ ... မြေကမ္ဘာ နတ်ဘုရားရဲ့ စွမ်းအားနဲ့မှ ဒီ အတားအဆီးကို ငါတို့ ကျော်နိုင်လိမ့်မယ် ..."
ရှေ့ဖြစ်ဟောသူက အော်ဟစ် ပြောလိုက်၏။
"ဘုန်း ..."
ထိုအချိန်တွင်ပင် ချန်းဖန်က ဒါ့ဆင်းထံ တစ်ဟုန်ထိုး ပျံသန်းလာ၏။ အချိန်က အလွန် ရှားပါးနေရာ ချန်းဖန်သည် သူ၏ စွမ်းအားကို ဖုံးကွယ် မထားရဲချေ။ သူက အစစ်အမှန် အမတေ စွမ်းအားများကိုပင် အသုံးပြုကာ လေဟာနယ်ကို ခွဲ၍ ဖြတ်ကျော်၏။
"နာဂ ..."
ဒါ့ဆင်းက စူးရှသော အသံကို ပြု၍ အော်ဟစ်လိုက်၏။
"ဟူး ..."
နာမည်အား ခေါ်သံ ကြားသည်နှင့် မြွေက ပါးစပ်ကို ဟကာ အစိမ်းရောင် အလင်းများအား မှုတ်ထုတ်လိုက်၏။
ထိုအစိမ်းရောင် မြူမှုန်များကား မြွေကြီး၏ မွေးရာပါ နတ်ဘုရား စွမ်းအား ဖြစ်သည်။ ထို အထဲ၌ အလွန် ပြင်းထန်နေသော အဆိပ်များ ပါဝင်နေရာ မြူမှုန် တစ်မှုန်က လူတစ်သောင်းကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
"ဟူး ..."
အစိမ်းရောင် အလင်းများက အလင်း၏ အမြန်နှုန်းဖြင့် ရွေ့လျားကာ ချန်းဖန်အား ဝါးမျိုသည်။
ထိုမြင်ကွင်းကို ကြည့်၍ ဒါ့ဆင်း၏ မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။ အရှေ့တောင် အာရှ၏ အစွမ်းအထက်ဆုံး ဂွန်းတူ မှော်ဆရာ အနေဖြင့် နာဂသည် သူ၏ ဂုဏ်အယူရဆုံး ပိုင်ဆိုင်မှု ဖြစ်သည်။ နာဂ၏ အဆိပ်များကား စတီးကိုပင် အရည်ဖျော်ပစ်နိုင်ရာ ချန်းပေ့ရွှမ်းကို ကောင်းစွာ ကိုင်တွယ်နိုင်မည်ဟု သူ ယုံကြည်ချက် ရှိသည်။
"သတိထား ... ချန်းပေ့ရွှမ်းက သာမန်လူ မဟုတ်ဘူး ..."
ရှေ့ဖြစ်ဟောသူက ဒါ့ဆင်း၏ အမူအရာအား ကြည့်၍ အော်ဟစ် သတိပေးလိုက်၏။
"ဘုန်း ..."
သူမ၏ သတိပေးသံ အဆုံးမှာပင် ချန်းဖန်က အဆိပ်မြူထုအား လက်သီးဖြင့် ထိုးခွဲကာ ဒါ့ဆင်းထံ ဆက်လက် တိုးဝင်၏။
"ဟမ် ..."
ထိုလက်သီးကို ကြည့်ရင်း ဒါ့ဆင်းကား လုံးဝ ဆွံ့အ သွားတော့သည်။ အဆိပ်မြူထုသည် ချန်းပေ့ရွှမ်းကိုတင် မကပဲ သူ၏ အင်္ကျီကိုပင် တိုက်စားနိုင်စွမ်းရှိပုံ မရချေ။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။
ချန်းဖန်သည် ဝိညာဉ်ပင်လယ် အလယ်အဆင့်သို့ ရောက်နေသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ စွမ်းအားက သာမန် တန်ခိုးရှင်များထက် အဆများစွာ သာလွန်သည်။ ချန်းဖန် အနေဖြင့် အဆိပ်မြူထုအား ခုခံရန် အဇူရာ သက်ရှည် ခန္ဓာကိုယ်ကိုပင် သုံးစရာ မလိုခဲ့ချေ။
"အဆိပ် တစ်သောင်း ကူပိုးကောင် ..."
ဒါ့ဆင်းက အကာအကွယ် တစ်ခုကို ဆင့်ခေါ်လိုက်၏။ ရုတ်တရက် အမှောင် မီးခိုးများ ပေါ်ထွက်လာကာ သူအား ဝန်းရံ ကာကွယ်၏။
ထိုအမှောင်မီးခိုးများကား ကူပိုးကောင်များမှ ထုတ်ယူထားခြင်း ဖြစ်သည်။ ဒါ့ဆင်းသည် ထိုကူပိုးကောင်များကို ဆယ်စုနှစ် များစွာ စုဆောင်း ထားခဲ့ပြီး ထိုအထဲက တစ်ကောင်ပင်လျှင် သာမန် လူတစ်ယောက်ကို တစ်ချက်ကိုက်ပြီး သတ်ဖြတ်နိုင်သည်။
"လေဟာနယ်လှိုင်း ..."
ချန်းဖန်က မကြောက်မရွံ့ပင် ကူ ပိုးကောင်များဆီသို့ တိုးဝင်ကာ လက်သီးချီကို ထုတ်လွှတ်သည်။
ရုတ်တရက် လှိုင်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်းကာ ထွက်ပေါ်လာ၏။ ထိုလှိုင်းက လေထုကို အေးခဲစေကာ အနီးတစ်ဝိုက်ရှိ သက်ရှိ အားလုံးအား အဆုံးသတ်ရန် ပြင်သည်။
"အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက် ..."
"လေဟာနယ် လက်သီး ..."
ချန်းဖန် အနေဖြင့် ဝိညာဉ်ပင်လယ် အလယ်ဆင့်သို့ မရောက်မချင်း ထိုနည်းစနစ်ကို အသုံးပြုနိုင်စွမ်း မရှိခဲ့ချေ။ ထို နည်းစနစ်က အလွန် အစွမ်းထက်ကာ လေဟာနယ်ကိုပင် ဖြိုဖျက်နိုင်စွမ်း ရှိသည်။
"အား ..."
လေဟာနယ်လှိုင်း၏ တိုက်စားမှုတွင် ဒါ့ဆင်း၏ ခြေ၊ လက်၊ ဦးခေါင်းများ ပြတ်ထွက်ရ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဒါ့ဆင်းကား ခန္ဓာကိုယ် အလယ်ပိုင်း သက်သက်သာ ကျန်ရှိရတော့၏။
"ဘုန်း ..."
ရုတ်တရက် မြွေကြီး၏ မျက်လုံး၌ အလင်းရောင် တစ်ချက်လက်ကာ ထိုအလင်းက အမြီးမှ တစ်ဆင့် သမုဒ္ဒရာ အတွင်း ခုန်ဆင်းရန် ကြိုးစားသည်။ တစ်ချိန်တည်းတွင်ပင် မြွေကြီးက ချန်းဖန်ထံသို့ ဦးတည်၍ အစိမ်းရောင် အလင်းတန်းများ မှုတ်ထုတ်လိုက်၏။
"မြွေကြီးဆီမှာ ဒါ့ဆင်းရဲ့ ဒုတိယ မူလအမတေ ရှိတာလား ..."
ချန်းဖန်က မျက်လုံးကို ကျဉ်းမြောင်းရင်း မြွေကြီး၏ အမြီးရှိ အလင်းအား ကြည့်လိုက်၏။
"ထွက်ပြေးချင်တာလား ... ဒါကို ခုခံစမ်း ..."
ချန်းဖန်က တစ်ချက်ပြုံးရင်း လက်သီးအား ရှေ့သို့ ဆန့်ထုတ်လိုက်၏။
"ဘုန်း ..."
ကောင်းကင်၏ ပြိုကွဲမှုနှင့် အတူ အချိန် ကုန်လွန်ခြင်းက အရာရာကို ထိန်းချုပ်သည်။
"ဘုန်း ..."
တစ်ချိန်တည်းတွင်ပင် လက်သီးက တိုင်တောင်တန်း၏ အလေးချိန်ကို သယ်ဆောင်ကာ မြွေကြီးအား ထုချေ၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ပေါက်ကွဲမှုက အစဉ်လိုက်ပင် မြွေကြီး၏ ဦးခေါင်းမှ အမြီးအထိ ပျံ့နှံ့သွား၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ပေါက်ကွဲမှု တစ်ခုချင်းစီ၌ မြွေကြီး၏ ဦးခေါင်း၊ လည်ပင်း၊ ခန္ဓာကိုယ်၊ အမြီး စသည်ဖြင့် အရာအားလုံး သွေးမြူမှုန် အသွင် ပြောင်းကာ ပျောက်ကွယ် သွားရတော့သည်။
သို့သော်လည်း လက်သီးက ထိုမျှဖြင့် မရပ်ပဲ သမုဒ္ဒရာ အောက်ခြေအထိ တိုးဝင်ကာ ကြီးမားသော ရေလှိုင်းကြီးများကို ဖန်တီးသည်။ ပြင်းထန်သော တိုက်ခိုက်မှု၏ အောက်၌ ဒါ့ဆင်း၏ နတ်ဘုရား ဝိညာဉ်သည် ထွက်ပြေး လွတ်မြောက်ရန် အခွင့်အရေးပင် မရှိခဲ့ချေ။
လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေကြပြီ ဖြစ်သည်။
"အစွမ်းထက်လိုက်တာ ... အဲဒီ လက်သီးက ရှင်းရီ လက်သီးဂိုဏ်းရဲ့ အမြောက်လက်သီး ထက်တောင် ဆယ်ဆလောက် ပိုပြီး အစွမ်းထက်တယ် ..."
ရှဲ့ရန်က ပင့်သက်ရှိုက်ရင်း ရေရွတ်လိုက်၏။
"ငါး စက္ကန့် ..."
ချန်းဖန်က လက်သီးကို ပြန်ရုတ်ရင်း ပင်လယ် နတ်ဘုရားကျောင်း၏ ရှေ့ဖြစ်ဟောသူကို ကြည့်လိုက်၏။
ချန်းဖန် အနေဖြင့် ဝူကန်းချိုးကို သတ်ရန် တစ်စက္ကန့်မျှသာ ကြာသော်လည်း ဒါ့ဆင်းကို သတ်ရန်မူ လေးစက္ကန့်မျှ အထိ ကြာမြင့်ခဲ့သည်။ သူ့တွင် ပင်လယ် နတ်ဘုရားကျောင်း၏ ရှေ့ဖြစ်ဟောသူကို သတ်ဖြတ်ရန် ငါးစက္ကန့်မျှ အချိန်ရှိ နေသေး၏။
ရှေ့ဖြစ်ဟောသူကား ချန်းဖန်၏ အေးစက်သော အကြည့်အောက်တွင် ရုပ်တု တစ်ခုအလား အေးခဲလာခဲ့သည်။ သူမ အနေဖြင့် မည်သို့ လုပ်ရမှန်း မသိချေ။
"သခင်ကြီး ... ကျွန်မ သခင်ကြီးဆီမှာ အစေခံ ပါရစေ ..."
ရှေ့ဖြစ်ဟောသူက ဆွဲဆောင်မှု ရှိစွာ ပြုံးရင်း ပြောလိုက်သည်။
"မလိုဘူး ..."
သို့သော်လည်း ချန်းဖန်က အေးစက်စက်ပင် တုံ့ပြန်ကာ လေထဲရှိ တစ်စုံတစ်ရာကို ဖမ်းဆုပ်လိုက်၏။
"ဘုန်း ..."
ရုတ်တရက် ကြီးမားကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ပေါ်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးက တဆတ်ဆတ် တုန်လာခဲ့၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အဇူရာ လက်ဝါး ပုံရိပ်ယောင် တစ်ခု ကောင်းကင်တွင် လျင်မြန်စွာ ဖွဲ့စည်းလာသည်။
"မူလ မဟာ ချင်န လက်ဝါး ..."
ထိုလက်ဝါးကား ဘတ်စကက်ဘောကွင်း အရွယ်ခန့် ကြီးမားကာ ကြီးမားသော အလေးချိန်ကို သယ်ဆောင်ထား၏။ လူတိုင်းကား ထိုလက်ဝါး၏ အရှိန်အဝါကြောင့် အသက်ရှူပင် မွမ်းကျပ်သလို ခံစား လာကြရတော့သည်။
"အား ... မလုပ်နဲ့ ..."
ရှေ့ဖြစ်ဟောသူက တားဆီးရန် ကြိုးစားသော်လည်း အဇူရာ လက်ဝါးက မရပ်တန့်ချေ။ ထိုအရာက ရှေ့ဖြစ်ဟောသူ၏ အပေါ်သို့ တည့်တည့်ပင် ကျဆင်းကာ ဝါးမျို၏။
ရှေ့ဖြစ်ဟောသူက လှိုင်းလုံးများကို ဆင့်ခေါ်ရန် ကြိုးစားသော်လည်း အသုံးမဝင်ချေ။ လက်ဝါး၏ အောက်၌ သူမ၏ ခန္ဓာသာ ငါးစာ အဖြစ်သို့သာ ပြောင်းလဲ သွားရတော့သည်။
"ဆူနာမီကိုတောင် ဆင့်ခေါ်နိုင်တဲ့ ရှေ့ဖြစ်ဟောသူက ဒီလိုပဲ သေသွားရပြီလား ..."
လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်း ကိုယ်စီ ချလိုက်မိကြသည်။
ချန်းပေ့ရွှမ်းကား တန်ခိုးရှင် အဆင့် သုံးယောက်ကို ဓမ္မ ရတနာပဲ မသုံးပဲ သတ်ဖြတ် ပစ်ခဲ့သည်။ သူ၏ စွမ်းအားကား တန်ခိုးရှင် အဆင့်၏ အတားအဆီးထက်ပင် သာလွန်နေပြီ ဖြစ်လောက်သည်။
"တစ်ဆယ် စက္ကန့် ..."
ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ဘုန်း ..."
အတားအဆီးက ရုတ်တရက်ပင် ပျက်စီးသွား၏။ အရာအားလုံးကား ပုံမှန် အခြေအနေဆီသို့ ပြန်လည် ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ဤနေရာ၌ တန်ခိုးရှင် သုံးယောက်၏ တိုက်ပွဲ ဖြစ်ပွားသွားကြောင်း မည်သည့် အထောက်အထားမျှ ကျန်ရှိ မနေခဲ့ချေ။
"ချန်းပေ့ရွှမ်း ပြန်လာပြီ ... ကမ္ဘာကြီးတော့ နောက်တစ်ကြိမ် တုန်လှုပ် သွားတော့မှာပဲ ..."
နဂါးခန်းမ၏ အကြီးအကဲများက တိတ်တခိုး ရေရွတ်လိုက်မိကြ၏။
ချန်းပေ့ရွှမ်းသည် ပြန်လမ်းမဲ့ တောင်ကြားမှ ထွက်ပေါ်လာချင်းမှာပင် တန်ခိုးရှင် သုံးယောက်ကို သတ်ဖြတ်ခဲ့သည်။ သူကား တန်ခိုးရှင် အဆင့်များ ကြားတွင်ပင် ထိပ်ဆုံး အဆင့်၌ ရှိနေခဲ့သည်မှာ သေချာပေသည်။
***