အကျဉ်းသား
Vol. 1 Ch. 10
“ဖိန်ကော… ငါစဉ်းစားကြည့်ရသလောက် ဒါကထောင်ချောက်များလား။ သူတကယ်အားကိုးစရာမရှိတော့ရင် ဘယ်လိုလုပ်ဒီလောက်ကြွားရဲမှာလဲ။ အားကိုးစရာမရှိတော့တာကို အော်ပြောတယ်၊ ဒါကကိုယ့်သေတွင်းကိုယ်တူးနေတာမဟုတ်ဘူးလား။ ငါထင်တာကတော့ အဲ့ဟာက ဒီခြံထဲကထွက်လို့မရဘူး။ ဒါကြောင့်မို့ ယွီဟွေ့ဖေးက ငါတို့ကိုအထဲဝင်အောင်ဆွဲဆောင်နေတာ” ဝတုတ်က ကပ်တိုးလေး ပြောလိုက်သည်။
“ငါ့ရွာမှာ ဒဏ္ဍာရီရှိတယ်၊ သရဲမွေးတဲ့ဆရာတွေက လူသားနဲ့ သရဲကိုပူဇော်ရတာကြိုက်တယ်တဲ့။ ကြည့်လေ… ညသန်းခေါင်နီးနေပြီ၊ ဒီအချိန်ကလည်း တိုက်ဆိုင်လွန်းတယ်”
ဒါကိုကြားတော့ ဖိန်ကောတစ်ချက်တုန်သွား၏။ သူလည်း ယွီဟွေးဖေးက သူ့ကိုတကယ်လိမ်နေတာလားဆိုတာ မသေချာတော့ဘူး။
ဖိန်ကောက ဝတုတ်ကိုတစ်ချက်ကြည့်ပြီး ဆေးလိပ်တစ်လိပ်မီးညှိရင်း မေးမြန်းလေ၏။ “ဒါဆို ဆရာကြီးရော။ စရန်ငွေပေးပြီးပြီလေ၊ လူကဘာလို့မရောက်သေးတာလဲ”
“သူရောက်တော့မှာပါ၊ ဆယ့်တစ်နာရီလောက်ဆိုရောက်လောက်ပြီ” လို့ ဝတုတ်က ပြန်ဖြေသည်။
ဖိန်ကောက မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်၏။ မျက်ပြူးကြီးရဲ့စကားကို သူသေချာကြားလိုက်သည်။ အဲ့ကောင်က တစ်နေ့ကိုတစ်ခါပဲလှုပ်ရှားနိုင်တယ်။ တကယ်လို့မှန်ရင် ဆယ့်နှစ်နာရီမထိုးခင်က ယွီဟွေ့ဖေး အကြောက်ဆုံးအချိန်ပဲ၊ ဆရာကြီးရောက်လာရင်လည်း အဲ့မိစ္ဆာကိုနှိမ်နင်းဖို့အကောင်းဆုံးပဲ။
တစ်နာရီအချိန်က သူတို့ ယွီဟွေးဖေးကို ကိုယ့်ကိုယ်ကို မထူနိုင်တဲ့အထိ ရိုက်နှက်ဖို့လုံလောက်၏။
ဒါနဲ့ ဖိန်ကောက အဘိုးကြီးကို အိမ်ပြန်ပြီးပစ္စည်းသွားယူခိုင်းသည်။ သူကတော့ တပည့်တစ်သိုက်နဲ့ လမ်းဘေးမှာထိုင်ပြီး ဘီယာသောက်ရင်း ဆရာကြီးကိုစောင့်နေလေရဲ့။
“အရာရာအဆင်သင့်ဖြစ်ပြီ၊ ဆရာကြီးပဲလိုတော့တယ်”
“ယွီဟွေးဖေး… ယွီဟွေးဖေး… ဟင်းဟင်း… “ ဖိန်ကောက အေးစက်စက်ရေရွတ်ရင်း လက်တပြင်ပြင် ဖြစ်နေလေ၏။
ဒီအချိန်မှာတော့ ယွီဟွေးဖေးက ခြံထဲမှာ မျက်နှာညှိုးငယ်စွာနဲ့ မျက်ပြူးကြီးကိုကြည့်ရင်း “အစ်ကိုကြီး… ခင်ဗျားဒီစကားကို ဘယ်လိုလုပ် အော်ပြောထွက်ရတာလဲဗျာ” ညည်းညူတော့သည်။
မျက်ပြူးကြီးက မျက်နှာပြောင်တိုက်ပြီး ပြန်ဖြေ၏။ “မင်းငါ့ကိုအော်ခိုင်းတာလေ၊ ငါမင်းကိုသေချာအောင်တောင်မေးလိုက်သေးတယ်”
ပြီးတော့ မျက်ပြူးကြီးက ဆေးလိပ်တစ်လိပ်ကို ကိုယ်တိုင်မီးညှိပြီး အေးအေးဆေးဆေးပဲ ဆက်ဆိုသည်။ “ဒီလောက်အသက်ကြီးတဲ့အထိ မင်းလိုကိုယ့်သေတွင်းကိုယ်တူးတဲ့ကောင်မျိုး မမြင်ဖူးဘူး”
ယွီဟွေးဖေးဖြင့် စကားမပြောနိုင်တော့ဘူး၊ စိတ်ထဲမှာလည်း ခါးသီးစွာရယ်လိုက်သည်။ တကယ်ပဲ ပျော်ပြီးရင်ငိုရတာပဲ။ ခဏနေရင်အရိုက်ခံရမှာထားဦး၊ အဓိကက ငါငါးမူးပါဆုံးရှုံးသွားတာ။ ဒါက ပိုက်ဆံပေးပြီး ကိုယ့်ဒုက္ခ ကိုယ့်ဟာကို ရှာတာပဲ။
မျက်ပြူးကြီးက အကြံဆက်ပေးသည်။ “ဒါမှမဟုတ် မင်းရဲတိုင်လိုက်လေ”
ယွီဟွေးဖေး ခါးသီးစွာရယ်ပြီး “ရဲတိုင်မယ်ဟုတ်လား။ နောက်မနေနဲ့… တကယ်လို့ ရဲနဲ့ကောင်းကင်ဘုံကအကျဉ်းသားတွေ တစ်ပြိုင်တည်းရောက်လာရင် ဘယ်လိုရှင်းပြရမလဲ။ ချက်ချင်း ခွဲစိတ်ခံရမှာပေါ့”
ယွီဟွေးဖေး တကယ်စိတ်ညစ်နေပြီ၊ ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ်ဖွာရင်း နောက်ဆုံးတော့ သွားကြိတ်ပြီး “ဖြစ်ချင်ရာဖြစ်ကွာ။ အလွန်ဆုံးတော့ ရန်ဖြစ်ကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် အရင်က ငါက ငါတို့အတန်းရဲ့နောက်တန်းကဘုရင်ပဲ၊ အခုလူမိုက် တစ်ယောက်ကိုကြောက်ရမှာလား။ အလွန်ဆုံးတော့ အတူတူဆေးရုံတက်ကြတာပေါ့”
မျက်ပြူးကြီးက ဟက်ဟက်ပက်ပက်အေးစက်စက်ရယ်ပြီး “သတိပေးလိုက်ဦးမယ်၊ မင်းမှာဆေးရုံတက်ဖို့ ပိုက်ဆံရှိလို့လား။ မင်းတို့ဆီကဆေးရုံက ပိုက်ဆံမပေးဘဲတက်လို့ရတယ်လို့တော့ မပြောနဲ့နော်…”
ယွီဟွေးဖေး၏မျက်နှာ ချက်ချင်းညှိုးကျသွားသည်။
ဒုန်း ဒုန်း ဒုန်း…
တံခါးခေါက်သံသဲ့သဲ့ထွက်လာ၏။ အဲ့ဒါက တံခါးကွင်းက သစ်သားပြားကို ရိုက်တဲ့အသံမဟုတ်ဘဲ လူ့လက်နဲ့တံခါးကိုထုတဲ့အသံ။
ယွီဟွေးဖေး ရင်ထဲမှာ လေးလံသွားတယ်၊ လာမယ့်အရာကတော့ လာပြီဆိုတာသိလိုက်ပြီ။
တံခါးမဖွင့်ချင်ဘူး၊ ဒါပေမဲ့ ငါသိတယ်၊ ငါမဖွင့်လည်းအသုံးမဝင်ဘူး။ ဖိန်ကောတို့တကယ်ဝင်ချင်ရင် ဒီတံခါးကသူတို့ကိုမတားနိုင်ဘူး၊ တံခါးကိုဖျက်ဆီးခံရပြီး အရှုံးပိုများမယ့်အစား ယောက်ျားပီပီ တံခါးဖွင့်ပြီး မျက်နှာချင်းဆိုင်ဖြေရှင်းလိုက်တာက ပိုကောင်းတယ်။
ဒါနဲ့ အံကြိတ်ပြီး လျှောက်သွားရင်း တံခါးကိုအားနဲ့ဆွဲဖွင့်လိုက်၏။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုသတ္တိရှိအောင် ရဲသွေးတင်ပြီး အော်လိုက်သည်။
“ဆံတို ခွေးမသား… ဖြည်းဖြည်းလုပ်၊ ဖျက်ဆီးမိရင် မင်းလျော်နိုင်မှာမဟုတ်ဘူး”
နောက်တစ်ခဏမှာတော့ အေးစက်စက်လေတစ်ချက်တိုက်ခတ်လာတာမို့ ငါ့တစ်ကိုယ်လုံးကြက်သီးတွေထပြီး အရိုးတွေတောင်အေးခဲသွားသလိုပဲ၊ သွားတွေကထိန်းမနိုင်သိမ်းမရ တဂတ်ဂတ်ရိုက်ပြီး တုန်နေပြီ။
ယွီဟွေးဖေး မော့ကြည့်လိုက်တော့ ကြောင်သွား၏။
တံခါးဝမှာ နှစ်မီတာမြင့်တဲ့ လူထွားကြီးတစ်ယောက်ရပ်နေ၏။ အဲ့လူက အမွေးရှည်သံချပ်ကာဝတ်စုံဝတ်ထားပြီး လက်ထဲမှာ သံခရွိုင်သုံးကွင်းပါတဲ့ သံခက်ရင်းခွကြီးကိုင်ထားသည်။
ဒါတင်ထားဦး… ထပ်မော့ကြည့်လိုက်တော့ သူ့လည်ပင်းအပေါ်မှာ နွားခေါင်းတစ်လုံးတပ်ထားတဲ့အပြင် နွားချိုကြီးကလည်း အပြင်ဘက်ကို ကော့ညွှတ်တတ်နေပြန်သေး။ အဓိကက ဒီကောင်က ဆံတိုနဲ့တူတယ်။ သူ့မျက်နှာအမူအရာကိုကြည့်ရတာ တော်တော်လေးမကျေမနပ်ဖြစ်နေပုံပဲ။
နွားခေါင်းက ယွီဟွေးဖေးကိုကြည့်ပြီး ပါးစပ်အကြီးကြီးဖြဲရင်း “မင်းဘယ်သူ့ကို ဆံတိုလို့ခေါ်တာလဲ” လို့ မေးတော့သည်။
ယွီဟွေးဖေးဖြင့် ငိုချင်သွားသည်။ ခြောက်ကပ်ကပ်ရယ်ပြီး အသဲအသန်ရှင်းပြလေ၏။ “အာ… ကျွန်တော်ပြောတာ… ကျွန်တော်ပြောတာက တခြားဆံပင်တိုတစ်ယောက်ကိုဗျ၊ ခင်ဗျားယုံတယ်မလား”
နွားခေါင်းက ဟွန်းခနဲမှုတ်ထုတ်လိုက်တော့ နှာခေါင်းထဲကထွက်လာတဲ့လေနဲ့ နှပ်ရည်တွေက ငါ့ပေါ်ကိုလွင့်စင်လာတော့မလိုပဲ။
ဒီနွားခေါင်းက ဘယ်ကောင်လဲဆိုတာ သေချာမသိတော့ “အဲ့ဒါ… နွား… အစ်ကိုကြီးနွား… ခင်ဗျားဘယ်ကလာတာလဲ။ ဒီကိုဘာလာလုပ်တာလဲ”
နွားခေါင်းက ယွီဟွေးဖေးကို တစ်ချက်ကြည့်ပြီး “မင်းကဒီကအကျဉ်းဦးစီးအသစ်လား”
ယွီဟွေးဖေးကတော့ တည်ငြိမ်စွာရပ်နေ၏။ လုံးဝမလှုပ်ဘူး၊ အဓိကက ခြေထောက်တွေပျော့နေလို့ လှုပ်လို့မရတော့ဘူး။ ပြီးတော့ ခေါင်းကိုနည်းနည်းညိတ်လိုက်ပေမယ့် လည်ပင်းကနည်းနည်းတောင့်နေတယ်။
နွားခေါင်းက “ကောင်းပြီ… ငါကနွားခေါင်း။ ငရဲပြည်မှာ အလုပ်လုပ်တယ်၊ မကြာသေးခင်က မူးပြီးမောင်းလို့အဖမ်းခံရတယ်။ ယမမင်းကြီးက ငါ့ကိုဒီကိုလာပြီးအကျဉ်းကျခံဖို့လွှတ်လိုက်တာ၊ မင်းဆီမှာဘာစားစရာရှိလဲ။ ငါ့ကို နည်းနည်းပေးစမ်း။ ငါကအစားမရွေးဘူး၊ အမဲသားကလွဲရင် အကုန်စားတယ်”
ဒါကိုကြားတော့ ယွီဟွေးဖေး နဖူးမှာချွေးတွေစို့တက်လာတယ်၊ မူးပြီးမောင်းတယ်ဟုတ်လား။
အခုနတ်ဘုရားတွေမှာလည်း အရက်တားမြစ်ချက်ရှိနေပြီလား။
ပြီးတော့ တော်တော်လေးလေးနက်တဲ့ပြဿနာတစ်ခုကို စဉ်းစားမိသွားတယ်၊ စားစရာဟုတ်လား။
ငါ့နှယ်… ကိုယ်တိုင်စားဖို့တောင်ပြဿနာရှိနေတာ၊ ဒီနွားလိုမြင့်ပြီး မြင်းလိုသန်မာတဲ့ နွားခေါင်းမိစ္ဆာကို ဘယ်လိုကျွေးနိုင်မှာလဲ။
ပြီးတော့ နွားခေါင်းရဲ့လူကောင်ကိုကြည့်ရတာ စားတဲ့ပမာဏက နွားထက်မနည်းလောက်ဘူး၊ နွားကိုစဉ်းစားမိတော့ ခေါင်းထဲမှာအကြံတစ်ခုပေါ်လာတယ်။
“ခဏစောင့်”
ယွီဟွေးဖေး အပြေးအလွှား သုံးလွှာကိုတက်သွားပြီး ခဏနေတော့ လတ်ဆတ်နုနယ်တဲ့ မြက်တစ်စည်းကိုထမ်းပြီးဆင်းလာ၏။ ဘုန်းခနဲ နွားခေါင်းရှေ့မှာပစ်ချပြီး “သုံးဆောင်ပါ… အားမနာပါနဲ့၊ ဗိုက်ကားအောင်ကျွေးမယ်။ တကယ်လို့ အခြောက်စားချင်ရင်လည်း ရှိတယ်၊ ဒါပေမဲ့နည်းနည်းစောင့်ရမယ်၊ သက်ကယ်မိုးအိမ်ပေါ်ကမြက်က ဆွဲရတာသိပ်မလွယ်လို့”
နွားခေါင်းက အကျဉ်းကျခံဖို့လာတဲ့အကျဉ်းသားဆိုတာသေချာသွားတော့ ယွီဟွေးဖေး စိတ်ကလည်း လှုပ်ရှားလာတယ်၊ ဘာပဲဖြစ်ဖြစ် ဒီကောင်ကနောက်ဆိုရင် ကိုယ့်လူဖြစ်တော့မှာ။ သူ့ကိုသာကောင်းကောင်းဂရုစိုက်ရင် ဖိန်ကောတို့က ပြဿနာဟုတ်တော့မှာလား။ ဒါကြောင့် သူက မြက်သွားရိတ်ဖို့ အပေါ်တက်သွားတာ။
ဒါပေမဲ့…
ချွင်…
နွားခေါင်းက လက်ထဲကသံခက်ရင်းခွကို တစ်ချက်ဆောင့်ချပြီး မျက်လုံးနှစ်လုံးက ကြေးနီခေါင်းလောင်းလိုပြူးကျယ်လာသည်။ “မင်းလူကိုအရမ်းစော်ကားလွန်းတယ်”
ယွီဟွေးဖေး ကြောက်လွန်းလို့ နောက်ကိုသုံးမီတာလောက်ခုန်ဆုတ်သွား၏။ ငါကျိန်ပြောရဲတယ်၊ ငါ့တစ်သက်မှာ ဒီလောက်ဝေးဝေးမခုန်ဖူးဘူး။ နွားခေါင်းဒေါသထွက်တာမြင်တော့ ဦးနှောက်က အမြန်အလုပ်လုပ်နေတယ်၊ စိတ်ထဲမှာလည်း ဒီလောက်အသံကျယ်နေတာ ဘယ်လိုလုပ်ပြီး ဘယ်သူမှလာမကူညီတာလဲ။ ပွဲကြည့်ချင်ရင်လည်းလာကြည့်လေ။ လူများရင် သူငါ့ကိုဒုက္ခပေးရခက်မှာပေါ့… အသက်အန္တရာယ်နဲ့ကြုံနေရတဲ့အချိန်မှာ ယွီဟွေးဖေးက နွားခေါင်းကိုလူတွေမြင်သွားမှာကိုတောင်မမှုတော့ဘူး၊ အသက်ရှင်ဖို့ပဲစဉ်းစားတော့တယ်။
မသိစိတ်နဲ့ တံခါးအပြင်ကိုကြည့်လိုက်တော့ တံခါးအပြင်မှာ အမှောင်ထုကြီးနဲ့ အေးစက်စက်လေတွေတိုက်ခတ်နေလေရဲ့။
ဘယ်မှာ ရှို့လင်ရွာ၊ လမ်း၊ လူတွေကကော ဘယ်ရောက်ကုန်တုန်း။ အဲ့အမှောင်လမ်းပေါ်မှာ ကြီးမားတဲ့ဂိတ်တံခါးကြီးတစ်ခုရပ်နေပြီး အပေါ်မှာ စာလုံးကြီးလုံးရေးထား၏။
ငရဲတံခါး…
ယွီဟွေးဖေးရင်ထဲမှာ အေးစက်သွားပြီး တစ်ကိုယ်လုံးကြက်သီးတွေထောင်ထလာ၏။ စိတ်ထဲမှာလည်း ‘ဘုရားရေ၊ ဒါကတကယ်ကြီး ငရဲပြည်ကနွားခေါင်းပဲ’ အေးစက်စက်လေ တစ်ချက်တိုက်ခတ်လိုက်တော့ တစ်ချက်တုန်သွားပြီး ဦးနှောက်ကလည်းနည်းနည်းကြည်လင်လာတာမို့ ချက်ချင်းအော်လိုက်သည်။
“အစ်ကိုကြီးနွား… စိတ်… စိတ်မဆိုးပါနဲ့။ စကားကောင်းကောင်းပြောကြရအောင်လေ”
နွားခေါင်းက ဟွန်းခနဲ နှာမှုတ်ပြီး “မင်းကဒီကအကျဉ်းဦးစီးဖြစ်နေလို့ ငါထောက်ထားနေတာ၊ မဟုတ်ရင် ငါမင်းကိုသံခက်ရင်းခွနဲ့ ထိုးသတ်ပြီးကင်စားပစ်ပြီ”
နွားခေါင်းရဲ့စကားကြားတော့ ယွီဟွေးဖေးရဲ့ ဦးနှောက်ထဲမှာ လျှပ်စီးလက်သွားပြီး စိတ်ထဲမှာအော်လိုက်သည်။
‘ဟုတ်သားပဲ… ငါကအကျဉ်းဦးစီးပဲလေ။ ဘာလို့သူ့လိုအကျဉ်းသားကို ကြောက်နေရမှာလဲ’