← Chapters

ငါးခေါင်းထောင်လာခြင်း

Vol. 1 Ch. 5

ငါးခေါင်းထောင်လာခြင်း

Vol. 1 Ch. 5

အဘိုးကြီးက တံခါးကို ဝုန်းဒိုင်းကြဲကန်ကျောက်နေတဲ့ လူမိုက်တစ်သိုက်ကို လှမ်းကြည့်ပြီးတော့ မျက်လုံးပြူးပြူးနဲ့ စိုက်ကြည့်ရင်း ပြောတော့သည်။

“ဟေ့ကောင်လေး… ထမင်းကတော့ ကြုံရာကျပန်းစားလို့ရတယ်။ အလွန်ဆုံးဖြစ်လှ ဗိုက်နာရုံပေါ့။ ဒါပေမဲ့ စကားကိုတော့ ကြုံရာကျပန်းပြောလို့မရဘူးနော်။ ငါ့ဆီမှာ ပစ္စည်းမှန်၊ ဈေးမှန်ပဲ။ မင်း မကြိုက်ရင် မဝယ်နဲ့၊ ရတယ်။ ဒါပေမဲ့ ငါ့ပစ္စည်းကို မကောင်းဘူးလို့တော့ လာမစော်ကားနဲ့။ မင်း ပစ္စည်းကောင်းကောင်းလိုချင်ရင် ပိုက်ဆံသာများများပေး၊ ပစ္စည်းအလန်းစားရစေမယ်”

ယွီဟွေးဖေးဆိုတဲ့ ကျွန်တော်လည်း ဒေါသထွက်လွန်းလို့ ဆဲမိတော့မလိုပဲ။ ကြည့်ရတာ ဒီအဘိုးကြီးက အခြေအနေကို အကဲခတ်မိပြီး ဈေးကိုင်နေတာ အသေအချာပဲ။

ဒါပေမဲ့လည်း အခုလောလောဆယ် လက်နက်ကောင်းကောင်းတစ်ခုလိုနေတာမို့ အံကြိတ်ပြီး ပြောလိုက်သည်။

“ဒါဆို ပိုတုတ်တာတစ်ချောင်းလောက်ပေးဗျာ”

အဘိုးကြီးက ချက်ချင်းပဲ “ယွမ်နှစ်ရာ” တဲ့။

“ထုတ်ပြဦးလေဗျာ” ဆိုတော့ အဘိုးကြီးက လက်မလောက်တုတ်တဲ့ သံသော့ကြိုးတစ်ချောင်းကို ဆွဲထုတ်လာပြီး “ဘယ်လိုလဲ” လို့မေး၏။

ယွီဟွေ့ဖေးရဲ့ မျက်လုံးတွေဆို အရောင်တွေတောက်လို့။ ဒီလောက်တုတ်တာကြီးနဲ့သာ ရိုက်လိုက်ရရင် ဘယ်လောက်ထိရောက်လိုက်မလဲ။ တော်တော်လေး သဘောကျသွားသည်။

အဘိုးကြီးက အသံတိုးတိုးနဲ့ ထပ်ပြောပြန်ရော။ “ငါ့ဆီမှာ ဒီထက်တုတ်တာရှိသေးတယ်ကွ။ သော့ခလောက်ကို အထူစားလုပ်ထားတာ။ ဝှေ့ရမ်းလိုက်ရင် တူနဲ့ထုလိုက်သလိုပဲ။ ယူမလား”

ယွီဟွေးဖေးလည်း ချက်ချင်းပဲ သူတော်ကောင်းမျက်နှာပေးနဲ့ ပြန်ပြောလိုက်သည်။ “ခင်ဗျားက ဘာတွေတွေးနေတာလဲ။ ကျွန်တော်က ဆိုင်ကယ်သော့ခတ်ဖို့ သော့ဝယ်နေတာဗျ”

အဘိုးကြီးက ခေါင်းတဆက်ဆက်ညိတ်ပြီး “အေးပါ၊ အေးပါ၊ ငါနားလည်ပါတယ်။ ဟဲဟဲ… ဒါဆို ယူမှာလား၊ မယူဘူးလား”

ယွီဟွေးဖေး ဟွန်းခနဲတစ်ချက်မှုတ်ပြီး “ထုတ်ပြကြည့်စမ်းပါ”

အဘိုးကြီးက သူပြောတဲ့အတိုင်းပဲ သော့ခလောက်အကြီးကြီးနဲ့ သံကြိုးသော့တစ်ချောင်းကို ထုတ်ပြသည်။ ဝှေ့ရမ်းလိုက်ရင် တူတစ်လက်ကျနေတာပဲ။ ကြည့်ရတာနဲ့တင် ကြမ်းလှပြီ။

“ဒါကတော့ ယွမ်ငါးရာ”

“ယွမ်ငါးရာတောင်လား” ယွီဟွေးဖေးဖြင့် အဲ့သော့နဲ့ပဲ အဘိုးကြီးခေါင်းကို အရင်ဆုံးဆွဲထုလိုက်ချင်စိတ် ပေါက်သွား၏။

အဘိုးကြီးကတော့ အေးအေးဆေးဆေးပဲ ဟိုမှာသောင်းကျန်းနေတဲ့ လူမိုက်တွေကိုကြည့်ပြီး “ဟေ့ကောင်လေး…၊ အချိန်မရှိတော့ဘူးနော်။ မင်းဆိုင်လည်း ကွဲကြေကုန်တော့မယ်”

ကျွန်တော်လည်း နှုတ်ခမ်းကိုသပ်၊ သွားကိုကြိတ်ပြီး “ရတယ်… ရတယ်၊ ယူမယ်” လို့အော်လိုက်သည်။

ကျွန်တော်ပိုက်ဆံထုတ်နေတုန်း အဘိုးကြီးက ရုတ်တရက်ခေါင်းခါပြသည်။

ယွီဟွေးဖေးလည်း မျက်လုံးပေကလပ်ပေကလပ်နဲ့ “ခင်ဗျားက ကျွန်တော့်ကို အလကားပေးမလို့လား”

အဘိုးကြီးက မျက်စောင်းတစ်ချက်ထိုးပြီး အသံကိုနှိမ့်၊ လျှို့ဝှက်တဲ့ပုံစံနဲ့ “ငါ့ဆီမှာ ဒီထက်ကြီး၊ ဒီထက်တုတ်၊ သော့ခလောက်ကလည်း ဒီထက်သန်မာပြီး အပေါ်မှာ ဆူးချွန်တွေပါတဲ့ သော့တောင်ရှိသေးတယ်။ မင်းယူမလား”

ကြားကြားချင်း ယွီဟွေးဖေးဖြင့် ရယ်ရမလို၊ ငိုရမလိုပဲ။ “ခင်ဗျားပြောနေတာ ဆူးလုံးတတ်ထားတဲ့ သံကြိုးများလားဗျ”

အဘိုးကြီးက မျက်နှာနည်းနည်းပူသွားပြီး “အေး… အဲ့သဘောမျိုးပေါ့ကွာ။ ဒါပေမဲ့ ငါ့ဟာက သော့အစစ်နော်”

ယွီဟွေးဖေးလည်း သူ့နားကပ်ပြီး “အဘိုးကြီး…၊ ခင်ဗျားက လက်နက်ပွဲစားလား”

အဘိုးကြီးက မျက်လုံးပြူးကြီးနဲ့ ယွီဟွေးဖေးကိုစိုက်ကြည့်ပြီး အင်မတန် တည်ကြည်လေးနက် ဖြောင့်မတ်လေသံနဲ့ ပြန်ဖြေ၏။

“မင်းကလည်းကွာ… အဲ့လိုမပြောပါနဲ့။ ငါက တရားမျှတမှုကိုမြတ်နိုးတဲ့ သော့ရောင်းသမားတစ်ယောက်ပါ”

နောက်ဆုံးတော့ ယွီဟွေးဖေးလည်း အဘိုးကြီးရဲ့ သံဆူးလုံးတတ်ကြိုးကို မဝယ်ရဲပါဘူး။ ရန်ဖြစ်ရုံသက်သက်ပါ၊ လူသတ်မလို့မှမဟုတ်တာ။ အဓိကက အဲ့လိုလက်နက်ကြီးနဲ့သာ ဝှေ့ရမ်းမိရင် ကိုယ့်လူ၊ သူ့လူမရွေးတော့ဘူး။ ရန်သူကိုမထိခင် ကိုယ်အရင် အရိုးပြာကျသွားနိုင်တယ်။

သော့အကြီးစားကို ဘောင်းဘီအိတ်ထဲထိုးထည့်၊ ခါးနောက်မှာ တုတ်ကိုထိုး၊ ရင်ဘတ်ထဲမှာ အုတ်ခဲတစ်လုံးဖွက်ပြီး အသက်ကိုဝအောင်ရှူ၊ ခြေလှမ်းကျဲကြီးတွေနဲ့ တစ်ပတ်ပတ်ပြီး ဆိုင်နောက်ပေါက်ကနေ ကိုးလွှာတိုက်ထဲကို ဝင်ခဲ့လိုက်သည်။

“ခွေးမသားတွေ… ဒီတံခါးက ဘာလို့ဒီလောက်မာနေရတာလဲ။ ပုဆိန်သွားရှာစမ်း” အပြင်ကကောင်တွေ စိတ်မရှည်တော့ဘူးထင်ပါ့။ လက်ကြမ်းဖို့ပြင်နေကြပြီ။

ဒီတံခါးက ပုဆိန်ဒဏ်ကို ခံနိုင်ပါ့မလား မသိဘူး။ တကယ်လို့ တံခါးပွင့်သွားရင် နတ်ဘုံက လျော်ကြေးတောင်းရင် ဒုက္ခ။ ငါကတော့ ဘယ်လိုမှ လျော်နိုင်မှာမဟုတ်ဘူး။

အဲ့ဒီအချိန်မှာပဲ တစ်ယောက်က “ဖယ်ကြစမ်း… အသုံးမကျတဲ့ကောင်တွေ။ ငါကိုယ်တိုင်ဝင်မယ်” လို့အော်လိုက်သည်။

“အစ်ကိုကြီး၊ ဖြည်းဖြည်း…”

အဲ့ဒီအသံကြားတာနဲ့ တစ်ပြိုင်နက် ယွီဟွေးဖေးလည်း တံခါးကို အမြန်ဆွဲဖွင့်ပေးလိုက်၏။ တံခါးပွင့်သွားတာနဲ့ လူတစ်ယောက်ရဲ့အရိပ်က ဝှီးခနဲ ဆိုင်ထဲကို ပျံဝင်လာတော့သည်။

ဖြောင်းဆိုတဲ့ အသံနဲ့အတူ ယွီဟွေးဖေးမြင်လိုက်ရတာကတော့ ဆံပင်တိုတိုနဲ့လူတစ်ယောက် ခြံထဲမှာ ဘောင်းဘီကွဲပြီး ဖင်အထိပြဲသွားတဲ့အထိ ခြေကားယားကြီးဖြစ်နေတဲ့ မြင်ကွင်းပါပဲ။ သူ့ရဲ့အတွင်းခံအနီရောင်လေးတောင် ပေါ်လို့။

သူ့မျက်နှာကတော့ တော်တော်လေးနာကျင်နေတဲ့ပုံပဲ။

တပည့်တစ်သိုက်ကလည်း အလုအယက်ဝင်လာပြီး ယွီဟွေးဖေးကိုတောင် မကြည့်နိုင်ဘဲ သူတို့အစ်ကိုကြီးကို ဝိုင်းထူကြတယ်။

“အစ်ကိုကြီး… ဘာဖြစ်သွားသေးလဲ”

“ဖိန်ကော… အဆင်ပြေရဲ့လား…”

“မလှုပ်နဲ့… မလှုပ်နဲ့၊ ဖြည်းဖြည်း… အား… နာတယ်… နာတယ်” ဖိန်ကောဆိုတဲ့လူက နာလွန်းလို့ မျက်နှာကြီးရှုံ့မဲ့ပြီး အော်နေ၏။

လူမိုက်တွေလည်း မလှုပ်ရဲတော့ဘူး။

ဖိန်ကောက မထနိုင်သေးဘဲ တံခါးနောက်က ယွီဟွေးဖေးကိုလှည့်ကြည့်ပြီး “မင်း… မင်း တမင်လုပ်တာမဟုတ်လား” လို့ မေးလေ၏။

ယွီဟွေးဖေးလည်း ခြောက်ကပ်ကပ်ရယ်ပြီး “တိုက်ဆိုင်သွားတာပါလို့ပြောရင် ခင်ဗျားယုံမလား”

ငါးမိနစ်လောက်ကြာတော့ ဖိန်ကောလည်း ထိုင်ခုံပေါ်ရောက်သွားပြီ။ နဖူးမှာချွေးတွေစို့နေပေမယ့် နည်းနည်းတော့ သက်သာသွားပုံပဲ။ သူက မျက်နှာထားတင်းတင်းနဲ့ ကျွန်တော့်ကိုကြည့်ပြီး

“ဆိုတော့…မင်းက အခုဒီဆိုင်ရဲ့ ပိုင်ရှင်ပေါ့”

ယွီဟွေးဖေးလည်း ခေါင်းညိတ်ပြလိုက်သည်။

“ဘယ်သူပိုင်ရှင်ဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး။ အကြွေးရှိရင်ပြန်ဆပ်ရမှာ ဓမ္မတာပဲ။ စာချုပ်ထဲမှာ မင်းနာမည်မဟုတ်ပေမယ့် အဲ့လူက မင်း… မင်း… အင်း… ထားပါတော့၊ မင်းကိုရှာတွေ့ရင်ပြီးတာပဲ”

ယွီဟွေးဖေးလည်း “ကျွန်တော့်ကိုရှာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီပိုက်ဆံကိုတော့ ကျွန်တော်ပြန်မဆပ်နိုင်ဘူး။ ပိုက်ဆံချေးတဲ့လူကို ကျွန်တော်လည်းမသိဘူး။ ဘာလို့ သူ့ကိုယ်စားပြန်ဆပ်ရမှာလဲ”

ဘုန်း…

ဖိန်ကောက စားပွဲကို လက်နဲ့ရိုက်ချပြီး “ဘာသဘောလဲ။ မင်းကပါ အကြွေးရှောင်မလို့လား။ မင်းဒီလမ်းထဲမှာ စုံစမ်းကြည့်လိုက်ဦး။ ငါဖိန်ကောက ကောင်းကောနောက်လိုက်ဆိုတာ ဘယ်သူမသိလို့လဲ။ ကောင်းကောကိုသိလား။ ခွေးနဲ့မတူ ငွေချေးလုပ်ငန်းက ငါတို့ဖွင့်ထားတာ။ ငါ့ပိုက်ဆံကို မင်းကမဆပ်ဘဲ နေရဲတယ်ပေါ့လေ။ မင်းဒီဆိုင်ကို ဆက်မဖွင့်ချင်တော့ဘူးလား”

ဖိန်ကောဘေးက တပည့်တစ်ယောက်ကလည်း မဲ့ပြုံးပြုံးပြီး “ဆေးရုံကုတင်ပေါ်မှာလှဲရတာ သက်သောင့်သက်သာမရှိဘူးနော်” လို့ ဝင်ဟန့်လိုက်သည်။

ယွီဟွေးဖေးလည်း ဒီကိစ္စက အေးအေးဆေးဆေးပြီးမယ့်ကိစ္စမဟုတ်မှန်း သိလိုက်ပြီ။ ဒီလိုလူတွေနဲ့တွေ့ရင် ရန်ပွဲမှာရှုံးချင်ရှုံးပါစေ၊ စိတ်ဓာတ်တော့အရှုံးမပေးရဘူး။ နောက်ပြီး ကိုယ့်မှာလည်း အားကိုးစရာရှိသေးတာပဲ။ ဒါနဲ့ ယွီဟွေးဖေးလည်း ခေါင်းကိုမော့ နှုတ်ခမ်းကိုထော်ပြီး ဝင်ထောက်လိုက်သည်။

“သက်သာလား၊ မသက်သာလားတော့မသိဘူး။ ဒါပေမဲ့ အဖော်ရှိရင်တော့ ပျော်တယ်”

“ကောင်းသားပဲကွ၊ မင်းအရိုးတော်တော်မာတာပဲ” ဖိန်ကောက ဟားတိုက်ရယ်ပြီး ပြောနေတာမို့ ယွီဟွေးဖေးလည်း ပြုံးပြီး ပြန်ခံပြော၏။

“မမာပါဘူး၊ အရိုးဆူးတွေများတာပါ။ ကောင်းကောင်းပြောရင်ရတယ်၊ အတင်းလာရင်တော့ လက်စူးလိမ့်မယ်”

ဖိန်ကောက စားပွဲကိုထပ်ရိုက်ပြီး “ခွေးမသား၊ မျက်နှာသာပေးတာကို ကန်ထုတ်နေတယ်။ ရိုက်စမ်းကွာ… သေအောင်ရိုက်”

တပည့်ရှစ်ယောက်လည်း ချက်ချင်းလက်နက်ကိုယ်စီနဲ့ ပြေးဝင်လာကြ၏။

ယွီဟွေးဖေးလည်း မကြောက်ဘူး။ ဘေးကလူမိုက်တစ်ယောက် သတိမထားမိခင်မှာပဲ အုတ်ခဲနဲ့ခေါင်းကို ဘုန်းခနဲ ရိုက်ချလိုက်တော့ မြေပေါ်မှာ ပက်လက်လန်သွားရော။

ပြီးတော့ ယွီဟွေးဖေးလည်း လက်တစ်ဖက်မှာ သံကြိုးသော့၊ လက်တစ်ဖက်မှာ တုတ်နဲ့ ဘယ်ညာဝှေ့ရမ်းပစ်လိုက်တယ်။ မုန့်လက်ညိုးတုတ်က သိပ်မထိရောက်ပေမယ့် တူလိုမာတဲ့ သံကြိုးသော့ကတော့ သံဆူးလုံးကြိုးနဲ့မခြားဘူးလေ။ အဲ့တော့ ထိတာနဲ့ဒဏ်ရာရ၊ မှန်တာနဲ့လဲကျသွားတာမို့ ဘယ်သူမှအနားမကပ်ရဲဘူး။ ခဏလေးအတွင်းမှာ လူမိုက်တစ်သိုက် ယွီဟွေးဖေးအနားကို မကပ်နိုင်ကြဘူး။

“အုတ်ခဲနဲ့ပစ်စမ်းကွာ” ဖိန်ကောက အော်သည်။

လူမိုက်တွေလည်း ပစ်စရာရှာဖို့လှည့်ကြည့်လိုက်တော့ ခြံထဲမှာ မျက်နှာထက်တောင်ပြောင်နေ၏။ အုတ်ခဲတစ်လုံးတောင်မရှိဘူး။

ဒါပေမဲ့ သူတို့လည်း ဉာဏ်မနည်း။ အုတ်ခဲမရှိတော့ ငါးကန်ဘေးက ကျောက်စရစ်ခဲတွေကို ကောက်ပေါက်ကြ၏။

ယွီဟွေးဖေးလည်း အခြေအနေမကောင်းတာမြင်တော့ လှည့်ပြေးမလို့လုပ်တာ လှေကားကို သူတို့ပိတ်ထားလို့ တက်လို့မရဘူး။

ဟိုဘက်တံခါးဝမှာလည်း လူမိုက်တစ်ယောက်က အားကုန်သုံးပြီး တံခါးကိုပိတ်နေပေမယ့် ပိတ်လို့မရတော့ လူအားနဲ့ပဲ ပိတ်ထားရတယ်။

အခြေအနေမဟန်မှန်းသိတော့ ယွီဟွေးဖေးလည်း အသက်လုရမယ့်အချိန်မှာ စိတ်ထဲပေါ်လာတဲ့အတိုင်း သံကြိုးနဲ့လမ်းရှင်းပြီး ငါးကန်နားကို အတင်းတိုးသွားပြီးတော့ ငါးကြင်းတစ်ကောင်ကိုဆွဲထုတ်၊ ငါးခေါင်းကို လူမိုက်တွေဘက်လှည့်ပြီး ဖိန့်လိုက်တော့သည်။

“မလာနဲ့နော်… မဟုတ်ရင် ငါ့အစ်ကိုကြီးက မင်းတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး။ အကုန်ပြန်ဖိုက်မှာ”

တစ်ချိန်တည်းမှာပဲ ငါးကို အသံတိုးတိုးနဲ့ “အစ်ကိုကြီး… ကူညီပါဦးဗျ”

ဂလု… ဂလု…

ဖိန်ကောတို့တစ်သိုက် ကြောင်သွား၏။ တုတ်ကိုလွှင့်ပစ်ပြီး ငါးကြင်းတစ်ကောင်ကိုင်ထားတဲ့ ယွီဟွေးဖေးကို အရူးတစ်ယောက်လို ကြည့်နေကြ၏။

တစ်ယောက်က ဖိန်ကောကို တိုးတိုးလေးမေးလိုက်သည်။

“ဒီကောင် အရူးများလားမသိဘူး”

All Chapters