ရန်သူမှ ရန်ဘက်
Vol. 1 Ch. 8
အဝါရောင်ဘူးသီးက ဆေးလိပ်ကို အဓိပ္ပာယ်ပါပါဖွာရှိုက်ရင်း သက်ပြင်းချပြီးပြော၏။
“ငါက… နတ်သတ်ဓားပျံ”
“ဖူး… အဟွတ်ဟွတ်”
ယွီဟွေးဖေးက အဲ့ဆေးလိပ်ငွေ့နဲ့ နင်ပြီးသေတော့မလိုပဲ။ ချောင်းတဟွတ်ဟွတ်ဆိုးရင်းနဲ့ အံဩတကြီး ဆိုလိုက်သည်။
“ဘာကြီး… ဘာကြီး။ အဟွတ်ဟွတ်… မင်း… မင်းက နတ်သတ်ဓားပျံ ဟုတ်လား”
အဝါရောင်ဘူးသီးက နှုတ်ခမ်းလေးစေ့ပြီး ခပ်ထေ့ထေ့ပြုံးလိုက်၏။
“ခက်ပြီ”
ယွီဟွေးဖေးလည်း နားမလည်စွာနဲ့ “ဘာသဘောလဲ” လို့ ဆက်မေးတော့သည်။
အဝါရောင်ဘူးသီးက “ကိုးလွှာဆောင်ရဲ့ လျှို့ဝှက်ချက်ကို အပြင်လူကို ပြောလို့မရဘူး။ မင်းမိန်းမယူချင်တယ်ဆိုရင် ဘယ်လိုမိန်းမမျိုးကို ယူမှာလဲ။ သာမန်လူလား။ ယူပြီးရင်ရော မင်းသူ့ကို တစ်သက်လုံး လျှို့ဝှက်ထားနိုင်လို့လား။ မလုပ်နိုင်ရင်တော့ မိုးကြိုးငါးချက်ပစ်ခံရပြီး သေဖို့သာပြင်ထားတော့”
ယွီဟွေးဖေးက ဘူးသီးစကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားမိသည်။
အဝါရောင်ဘူးသီးပြောသလိုပဲ၊ တကယ်လို့ မိန်းမယူဖြစ်ခဲ့ရင် လက်မထပ်ဘဲနေလို့ရမလား။
အတူတူမနေဘဲ နေလို့ရမလား။
ကိုးလွှာဆောင်အကြောင်း မပြောဘဲနေလို့ရမလား။
ကိုးလွှာတိုက်အပေါ်မှာ နောက်ထပ်သုံးလွှာရှိသေးတယ်။
တကယ်လို့ အဲ့ဒါကိုသိသွားရင် ဘယ်လိုလုပ်မလဲ။
ပြီးတော့ ကိုးလွှာတိုက်ကို အကျဉ်းသားတွေ တစ်သုတ်ပြီးတစ်သုတ်လာဦးမှာ။
အဲ့ဒီအခါကျရင် အားလုံးက ဒီဘူးသီးလိုပုံစံတွေနဲ့ဆိုရင် ငါ့မိန်းမမျက်လုံးကိုဖောက်၊ နားကိုကန်းအောင်မလုပ်ဘဲနဲ့ ဘယ်လိုဖုံးကွယ်ထားနိုင်မှာလဲ။
တကယ်လို့သာ ပေါက်ကြားသွားရင် မိုးကြိုးပစ်ခံရပြီး ငါလည်း ကိစ္စတုံးမှာပဲ။
ဒါဆိုရင်တော့ ဘယ်လိုလုပ်ပြီး မိန်းမယူလို့ဖြစ်တော့မလဲ။
သူ့ခေါင်းကြီး တင်းပုတ်လောက်ဖြစ်သွားတယ်။ ကိုးလွှာဆောင်က ထင်သလောက် မက်မောစရာမကောင်းတော့ဘူးလို့ ရုတ်တရက်ခံစားလိုက်ရသည်။
လက်ခံပြီးသားဖြစ်နေပြီမို့ အခုဘာပြောပြောအသုံးမဝင်တော့ဘူး။ သက်ပြင်းချပြီး ဆိုလိုက်သည်။
“အာ… ဒီလိုဆိုရင်တော့ ဒီဘဝက နေလို့မဖြစ်တော့ဘူးပဲ”
“ဒါနဲ့ မင်းနာမည်က နတ်သတ်ဓားပျံဆိုတာ သေချာလို့လား၊ ဘောင်းဘီချွတ် မျက်ပြူးကြီးမဟုတ်ဘူးလား” ယွီဟွေးဖေး ရုတ်တရက် အဝါရောင်ဘူးသီးကိုမေးလိုက်၏။
အဝါရောင်ဘူးသီးက မျက်စောင်းအကြီးကြီးတစ်ချက်ပစ်ကျွေးလိုက်တော့သည်။
တစ်ချိန်တည်းမှာပဲ လူမိုက်တစ်သိုက်က ဘောင်းဘီတိုလေးတွေနဲ့ ရွာပြင်အထိ အသက်လုပြေးနေကြသည်။ ရပ်လိုက်တဲ့အချိန်မှာတောင် ကျောထဲမှာစိမ့်နေတုန်း။
ဟိုထူးဆန်းတဲ့ဘူးသီး လိုက်မလာဘူးဆိုတာသေချာမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အားလုံးက သရဲအခြောက်ခံလိုက်ရတဲ့ရုပ်တွေနဲ့။
“ဖိန်ကော… ဒီကိစ္စက တော်တော်ထူးဆန်းတယ်”
“ဟုတ်တယ် ဖိန်ကော။ အဲ့မျက်လုံးက အသက်ဝင်နေသလိုပဲ။ ငါတို့ကိုကြည့်နေတုန်းက ငါလေတောင်မလည်ရဲဘူး။ မျက်လုံးတစ်ချက်လှည့်လိုက်တာနဲ့ ခါးပတ်ပြတ်သွားတယ်။ ဒါသာ ငါတို့တခြားနေရာကိုစိုက်ကြည့်ပြီး တစ်ချက်လှည့်လိုက်ရင်…” ဝတုတ်တစ်ယောက်က ဒီအထိပြောပြီးတော့ အားလုံးက ခြေထောက်နှစ်ချောင်းကို အလိုလိုစုကပ်လိုက်ကြ၏။
“ဘယ်လိုလုပ်မလဲ ဖိန်ကော။ ဒီပိုက်ဆံကို ဆက်တောင်းဦးမှာလား” နောက်တစ်ယောက်ကမေးသည်။
ဖိန်ကောက စကားမပြောဘဲ ဆေးလိပ်တစ်လိပ်ဖွာပြီး စိတ်ငြိမ်အောင်လုပ်နေ၏။ ခဏကြာတော့မှ “လခွမ်းပဲကွာ… ငါဒီလောက်ကြာအောင် အပင်ပန်းခံကြံစည်ခဲ့တာ ဘာအတွက်လဲ။ ဟိုကိုးလွှာဆောင်အတွက်မဟုတ်လို့လား။ လက်ထဲရောက်တော့မယ့်ဟာကို မင်းတို့က ငါ့ကိုလမ်းတစ်ဝက်မှာ လက်လွှတ်ခိုင်းနေတာလား”
ဝတုတ်တစ်ယောက်က ကပ်ပြော၏။ “ဖိန်ကော… အဲ့ဟာက တော်တော်ဆန်းကြယ်တယ်။ သာမန်နည်းနဲ့တော့ မရနိုင်ဘူး။ ပြီးတော့ အဲ့နေရာရဲ့နောက်က သုသာန်ပဲ၊ ထူးဆန်းတာရှိလည်း မဆန်းပါဘူး”
ဒီစကားကြားတော့ ဖိန်ကောကို သတိပေးလိုက်သလိုဖြစ်သွားသည်။
ဖိန်ကောက ဝတုတ်ကိုကြည့်ပြီး “မင်းမှာ အဆက်အသွယ်ရှိလို့လား” လို့ မေးမြန်လိုက်၏။
ဝတုတ်ကပြုံးပြီး “ငါသိတဲ့ တာအိုဆရာတစ်ယောက်ရှိတယ်။ လုံးဝ လောကီအပြင်က ပုဂ္ဂိုလ်ကြီး။ သူပြောတာတော့ သူက လုံဟူတောင်က ဆရာတော်ရဲ့ ညီတော်တဲ့၊ လုံဟူတောင်မှာ သူ့အဆင့်က တော်တော်မြင့်တယ်။ တန်ခိုးအစွမ်းကလည်း မြင့်မားတယ်၊ နတ်ဆိုးတွေကိုနှိမ်နင်းနိုင်တယ်၊ သရဲတွေကိုမောင်းထုတ်နိုင်တယ်။ ငါထင်တာကတော့…”
“မင်းထင်နေတာတွေထားလိုက်စမ်း။ ငါ့ကိုသူ့ဆီခေါ်သွား။ ဒီကိစ္စသာအောင်မြင်ရင် မင်းကိုဆုကြီးကြီးချမယ်” ဖိန်ကောက ဝတုတ်ကို ပြောရင်းဆိုရင်း ခြေထောက်နဲ့ တစ်ချက်ကန်လိုက်သည်။ ထို့နောက် မကြာခင်မှာပဲ အဖွဲ့ထဲမှ လူတစ်ယောက် ချက်ချင်းထွက်သွား၏။
ယွီဟွေးဖေးကတော့ တံခါးကိုလုံအောင်ပိတ်ပြီး ကိုးလွှာဆောင်ကို စပြီးရှင်းလင်းနေ၏။ မတတ်နိုင်ဘူး၊ သူ့အခြေအနေက တော်တော်ဆိုးနေပြီ။ အကြွေးတွေပတ်လည်ဝိုင်းနေပြီး ပိုက်ဆံရှာနိုင်မယ့်လုပ်ငန်းလည်းမရှိဘူး။
လူယာက ထွက်သွားပြီး သူ့ကို အရှုပ်ထုပ်ကြီးထားခဲ့သည်။ မျက်ပြူးနတ်သတ်ဓားပျံက လူယာထားခဲ့တဲ့ တစ်ခုတည်းသော အကောင်းစားရတနာလေးပေါ့။ ဒါပေမဲ့ ဒီကောင်ကလည်း ငြိမ်ငြိမ်နေတဲ့ကောင်မဟုတ်ဘူး။ ခဏလေးအတွင်းမှာ ဆေးလိပ်ဘူးတစ်ဝက်ကို သောက်ကုန်ပြီ။ ဒီလောက်နဲ့တောင် မျက်ပြူးကြီးက မကျေနပ်သေးဘူး၊ ကျုံးဟွာသောက်ချင်တယ်လို့ အော်နေသေးတယ်။
ယွီဟွေးဖေးလည်း လူယာက သူ့ကိုပစ်ထားခဲ့တာ ဒီကောင့်ကိုမကျွေးနိုင်တော့လို့ဖြစ်မယ်လို့ အလေးအနက် သံသယဝင်နေပြီ။
မျက်ပြူးကြီးနဲ့စကားပြောရင်း ယွီဟွေးဖေးရဲ့ ပြဿနာတစ်ခုကို နားလည်သွားသည်။ အဲ့ဒါက နတ်ဘုရားတွေ လောကီကိုဆင်းလာရင် တန်ခိုးအစွမ်းတွေအကုန်အဖျက်ခံရတယ်၊ သူလိုအစွမ်းထက်ရတနာတောင်မလွတ်ဘူး၊ အခုတော့ ကောင်းကင်ဘုံရဲ့ဓားချက်မိပြီး ဘောင်းဘီချွတ်တာကြီးဖြစ်သွားရတယ်။
မျက်ပြူးကြီးဆိုတဲ့ စူပါတိုက်ခိုက်ရေးစွမ်းအားကို နောက်ပိုင်းမှာဆက်ပြီး အသုံးချနိုင်ဖို့ ယွီဟွေးဖေးက ဆေးလိပ်တစ်စည်းအပိုထပ်ဝယ်ပြီး ဆိုင်ထဲမှာထားပေးလိုက်၏။
မျက်ပြူးကြီးက ယွီဟွေးဖေးလို မျက်နှာချိုသွေးတတ်တဲ့ကောင်လေးကို တော်တော်သဘောကျသွားပုံပဲ၊ ဒါပေမဲ့ ပိုက်ဆံအမြန်ရှာဖို့တော့ သတိပေးဖို့မမေ့ဘူး၊ သူက ကျုံးဟွာပဲသောက်ချင်တာတဲ့။
မျက်ပြူးကြီးကို အားကိုးစရာရသွားတော့ ယွီဟွေးဖေးလည်း သတ္တိတွေရှိလာပြီ။ တုတ်ကို မီးဖိုချောင်ထဲပြန်ထားပြီး တစ်ယောက်တည်းအပြင်မှာထိုင်ရင်း ချမ်းသာကြွယ်ဝလာမယ့်နည်းလမ်းကို စဉ်းစားနေမိသည်။
အခုလောလောဆယ် သူ့မှာ အရင်းအနှီးသိပ်မရှိဘူး၊ ဒါပေမဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ ဒီဆိုင်ကိုသာ ကောင်းကောင်းလည်ပတ်နိုင်ရင် ကိုယ့်ကိုယ်ကိုကျွေးမွေးဖို့တော့ ပြဿနာမရှိလောက်ဘူး။ ဒါပေမဲ့ ဟိုအကြွေးတသီကြီးကို ဆပ်နိုင်ဖို့ဆိုရင်တော့ အမြတ်များများရမယ့်နည်းလမ်းကို စဉ်းစားရတော့မယ်။
တစ်နေ့တာလုံး ဒီလိုနဲ့ပဲကုန်ဆုံးသွား၏။ ညနေစောင်းတော့ ယွီဟွေးဖေး ညစာစားနေတုန်း ဟိုလူမိုက်တစ်သိုက်ကို ပြန်တွေ့တယ်။ ဒီကောင်တွေက ရှို့လင်လမ်းဘေးက စားသောက်ဆိုင်လေးမှာ ထိုင်စားသောက်နေကြတာ။
ဒီကောင်တွေက အစားသိပ်မစားဘဲ အရက်ကတော့ တစ်ပုံးကုန်သွားပြီ။
ယွီဟွေးဖေး နားစွင့်နားထောင်နေတုန်း ဖိန်ကောက ဝတုတ်တစ်ယောက်ကို လက်ညှိုးထိုးပြီး “ဝတုတ်… မင်းအရက်မသောက်တတ်လည်း များများသောက်ထား… သတ္တိပိုရှိလာအောင်”
ဒါကိုကြားတော့ ယွီဟွေးဖေး ရယ်ချင်သွားသည်။ ကြည့်ရတာ မနက်ကတစ်ခေါက်က သူတို့ကိုတော်တော်ခြောက်လှန့်နိုင်ခဲ့ပုံပဲ။
အခု မျက်ပြူးကြီးကိုအားကိုးစရာရှိနေတော့ သူက သတ္တိတွေအပြည့်နဲ့ နှုတ်ခမ်းထောင့်လေးကွေးတက်သွားပြီး ဘီယာတစ်လုံးဆွဲပြီး သူတို့ဆီလမ်းလျှောက်သွားလိုက်ပြီးတော့ ဖိန်ကောဘေးမှာ ဖင်ချထိုင်ပြီး သူ့ပခုံးကိုဖက်ရင်း နှုဆ်ဆက်လိုက်သည်။
“သောက်နေတာလား ဖိန်ကော”
ဖိန်ကောက ကြောင်ပြီး သူကိုတစ်ချက်ကြည့်ပြီးတော့ “မင်းပဲလား… ခွေးမသား၊ မင်းငါ့ကိုလာရှာရဲသေးတယ်ပေါ့”
ယွီဟွေးဖေးလည်း ဟီးဟီးရယ်ပြီး “ရဲတာပေါ့၊ ဘယ်သူက ငါ့ကိုအားကိုးစရာလဲဆိုတာ သိတယ်မလား”
ပြောပြီးတော့ ယွီဟွေးဖေး မျက်ခုံးပင့်ပြပြီး ‘မင်းနားလည်ပါတယ်’ ဆိုတဲ့အကြည့်နဲ့ ဖိန်ကောကိုကြည့်လိုက်သည်။
ဖိန်ကောတို့တစ်သိုက်လည်း ဟိုပျံနေတဲ့မျက်ပြူးကြီးကို သတိရပြီး တစ်ကိုယ်လုံးချမ်းတက်သွား၏။
ယွီဟွေးဖေးလည်း ဒီကောင်တွေ တကယ်ကြောက်နေမှန်းသိတော့ သတ္တိပိုရှိလာပြီး ကိုယ့်အတွက်ဘီယာတစ်ခွက်ငှဲ့ရင်း “ဖိန်ကော ဟုတ်တယ်မလား။ ငါ မင်းကို အခုကစပြီး ဖိန်ဖိန်လေးလို့ပဲ ခေါ်တော့မယ်”
“မင်းခွေးမသား ဘယ်သူ့ကို ဖိန်ဖိန်လေးလို့ခေါ်နေတာလဲ” ဖိန်ကောချက်ချင်းဒေါသထွက်သွားသည်။ ဒီနာမည်က ဘယ်လိုနားထောင်နားထောင် မယားငယ်နာမည်ကျနေတာပဲ။
ယွီဟွေးဖေးကတော့ သူမျက်နှာကြီးနီပြီး ဒေါသထွက်နေတာကိုဂရုမစိုက်ဘဲ ပြုံးဖြီးဖြီးနဲ့ “ဖိန်ဖိန်လေးရယ်… ကြည့်လေ၊ ပိုက်ဆံက ငါ မင်းဆီကချေးတာမဟုတ်ဘူး၊ ဒါပေမဲ့ နောက်ဆုံးတော့ င့ါဆွေမျိုးချေးတာပဲလေ”
“ဒီလိုလုပ်ပါလား… မင်းကို ငါဒုက္ခမပေးတော့ဘူး၊ ငါက သူ့ကိုယ်စား တစ်စိတ်တစ်ပိုင်းပြန်ဆပ်ပေးမယ်၊ ကျန်တာကို ခင်ဗျားကိုယ်တိုင်သူ့ဆီသွားတောင်းတော့။ ဘယ်လိုလဲ”
ဖိန်ကောက သံသယမျက်လုံးတွေနဲ့ ယွီဟွေးဖေးကိုကြည့်ပြီး “မင်း… ဘယ်လောက်ပြန်ဆပ်မှာလဲ”
ယွီဟွေးဖေး ပြုံးလိုက်ပြီး လက်ကိုအိတ်ထဲနှိုက်လိုက်ပြီးတော့ အပြုံးကခဲသွားပြီး မျက်နှာကြီးမည်းသွား၏။ စိတ်ထဲမှာလည်း ကျိန်ဆဲမိလိုက်သည်။
‘သောက်ခွေးပဲ…၊ ငါ့ပိုက်ဆံအိတ်ရော။ ဘယ်ခွေးမသားက ငါ့ပိုက်ဆံအိတ်ကိုခိုးသွားတာလဲ’
ဖိန်ကောက ယွီဟွေးဖေးကို စိုက်ကြည့်ရင်း “ဘယ်လောက်ပြန်ဆပ်မှာလဲ” လို့ ထပ်မေးသည်။