မျက်ပြူးကြီး ဆေးလိပ်သောက်တတ်လား
Vol. 1 Ch. 7
အဘိုးကြီးက လည်ချောင်းဝမှာတင်နေတဲ့ ကြွားလုံးတွေက ထွက်မလာတော့ဘူး။ မျက်လုံးပြူးကြီးနဲ့ အကြာကြီးစိုက်ကြည့်နေပေမယ့် စကားတစ်ခွန်းမှထွက်မလာဘူး။
ယွီဟွေးဖေးလည်း ဟီးခနဲရယ်ပြီး “အဘိုးကြီး၊ ကြည့်လေ၊ ဒီလိုမဟုတ်ဘူးလား။ ကျွန်တော်က ခင်ဗျားသော့ကို ဆိုင်ကယ်သော့ခတ်ဖို့ဝယ်တယ်၊ အဲ့တော့ ခင်ဗျားက ကျွန်တော့်ကိုသော့ရောင်းတယ်၊ ကျွန်တော်တို့ကြားက အရောင်းအဝယ်မှာ ဘာပြဿနာမှမရှိဘူး”
အဘိုးကြီးက ဟွန်းခနဲမှုတ်ပြီး ခေါင်းညိတ်၏။
“ဒါပေမဲ့ ခင်ဗျားသော့ကိုဝယ်ပြီးတော့ ကျွန်တော့်ဆိုင်ကယ်က ပျောက်သွားတယ်။ ကျွန်တော့်သော့က အသုံးမဝင်တော့ဘူး။ ဒါကြောင့် ပြန်သွင်းတာလေ… ပြဿနာမရှိဘူးမလား”
ဒါကို အဘိုးကြီးကြားတော့ မုတ်ဆိတ်မွေးတွေတောင် ထောင်ထလာ၏။ “မင်းက မျက်လုံးဖွင့်ပြီး လိမ်ပြောနေတာပဲ။ စာမူတောင်ကြိုရေးစရာမလိုဘူးလား။ မင်းက မနက်ဈေးမှာ ခွေးသားရေဆေးရောင်းတဲ့ကောင်လား”
ယွီဟွေးဖေးလည်း ဟီးခနဲရယ်ပြီး သော့ကို အဘိုးကြီးလက်ထဲထိုးထည့်လိုက်သည်။ “ပိုက်ဆံပြန်ပေးတော့လေ အဘိုးကြီးရဲ့။ ခင်ဗျားတကယ်ပြန်မယူချင်ရင်လည်း မူလဈေး ယွမ်လေးဆယ်နဲ့ပဲ ကျွန်တော့်ကိုရောင်းလိုက်။ ခင်ဗျားက တစ်ခါတည်း ယွမ်ငါးရာတောင်းတာကတော့ တော်တော်မတရားဘူး”
အဘိုးကြီးလည်း မျက်နှာကြီးရဲတက်လာပြီး မကျေမနပ်နဲ့ ယွမ်လေးရာ့ခြောက်ဆယ်ကို ယွီဟွေးဖေးလက်ထဲထိုးထည့်ပြီး “ကောက်ကျစ်တဲ့ကောင်” လို့ဆဲလိုက်သည်။
ယွီဟွေးဖေးပြုံးပြီး “အဘိုးကြီး… ကောက်ကျစ်တာနဲ့ပတ်သက်ရင်တော့ ကျွန်တော်ခင်ဗျားဆီက အများကြီးသင်ယူရဦးမယ်။ အထဲဝင်ပြီး စကားပြောကြမလား”
အဘိုးကြီးက သူ့ကို မျက်စောင်းတစ်ချက်ထိုးသည်။ အခုသူက ယွီဟွေးဖေးကိုကြည့်လေ ကြည့်မရလေဖြစ်နေပြီ။
စကားပြောကြမလားဟုတ်လား။
သူအခု စိတ်ထဲမှာ ဟိုသော့ကိုပြန်ရှာပြီး ဒီခွေးမသားလေးကို အသကုန်တီးပေးလိုက်ချင်နေပြီ။
ကြည့်လေ စိတ်တိုလေဖြစ်လို့ အဘိုးကြီးက လက်တစ်ချက်ဝှေ့ယမ်းပြီး ထွက်သွားတော့သည်။
ယွီဟွေးဖေးလည်း ပြုံးဖြီးဖြီးနဲ့ အဘိုးကြီးရဲ့ကျောပြင်ကိုကြည့်ရင်း တံခါးကြီးကိုပိတ်၊ အပေါ်၊ အလယ်၊ အောက် သော့ချောင်းသုံးချောင်းလုံးထိုးပြီးမှ နဖူးကချွေးတွေကို တိတ်တိတ်လေးသုတ်လိုက်၏။
အမှန်အတိုင်းပြောရရင် ယွီဟွေးဖေးက အေးဆေးတည်ငြိမ်တဲ့ပုံပေါက်နေပေမယ့် အဘိုးကြီးက စိတ်ပါလာပြီး အထဲဝင်ထိုင်လိုက်မှာကို တကယ်ကြောက်နေတာ။
လူမိုက်တစ်သိုက်က မျက်ပြူးကြီးကို မြင်သွားတာကိုတော့ လိမ်ညာလို့ရသေးတယ်။ ပြီးတော့ အဲ့လူမိုက်တွေကလည်း အပြင်မှာလျှောက်ပြောရဲမှာမဟုတ်ဘူး။ အတိုးချေးစားတဲ့ကောင်တွေက ဂုဏ်သိက္ခာရှိတာမှမဟုတ်တာ၊ လျှောက်ပြောလို့ လူတွေစိတ်ဝင်စားလာရင် သူတို့အတွက်ပိုဆိုးမှာ။
ဒါပေမဲ့ ဟိုကောက်ကျစ်တဲ့အဘိုးကြီးကတော့ မတူဘူး။ အဲ့အဘိုးကြီးသာ ငါ့အားနည်းချက်ကိုမိသွားရင် ခြင်ဆီကိုထုတ်ပြီး ကြက်ဥနဲ့ကြော်စားပစ်မှာ သေချာတယ်။
တံခါးသေချာပိတ်ပြီးပြီဆိုမှ ယွီဟွေးဖေးလည်း ဟိုပန်းပွင့်ကြီးပေါ်က အဝါရောင်ဘူးသီးကို လှည့်ကြည့်လိုက်သည်။
“ဘာကြည့်တာလဲ” အဝါရောင်ဘူးသီးက စိတ်မရှည်တဲ့လေသံနဲ့မေး၏။
ယွီဟွေးဖေးလည်း “ဟ… မင်းကပါ စိတ်တိုနေသေးတာလား။ ငါမနေ့ညက ငါးကို ဆေးလိပ်တိုက်၊ ကန်တော့နေတုန်းက မင်းဘာလို့အသံမထွက်တာလဲ။ မင်းက ဘေးကနေ ပွဲကြည့်နေတာပေါ့လေ”
အဝါရောင်ဘူးသီးက လူမိုက်လေသံနဲ့ “ထွီး… မင်းက ငပေါလိုလုပ်နေတာကို ငါ့လာအပြစ်တင်နေတာလား”
သူ့စကားကြောင့် ယွီဟွေးဖေးကဖြင့် စကားပြန်မပြောနိုင်တော့ဘူး။
ဒါပေမဲ့လည်း ယွီဟွေးဖေးက ဘူးသီးနဲ့ရန်မဖြစ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အဝါရောင်ဘူးသီးက သူ့အသက်ကယ်ရှင်ပဲလေ။
ပြီးတော့ နောက်ဆိုရင် နှစ်ယောက်အတူတူ အကြာကြီးနေသွားရဦးမှာ။ ရန်ဖြစ်ထားရင် နှစ်ယောက်လုံးအတွက်မကောင်းဘူး။ အဓိကက ဟိုလူမိုက်တွေ ဘယ်တော့ပြန်လာမလဲမသိဘူး။ ဒီအဝါရောင်ဘူးသီးကိုပဲ အားကိုးရဦးမှာ။
ဒါနဲ့ ယွီဟွေးဖေးလည်း အသက်ကိုဝအောင်ရှူ၊ ပြုံးပြုံးလေးနဲ့ သူ့နားကပ်သွားပြီး “ဆေးလိပ်သောက်မလား”
အဝါရောင်ဘူးသီးတောင် ရဲ့ မျက်နှာပြောင်းလဲမြန်ဆန်မှုကြောင့် ကြောင်သွား၏။ သူလည်း ဒီကောင်က ဒီလောက်အရှက်မရှိဘူးလို့ ထင်မှာမဟုတ်ဘူး။ စောစောကပဲ သူ့ဘိုးဘွားသင်္ချိုင်းကိုတူးတော့မယ့်ပုံစံနဲ့၊ အခုကျတော့ ဆေးလိပ်တိုက်ပြီး နှုတ်ဆက်နေပြီ။
အဝါရောင်ဘူးသီးက ဦးနှောက်ကချက်ချင်းအလုပ်မလုပ်နိုင်တော့ဘဲ မသိစိတ်နဲ့ ခေါင်းညိတ်ပြီး “ကျုံးဟွာရှိလား”
“ပိုင်ရှား ပဲရှိတယ်” ယွီဟွေးဖေးပြောရင်း စိတ်ထဲမှာတော့ နည်းနည်းချဉ်သွား၏။
‘ငါ့နှယ်… ဘူးသီးကတောင် ကျုံးဟွာသောက်နေပြီလား။ ငါတို့တရုတ်ပြည်က ဒီလောက်ချမ်းသာသွားပြီပေါ့’
အဝါရောင်ဘူးသီးက “ပိုင်ရှားက အဖြူလား” ဟု ထပ်မေးပြန်သည်။
ယွီဟွေးဖေးလည်း မျက်စောင်းတစ်ချက်ထိုးပြီး အဖြူရောင်ဆေးလိပ်ဘူးကိုထုတ်ပြလိုက်၏။ အဝါရောင်ဘူးသီးက မထီမဲ့မြင်နဲ့ “ဟမ့်… ပိုင်ရှား အပေါစားလား။ ၄.၅ ယွမ်တန်မလား။ ငါ့ကျုံးဟွာတစ်လိပ်က မင်းဆေးလိပ်ဘူးတစ်ဝက်စာတောင်ရှိတယ်။ မင်းက ဘယ်လောက်တောင် ဆင်းရဲနေတာတုန်းဟ”
ယွီဟွေးဖေးလည်း ချက်ချင်းဒေါသထွက်သွား၏။”ရှိတာကိုပဲ ကျေးဇူးတင်ဦး၊ ရွေးနေသေးတယ်။ သောက်မှာလား မသောက်ဘူးလား”
အဝါရောင်ဘူးသီးက လှုပ်လီလှုပ်လဲ့ မလိုချင်တဲ့ပုံစံနဲ့ “ကဲကဲ ရှိစေတော့… တစ်လိပ်လောက်တော့ပေးကွာ”
“စကားတွေအများကြီးပြောပြီး နောက်ဆုံးတော့လည်း သောက်ရတာပဲမဟုတ်လား။ ငါပြောမယ်၊ အစ်ကိုက အခုခဏတာဒုက္ခရောက်နေလို့ ဒါသောက်နေရတာ။ အစ်ကိုနောက်လိုက်ရင် မင်းကိုနေ့တိုင်း ပိုင်ရှားတိုက်၊ ညတိုင်း ကျုံးဟွာတိုက်မယ်”
အဝါရောင်ဘူးသီးက ဟက်ဟက်ပက်ပက်ရယ်ပြီး “လူယာလည်း အရင်ကအဲ့လိုပဲကြွားတာပဲ၊ နောက်ဆုံးတော့ အကြွေးတွေပတ်လည်ဝိုင်းပြီး ထွက်ပြေးသွားတာပဲမဟုတ်လား”
ဒါကို ယွီဟွေးဖေးကြားတော့ မျက်လုံးတွေအရောင်တောက်လာပြီး “ဟေး… အဲ့အဘိုးကြီးက ဘယ်လိုအခြေအနေလဲ။ နတ်ဘုရားက အကြွေးတင်တယ်ဟုတ်လား”
အဝါရောင်ဘူးသီးကလည်း လူယာ အပေါ်မှာ အငြိုးအတေးတွေအများကြီးရှိတဲ့ပုံပဲ။ ချက်ချင်းပဲ ညည်းညူတော့တယ်။
“သူလား… လူရှုပ်အဘိုးကြီးတစ်ယောက်ပဲ။ ဒီကမ္ဘာကြီးထက်တောင် အသက်ပိုရှည်သလို ခွေးထက်တောင် ညံ့ဖျင်းနေတယ်။ ပြောရရင် ဒီကမ္ဘာကြီးက ငရဲဘုံလိုပဲ။ မင်းဘယ်လိုနတ်ဘုရားဖြစ်ဖြစ်၊ ရောက်လာတာနဲ့ ခေါင်းပေါ်က ပန်းသုံးပွင့်ကြွေ၊ နီဝမ်နန်းတော်က အေးခဲပြီး တန်ခိုးတွေအကုန်ပျောက်သွားမှာ”
“အဲ့အဘိုးကြီးက သောက်ရမ်း ကောက်ကျစ်၊ ပျင်းရိ၊ အစားမက်၊ လိမ်ညာတယ်။ ကျုံးဟွာသောက်ရတာကြိုက်ပေမယ့် အလုပ်လုပ်ရမှာမကြိုက်သလို ပျင်းလွန်းတော့ ဘာလုပ်လုပ်မအောင်မြင်ဘူး”
“အစားမက်တော့ ဘာစားစား မလောက်ပြန်ဘူး”
“နောက်ဆုံးတော့ သူက ပိုက်ဆံချေးတာက ပိုက်ဆံရှာတာထက်ပိုမြန်မှန်းသိသွားပြီး ပိုက်ဆံချေးပြီးနေတော့တာပဲ”
“နောက်တော့ သူက ပိုက်ဆံချေးပြီးပြန်မဆပ်တာက ပြန်ဆပ်တာထက် ပိုကောင်းမှန်းသိသွားပြီး လုံးဝမဆပ်တော့ဘူး”
“အဆုံးကျတော့ အကြွေးလည်ပင်းနစ်ပြီး တကယ်မခံနိုင်တော့တဲ့ အခါကျတော့ မင်းကိုလွှဲပေးခဲ့တာပေါ့”
အဲ့ဒီစကား ပြောပြီးတော့ အဝါရောင်ဘူးသီးက ယွီဟွေးဖေးကို မျက်လုံးစွေကြည့်ပြီး ကံဆိုးမိုးမှောင်ကျတဲ့လူကို ကြည့်နေတဲ့ပုံစံနဲ့ ကြည့်နေ၏။
ယွီဟွေးဖေးလည်း ကိုယ့်ကိုယ်ကို အလိမ်ခံလိုက်ရမှန်းသိပေမယ့် ဒီလောက်ကြီးတဲ့လုပ်ငန်းကြီးကိုရလိုက်တယ်၊ ပြီးတော့ ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်တွေနဲ့ပါ ပတ်သက်ခွင့်ရလိုက်တော့ ဘယ်လိုကြည့်ကြည့်မရှုံးဘူးလို့ထင်တယ်။ ဒါကြောင့် စိတ်မဆိုးတော့ဘဲ ငါးကန်ဘေးမှာထိုင် ဆေးလိပ်ဖွာရင်း စကားဆိုလိုက်သည်။
“သူတန်ခိုးတွေအကုန်ပျောက်သွားပြီလို့ မင်းပြောတယ်၊ ဒါပေမဲ့ သူငါ့ကိုလိမ်တုန်းက တန်ခိုးသုံးသွားတယ်လေ”
အဝါရောင်ဘူးသီးက “အဲ့အဘိုးကြီးက ပစ္စည်းတွေအများကြီးရှိတာ၊ တန်ခိုးနည်းနည်းပါးပါးကျန်နေတာ ဘာဆန်းလို့လဲ။ သူက ဒီကမ္ဘာကြီးထက်တောင် အသက်ပိုရှည်တာပဲဟာ”
စကားပြောနေရင်း အဝါရောင်ဘူးသီးက ပန်းပွင့်ကြီးထဲက ခုန်ထွက်လာပြီး ကျွန်တော့်ဘေးမှာလာထိုင်၏။
“စကားမများနဲ့… ဆေးလိပ်ရော”
ယွီဟွေးဖေးလည်း အဲ့တော့မှ သူ့ကိုဆေးလိပ်ပေးဖို့မေ့နေတာ သတိရသည်။
ဆေးလိပ်ထုတ်လိုက်တော့ ကြောင်သွား၏။ ဘူးသီးကိုကြည့်လိုက်၊ မျက်လုံးကိုကြည့်လိုက်နဲ့ ဆေးလိပ်ကို ဘယ်နားမှာထိုးပေးရမှန်းမသိတော့ဘူး။ နောက်ဆုံးတော့ ဆေးလိပ်ကို ဘူးသီးပါးစပ်ပေါက်လို နေရာမှာ ထိုးပေးလိုက်၏။
“မင်းရူးနေလား။ အဲ့ဒါလည်ပင်းကွ” အဝါရောင်ဘူးသီးက ဆဲတော့သည်။
“ငါကဘူးသီးမှမဟုတ်တာ၊ မင်းဘယ်နားက ဘယ်နားမှန်းငါဘယ်သိမလဲ” ယွီဟွေးဖေးလည်း တိုးတိုးလေးညည်းမိ၏။
ဘူးသီးမျက်လုံးပေါ်က အဖြူရောင်အလင်းတန်းနှစ်ခုထွက်လာပြီး လူ့လက်ချောင်းနှစ်ချောင်းလို ဆေးလိပ်ကိုညှပ်ပြီး မျက်လုံးထဲထိုးထည့်လိုက်သည်။ အားရပါးရ တစ်ချက်ရှိုက်လိုက်တော့ မျက်လုံးထဲမှာ ဆေးလိပ်ငွေ့တွေဝေနေတာကိုကြည့်ပြီး မျက်လုံးပြူးသွားရင်း စိတ်ထဲမှာလည်း ‘ဘုရားရေ… ဒီကောင်က ကိုယ့်ကိုယ်ကို တော်တော်နှိပ်စက်တာပဲ’
ဟူး…
မျက်လုံးထဲက ဆေးလိပ်ငွေ့တစ်လုံးထွက်လာပြီး “ဒါနဲ့ ခုနက ပြောနေတာ ဘယ်ရောက်သွားပြီလဲ”
“လူယာ အသက်ရှည်တယ်၊ တန်ခိုးတွေရှိသေးတယ်ပြောနေတာလေ”
မျက်ပြူးကြီးက ခေါင်းတစ်ချက်ညိတ်သလိုလုပ်ပြီး အဓိပ္ပာယ်ပါပါနဲ့ “ဒါဆို နောက်ဘာပြောကြမလဲ”
ယွီဟွေးဖေးဖြင့် စကားမပြောနိုင်တော့ဘူး။
ပြီးတော့ သူနဲ့ အဝါရောင်ဘူးသီးက ကိုးလွှာဆောင်အကြောင်းပြောကြသည်။ ကိုးလွှာဆောင်လွှဲပြောင်းတဲ့လုပ်ငန်းစဉ်ကိုမေးတော့ အဝါရောင်ဘူးသီးကလည်းမသိဘူး။ နောက်တော့ ယွီဟွေးဖေးက အဝါရောင်ဘူးသီးက ဘာကောင်လဲ၊ ဘယ်လိုခေါ်ရမလဲလို့ မေးလိုက်သည်။