← Chapters

တတိယအကြိမ်တွေ့ဆုံခြင်း

Vol. 019 Ch. 1803

တတိယအကြိမ်တွေ့ဆုံခြင်း

Vol. 019 Ch. 1803

သူမက သူ့အားမမှတ်မိခြင်းဖြစ်နိုင်သည်။

အရှင်ဒွန်ဟောင်၏ တဦးတည်းသောသမီးတော်ဖြစ်ပြီး ကောင်းကင်ဒေသတွင် အထင်ရှားဆုံးအမျိုးသမီးဖြစ်သောကြောင့် မင်းသမီးဒွန်ဟောင်သည် လွန်ခဲ့သောနှစ်များစွာက တွေ့ဆုံခဲ့သော ကြုံရာလူတစ်ယောက်ကို အာရုံစိုက်မိလိမ့်မည်မဟုတ်ပေ။

သို့သော် သူသည် သူမကိုဘယ်သောအခါမျှ မေ့နိုင်မည်မဟုတ်ပေ။ မင်းသမီးဒွန်ဟောင်နှင့်တွေ့ဆုံရသည့် နှစ်ကြိမ်စလုံးက ရီဖူရှင်းအတွက် အလွန်ထူးခြားသော တွေ့ဆုံခြင်းဖြစ်၏။

သူတို့ ပထမအကြိမ်တွေ့ဆုံစဥ်က သူမသည် နှင်းလူဝံအင်ပါယာကိုသတ်ဖြတ်ခဲ့ပြီး ဒုတိယအကြိမ်တွေ့ဆုံချိန်တွင် သူမက သူ၏ဆရာကိုအဝေးသို့ခေါ်ဆောင်သွားခဲ့သည်။

သူကမည်သို့မေ့နိုင်ပါမည်နည်း။

ရီဖူရှင်းသည် နှင်းလူဝံအင်ပါယာနှင့်ရော ဆရာဒူနှင့်ပါ ထူးခြားသော ဆက်ဆံရေးရှိပေသည်။

ထို့ကြောင့် ရီဖူရှင်းက မင်းသမီးဒွန်ဟောင်အပေါ်တွင် အကောင်းမြင်စိတ်မရှိပေ။

မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး မာနကြီးလှသည်။ သူမက တခြားလူ၏ကံကြမ္မာကို သက်သောင့်သက်သာပင် အမိန့်ပေးနိုင်သည်။ ယခုပင်လျှင် မင်းသမီးဒွန်ဟောင်က ရီဖူရှင်း၏သေခြင်းရှင်ခြင်းအား အလွယ်တကူဆုံးဖြတ်ပေးနိုင်ခဲ့သည်။

ထို့အပြင် ရီဖူရှင်းက အင်ပါယာရီချင်ကြောင့် သူသည် မဟာအင်ပါယာဒွန်ဟောင်နှင့် ဆန့်ကျင်ဘက်၌ ရပ်တည်သင့်သည်ဟု ယုံကြည်ထားသည်။

မည်သို့ပင်ဆိုစေ သူသည် ဒဏ္ဍာရီထဲမှ မဟာအင်ပါယာအကြောင်းအား တဆင့်စကား ပုံပြင်များအနေဖြင့်သာကြားခဲ့ရပြီး လူချင်းတခါမျှမတွေ့ဆုံဖူးပေ။ မဟာအင်ပါယာဒွန်ဟောင်နှင့် အင်ပါယာရီချင်ကြားတွင် အတိတ်ကမည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို သူအတိအကျ မသိသောကြောင့် မဟာအင်ပါယာအား အကြွင်းမဲ့မုန်းတီးရန်လည်းမဖြစ်နိုင်ပေ။

ရီဖူရှင်းက သူတို့ထပ်မံတွေ့ဆုံချိန်တွင် မင်းသမီးဒွန်ဟောင်သည် သူ့အားမမှတ်မိရန်သာ မျှော်လင့်သည်။

"မင်းသမီးဒွန်ဟောင်က ဘုံကိုးခုက ကိစ္စတွေကြောင့် ရောက်လာတာလား" အရှင်ထိုက်ရွှမ်က ရှောင်တိန့်ထျန်းအား မေးလိုက်သည်။

"ဖြစ်နိုင်တယ်" ရှောင်တိန့်ထျန်းသည် ခေါင်းငြိမ့်၍ပြောလိုက်သည်။ "နတ်စေတမန်ပြောတာတော့ ငါတို့အားလုံး နောက်ထပ်ခုနှစ်ရက်အတွင်း ဘာပဋိပက္ခမှမဖြစ်စေရဘူးလို့ သူမက အမိန့်ပေးထါးတယ်တဲ့။ ငါ့အထင် သူမက ဘုံကိုးခုကအခြေအနေတွေကို တည်ငြိမ်အောင်လုပ်ဖို့ကြိုးစားနေတာထင်တယ်။ အဲ့ဒါကြောင့် မင်းသမီးဒွန်ဟောင်က နတ္ထိအင်ပါယာနန်းတော်ကို လူကိုယ်တိုင်လာရောက်ပြီး ကောင်းကင်ဒေသနဲ့ ဘုံကိုးခုကကျင့်ကြံသူတွေကို ဆင့်ခေါ်တာဖြစ်မယ်။ ဒါပေမဲ့ သူမက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မသိရသေးဘူး"

အရှင်ထိုက်ရွှမ်သည် အသာခေါင်းညိမ့်လိုက်သည်။ အတွေးပေါင်းများစွာက သူ့ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။ လူတိုင်းသည်လည်း ကို့ရို့ကားယားခံစားနေရသည်။ သူတို့သည် မကြာခင်ကဖြစ်ပွားခဲ့သောတိုက်ပွဲမှ အပြည့်အဝပြန်ကောင်းမလာကြသေးဘဲ ဤကဲ့သို့အလှည့်အပြောင်းများကို မျှော်လင့်မထားမိကြပေ။

မကြာသေးခင်ကပင် သူတို့သည် သေသည်အထိတိုက်ခိုက်သွားရန် အဆင်သင့်ပြင်ထားပြီးဖြစ်ခဲ့သည်။ ရန်သူများက လှုပ်ရှားဝံ့လျှင် သူတို့က ရှန်ကလန်ကိုတိုက်ခိုက်မည်ဆိုသည်မှာ ခြိမ်းခြောက်စကားသက်သက်သာမဟုတ်ပေ။

"အချိန်ကျလာရင် မင်းတို့ နတ္ထိအင်ပါယာနန်းတော်ကိုသွားဖို့ ရှောင်ကလန်ကိုလာသင့်တယ်" ရှောင်တိန့်ထျန်းက ရီဖူရှင်းကိုပြောလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ အာကာသခရီးသွားဝင်္ကပါသည် အလယ်အင်ပါယာဘုံသို့ တိုက်ရိုက်ဆက်သွယ်ထားသည့် လမ်းကြောင်းရှိသည်။

"ကောင်းပါပြီ" ရီဖူရှင်းက ခေါင်းငြိမ့်၍သဘောတူလိုက်သည်။

သတင်းက မကြာခင်ပြန့်နှံ့သွားသည်။ဘုံကိုးခုမှအင်အားစုများအားလုံးသည် နတ်စေတမန်ထံမှ သတင်းကိုရရှိခဲ့ကြသည်။ ဘုံကိုးခုမှ ပြင်းထန်နေသောအခြေအနေများသည် လျင်မြန်စွာလျော့နည်းသွားပြီး လူများက ခဏတာရရှိသော ငြိမ်းချမ်းမှုကြောင့် စိတ်သက်သာရာရရှိသွားကြသည်။

နတ်နန်းတော်မှတိုက်ပွဲ ဖြစ်ပွားခဲ့ချိန်တွင် အလယ်အင်ပါယာဘုံနှင့် စီဝေ့ဘုံတို့ရှိ နေရာအများစု၌ ထိပ်သီးအင်အားစုများသည် ပဋိပက္ခများ၊ တိုက်ပွဲများကြား၌ ပိတ်မိနေခဲ့ကြသည်။ ထိုအချိန်က တိုက်ပွဲကြီးများသည် အချိန်မရွေးဖြစ်ပွားနေခဲ့ကြသည်။ သို့သော် ယခုတွင် အနည်းဆုံးတော့ သူတို့သည် နောက်ထပ် ခုနှစ်ရက်အတွင်း စိုးရိမ်ပူပန်စရာမလိုတော့ပေ။

မည်သူကမျှ မင်းသမီးဒွန်ဟောင်၏အမိန့်ကို မလိုက်နာဘဲမနေဝံ့ပေ။ အရှင်ဒွန်ဟောင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်မရှိသည့် ကောင်းကင်ဒေသမှ အုပ်စုများပင်လျှင် မလိုက်နာဘဲမနေဝံ့ပေ။

…

ခုနှစ်ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

အချိန်ကျလာသောအခါ ဘုံကိုးခုမှ ထိပ်သီးအင်အားစုအားလုံးသည် ကျင့်ကြံသူများကို အလယ်အင်ပါယာဘုံသို့ စေလွှတ်ခဲ့ကြသည်။ တချို့လူများသည် အစောထွက်ခွာလာကြပြီး အလယ်အင်ပါယာဘုံသို့ပင် ရောက်နှင့်နေလေသည်။

ရီဖူရှင်းနှင့်ကျန်လူများက အာကာသခရီးသွားဝင်္ကပါမှ အလယ်အင်ပါယာဘုံရှိရှောင်ကလန်သို့ ဦးစွာသွားခဲ့ကြသည်။ ရှောင်ကလန်၌ ခဏကြာအနားယူပြီးနောက် သူတို့သည် ရှောင်တိန့်ထျန်း၊ ရှောင်ကလန်မှအခြားကျင့်ကြံသူများနှင့်အတူ နတ္ထိအင်ပါယာနန်းတော်သို့ ထွက်ခွာလာခဲ့ကြသည်။

ရီဖူရှင်းနှင့်ရှောင်ကလန်တို့သာမဟုတ်ပေ။ အလယ်အင်ပါယာဘုံမှ ထိပ်သီးအင်အားစုများနှင့်မပတ်သတ်သော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည်ပင် နတ္ထိအင်ပါယာနန်းတော်သို့ ဦးတည်သွားနေကြသည်။

မင်းသမီးဒွန်ဟောင်က နတ္ထိအင်ပါယာနန်းတော်သို့ ရောက်ရှိလာခဲ့သည်။ သူတို့သည် မဟာအင်ပါယာဒွန်ဟောင်၏ သမီးတော်ဖြစ်သူ ကောင်းကင်ဒေသ၏ ဂုဏ်ယူဖွယ်မင်းသမီးအား မြင်ခွင့်ရမည့်အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

မည်သူကများ သူမအား တိတ်တခိုးမကြည့်ချင်ဘဲ နေလိမ့်မည်နည်း။

ရီဖူရှင်းသည် လူတစ်စုကိုဦးဆောင်၍ အလယ်အင်ပါယာဘုံမှ နတ္ထိအင်ပါယာနန်းတော်သို့ ဦးတည်လာခဲ့သည်။ သူတို့သည် နတ္ထိအင်ပါယာနန်းတော်နှင့်နီးလာသောကြောင့် ပို၍ ပို၍အားကောင်းသောကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ရသည်။ သူတို့သည် လက်နက်များကိုသယ်ဆောင်၍ နေရာအနှံ့မှ တူညီသောနေရာသို့ ဦးတည်သွားနေကြသည်။

မကြာခဏပင် ရီဖူရှင်းတို့အုပ်စုက ဖြတ်သွားသောလူများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ သူတို့အား ချက်ချင်းသတိမပြုမိလျှင်ပင် သူတို့သည် သာမန်မဟုတ်သောကျင့်ကြံသူများဖြစ်ကြောင်း သိသာလှသည်။ ဉာဏ်ကောင်းသောလူများ မကြာခင်ပင် သူတို့မည်သူဖြစ်ကြောင်း နားလည်သွားကြပြီး ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြသည်။

ယခုအချိန်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ မဟာမိတ်အဖွဲ့သည် ဘုံသုံးထောင်၌ လွှမ်းမိုးနိုင်စွမ်းအရှိဆုံး အုပ်စုများထဲမှ ထိပ်ဆုံးနေရာတွင်ရှိနေသည်။

"ဒီလူတွေက မင်းသမီးအတွက်သွားနေကြတာထင်တယ်" ရှောင်မုယွီက အပြုံးဖြင့်ပြောလိုက်သည်။ အနက်ရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားသော သူမသည် လူအုပ်ကြားတွင် ကျက်သရေရှိစွာ သီးသန့်ဖြစ်နေပုံပေါ်သည်။

"သူမက ကောင်းကင်ဒေသမှာ အလှဆုံးအမျိုးသမီးဖြစ်ပြီး တပါးတည်းသော အစစ်အမှန်မင်းသမီးပဲလေ။ လူတိုင်းက သူမကိုတွေ့ခွင့်ရချင်တာ ပုံမှန်ပါပဲ" ရီဖူရှင်းက ပြန်ဖြေသည်။

"မင်းသမီးဒွန်ဟောင်က ပြိုင်ဘက်ကင်းအလှလေးဖြစ်ပြီး ပါရမီရှင်တစ်ယောက်လို့ကြားတယ်။ အဲ့ဒါတကယ်လားသိချင်မိတယ်။ နောက်ဆုံးတော့ ကျွန်မတို့ သူမကိုဒီနေ့တွေ့ခွင့်ရတော့မှာပဲ..."ရှောင်မုယွီက ငြင်သာစွာပြောလိုက်သည်။

"သူမရဲ့ပါရမီကိုတော့ မသိဘူး။ ဒါပေမဲ့ သူမရဲ့အလှကတော့ တကယ်ကိုအထင်ကြီးစရာကောင်းတယ်" ရီဖူရှင်းက ပြောလိုက်သည်။

"သူမကို တွေ့ဖူးတာလား" ရှောင်မုယွီက ရီဖူရှင်းကိုအံ့အားသင့်စွာကြည့်၍ မေးလိုက်သည်။

ရီဖူရှင်း၏ နှုတ်ခမ်းများက ကွေးညွတ်သွားသော်လည်း သူကရှင်းမပြပေ။ ရှောင်မုယွီက သူ့မျက်လုံးများမှအပြုံးကိုမြင်ပြီး ရီဖူရှင်းနှင့် လက်ချင်းတွဲထားသည့် အမျိုးသမီးအား စကားပြောရန်လှည့်လိုက်သည်။ "ဆရာကတော်...ဆရာ့ကိုမေးတော့မလား"

ဟွာဂျီယူက ရှောင်မုယွီ၏စကားများကိုကြားသောအခါ မျက်တောင်ခတ်လိုက်သည်။ သူမသည် ဆရာကတော်ဟုအခေါ်ခံရခြင်းနှင့်အသားကျနေပြီဖြစ်သည်။ လူတိုင်းက သူမအား ရီဖူရှင်း၏ဇနီးအဖြစ် သတ်မှတ်ကြသည်။ သူမသည်လည်း ထိုသည်ကို ဖြည်းဖြည်းချင်းလက်ခံလာခဲ့ပြီး မသက်မသာမခံစားရပေ။

ရှောင်မုယွီက သူမတိတ်ဆိတ်နေခြင်းအား မအံ့ဩမိပေ။ ဆရာကတော်သည် အမြဲတမ်း သီးသန့်သာနေတတ်ပြီး ဆရာနှင့်သာစကားပြောတတ်သည်။ တပည့်များအားလုံးက ထိုကိစ္စအားအသားကျနေပြီဖြစ်သည်။

"လူတိုင်းက မင်းသမီးကို ထူးကဲတဲ့အလှတရားလို့ပြောနေကြတာ။ ဆရာကတော်...ဆရာ့ကိုသေချာစောင့်ကြည့်မှရမယ်" ရှောင်မုယွီက ရယ်၍ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့" ရှောင်တိန့်ထျန်းက ရှောင်မုယွီအားလှည့်၍ ဆူလိုက်သည်။ သူမ စနောက်နေခြင်းက သူတို့ကြားတွင်အဆင်ပြေသော်လည်း တခြားလူများကြားသွားလျှင် ဒုက္ခရောက်နိုင်လေသည်။ မည်သို့ပင်ဖြစ်စေ မင်းသမီးဒွန်ဟောင်အကြောင်းအား စနောက်မိလျှင် အထူးဂရုစိုက်ရန်လိုအပ်သည်။ မင်းသမီးက ထိုသို့စနောက်ခြင်းအား မကောင်းသည့်အမြင်ဖြင့် မြင်သွားပါက မည်သို့လုပ်ရမည်နည်း။

"သိပါပြီ" ရှောင်မုယွီက ပြုံး၍ပြောလိုက်သည်။ ရီဖူရှင်းက တိတ်ဆိတ်နေသည်။

သူတို့ နတ္ထိအင်ပါယာနန်းတော်နှင့်နီးလာလေလေ ကျင့်ကြံသူများစွာကို တွေ့ရလေလေဖြစ်သည်။ အင်အားစုအသီးသီးမှလူများက နန်းတော်အပြင်ဘက်၌ ရပ်နားနေကြသည်။

ထိပ်သီးအင်အားစုများမှ ပို၍အားကောင်းသောကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက်ရောက်လာနေကြသည်။

သူတို့ နတ္ထိအင်ပါယာနန်းတော်အစွန်အဖျားနားသို့ရောက်လာချိန်တွင် ရီဖူရှင်းက ခပ်လှမ်းလှမ်းရှိလူအုပ်ကိုဖြတ်၍ လူတစ်စုကိုမြင်လိုက်ရသည်။ သူက သူတို့ထဲမှအများစုကို တွေ့ဖူးလေသည်။

ရီဖူရှင်းက သူတို့နှင့်အကြည့်ချင်းဖလှယ်လိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် မေးကိုအသာငုံ့လိုက်သည်။ ထိုလူစုထဲမှ လူငယ်တစ်ယောက်က ပြုံး၍ ခေါင်းပြန်ငြိမ့်ပြလိုက်သည်။ ထို့နောက် သူတို့က နတ္ထိအင်ပါယာနန်းတော်သို့ တိုက်ရိုက်လျှောက်သွားလေသည်။

သူတို့သည် အလယ်အင်ပါယာဘုံ ထျန်ရှန်းကျောင်းတော်မှ ကျင့်ကြံသူများဖြစ်သည်။ ခေါင်းပြန်ငြိမ့်ပြသောလူငယ်မှာ ကျန်းချင်းကျူဖြစ်ပေသည်။

ရီဖူရှင်းက သူတို့ပုံရိပ်အား ခပ်တွေးတွေးအကြည့်ဖြင့် ငေးကြည့်နေသည်။ ထျန်ရှန်းကျောင်းတော်က သူနှင့်ခပ်ကင်းကင်းနေလိုဟန်ပေါ်သည်။ ထိုသို့ဆိုလျှင်ပင် သူက အပြစ်မမြင်ပေ။ ယခုကဲ့သို့အခြေအနေမျိုးအောက်တွင် မည်သူကများ သူနှင့်ပတ်သတ်လိုမည်နည်း။

ထိုအခိုက်တွင် အခြားအုပ်စုတစ်စုက သူတို့အားဖြတ်ကျော်သွားသည်။ ရီဖူရှင်းက တစ်ယောက်ယောက်သူ့အားကြည့်နေသည်ကို ခံစားမိလိုက်သောကြောင့် လှည့်ကြည့်လိုက်ရာ နေမင်းနတ်နန်းတော်မှအုပ်စုထဲ၌ တိဝူကိုမြင်လိုက်ရသည်။ တိဝူ၏မျက်လုံးများက အလျှံညီးညီးတောက်လောင်နေပြီး ရီဖူရှင်းအား စိုက်ကြည့်နေသည်။

တိဝူသည် လမ်းစဥ်ပင်လယ်ပေါ်၌ နတ်နန်းတော်နှင့်တိုက်ပွဲအတွင်း ရီဖူရှင်းကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့သည်။ သူ အလွန်လျင်မြန်စွာပြန်လည်သက်သာလာခြင်းမှာ အံ့အားသင့်ဖွယ်ဖြစ်သည်။ နေမင်းနတ်နန်းတော်သည် အထက်ဘုံနှင့် အဆက်အသွယ်အင်အားများကြောင့် အလွန်စွမ်းဆောင်နိုင်ပေသည်။

တိဝူသည် အဝေးသို့တခမျှသာကြည့်လိုက်ပြီး သူ၏အုပ်စုနှင့်အတူ နတ္ထိအင်ပါယာနန်းတော်သို့ ဦးတည်သွားလိုက်သည်။

ကျင့်ကြံသူများက ကောင်းကင်ယံအနှံ့မှ အသီးသီးဆင်းသက်လာကြသည်။ ရီဖူရှင်းသည် သူနှင့်မရင်းနှီးသောလူများကိုလည်း မြင်လိုက်ရသည်။ ကောင်းကင်ဒေသရှိ ထိပ်သီးအင်အားစုများမှ ကိုယ်စားလှယ်များသည်လည်း ရောက်ရှိနေဟန်ပေါ်သည်။

မည်သူကများ မင်းသမီးဒွန်ဟောင်၏တောင်းဆိုချက်ကို ငြင်းဆန်လိမ့်မည်နည်း။

ရီဖူရှင်းနှင့်အခြားလူများသည်လည်း နတ္ထိအင်ပါယာနန်းတော်သို့ ဦးတည်လိုက်သည်။ တစ်ယောက်က နန်းတော်အပြင်ဘက်၌ စောင့်နေပြီး သူ့တို့အားနှုတ်ဆက်ကာ နတ္ထိအင်ပါယာနန်းတော်တွင်းသို့ လမ်းညွှန်ပေးနေသည်။

နတ္ထိအင်ပါယာနန်းတော်သည် လေဟာနယ်ဘုံ၌ရှိသော မဟာအင်ပါယာဒွန်ဟောင်၏ ယာယီနန်းတော်ဖြစ်ခဲ်သည်။ ထိုသည်က ကြီးမားပြီးထင်ရှားသောနန်းတော်တစ်ခုဖြစ်ခဲ့သည်။

ကျင့်ကြံသူများသည် လမ်းညွှန်လိုက်သည့်အတိုင်း ရှေ့သို့လျှောက်သွားကြပြီး ခမ်းနားသည့်ရှေးဟောင်းရွှေရောင်နန်းတော်တစ်ခုသို့ ရောက်ရှိသွားသည်။ မရေမတွက်နိုင်သောလူများက ကြီးမားသောကွင်းပြင်တစ်ခုတွင် စုရုံးရောက်ရှိနေကြသည်။ ရီဖူရှင်းသည် ထိုလူများထဲတွင် ကောင်းကင်ဒေသနှင့် ဘုံကိုးခုရှိ ထိပ်သီးအင်အားစုများမှ ရင်းနှီးနေသောမျက်နှာများကို မြင်လိုက်ရသည်။

အင်အားစုများအား စခန်းနေရာအသီးသီးခွဲခြားထားသည်။ အချို့သောစခန်းများသည် တင်းမာနေသည့် အခြေအနေတွင် ရှိနေသော်လည်း အချို့မှာ နီးနီးကပ်ကပ် ရှိနေပုံရသည်။

ရီဖူရှင်းတို့ ထိုနေရာသို့ရောက်လာချိန်တွင် ဘုံကိုးခုနှင့် ကောင်းကင်ဒေသမှလူများစွာ၏အကြည့်များက သူ့ထံသို့ရောက်ရှိလာသည်။

လွန်ခဲ့သောခုနှစ်ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ ကျော်ကြားလှသည်။ လူတိုင်းက ရီဖူရှင်းတစ်ယောက် အဆင့်မြင့်ရန်ဟောင်နှစ်ယောက်နှင့် အလယ်အလတ်အဆင့်ရန်ဟောင်များစွာအား သတ်ဖြတ်ခဲ့သည်ကို ကြားခဲ့ရသည်။ ထို့ထက်ပိုသည်က သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် နတ်ဘုရား၏အမွေအနှစ်အားရရှိခဲ့ပြီး လေဟာနယ်ဘုံ၌ ပါရမီအရှိဆုံးကျင့်ကြံသူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

သူသည် ယခင်က ထိုက်ချူတော်ဝင်မြေမှ ထိပ်သီးပါရမီရှင်များကိုလည်း အနိုင်ယူခဲ့သည်။ လူများက ဤမျှထူးချွန်သောသူအား မည်သို့မကြည့်ဘဲနေနိုင်မည်နည်း။

"အဲ့ဒါ ရီဖူရှင်းလား" တစ်ယောက်က ဘေးမှလူများကိုမေးလိုက်သည်။

"ဟုတ်တယ်"

"အဖြူရောင်ဝတ်စုံနဲ့ ငွေရောင်ဆံပင်တွေနဲ့ ဖျတ်လက် လန်းဆန်းနေတာပဲ" လူအနည်းငယ်က လေးစားသည့်အမူအရာများဖော်ပြကြပြီး လူငယ်အချို့ကမူ ဟာသတစ်ခုလို မောက်မာစွာပြုံးလိုက်ကြသည်။

ထိုအခိုက်မှာပင် ကွင်းပြင်ရှေ့မှလှေကားထိပ်တွင် လူများစွာထွက်ပေါ်လာသည်။ နတ္ထိအင်ပါယာနန်းတော်၏နန်းတော်သခင်သည်လည်း ထိုလူများထဲတွင်ရှိနေလေသည်။

နတ္ထိအင်ပါယာနန်းတော်၏နန်းတော်သခင်သည် လူအုပ်ကိုကြည့်၍ပြောလိုက်သည်။ "ခဏလောက်ထပ်စောင့်ကြရအောင်။ မကြာခင် အားလုံးဒီကိုရောက်လာတော့မှာပါ"

ပိုမိုများပြားသောလူများက မကြာခင်တွင် ရောက်ရှိလာသည်။ နေ့လည်အချိန်တွင် လူတစ်ယောက်သည် ရှေးဟောင်းရွှေရောင်နန်းတော်ထဲမှ ဖြည်းညင်းစွာထွက်လာသည်။ ထိုသည်က လူအုပ်ကြီး၏အာရုံအား ချက်ချင်းပင်ဆွဲဆောင်သွားသည်။

အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ယောက်သည် သက်သောင့်သက်သာဟန်ဖြင့် တလှမ်းချင်းလျှောက်လာသည်။ သူမ၏မြင့်မြတ်သောအဆင့်အတန်းကို အသာထား၍ သူမ၏မျက်နှာလေးတစ်ခုတည်းကပင် အသက်ရှူမှားလောက်အောင် လှပလေသည်။

လူတိုင်း၏အကြည့်က ထိုအမျိုးသမီးငယ်လေးထံမှ မခွာနိုင်ကြပေ။ သူမသည် ရှေ့သို့ခြေလှမ်းလိုက်ပြီး နတ္ထိအင်ပါယာနန်းတော်၏နန်းတော်သခင်ဘေး၌ ရပ်လိုက်သည်။ သူမ၏စူးရှသောမျက်လုံးများသည် အောက်မှလူအုပ်ကြီးထံရောက်ရှိသွားသည်။

ရီဖူရှင်းသည် ခေါင်းကိုမော့၍ မင်းသမီးဒွန်ဟောင်ကိုကြည့်လိုက်သည်။ သူမက ယခုအခါပို၍ကျက်သရေရှိလာပေသည်။ သူအတိတ်ကတွေ့ခဲ့ဖူးသော မင်းသမီးဒွန်ဟောင်သည် ပေါ်လွင်သောအလှတရားရှိသော်လည်း သူမသည် ငယ်ရွယ်၍ ကလေးဆန်သည်။ ယခုမူ သူမသည် ခန္ဓာကိုယ်မှနတ်ရောင်စဥ်များတောက်ပနေပြီး အလွန်မင်သက်ရှုမောဖွယ် မငြင်းဆန်နိုင်သည့် အလှတပါးဖြစ်နေပြီဖြစ်သည်။

မင်းသမီးဒွန်ဟောင်က သူမထံသို့လာရောက်ကြသောကျင့်ကြံသူများအား ကြည့်လိုက်သည်။ ရီဖူရှင်းသည် သူမ၏မျက်လုံးများက သူနှင့် သူ့ဘေးမှဟွာဂျီယူထံ၌ စက္ကန့်ပိုင်းမျှရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။ ထိုသည်က သူစိတ်ထင်ခြင်းလား သို့မဟုတ် လူတိုင်းက ထိုသို့ခံစားရသည်လားဟု သူမပြောနိုင်ပေ။

***

All Chapters