← Chapters

ငါ ဌာနမှူးကြီး ဖြစ်သွားပြီဟ

Vol. 1 Ch. 1

ငါ ဌာနမှူးကြီး ဖြစ်သွားပြီဟ

Vol. 1 Ch. 1

တရုတ်ပြည် အရှေ့မြောက်ပိုင်း၊ ကူလင်မြို့ရဲ့ အနောက်မြောက်ဘက်မှာ ရှို့လင်လို့ခေါ်တဲ့ ရွာလေးတစ်ရွာရှိတယ်။

ရှို့လင်ရွာရဲ့ အရှေ့ဘက်မှာတော့ အများပိုင်သင်္ချိုင်းကုန်းတစ်ခုရှိတယ်။ အဲဒါကို ဟောင်ကောင်ကလာတဲ့ သူဌေးတစ်ယောက်က ဆောက်ခဲ့တာ။ သင်္ချိုင်းကုန်းရှိလာတော့ သင်္ချိုင်းစောင့်ဆိုတာလည်း လိုလာတာပေါ့…

သင်္ချိုင်းစောင့်ဆိုတဲ့အလုပ်က အစဉ်အဆက်ကတည်းက နိမိတ်မကောင်းတဲ့အလုပ်။ လခကလည်း မလောက်လေးမလောက်စားဆိုတော့ ဘယ်သူမှလုပ်ချင်တဲ့သူမရှိဘူး။

အခုလက်ရှိ သင်္ချိုင်းစောင့်နေတဲ့ အဘိုးကြီးကတော့ ရွာထဲက အဘဦးယွီပဲ။ သူက သင်္ချိုင်းကုန်းစတည်ကတည်းက ဒီမှာစောင့်နေတာ။

ဒါပေမဲ့ အဘဦးယွီက ဒီရွာသားမဟုတ်ဘူး။ သင်္ချိုင်းစစဖွင့်တုန်းက သူက ပထမဆုံး သင်္ချိုင်းစောင့်လျှောက်တဲ့သူပဲ။ ဒီလိုနဲ့စောင့်လာလိုက်တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူ့သားနဲ့ချွေးမက သူ့ကို သင်္ချိုင်းကုန်းကနေထွက်သွားဖို့ နည်းမျိုးစုံသုံးခဲ့ပေမယ့် သူ့ကိုခေါ်သွားလို့မရခဲ့ဘူး။ နောက်ဆုံးတော့ သားအဖတွေ စကားများပြီး သူ့ကိုလာမတွေ့တာတောင် အတော်ကြာပြီလေ။ သူ့မြေးလေးပဲ ရံဖန်ရံခါ လာနေတတ်တယ်။

အခုချိန်မှာတော့ လူငယ်တစ်ယောက်က ခရီးဆောင်အိတ်ကိုဆွဲပြီး ရွာထဲမှာ လျှောက်လာနေတယ်။ လမ်းမှာတွေ့တဲ့ ရွာခံလူရင်းတွေကို နှုတ်ဆက်ရင်းပေါ့။

“ဦးလေးလီ”

“ဟေ… ယွီလေး ပြန်လာပြီလား။ ဘယ်လိုလဲကွ။ တက္ကသိုလ်မှာ ပျော်ရဲ့လား။”

“အဆင်ပြေပါတယ်… ဟဲဟဲ…” ယွီဟွေ့ဖေးတစ်ယောက် နှုတ်ဆက်ရင်း ရှေ့ဆက်လျှောက်လာတယ်။ လူတွေက ဖော်ရွေကြပေမယ့် သူ့ကိုကြည့်တဲ့အကြည့်တွေက တမျိုးကြီးပဲ။ တစ်ခုခုပြောချင်ပြီး မပြောရဲတဲ့ပုံစံမျိုးတွေနဲ့။ ယွီဟွေးဖေးတစ်ယောက် ကြက်သီးတွေတောင်ထလာ၏။

ရွာထဲက ဈေးတန်းလမ်းအတိုင်း မြောက်ဘက်ကိုဆက်လျှောက်ပြီး ကျောက်တံတားလေးတစ်ခုကို ကျော်လိုက်တာနဲ့ နေရာအကျယ်ကြီးယူထားတဲ့ အပြာရောင်အုတ်ကြွပ်၊ အဖြူရောင်နံရံတွေနဲ့ တောင်ပိုင်းရေ乡ပုံစံ လေးထောင့်စပ်စပ်အိမ်ကြီးတစ်လုံးကို တွေ့လိုက်ရသည်။

တံခါးမကြီးက မင်လိုမည်းနက်နေပေမယ့် အခုတော့ အနီရောင်ဆေးတွေ ပေနေလေရဲ့။

အဲဒါကိုမြင်တော့ ယွီဟွေးဖေးတစ်ယောက် မျက်မှောင်ကြုတ်သွား၏။

နောက်တစ်ခုက တံခါးဝမှာ ယွီဟွေးဖေးတစ်ခါမှမမြင်ဖူးတဲ့ ကျောက်… အမ်… ခွေးရုပ်တုကြီးနှစ်ခု ရောက်နေပြီ။

ဒီခွေးနှစ်ကောင်ရဲ့ မျက်လုံးတွေကလည်း တော်တော်ထူးဆန်းတယ်။ ပြူးကျယ်နေပေမယ့် မျက်ဆံထဲမှာ အသက်မရှိဘူး။ ရူးနေသလိုပဲ။ ယွီဟွေးဖေး ဘယ်လိုပဲကြည့်ကြည့် ဒီရုပ်တုနှစ်ခုက ဟတ်စကီးခွေးကို တုပပြီးလုပ်ထားတယ်လို့ပဲ ထင်နေမိသည်။

အဘိုးက ဘာစိတ်ကူးပေါက်ပြီး ဒီလိုဟာတွေ လာလုပ်ထားတာလဲ။ ဒီဟာတွေက မကောင်းဆိုးဝါးမောင်းထုတ်ဖို့နေနေသာသာ အဆဲခံရဖို့ပဲရှိမှာ။

မည်းနက်နေတဲ့ တံခါးမကြီးပေါ်မှာ ရှေးဟောင်းဆန်တဲ့ ဆိုင်းဘုတ်တစ်ခုချိတ်ထား၏။ အဓိကက အဲဒီဆိုင်းဘုတ်ကို သတင်းစာနဲ့ကပ်ထားတော့ အပေါ်ကစာကို လုံးဝမမြင်ရချေ။

ဘာကြောင့်မှန်းမသိ၊ ဒီတံခါးမကြီးကိုကြည့်ပြီး ယွီဟွေးဖေးတစ်ယောက် စိတ်ထဲမှာ မလုံမလဲဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် တွင်းနက်ကြီးတစ်ခုထဲ ပြုတ်ကျတော့မလို ခံစားနေရသည်။

ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ဒါက ကိုယ့်အဘိုးအိမ်ပဲလေ။ ဘယ်သူကများ သူ့ကိုလာပြီး ဂွင်ဆင်မှာလဲ။

အားနဲ့တွန်းလိုက်တော့ တံခါးက ဖြည်းဖြည်းချင်းပွင့်သွား၏။

အိမ်ထဲရောက်လို့ ယွီဟွေးဖေးတစ်ယောက် စကားတောင်မပြောရသေး၊ “ဂျိန်း” ဆိုတဲ့အသံနဲ့အတူ သူ့နောက်ကတံခါးက ပိတ်သွားသည်။ တစ်ချိန်တည်းမှာပဲ သူ့နောက်ကျောက အေးစိမ့်စိမ့်ဖြစ်သွား၏။

ယွီဟွေးဖေးတစ်ယောက် လန့်ပြီးလှည့်ကြည့်လိုက်ရင်း မည်းနက်နေတဲ့တံခါးကို စိုက်ကြည့်နေမိသည်။ တံခါးက သံပြားအုပ်ထားတဲ့ သစ်သားတံခါး၊ တော်တော်ထူ၏။ ပုံစံကလည်း ရိုးရိုးရှင်းရှင်းပဲ… ဒါပေမဲ့ ပြဿနာက လက်တစ်ဝါးလောက်ထူတဲ့ သစ်သားသံပြားတံခါးကို လေကတော့ တိုက်လို့မရဘူး။ ပြီးတော့ ခုနက လေလည်းမတိုက်ဘူးလေ။

တံခါးဘောင်ကလည်း ရိုးရိုးရှင်းရှင်း၊ ဘာစက်ယန္တရားမှမရှိ။ ဒါဆို ဘယ်လိုလုပ် သူ့ဘာသာသူ ပိတ်သွားတာလဲ။ ဒီလိုတွေးမိတော့ ယွီဟွေးဖေးတစ်ယောက် ကြက်သီးမွေးညင်းတွေ ထောင်ထလာ၏။

ယွီဟွေးဖေးတစ်ယောက် အားတင်းပြီး အသံကျယ်ကျယ်နဲ့ အော်လိုက်သည်။

“အဘိုး… အဘိုးရှိလား”

အဲဒီအချိန်မှာပဲ လက်တစ်ဖက်က ယွီဟွေးဖေးရဲ့ပခုံးပေါ်ကို လာတင်သည်။

“ညီလေး… ရောက်လာပြီလား။”

ယွီဟွေးဖေးတစ်ယောက် လန့်ဖျန့်သွားရင်း လှည့်ကြည့်လိုက်တော့ သွားဝါအကြီးကြီးနဲ့ အဘိုးကြီးတစ်ယောက်က သူ့ကို ကလိမ်ကကျစ်အပြုံးနဲ့ ကြည့်နေ၏။

ယွီဟွေးဖေး စကားမပြောခင်မှာပဲ သူက မီးပွင့်မတတ် ပြောတော့သည်။

“မင်းမှာ မေးခွန်းတွေအများကြီးရှိမှန်း ငါသိတယ်။ ဒါပေမဲ့ မင်းဘယ်လောက်မေးမေး ငါဘာမှဖြေမှာမဟုတ်ဘူး။ အပိုစကားတွေမပြောတော့ဘူး။ ဒါ မင်းရဲ့အလုပ်ဝတ်စုံ။ ဒီနေ့ကစပြီး မင်းက ဒီနေရာရဲ့ သင်္ချိုင်းစောင့်ပဲ။”

“ဘာ…” ယွီဟွေးဖေးတစ်ယောက် အော်လိုက်သည်။ သူက ဘယ်လိုလုပ် သင်္ချိုင်းစောင့်ဖြစ်သွားရတာလဲ။

ဒါပေမဲ့ အဘိုးကြီးက သူ့ကို လုံးဝဂရုမစိုက်ချေ။ လက်ကို အင်္ကျီလက်ထဲထည့်ပြီး အတွင်းထဲထိ နှိုက်နေရာ ယွီဟွေးဖေးတစ်ယောက် မျက်နှာမဲ့ပြီးပြောလိုက်၏။

“တော်ပါတော့… နှိုက်မနေနဲ့တော့… ချိုင်းကြားတောင်ရောက်နေပြီ”

အဘိုးကြီးက တစ်ခုခုကိုမိသွားတဲ့ပုံနဲ့ အားနဲ့ဆွဲထုတ်လိုက်တော့ တကယ်ပဲ တာအိုဝတ်ရုံတစ်ထည် ထွက်လာပြီး ခါလိုက်ရာ နေရောင်အောက်မှာ ဖုန်မှုန့်တွေ လေထဲဝဲနေတာကို တွေ့လိုက်ရတာမို့ ယွီဟွေးဖေးတစ်ယောက် နောက်ကိုဆုတ်လိုက်ရင်း လက်နဲ့ယမ်းလိုက်မိသည်။

ဒီအဘိုးကြီး ရေမချိုးတာ ဘယ်နှနှစ်ရှိပြီလဲလို့ သူတကယ်သံသယဝင်သွားတယ်။ အဲဒီအဝတ်အစားဆိုရင်တော့ ပိုတောင်ကြာဦးမှာပဲ။

အဘိုးကြီးက အဝတ်အစားကို သူ့ပေါ်ပစ်တင်လိုက်ချိန် ယွီဟွေးဖေးက လက်နဲ့ကာလိုက်ပေမယ့် လွဲသွားတာကြောင့် ခေါင်းငုံ့ကြည့်လိုက်တော့ သူအရင်က ဝတ်ထားခဲ့တဲ့ အဝတ်အစားတွေက ကြမ်းပြင်ပေါ်မှာ သပ်သပ်ရပ်ရပ်ပုံကျနေတာကို အံ့ဩတကြီးတွေ့လိုက်ရသည်။ သူ့ရဲ့ ကံကောင်းစေတဲ့ အတွင်းခံဘောင်းဘီအနီရဲရဲလေးအပါအဝင်ပေါ့။

ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်တော့… ဘုရားရေ… ညစ်ပတ်ပေရေပြီး ဆီတွေနဲ့ချွဲကျိနေတဲ့၊ ဖုန်အလွှာတစ်ထပ်တင်နေတဲ့၊ အနက်ရောင်လား အနီရောင်လားမသိတဲ့ စုတ်ပြတ်နေတဲ့ တာအိုဝတ်ရုံက သူ့ကိုယ်ပေါ်ရောက်နေပါလေရော။

ယွီဟွေးဖေးတစ်ယောက် ဦးနှောက်အလုပ်မလုပ်တော့ဘူး။ သူဘာတွေဖြစ်သွားမှန်း သူကိုယ်တိုင်တောင် မသိတော့ဘူး။

“ငါ့နာမည်က လူယာ။ ဟာလေလုယာထဲက လူယာမဟုတ်ဘူး။ နတ်ဒေဝါကျမ်းထဲက လူယာကွ။ ပြောရရင်တော့ နတ်သိကြားတစ်ပါးပေါ့။ ဒါပေမဲ့ ငါ့အလုပ်လုပ်သက်ပြည့်သွားပြီ။ အငြိမ်းစားယူတော့မှာလေ။ ဒါကြောင့် မင်းကို ငါ့နေရာဆက်ခံဖို့ ခေါ်လိုက်တာ” အဘိုးကြီးက ဆက်ပြော၏။

ဒီအဘိုးကြီး ဘာတွေလာပြောနေတာလဲ။

“ရှင်းရှင်းပြောရရင် လူ့ပြည်မှာ ငါ့ရဲ့မူလရာထူးက လောကသုံးပါး အလုပ်ကြမ်းနဲ့ အကျင့်စာရိတ္တပြုပြင်ရေးဌာနရဲ့ ဌာနမှူးကြီးပဲ။ လောကသုံးပါးမှာရှိတဲ့ စကားနားမထောင်၊ စည်းကမ်းဖောက်ပြီး မိုးကြိုးပစ်သတ်ဖို့လည်းမတန်တဲ့ကောင်တွေကို ငါ့ဆီပို့ပြီး အလုပ်ကြမ်းလုပ်ခိုင်း၊ အတွေးအခေါ်ပြန်သင်ပေးရတာ”

“ဒါပေမဲ့ ငါ့အလုပ်လုပ်သက်ပြည့်သွားပြီဆိုတော့ လူသစ်တစ်ယောက်ရှာရတော့မှာပေါ့”

“မူလကတော့ မင်းအဘိုးကိုရွေးထားတာ။ ဒါပေမဲ့ ငါရောက်လာတဲ့အချိန်မှာ ငရဲပြည်ကကောင်တွေက ငါ့ထက်မြန်ပြီး သူ့ကိုအရင်ခေါ်သွားနှင့်ပြီ”

“ငါလိုက်တောင်းတာတောင် ပြန်မရခဲ့ဘူးဟ”

“ဒါပေမဲ့ မင်းအဘိုးက မင်းကိုငါ့ဆီ ညွှန်းပေးခဲ့တယ်လေ။ ဒါကြောင့် ငါဒီမှာမင်းကိုစောင့်နေတာ”

“မင်းကိုပြန်လာဖို့ ဖုန်းဆက်တာ ငါပဲ…”

“အခု နားမလည်တာရှိရင် မေးလို့ရပြီ”

ယွီဟွေးဖေးတစ်ယောက် မျက်လုံးပြူးပြီး အဘိုးကြီးကိုကြည့်နေ၏။ ခေါင်းထဲမှာတော့ အဘိုးကြီးပြောတဲ့စကားတွေကို အမြန်ဆုံးပြန်စဉ်းစားနေမိသည်။

ယွီဟွေးဖေးက ပညာတတ်တစ်ယောက်ဖြစ်ပြီး ဝတ္ထုတွေ၊ ရုပ်ရှင်တွေလည်း အမြဲကြည့်နေကျဆိုတော့ လက်ခံနိုင်စွမ်းက တော်တော်မြင့်တာမိုါ မကြာခင်မှာပဲ သူအကြောင်းစုံကို သဘောပေါက်သွားသည်။

“ခင်ဗျား တကယ်ပဲ လူယာလား” ယွီဟွေးဖေးက စမ်းပြီးမေးလိုက်၏။

“ဟုန်ကျွင်းမပေါ်ခင် ကောင်းကင်ရှိ၊ တာအိုသခင်လူယာက ရှေ့မှာရှိနှင့်ပြီဆိုတာ အဲဒါ ငါ့ကိုပြောတာကွ” လူယာက မော့ကြွားပြီးပြော၏။

“ကျုပ်အဘိုးဆုံးသွားတာ ဘယ်လောက်ကြာပြီလဲ။” ယွီဟွေးဖေးတစ်ယောက် သက်ပြင်းချပြီးမေးလိုက်သည်။

“သုံးလရှိပြီ… အဲဒီသုံးလလုံးလုံး ငါကမင်းအဘိုးပုံစံပြောင်းပြီး ဒီမှာမင်းကိုစောင့်နေတာ။ မင်းရောက်လာပြီဆိုတော့ မြန်မြန်လုပ်ရအောင်။ အလုပ်လွှဲပြီးရင် ငါလည်းသွားရတော့မယ်” လူယာက လောဆော်သည်။

“ဒီနေရာက သင်္ချိုင်းစောင့်အိမ်လေ။ ခင်ဗျားပြောတဲ့ အလုပ်ကြမ်းဌာနနဲ့ ဘာဆိုင်လို့လဲ” ယွီဟွေးဖေးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“အဲဒါတော့ မင်းစိတ်ပူစရာမလိုဘူး။ မင်းက ဌာနမှူးကြီးပဲ။ မင်းဘယ်မှာရှိလဲ၊ ဌာနကအဲဒီမှာပဲရှိတယ်။ ပြီးတော့ ဒီမှာငါနေတာ သုံးလရှိပြီ။ အကုန်စီစဉ်ပြီးသား” လူယာက ရယ်ပြီးပြော၏။

“အတိုချုပ်ပြောရရင် ဒီနေရာက လောကသုံးပါး အလုပ်ကြမ်းနှင့် အကျင့်စာရိတ္တပြုပြင်ရေးဌာနပဲ။ ဒီနာမည်ကို မင်းဂရုစိုက်စရာမလိုဘူး။ မင်းကြိုက်တဲ့နာမည်ပေးလို့ရတယ်”

“ငါကတော့ ဒီနေရာကို ကိုးထပ်ဆောင်လို့ခေါ်ရတာကြိုက်တယ်။ ဒီမှာ ကိုးထပ်ဆောင်မရှိပေမယ့် ငါ့အခွင့်အရေးနဲ့ မင်းအတွက် ကိုးထပ်ဆောင်ဖွင့်ပေးထားတယ်။ ဒါပေမဲ့ မင်း… ဟဲဟဲ… ဒီနေရာရဲ့အံ့ဩစရာတွေကို နောက်မှမင်းသိလာလိမ့်မယ်”

“ကိုးထပ်ဆောင်ဆိုတဲ့နာမည်ကို မကြိုက်ရင် မင်းဘာသာမင်း ကြိုက်သလိုပြောင်းလိုက်”

“ဒါပေမဲ့ နတ်ပြည်ကတော့ မင်းဒီနေရာကို ဘယ်လိုခေါ်ခေါ် သူတို့ကတော့ နတ်သိကြားအလုပ်ကြမ်းနှင့် အကျင့်စာရိတ္တပြုပြင်ရေးဌာနလို့ပဲ ခေါ်မှာ”

“မင်းကတော့ ဒီနေရာရဲ့ အကျဉ်းမှူး၊ ဌာနမှူးကြီး၊ အဆောင်မှူး… ဘာပဲဖြစ်ဖြစ် မင်းကဒီနေရာရဲ့ အကြီးဆုံး BOSS ပဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခေါ်မလဲဆိုတာ မင်းသဘော”

“မင်းရဲ့တာဝန်က နတ်ပြည်ကပို့လိုက်တဲ့ အကျဉ်းသားတွေကို သေချာစောင့်ကြည့်ဖို့၊ သူတို့ကို လောကကြီးမှာ ဒုက္ခမပေးအောင်၊ အကျဉ်းကျခံပြီး အကျင့်စာရိတ္တပြုပြင်ဖို့ပဲ”

“စိတ်မပူနဲ့။ မင်းက အကျဉ်းမှူးဆိုတော့ သူတို့မင်းကိုမော်မကြည့်ရဲဘူး။ ဘာလို့လဲဆိုတော့ နတ်ပြည်က အချိန်တစ်ခုကြာတိုင်း သူတို့ရဲ့အပြုအမူကို မင်းဆီကနေ အစီရင်ခံစာတောင်းရတယ်။ အပြုအမူမကောင်းရင် အပြစ်ကပိုကြီးသွားမယ်။ ပြန်ခေါ်ပြီး မိုးကြိုးပစ်သတ်တာမျိုးတောင် ဖြစ်နိုင်တယ်”

“အပြုအမူကောင်းရင်တော့ အပြစ်ဒဏ်လျှော့ပေးလို့ရတယ်”

“နောက်တစ်ခုက အကျဉ်းမှူးအနေနဲ့ မင်းလစာရမယ်”

ရှေ့ကစကားတွေကြားတုန်းက ယွီဟွေးဖေးတစ်ယောက် ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေပေမယ့် လစာရှိတယ်ကြားတော့ နားတွေတောင်စွင့်သွားသည်။

“မင်းရဲ့လစာကတော့ ဒီဆိုင်ရဲ့ဝင်ငွေအားလုံးပဲ…”

ဒီစကားကြားတော့ ယွီဟွေးဖေးတစ်ယောက် ငိုချင်သွားပြီး ဒီနေရာကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“အစ်ကိုကြီး… ဒီနေရာက သင်္ချိုင်းစောင့်နေတဲ့နေရာဗျ။ နောက်မှာက သင်္ချိုင်းကုန်း။ အုတ်ဂူတွေက ပုံနေတာ။ ခင်ဗျားထင်လား… ဒီမှာကျုပ်က ဘာစီးပွားရေးလုပ်ပြီး ဝင်ငွေရှာရမှာလဲ”

“အဲဒါ… အမ်… အဲဒါတော့… မင်းဘာသာမင်း စဉ်းစားလိုက်တော့” အဘိုးကြီးလည်း မျက်နှာပူသွားပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။

ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။ ဒါ တာဝန်မဲ့လွန်းတာမဟုတ်ဘူးလား။

ဒါနဲ့ ယွီဟွေးဖေးက ခေါင်းကိုခါပြီးပြောလိုက်သည်။

“အဲဒါ… အဘိုးကြီး လူမှားနေပြီထင်တယ်။ ကျုပ် အဘိုးကြီးအတွက် တစ်ယောက်လောက် ပြန်ရှာပေးရမလား”

“ရတာပေါ့။ မင်းသေတဲ့အခါကျရင် ငါ့အတွက် လူကောင်းတစ်ယောက်လောက် ညွှန်းပေးခဲ့ပေါ့ကွာ” လူယာက ဟက်ဟက်ပက်ပက်ရယ်ပြီးပြောသည်။

ယွီဟွေးဖေးရဲ့နဖူးပေါ်မှာ မျဉ်းမည်းတွေပြည့်သွားသည်။ ဒါက သေမှလွတ်မြောက်နိုင်တဲ့ဇာတ်လမ်းလား။

“ကောင်လေး… ဒီလိုမလုပ်ပါနဲ့ကွာ။ တကယ်တော့ မင်းမလာခင် ငါမင်းအတွက် ဗေဒင်တွက်ကြည့်ပြီးပြီ။ ငါနဲ့မင်းက ရာသီခွင်တူတယ်။ မင်းဒီအလုပ်လုပ်တာ မှန်တယ်” လူယာက ယွီဟွေးဖေးရဲ့မျက်နှာအမူအရာကိုကြည့်ပြီး သူ့ပခုံးကိုပုတ်ကာပြောလိုက်သည်။

ယွီဟွေးဖေးတစ်ယောက် ချွေးတွေသီးလာ၏။ ရှေးဟောင်းနတ်သိကြားတစ်ပါးက သူ့ကို ရာသီခွင်အကြောင်းလာပြောနေတာလား။

သေစမ်း… နတ်သိကြားတွေက ဘယ်တုန်းက ဒီလောက်ခေတ်မီသွားတာလဲ။

ဒီအဘိုးကြီးက ကြောက်စရာကောင်းတဲ့ မျက်လှည့်တချို့မပြခဲ့ရင် ယွီဟွေးဖေးတစ်ယောက် သူ့ကိုထိုးချင်စိတ်ပေါက်နေပြီ။

ဒါပေမဲ့ သူ့ကိုနိုင်ဖို့မပြောနဲ့၊ နိုင်ခဲ့ရင်တောင် ဒီအဘိုးကြီးရဲ့ ကလေကချေပုံစံနဲ့ဆိုရင် ယွီဟွေးဖေးတစ်ယောက် သူ့ဘဝတစ်လျှောက်လုံး လျော်ကြေးပေးနေရမှာ သေချာတယ်။

“ကဲ… ပြောစရာရှိတာကုန်ပြီ။ အဝတ်အစားလည်း မင်းယူပြီးပြီ။ အို… ဟုတ်သားပဲ။ ခါးစည်းပြားမပေးရသေးဘူး” အဲ့ဒီစကားပြောပြီးတော့ လူယာက လက်ကိုအင်္ကျီလက်ထဲထည့်ပြီး နှိုက်နေပြန်ပေမယ့် ဘာမှမထွက်လာတာမို့ တိုးတိုးလေးရေရွတ်နေ၏။

“အေး… အင်္ကျီအိတ်ထဲမှာ မရှိဘူးလား။ အို… သတိရပြီ။ ဘောင်းဘီအိတ်ထဲမှာ။ ဒီဟာက အရမ်းအရေးကြီးတာကိုး…”

ပြီးတော့ ဒီအဘိုးကြီးက လက်ကိုဘောင်းဘီအိတ်ထဲထည့်တယ်။ ဘောင်းဘီအိတ်အစစ်မဟုတ်ဘူး။ ဘောင်းဘီဂွကြားထဲကိုဗျ။

ယွီဟွေးဖေးတစ်ယောက် ဆဲချင်စိတ်ပေါက်သွားသည်။ မင်းရဲ့စုတ်ပြတ်နေတဲ့ ဘောင်းဘီဂွကြားက အင်္ကျီလက်ထဲက အစွမ်းထက်နေရာထက် ပိုလုံခြုံလို့လား။ မင်း ရူးနေတာလား။

အဘိုးကြီးက သူ့ပေါင်ကြားထဲမှာ အတော်ကြာ ရှယ်နှိုက်နေတာမို့ ယွီဟွေးဖေးတစ်ယောက် ဒီအဘိုးကြီး သူ့ဟာသူဆွဲဖြုတ်ပြီး ပေးတော့မလားလို့ စိုးရိမ်နေတုန်းမှာပဲ အဘိုးကြီးက မည်းနက်ပြီး ဆီတွေနဲ့ချွဲကျိနေတဲ့ တံဆိပ်ပြားတစ်ခုကို ထုတ်ပြီး ယွီဟွေးဖေးကိုပေးလိုက်သည်။

“ဒါက မင်းရဲ့ ကိုးထပ်ဆောင်ရဲ့အဆောင်မှူး၊ နတ်သိကြားအလုပ်ကြမ်းနှင့် အကျင့်စာရိတ္တပြုပြင်ရေးဌာနရဲ့ ဌာနမှူးကြီးတံဆိပ်ပြားပဲ။ သေချာသိမ်းထား။ လုံးဝမပျောက်စေနဲ့”

ယွီဟွေးဖေးတစ်ယောက် ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာသွားပြီ။ သူ့ရှေ့ကအဘိုးကြီးက အရူးမျက်လှည့်ဆရာတစ်ယောက်ပဲ။ သူ့ကိုစနောက်နေတာ။ ဘေးပတ်လည်မှာ ကင်မရာတွေနဲ့ခိုးရိုက်နေမှာပဲ။ ပြီးရင် သူ့ကို Website တွေပေါ်တင်ပြီး အရူးလို့ကြည့်ခိုင်းမှာ။

ဒါနဲ့ ယွီဟွေးဖေးက ရွံရှာတဲ့မျက်နှာနဲ့ နောက်ကိုတစ်လှမ်းဆုတ်လိုက်သည်။

“တံဆိပ်ပြားလည်း မင်းယူပြီးပြီဆိုတော့ ဒီနေရာကို မင်းလက်ထဲအပ်လိုက်ပြီနော်” လူယာကပြော၏။

All Chapters