မြောက်ပိုင်းချုံးဂိုဏ်းကို တိုက်ခိုက်ခြင်း
Vol. 6 Ch. 524
"ဘိုးဘေးသခင် တံခါးပိတ် ကျင့်ကြံတာက ထွက်လာပြီတဲ့ ..."
များစွာသော လင်းမိသားစုဝင်များသည် ဘိုးဘေးခန်းမ ရှိရာသို့ အပြေးအလွှား ရောက်လာကြ၏။
"အဲဒါက ငါ့တို့ရဲ့ ဘိုးဘေးသခင်လား ..."
လင်းမိသားစု အကြီးအကဲ တစ်ယောက်က ချက်ချင်းပင် ဒူးထောက်ကာ ဦးခိုက်လိုက်သည်။
"ကျွန်တော်က လင်းရှင်းကျစ်ပါ ... တွေ့ရတာ ဝမ်းသာပါတယ် ဘိုးဘိုးကြီး ..."
လင်းရှု့မင်သည် နှစ်တစ်ရာ့ ငါးဆယ်ကျော် နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်ရိုက် သားသမီးများနှင့် မြေးများမှာ သေဆုံး သွားကြပြီ ဖြစ်သည်။ ယခု လင်းမိသားစုအား အုပ်ချုပ် နေသည်က တတိယနှင့် စတုတ္ထ မျိုးဆက်များ ဖြစ်ကြသည်။
"ထတော့ ကလေး ..."
လင်းရှု့မင်က နူးညံ့စွာ ပြောလိုက်သည်။
ကမ္ဘာ၏ အသက် အရှည်ဆုံး တန်ခိုးရှင် ဖြစ်သည့်တိုင် လင်းရှု့မင်၏ အသံသည် အထက်စီးဆန်ခြင်းများ ကင်းမဲ့နေ၏။ သူ၏ ပုံစံက လေတိုက်လျှင်ပင် လွင့်စဉ် သွားနိုင်သော စာပေသမား လူငယ်လေးနှင့် တူနေပြီး သူ၏ မျက်လုံးများကလည်း ညင်သာ နူးညံ့နေသည်။
"ဘိုးဘိုးကြီး ... မြေကမ္ဘာနတ်ဘုရား အဆင့်ကို ရောက်သွားပြီလား ..."
လင်းမိသားစု သခင်ကြီးက မျှော်လင့်တကြီး မေးလိုက်သည်။
အခြားသော လင်းမိသားစုဝင်များ ကလည်း လင်းရှု့မင်အား နောက်ဆုံး မျှော်လင့်ချက် အလား ကြည့်လိုက်မိကြသည်။ လင်းရှု့မင်သာ မြေကမ္ဘာ နတ်ဘုရား အဆင့်သို့ ရောက်ရှိပါက လင်းမိသားစု၏ လွှမ်းမိုးမှုက ပြန်လည် မြင့်တက် လာလိမ့်မည် ဖြစ်သည်။
အားလုံး၏ မျှော်လင့်တကြီး အကြည့်များ အောက်၌ လင်းရှု့မင်က ခေါင်းညိတ်သလို ခေါင်းကိုလည်း ခါသည်။
ထိုအရာက မည်သည့် အဓိပ္ပာယ်နည်း။ လူများက တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်လိုက်ကြသည်။
"ချန်းပေ့ရွှမ်း ဘယ်မှာလဲ ..."
လင်းရှု့မင်က လေးနက်စွာ မေးလိုက်သည်။
"ဘိုးဘိုးကြီး ... ချန်းပေ့ရွှမ်းက ပြန်လမ်းမဲ့ တောင်ကြားကို လွန်ခဲ့တဲ့ တစ်နှစ် ကတည်းက ဝင်သွားပါတယ် ... အဲဒီ ကတည်းက သူ ပျောက်နေတုံးပါပဲ ... ဒါပေမဲ့ သူက မြောက်ပိုင်းချုံး ဂိုဏ်းကို တည်ထောင် ထားပါတယ် ... အခု မြောက်ပိုင်းချုံးဂိုဏ်းက တန်ခိုးရှင် အဆင့် နှစ်ယောက်နဲ့ လည်ပတ် နေပါတယ် ... ကြားရသလောက်ဆို အစိမ်းရောင် ဂိုဏ်းခေါင်းဆောင်ရဲ့ သား ဟွာရန်ဖန်းတောင် မြောက်ပိုင်းချုံးဂိုဏ်းနဲ့ ပူးပေါင်းခဲ့တယ်တဲ့ ..."
ထိုစကားကို နားထောင်ပြီးနောက် လင်းရှု့မင်၏ မျက်လုံး၌ အလင်းရောင် တစ်ချက် တောက်ပသွား၏။ ထို့နောက် သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မြောက်ပိုင်းချုံးဂိုဏ်းကို သွားကြမယ် ..."
***
ယခုနှစ်ပိုင်း အတွင်းတွင် မြောက်ပိုင်းချုံးဂိုဏ်းသည် အလွန် ကျော်ကြားသော အဖွဲ့အစည်း တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တန်ခိုးရှင် အဆင့် နှစ်ယောက်နှင့် ဆယ်ချီသော အထွတ်အထိပ်များ ရှိခြင်းက မြောက်ပိုင်းချုံး ဂိုဏ်းအား ထိပ်ဆုံးသို့ တက်လှမ်းစေသည်။
ထို့အပြင် မြောက်ပိုင်းချုံးဂိုဏ်း၏ ဘဏ္ဍာရေး အခြေအနေကလည်း အလွန် တောင့်တင်းလွန်းသည်။ ကျင်းရှို့ လုပ်ငန်းစု၊ အဇူရာအဆောင် ဆေးဝါးစက်ရုံ၊ ကျန်းလုပ်ငန်းစု၊ ဟွာလုပ်ငန်းစု၊ လုလုပ်ငန်းစု၊ အန်လုပ်ငန်းစု စသည့် အင်အားကြီး စီးပွားရေး လုပ်ငန်းစု၊ ကုမ္ပဏီပေါင်း များစွာသည် မြောက်ပိုင်းချုံးဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
မြောက်ပိုင်းချုံးဂိုဏ်း၏ အဓိက ထုတ်ကုန်သည် ရှင်သန်ခြင်း ရေစင် ဖြစ်သည်။ ရှင်သန်ခြင်း ရေစင်၏ နာမည်က တစ်ကမ္ဘာလုံး အထိ အလွန် ကျော်ကြားသည်။ ထိုအရာသည် အကန့်အသတ်ဖြင့် ထုတ်လုပ်သည့် ထုတ်ကုန် ဖြစ်သည့်တိုင် များစွာသော အမြတ်အစွန်းများကို ရရှိစေသည်။ ထို့ကြောင့်ပင် မြောက်ပိုင်းချုံး ဆိုသော နာမည်သည် စီးပွားရေး လောကတွင်ပါ ထင်ရှား ကျော်ကြားသည်။
ကျောင်းဟိုင်မြို့၊ ပါ့ကျင်းတောင်တန်း ...
ယခင် "ဟွာမိသားစု ခြံဝင်း" သည် ယခု အချိန်၌ "မြောက်ပိုင်းချုံး နန်းတော်" အဖြစ် နာမည် ပြောင်းလဲခဲ့ပြီ ဖြစ်သည်။
ဟွာရန်ဖန်းသည် တောင်ထိပ်ရှိ ယခင် အဆောက်အဦကို ဖျက်ဆီးကာ အစိမ်းရောင် နဂါး အစီအရင် အတွင်းရှိ "မြောက်ပိုင်းချုံး နန်းတော်" အတိုင်း ပြန်လည် ဆောက်လုပ်ထားသည်။ အဝေးမှ ကြည့်လျှင် တိမ်ဖုံးနေသော တောင်ထိပ်ရှိ မြောက်ပိုင်းချုံး နန်းတော်ကား သူတော်စင်တို့ မှီတင်းရာ ဂူတစ်လုံးနှင့်ပင် တူနေချေသေးသည်။
ယနေ့၌ မြောက်ပိုင်းချုံး နန်းတော်တွင် စားသောက်ပွဲ တစ်ခု ရှိနေ၏။ ထို့ကြောင့် မြောက်ပိုင်းချုံး နန်းတော် တစ်ခုလုံး၌ ဧည့်သည်များဖြင့် ပြည့်နှက်နေသည်။
ထိုဧည့်သည်များသည် တရုတ်နိုင်ငံ အနှံ့အပြားမှ ထိပ်တန်း သူဌေးကြီးများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် မြောက်ပိုင်းချုံး နန်းတော်၏ စားသောက်ပွဲသို့ တက်ရောက်ရခြင်းကို ဂုဏ်ယူစရာ တစ်ခု အဖြစ် မှတ်ယူကြသည်။
"သူဌေးလီ ... တွေ့ကြရပြန်ပြီ ..."
"အေးဗျာ ... ဒီပွဲကို မြောက်ပိုင်းချုံးရဲ့ ခေါင်းဆောင်တွေ တက်ရောက်မယ်တဲ့ ... ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ ..."
သူဌေးများစွာမှာ အစုလိုက် စားသောက်ရင်း စကားစမြည် ပြောဆို နေကြသည်။
"မြောက်ပိုင်းချုံးရဲ့ ပိုင်ရှင်က ဘယ်သူလဲဗျ ... သူက တစ်ခါတောင် ပေါ်မလာခဲ့ဘူး ... စီအီးအိုဖန့်ကပဲ အားလုံးကို တာဝန်ယူ ကိုင်တွယ်နေတာ ..."
အရှေ့တောင်ပိုင်းမှ သူဌေး တစ်ယောက်က မေးလိုက်သည်။
"ကောလာဟလတွေ အရဆို မြောက်ပိုင်းချုံး ပိုင်ရှင်က ချန်းပေ့ရွှမ်း ဆိုတဲ့ လူငယ် တစ်ယောက်တဲ့ ... ဒါပေမဲ့ သူက တစ်ခါမှ ထွက်ပေါ် မလာဖူးဘူး ..."
အခြား သူဌေးကြီး တစ်ယောက်က တုံ့ပြန်လိုက်သည်။
"ချန်းပေ့ရွှမ်း ... ဒီနာမည်ကို ကျုပ် ကြားဖူးတယ် ..."
အရှေ့တောင်ပိုက်းမှ သူဌေးက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
ချန်းပေ့ရွှမ်း တရုတ်တွင် လူတိုင်းသိကြသည့် နာမည် ဖြစ်သည်။ သို့သော်လည်း သူ ပျောက်ကွယ်နေသည်မှာ ကြာပြီ ဖြစ်ရာ လူအများကား မေ့မေ့လျော့လျော့ပင် ဖြစ်နေခဲ့ကြသည်။
"ဟိုကိုကြည့်စမ်း ... မြောက်ပိုင်းချုံးရဲ့ နတ်သမီးလေးတွေ ရောက်လာပြီ ..."
ရုတ်တရက် တစ်ယောက်က အော်ဟစ်လိုက်၏။
လူတိုင်းက ဝင်ပေါက်ရှိရာသို့ ကြည့်လိုက်ရာ အလွန်အမင်း လှပသော မိန်းကလေး တစ်စု အခန်းတွင်း ဝင်လာသည်ကို တွေ့လိုက်ကြရသည်။
"အန်ရာ ... ကျင်းရှို့ရဲ့ မန်နေဂျာ အကြီးအကဲ ..."
"လုယန်ဝူ ... လုလုပ်ငန်းစုရဲ့ စီအီးအို ..."
"ကျန်းအန့်ချီ ... ကျန်းလုပ်ငန်းစုရဲ့ စီအီးအို ..."
"ဖန့်ချုံး ... မြောက်ပိုင်းချုံးရဲ့ စီအီးအို ..."
ထိုမိန်းကလေး လေးယောက်ကား မတူညီသော နေရာဒေသများမှ ရောက်လာကြသူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့၌ တူညီမှု တစ်ခု ရှိ၏။ ထိုအရာက အလွန်အမင်း လှပကြခြင်းပင်။
သူတို့ကား ရှင်သန်ခြင်း ရေစင်နှင့် အမတေ စုစည်းခြင်း ဆေးများကို နေ့တိုင်း အသုံးပြုကြသည်။ ထို့ကြောင့်ပင် သူတို့၏ အသားအရေက ချောမွေ့ စိုပြည်ကာ ကျော့ရှင်း နေကြခြင်း ဖြစ်သည်။
"အားလုံးပဲ ကြိုဆိုပါတယ် ရှင် ... ဒီနေ့ စားသောက်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က နှစ်ချုပ် စာရင်းတွေ ချပြဖို့နဲ့ နောက်နှစ်အတွက် တစ်နှစ်တာ အစီအစဉ်တွေ ချမှတ်ဖို့ပါပဲ ..."
ဖန့်ချုံးက စကား ပြောလိုက်သည်။ သူမ၏ အသံက ကြည်လင်ကာ ယုံကြည်ချက် ရှိခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
ယူကီရှီရိုဆာနှင့် ဟွာရန်ဖန်းတို့သည် မြောက်ပိုင်းချုံး၏ အဓိက လူများ ဖြစ်ကြသော်လည်း သူတို့က ကျင့်ကြံခြင်းကိုသာ အဓိက အာရုံစိုက်ကြသည်။ ထို့ကြောင့်ပင် သူတို့က ဖန့်ချုံးအား မြောက်ပိုင်းချုံး၏ စီအီးအို အဖြစ် ကမ်းလှမ်းကာ ဦးစီး စေခဲ့သည်။
ဖန့်ချုံးသည် အသက်နှစ်ဆယ် အရွယ်သာ ရှိသေးသော်လည်း သူမ၏ ဦးဆောင်မှု စွမ်ရည်မှာ သူမ၏ အလှအပထက်ပင် သာလွန်၏။ သူမ၏ လက်အောက်၌ မြောက်ပိုင်းချုံးမှာ စနစ်တကျ ရှိပြီး ပိုမို၍ပင် စည်းလုံးလာခဲ့သည်။
မြောက်ပိုင်းချုံး၏ သူဌေးကြီးများ လုပ်ငန်း ကိစ္စများ အကြောင်း ဆွေးနွေး နေကြချိန်၌ မြောက်ပိုင်းချုံး၏ သိုင်းပညာရှင်များ သည်လည်း အစည်းအဝေး တစ်ခု ကျင်းပ နေကြသည်။
ဟွာရန်ဖန်း၊ ထုံရှန်း၊ ယူကီရှီရိုဆာ၊ အားရှို့၊ ယုဝမ်ကျင်း၊ ကျင်းရီနှင့် မြန်မာ အမှောင် ကဝေဂိုဏ်း၏ ကျင့်ကြံသူများသည် မြောက်ပိုင်းချုံးနန်းတော် ဒုတိယ အထပ်၌ စုစည်း ရောက်ရှိ နေကြသည်။
"ဆရာ့ကို နောက်တစ်ကြိမ် ပြန်တောင် တွေ့ရပါ့ မလား ..."
အားရှို့က စိတ်ပူစွာ ပြောလိုက်သည်။
သူမကား ငယ်ရွယ်ကာ အပြစ်ကင်းစင်သော ကောင်မလေး ဖြစ်သည့်တိုင် ကောင်းကင် စာအုပ်ဝင် အထွတ်အထိပ် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ချန်းချူရန်ကို အနိုင်ယူကာ တရုတ်တွင် အစွမ်းအထက်ဆုံး မိန်းကလေး သိုင်းပညာရှင် အဖြစ် ရပ်တည်နိုင်ခဲ့သည်။
"စိတ်မပူနဲ့ ... ဆရာက နတ်ဘုရားပဲဟာ ... မြေကမ္ဘာ နတ်ဘုရားရဲ့ အစီအရင်လောက်က သူ့ကို မတားနိုင်ဘူး ... သူ တစ်နေရာရာမှာ တံခါးပိတ် ကျင့်ကြံနေတာ ဖြစ်မယ် ..."
ယူကီရှီရိုဆာက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။
သူမသည် ထုံးစံအတိုင်း အဖြူရောင် ဝတ်စုံကို ဝတ်ကာ အေးစက်သော အမူအရာကို ဆင်မြန်းထားသည်။
တရုတ်ရှိ လူများက ကျိုးကျင်းရီ၊ အားရှို့၊ ယုဝမ်ကျင်းနှင့် ယူကီရှီရိုဆာတို့ကို မြောက်ပိုင်းချုံး၏ နတ်ဘုရားမ လေးပါးဟု ခေါ်ကြသည်။
"ဟုတ်တယ် ... ဆရာက လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ကတောင် မြေကမ္ဘာ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ ... နောက်ပြီး သူ့မှာ အရမ်း အစွမ်းထက်တဲ့ နတ်ဘုရား စွမ်းအားတွေ ရှိသေးတယ် ..."
ဟွာရန်ဖန်းက ယူကီရှီရိုဆာ၏ စကားကို ထောက်ခံလိုက်သည်။
ယခု ရောက်နေသော လူများ အားလုံးတွင် ဟွာရန်ဖန်း တစ်ယောက်သာ ချန်းဖန်၏ စွမ်းအားကို အကောင်းဆုံး သိထားသည်။ သူကား ချန်းဖန်၏ မှတ်ဉာဏ် အချို့ကို တွေ့မြင်ခဲ့ရရာ အလွန် အစွမ်းထက်သော ရှေးဟောင်း နတ်ဘုရား ပြန်လည် ဝင်စားသူဟု သေချာ သိထားခဲ့သည်။
ထိုအချိန်တွင်ပင် ကြည်လင် ရှင်းလင်းသော အသံတစ်ခု မြောက်ပိုင်းချုံး နန်းတော်ဆီသို့ ပျံ့နှံ့လာခဲ့၏။
"ကျုပ် လင်းရှု့မင် မြောက်ပိုင်းချုံး ဂိုဏ်းချုပ်ဆီကို အလည်လာတယ် ..."
ထိုအသံက မတိုးလွန်း၊ မကျယ်လွန်းသော အသံလှိုင်းကို သယ်ဆောင်ကာ လူတိုင်း၏ နားစည်သို့ ရှင်းလင်းစွာ ရိုက်ခတ်သည်။
"လင်းရှု့မင် ... လင်းမိသားစုရဲ့ ဓားတန်ခိုးရှင် ..."
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် ဟွာရန်ဖန်းက ဦးဆောင်၍ မြောက်ပိုင်းချုံး နန်းတော်ရှေ့သို့ ထွက်ကာ ဧည့်သည်ကို ကြိုဆို လိုက်ကြသည်။ ဧည့်သည်သည် တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက် ဖြစ်ကြောင်း လူတိုင်း တွေ့လိုက်ကြရ၏။
"အဲဒါ ... သူပဲ ..."
လူငယ်အား တွေ့သည်နှင့် ဟွာရန်ဖန်းသည် ချက်ချင်းပင် မှတ်မိလိုက်သည်။ သူက ချက်ချင်းပင် လက်သီးဆုပ်ရင်း နှုတ်ဆက်လိုက်သည်။
"ကြိုဆိုပါတယ် ... သခင်ကြီး ရှု့မင် ... ကျွန်တော်က မြောက်ပိုင်းချုံးရဲ့ ဒုတိယ တပည့်ပါ ... ဘာအရေးများ ရှိလို့ ရောက်လာတာလဲ မသိဘူး ..."
လင်းရှု့မင်က ဟွာရန်ဖန်းအား အကဲခတ်ရင်း တစ်ချက် ပြုံးလိုက်သည်။
"ညီလေးဟွာက တရုတ်ကို လွှမ်းမိုးခဲ့တယ် ... ဒါပေမဲ့ သူ့ရဲ့သားက ချန်းပေ့ရွှမ်းရဲ့ ခွေး ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး ..."
လင်းရှု့မင်၏ စကားက ဟွာရန်ဖန်းအား မျက်မှောင်ကြုတ် သွားစေသည်။
"သခင်ကြီး ရှု့မင် ... ကျုပ် ခင်ဗျားကို အကြီးအကဲ တစ်ယောက် အနေနဲ့ လေးစားတယ် ... ကျုပ်ရဲ့ လေးစားမှုကို မဖျက်ဆီးပစ်ပါနဲ့ ..."
"ဟုတ်လား ... အဲဒါဆို မင်း ချန်းပေ့ရွှမ်းဆီက ဘာတွေ သင်ခဲ့လဲ ငါ့ကို ပြပါဦး ..."
လင်းရှု့မင်က ပြုံးရင်း ဟွာရန်ဖန်းဆီ လက်ညှိုးတစ်ချက် ထိုးလိုက်သည်။
"ကလန့် ..."
ရုတ်တရက် လင်းရှု့မင်၏ လက်မှ အဖြူရောင် ဓားချီတစ်ခု ပေါ်ထွက်၏။ ထိုဓားချီက အလင်း၏ အမြန်နှုန်းဖြင့် ဟွာရန်ဖန်းထံ တိုးဝင်သည်။
"ဘုန်း ..."
ဟွာရန်ဖန်းက တိမ်တိုက် လက်ဝါးကို ဆင့်ခေါ်ကာ ဓားချီကို တားဆီးသည်။ သို့သော်လည်း တိုက်ခိုက်မှု အရှိန်တွင် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရ၏။
ထိုမြင်ကွင်းက လူတိုင်းအား ဆွံ့အစေ၏။ လင်းရှု့မင်က ဟွာရန်ဖန်းကို တစ်ကွက်တည်းနှင့် အနိုင်ယူ လိုက်သည်လား။
***