မျက်ပြူးကြီး
Vol. 1 Ch. 6
ဖိန်ကောက နှုတ်ခမ်းကိုသပ်ပြီး အခက်တွေ့တဲ့လေသံနဲ့ “အရူးတွေကို အနိုင်မကျင့်ပါဘူးလို့ အမေကို ငါကတိပေးထားတယ်” လို့ ဆိုလိုက်သည်။
ယွီဟွေးဖေးလည် ကြောင်သွား၏။ စိတ်ထဲမှာတော့ အံ့ဩနပန်းဖြစ်နေလေရဲ့။
ငါးအစ်ကိုကြီး တန်ခိုးပြပြီး ငါ့ကိုဒီလိုနည်းနဲ့ ကယ်လိုက်တာလား။
နောက်တစ်ခဏမှာတော့ ယွီဟွေးဖေးက ဖိန်ကောရဲ့ရှေ့မှာထိုင်နေပြီး ဖိန်ကောရဲ့ရှေ့က ပန်းကန်ထဲမှာတော့ မွှေးကြိုင်နေတဲ့ ငါးပေါင်းတစ်ပွဲ။
လမ်းပေါ်က တစ်စုံတစ်ယောက်ဖွင့်ထားတဲ့ သီချင်းသံကလည်း ကြားနေရသေး။
“အဆင့်မြင့်တဲ့အစားအစာတွေဆိုတာ ရိုးရှင်းတဲ့ချက်ပြုတ်နည်းလေးပဲ လိုအပ်ပါတယ်…”
ထွီး…
ဖိန်ကောက ငါးအရိုးတစ်ချောင်းကို စားပွဲပေါ်ထွေးထုတ်ပြီး “ဟေ့ကောင်၊ မင်းက တကယ်ရူးတာလား၊ ရူးချင်ယောင်ဆောင်နေတာလား ငါစိတ်မဝင်စားဘူး။ ဒီနေ့ ဒီငါးကို မင်းကျွေးတယ်လို့ပဲ ငါသဘောထားလိုက်မယ်။ ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ပိုက်ဆံပြန်ဆပ်မလား၊ ဆေးရုံတက်မလား၊ နှစ်ခုထဲကတစ်ခုရွေး”
“မင်းသေချာစဉ်းစားနော်။ အခုမင်းက ငါ့ပိုက်ဆံပဲအကြွေးတင်သေးတာ၊ ငါမင်းကို အလွန်ဆုံးရိုက်ရုံပဲ။ မင်းဆေးရုံရောက်သွားရင် ဆေးရုံအကြွေးပါထပ်တင်မှာ”
“ဟဲဟဲ… အဲ့ဒါက ဒီထက်အများကြီးပိုဆိုးတယ်ကွ”
ယွီဟွေးဖေးလည်း “ဒီမယ် ဖိန်ကော၊ အမှန်အတိုင်းပြောရရင် ခင်ဗျားဆီက ပိုက်ဆံချေးတဲ့လူနဲ့ ကျွန်တော်နဲ့က ဘာမှမတော်ဘူး။ အဘိုးကြီးတစ်ယောက်က ဒီဆိုင်ကို ကျွန်တော့်ကို အတင်းထိုးထည့်သွားတာ”
ဖိန်ကောက ဟက်ဟက်ပက်ပက်ရယ်ပြီး “မင်းက အရူးလား၊ မင်းက ငါ့ကိုအရူးလို့ထင်နေတာလား။ ဒီလောက်ကြီးတဲ့ဆိုင်၊ ဒီလောက်ကောင်းတဲ့နေရာကို သူစိမ်းတစ်ယောက်က မင်းကိုပေးသွားတယ်ဟုတ်လား”
“ဖိန်ကော… သူနဲ့စကားပြောမနေနဲ့တော့၊ ရိုက်ကွာ။ ငါသူ့ကို အုတ်ခဲနဲ့ထုသတ်ချင်နေပြီ” အစောက ယွီဟွေးဖေး လက်ချက်မိသွားတဲ့ကောင်က အော်၏။
“ဟုတ်တယ် ဖိန်ကော၊ သူနဲ့စကားပြောမနေနဲ့တော့၊ ဝိုင်းချလိုက်ရအောင်” တခြားကောင်တွေကလည်း ဝိုင်းအော်ကြသည်။
ဒီကောင်တွေ ထပ်ပြီးလက်ပါတော့မယ်မှန်းသိတော့ ယွီဟွေးဖေးလည်း လက်ထဲက တစ်ခုတည်းသောလက်နက်ဖြစ်တဲ့ သံကြိုးသော့ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
လူမိုက်တစ်သိုက်က ဝိုင်းအုံလာပြီး ရန်ရှာဖို့ပြင်နေတုန်းမှာပဲ ယွီဟွေးဖေး ကြောင်သွား၏။ သူ့တစ်သက်မှာ တစ်ခါမှမမြင်ဖူးတဲ့ အထူးဆန်းဆုံးမြင်ကွင်းကို မြင်လိုက်ရလို့ပဲ။
ဖိန်ကောရဲ့နောက်က ပုံပျက်ပန်းပျက်နဲ့ ခေါင်းပေါ်မှာ အနီရောင်ပန်းပွင့်ကြီးပွင့်နေတဲ့ သစ်ပင်ကြီးက လှုပ်လာ၏။
အတိအကျပြောရရင် အဲ့ဒီပန်းပွင့်ကြီးက လှုပ်လာတာ။ ပန်းပွင့်ကြီးပွင့်အာလာပြီး အထဲကနေ ဘူးသီးတစ်လုံးထွက်လာတယ်။
ဘူးသီးအဖုံးပွင့်သွားပြီး အထဲက အဖြူရောင်အလင်းတန်းတွေစုပေါင်းပြီး မျက်လုံးတစ်လုံးဖြစ်သွားသည်။
လူမိုက်တွေလည်း အသံကြားလို့လှည့်ကြည့်လိုက်တော့ အဲ့ဒီမြင်ကွင်းကို တည့်တည့်ကြီးမြင်လိုက်ရ၏။
သူတို့က လူများတော့ အားရှိနေလို့လားမသိဘူး၊ မကြောက်တဲ့အပြင် တစ်ယောက်ကတောင် “အမယ်… high-tech တွေနဲ့ပါလားဟ” လို့လှောင်လိုက်သေး။
ယွီဟွေးဖေးကတော့ စိတ်ထဲမှာ “နတ်သတ်ဓားပျံလား။ မဟုတ်ဘူး၊ နတ်သတ်ဓားပျံက အနီရောင်ဘူးသီး၊ ဒါက အဝါရောင်။ ပြီးတော့ နတ်သတ်ဓားပျံထဲကထွက်လာတာက ခေါင်း၊ မျက်လုံး၊ အတောင်ပံတွေနဲ့။ ဒါက မျက်လုံးတစ်လုံးတည်း။ ဒါဆို ဒါက ဘာကြီးလဲ”
နောက်တစ်ခဏမှာပဲ အဲ့ဒီမျက်လုံးက အဖြူရောင်အလင်းတန်းတွေထွက်လာပြီး လူမိုက်အားလုံးရဲ့ ပေါင်ကြားကို သွားထိုးတယ်။
ကျွန်တော့်ရင်ထဲမှာ ‘ဒိန်း’ခနဲဖြစ်သွားတယ်။ တစ်ဆက်တည်းမှာပဲ အဖြေထွက်သွားပြီ။ ဒါ လုံးဝ နတ်သတ်ဓားပျံမဟုတ်ဘူး။ နတ်သတ်ဓားပျံက ဦးနှောက်ထဲက နီဝမ်နန်းတော်ဆိုလား အဲ့ဒါကိုချိန်တာ။ နီဝမ်နန်းတော်က ခေါင်းပေါ်မှာရှိတာ၊ ပေါင်ကြားထဲမှာမဟုတ်ဘူး။
အဲ့ဒီအချိန်မှာပဲ လူမိုက်တစ်ယောက်က “ငါလှုပ်လို့မရတော့ဘူး” လို့အော်၏။
“ငါလည်းပဲ”
“သရဲ… သရဲ”
လူမိုက်တစ်သိုက် ထိတ်လန့်ကုန်ကြပြီ။
ဒီမြင်ကွင်းကိုမြင်တော့ ယွီဟွေးဖေးလည်း နည်းနည်းတွေဝေသွား၏။ ချိန်တဲ့နေရာမတူပေမယ့် အာနိသင်ကတော့ တူသလိုလိုပဲ။
ကျွန်တော်က အဲ့ဘူးသီးကို အရိုအသေပေးပြီး “လှည့်လိုက်စမ်း” လို့ပြောပြီး စမ်းသပ်ကြည့်ရမလားလို့ စဉ်းစားနေတုန်းမှာပဲ…
အဲ့ဘူးသီးက သူ့အလိုလိုလှည့်သွားတယ်။
အဲ့ဒီအခိုက်အတန့်မှာ ယွီဟွေးဖေးနဖူးမှာ ချွေးတွေစို့တက်လာတယ်။ စိတ်ထဲမှာလည်း ‘သွားပဟ… ခေါင်းပြတ်ကုန်ပြီး လူသတ်မှုဖြစ်တော့မှာ မဟုတ်လောက်ပါဘူးနော်’
ဖြောင်း…
အသံတစ်ချို့ထွက်လာ၏။
ယွီဟွေးဖေးလည်း လူမိုက်တွေဘက်ကို အမြန်လှည့်ကြည့်လိုက်ချိန် သူ့မျက်နှာကြီး မည်းသည်းသွားသည်။
လူမိုက်အားလုံးရဲ့ ခါးပတ်တွေက တစ်ပြိုင်နက်ပြတ်ထွက်သွားပြီး ဘောင်းဘီတွေအားလုံး မြေပေါ်ပုံကျသွားတာပဲ။
“သရဲ…” ဘယ်သူအော်လိုက်မှန်းမသိ။ ခြေကုန်သုတ် ပြေးတော့တာပဲ။
တခြားလူမိုက်တွေလည်း မနေနိုင်တော့ဘူး။ လိုက်ပြေးကြတယ်။
ရလဒ်ကတော့…။
ဘုန်း… ဘုန်း…
ဘောင်းဘီက ခြေမှာချိတ်နေသေးတော့ ဘယ်လိုပြေးလို့ရမလဲ။ အားလုံးမြေပေါ်မှာ လိမ့်ကျကုန်တာပေါ့။
ဒါပေမဲ့ ဒီလူမိုက်တွေက တကယ်ကိုကြောက်လန့်နေကြပြီ။ ထူးဆန်းတဲ့ပန်းထဲက ဘူးသီးထွက်လာတာကိုက ထူးဆန်းနေပြီ။ ဘူးသီးထဲက မျက်လုံးထွက်လာပြီး စကားပါပြောတတ်သေး…။
ဒါကိုတောင် သူတို့က အဆင့်မြင့် သိပ္ပံနည်းပညာလို့ အတင်းအကျပ် မှတ်ယူနေပြန်ကော။
ဒါပေမဲ့ သူတို့ကိုတစ်ချက်ကြည့်လိုက်တာနဲ့ လှုပ်မရဖြစ်သွားတာကတော့ တော်တော်လေးကို ကြောက်စရာကောင်းနေပြီ။
တစ်ချက်လှည့်လိုက်တာနဲ့ သူတို့ခါးပတ်တွေအကုန်ပြတ်သွားတာက ပိုပြီးတော့တောင် ကြောက်စရာကောင်းသေးတယ်။
ဒီအဖြစ်အပျက်တွေအားလုံးက သူတို့ရဲ့ကမ္ဘာကြီးအပေါ်နားလည်မှုကို ကျော်လွန်သွားပြီ။ ကြောက်လွန်းလို့ အဖေနဲ့အမေက ခြေထောက်နှစ်ချောင်းပိုမတပ်ပေးလိုက်တာကိုတောင် နောင်တရနေလောက်ပြီ။ လိမ့်ရင်း၊ ပြေးရင်းနဲ့ အပြင်ကိုထွက်ပြေးကြတယ်။ ဘောင်းဘီတောင်ပြန်မဝတ်နိုင်တော့ဘူး။ အရောင်စုံအတွင်းခံလေးတွေနဲ့ လမ်းပေါ်မှာ ပြေးပွဲဆင်နွှဲနေကြတော့တာပဲ။
ဖိန်ကောကတော့ နောက်ကနေ ဘောင်းဘီကိုမပြီး “ငါ့ကိုစောင့်ကြဦးလေ” လို့အော်ရင်း သစ္စာမရှိတဲ့ကောင်တွေ၊ သောက်ကြောက်တွေလို့ ဆဲနေပေမယ့် သူကိုယ်တိုင်လည်း ပြေးတာမနှေးပါဘူး။
ယွီဟွေးဖေးလည်း ဘာတွေဖြစ်နေမှန်းအတိအကျမသိပေမယ့် တံခါးဝမှာရပ်ပြီး သူတို့ကိုလက်ပြနှုတ်ဆက်ရင်း “ဧည့်သည်တော်တို့ ဖြည်းဖြည်းသွားကြပါ၊ အားရင်လည်း မကြာမကြာလာလည်ကြပါဦး” လို့အော်လိုက်သေးသည်။
“မင်းအဘကိုလာလည်ရမှာလား” တစ်ယောက်ကပြန်ဆဲပြီး အဒေါ်ကြီးတွေရဲ့အကြည့်တွေအောက်မှာ လူတစ်သိုက်ပြေးထွက်သွားကြသည်။
အဲ့ဒီအချိန်မှာ သော့ရောင်းတဲ့အဘိုးကြီးက ကျွန်တော့်နားရောက်လာပြီး “ဟေ့ကောင်လေး၊ ဘာတွေဖြစ်တာလဲ”
ယွီဟွေးဖေးလည်း ကိုယ့်အိမ်မှာ သရဲရှိတယ်၊ သူတို့ကိုခြောက်လွှတ်လိုက်တယ်လို့ ပြောလို့မှမဖြစ်တာ။ ဒါနဲ့ လျှောက်ပြောလိုက်၏။
“ဘာမှမဟုတ်ပါဘူး၊ နိုင်ငံတော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုကို လိုက်နာနေကြတာလေ။ ကာဗွန်လျှော့ချရေး… ဘာညာပေါ့…။ အဲ့ဒါကြောင့် သူတို့က ဘောင်းဘီမဝတ်တော့ဖို့ ဆုံးဖြတ်လိုက်ကြတာ”
“အော်… ဟုတ်သားပဲ၊ နိုင်ငံခြားမှာလည်း ဒီလိုလှုပ်ရှားမှုရှိတယ်လေ။ ဘာတဲ့… ဘောင်းဘီမဝတ်ရေးနေ့တဲ့။ ဟုတ်တယ်… အဲ့ဒါပဲ။ အခုကြည့်လေ အားလုံးဘောင်းဘီမဝတ်ဘဲ ပြေးနေကြတာ”
အဘိုးကြီးက မျက်မှောင်ကြုတ်ပြီး နားထောင်နေတယ်။ ယွီဟွေးဖေးစကားကို မယုံတဲ့ပုံပဲ။
ယွီဟွေးဖေးလည်း စကားလမ်းကြောင်းအမြန်လွှဲပြီး သော့အကြီးကြီးကို သူ့လက်ထဲထည့်ပေးလိုက်သည်။
“အဘိုးကြီး… ဒီသော့ကို ပြန်ပေးလိုက်တော့မယ်”
အဘိုးကြီးက ပစ္စည်းပြန်ပေးမယ်ကြားတော့ ချက်ချင်းမကျေမနပ်ဖြစ်ပြီး ခေါင်းကိုခါရင်း “ဝယ်ပြီးပြီးချင်း ပြန်သွင်းတယ်ဟုတ်လား။ မင်းက ငါ့ဆီမှာ ကစားစရာလာဝယ်နေတာလား။ ပြန်မယူဘူး”
“ခင်ဗျားပြန်မယူရင် ကျွန်တော်ရဲတိုင်မှာနော်”
“ရဲတိုင်မယ်ဟုတ်လား။ မင်း ခုနကရန်ဖြစ်နေတာ ငါမြင်တယ်နော်၊ ဗီဒီယိုတောင်ရိုက်ထားသေးတယ်။ မင်းတိုင်ရဲလို့လား” အဘိုးကြီးက အားကိုးရှိတဲ့ပုံနဲ့အော်၏။
ယွီဟွေးဖေးကတော့ သူ့ကိုယုံရင် ရူးနေလို့ပေါ့။ တကယ်လို့ အထဲက ရန်ဖြစ်တဲ့မြင်ကွင်းကိုသာမြင်ရင် ဒီအဘိုးကြီးက ဟိုလူမိုက်တွေထက်တောင် မြန်မြန်ပြေးမှာ။
ယွီဟွေးဖေးပြုံးပြီး “ကောင်းပြီလေ… ခင်ဗျားရဲတိုင်လိုက်။ ဒီမယ် အဘိုးကြီး၊ ဒီသော့က ခင်ဗျားကျွန်တော့်ကို ကူညီခဲ့တာနော်။ တကယ်လို့ ရန်ဖြစ်မှုနဲ့အရေးယူခံရရင် ခင်ဗျားကလည်း အားပေးကူညီသူပဲ။ အဲ့ဒီအခါကျရင် ကျွန်တော်တို့နှစ်ယောက် အချုပ်ထဲက ထောင့်လေးမှာ အေးဆေးစကားပြောကြတာပေါ”
အဘိုးကြီးမျက်နှာကြီး ရဲတက်လာပြီး ယွီဟွေးဖေးကို မကျေမနပ်နဲ့ ကြည့်နေ၏။ ကောက်ကျစ်တဲ့လူမိုက်တစ်ယောက်ကို ကြည့်နေတဲ့ပုံစံအတိုင်းပဲ။
“မင်း… ဘာပဲဖြစ်ဖြစ်၊ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ပြန်မယူဘူး”
ယွီဟွေးဖေးလည်း ဟီးခနဲရယ်ပြီး “အကြောင်းပြချက်က လွယ်လွယ်လေးပါ။ ကျွန်တော်က ဆိုင်ကယ်သော့ခတ်ဖို့ သော့ဝယ်တာ။ ကြည့်လေ၊ ခင်ဗျားသော့ကိုဝယ်ပြီးတော့ ကျွန်တော့်ဆိုင်ကယ်ကရော”
အဘိုးကြီးက ပတ်ဝန်းကျင်ကိုကြည့်ပြီး စက်ဘီးတစ်စီးတောင်မတွေ့တော့ “မင်းဆိုင်ကယ်ဘယ်မှာလဲ၊ ငါဘယ်သိမလဲ”
“ဟုတ်တယ်လေ… ကျွန်တော့်မှာ ဆိုင်ကယ်မှမရှိတာ၊ ခင်ဗျားသော့ကို ဘာလုပ်ဖို့ဝယ်မှာလဲ”
“မင်းရန်ဖြစ်ဖို့…”
“ခင်ဗျားကူညီခဲ့တာလေ”
“မင်း… မင်းနည်းနည်းပါးပါး အရှက်ရှိဦး”
“ခင်ဗျား သော့တစ်ချောင်းကို ယွမ်ငါးရာနဲ့ရောင်းတာရော အရှက်ရှိလို့လား”
“ညီလေး… ငါတို့က လမ်းပေါ်မှာကျင်လည်နေတဲ့လူတွေပဲ၊ မျက်နှာလေးတော့ထောက်ပါကွာ၊ ပြန်မသွင်းပါနဲ့တော့”
“အဘိုးကြီး… လမ်းပေါ်မှာကျင်လည်နေတဲ့ လူအချင်းချင်း မျက်နှာလေးတော့ထောက်ပါ၊ ပြန်ယူပေးပါဗျာ”
“မင်းက မျက်နှာပြောင်တိုက်တော့မှာလား။ ဒီလမ်းထဲမှာ ဒီအဘိုးကြီးရဲ့နာမည်ကို မင်းမသိသေးဘူးထင်တယ်”
ယွီဟွေးဖေးလည်း ချက်ချင်းဖုန်းထုတ်၊ ကင်မရာဖွင့်ပြီး “ခင်ဗျားနာမည်က ဘာလဲ အဘိုးကြီး။ ပြောပြပါဦး… ဖုန်းကိုကြည့်ပြီးပြော။ ကျွန်တော်က မှတ်ဉာဏ်မကောင်းလို့ ရိုက်ထားလိုက်မယ်။ နောက်မှ ရဲတွေနဲ့အတူတူနားထောင်ပြီး ခင်ဗျားကို အတူတူကြည်ညိုကြတာပေါ့”