ကမ္ဘာ၏ အံ့အားသင့်မှု
Vol. 6 Ch. 525
"ဟင်း ..."
လူတိုင်းက ပင့်သက် တစ်ချက် ရှိုက်လိုက်မိကြသည်။
ဟွာရန်ဖန်းသည် ကျောင်းဟိုင်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က သူသည် တန်ခိုးရှင် အဆင့်ကို ချိုးဖျက်ကာ ဂန္ထဝင် တစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော်လည်း သူကား လင်းရှု့မင်ထံ၌ တစ်ကွက် အတွင်းမှာပင် ရှုံးနိမ့် ခဲ့ရသည်။
"နောက်တစ်ကြိမ် လာစမ်း ..."
ဟွာရန်ဖန်းက အော်ဟစ်ရင်း ရှေ့သို့ တစ်လှမ်း ပြန်တိုးလိုက်သည်။ သူ၏ ခြေထောက်များက လေအား နင်းကာ အပေါ်သို့ အနည်းငယ် တက်သည်။ သူ၏ ဆံပင်ဖြူများက အပ်များ အလား လေထု၌ ဝေ့ဝဲနေ၏။
"သူက ... သေတဲ့အထိ တိုက်ခိုက်တော့မှာလား ..."
ယုဝမ်ကျင်း၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။
ထိုအဖြစ်အပျက်က မြောက်ပိုင်းချုံး၏ ခေါင်းဆောင်များအား စိုးရိမ် ပူပန်စေသည်။ ဟွာရန်ဖန်းသည် မြောက်ပိုင်းချုံး၏ ဒုတိယ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်သည်။ သူ တစ်ခုခုဖြစ်၍ မရပေ။
"ငါ့ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့နောက် နှစ်ခြောက်ဆယ်လောက် ထပ်ကျင့်ကြံလိုက် ..."
လင်းရှု့မင်က ပြောရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကလန့် ..."
ကျယ်လောင်သော အသံနှင့်အတူ ဓားအလင်း ဆယ့်ခုနစ်ခုက သူ၏ လက်တွင် ဖွဲ့စည်းလာကာ ပါ့ကျင်းတောင်အား အုပ်မိုးသည်။
"ဟူး ..."
ဟွာရန်ဖန်းကလည်း လက်နှစ်ဖက်အား ဖြည်းညင်းစွာ ဝှေ့ယမ်းကာ ထိုက်ကျိ စက်ဝိုင်းကို ဖန်တီးသည်။ များစွာသော တိမ်တိုက် သဏ္ဌာန် ချီစွမ်းအားများက ထိုက်ကျိ စက်ဝိုင်းမှ ပေါ်ထွက်လာကာ အနီရောင် ပန်းပွင့်ကို ဖန်တီးသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ဓားအလင်းများ၏ ခုတ်ဖြတ်မှုတွင် အနီရောင် ပန်းပွင့်မှာ ကြံကြံခံ၏။ ဟွာရန်ဖန်း၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်သွားသည့်တိုင် တောင့်ခံ နေနိုင်ဆဲ ဖြစ်သည်။
"ကလန့် ..."
လင်းရှု့မင်က ဓားအလင်း ဆယ့်ခုနစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ အဖြူရောင် အလင်းတန်းကို ဖွဲ့စည်းလိုက်၏။ ဖွဲ့စည်းမှု အောင်မြင်သည်နှင့် လှိုင်းတစ်ခုက ပတ်ဝန်းကျင်ကို ကြမ်းတမ်းစွာ ပျံ့နှံ့သည်။
"ကလန့် ..."
အဖြူရောင် အလင်းတန်းက အနီရောင် ပန်းပွင့်ကို ခုတ်ဖြတ်ကာ ဟွာရန်ဖန်း ဆီသို့ ဆက်လက် တိုးဝင်သည်။ ဟွာရန်ဖန်းက ထို အလင်းတန်းကို ပခုံးဖြင့် ခံကာ နောက်သို့ ကပျာကယာ ဆုတ်လိုက်သည်။
"ဟမ့် ..."
ဟွာရန်ဖန်းက နောက်တစ်ကြိမ် လေထုကို နင်းကာ တိုက်ခိုက်ရန် အသင့် ပြင်သည်။ သို့သော်လည်း သူ၏ ပခုံးတွင်မူ သွေးများက အဆက်မပြတ် စီးကျနေခဲ့၏။ သူကား ဒုတိယ အကြိမ် ရင်ဆိုင်မှုတွင်ပင် ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်သည်။
မြောက်ပိုင်းချုံး နန်းတော် တစ်ခုလုံးကား တိတ်ဆိတ် နေခဲ့ပြီ ဖြစ်သည်။ ဖန့်ချုံးနှင့် အန်ရာတို့ ဆိုလျှင် ထိုမြင်ကွင်းကြောင့် အလွန်ပင် ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။
"အဲဒီ ကောင်လေးက ဘယ်သူလဲ ... သူက ဆရာဟွာကိုတောင် အနိုင်ယူနိုင်တယ် ..."
"ခုနက ပြောတယ်လေ ... သူက လင်းမိသားစုက လင်းရှု့မင် တဲ့ ..."
စားသောက်ပွဲသို့ ရောက်နေသည့် ဧည့်သည်များကား လူငယ်ကို ကြည့်ကာ စိတ်ဝင်တစား ဆွေးနွေးမိကြသည်။
"ဆရာ ... အဆင်ပြေရဲ့လား ..."
ချမ့်တန့်ချင်က ဟွာရန်ဖန် အနားသို့ သွားကာ စိုးရိမ်တကြီး မေးလိုက်သည်။
ယူကီရှီရိုဆာနှင့် မြောက်ပိုင်းချုံး၏ အခြား ပညာရှင်များကား မျက်စိ မျက်မှာ ပျက်နေခဲ့ပြီ ဖြစ်သည်။ ယခု အခြေအနေကား မြောက်ပိုင်းချုံး၏ သေရေးရှင်ရေး ဖြစ်သည်။
"လင်းရှု့မင် ... ရှင်က တရုတ်ရဲ့ အစွမ်း အထက်ဆုံး ဓားသမားပဲ ... ဘာလို့ ရှင်နဲ့ ဘက်ညီတဲ့ ဆရာ့ကို မရှာပဲ အားနည်းတဲ့ လူတွေကို လာတိုက်ခိုက် နေတာလဲ ..."
ယူကီရှီရိုဆာက ဓားအား ကိုင်ရင်း အေးစက်စွာ မေးလိုက်၏။
"မင်းက ငါ့မျိုးဆက် လင်းပို့ကျွင်းကို သတ်ခဲ့တဲ့ ယူကီရှီရိုဆာ မလား ..."
လင်းရှု့မင်က ယူကီရှီရိုဆာကို အကဲခတ်လိုက်၏။ ထို့နောက် သူက လက်တစ်ချက်ကို ဝှေယမ်းရင်း ယူကီရှီရိုဆာ ထံသို့ ဓားအလင်း တစ်ခု ပစ်လွှတ်လိုက်သည်။
ထိုဓားအလင်းသည် ဟွာရန်ဖန်းကို တိုက်ခိုက်သည့် ဓားအလင်းထက် အားနည်းသည့်တိုင် တန်ခိုးရှင် တစ်ပိုင်း အဆင့်ကိုပင် သတ်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
"ကလန့် ..."
ယူကီရှီရိုဆာက ဓားကို ဆွဲထုတ်ကာ အစစ်အမှန် အမတေနှင့် ချိတ်ဆက်လိုက်သည်။
"ကလန့် ..."
အစိမ်းရောင် ပန်းပွင့်က ဓား၏ ဝှေ့ယမ်းမှုတွင် ဖြစ်ပေါ်လာကာ ဓားအလင်းကို တားဆီးလိုက်၏။ သို့သော်လည်း ဓားအလင်း၏ အောက်၌ ပန်းပွင့်မှာ ပျက်စီးကာ ကြွေလွင့်ရသည်။
"ဝေါ့ ..."
ယူကီရှီရိုဆာက သွေးတစ်လုတ် အန်လိုက်ရသော်လည်း နေရာတွင်ပင် မားမားမတ်မတ် ဆက်လက် ရပ်တည်သည်။
"ငါ့တိုက်ခိုက်မှုက သူ့ကို မသတ်နိုင်ဘူးလား ..."
လင်းရှု့မင်ကား ယူကီရှီရိုဆာကို ကြည့်ရင်း အနည်းငယ် အံ့ဩသွား၏။ သူ၏ စိတ်တွင်မူ ယူကီရှီရိုဆာသည် အမှောင် သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များနှင့်ပင် ယှဉ်နိုင်နေပြီဟု မှတ်ချက်ချလိုက်မိသည်။
"ဟမ့် ..."
လင်းရှု့မင်က နှာခေါင်း တစ်ချက်ရှုံ့ရင်း ယူကီရှီရိုဆာထံ ဓားအလင်း တစ်ခု စေလွှတ်လိုက်ပြန်သည်။ ယူကီရှီရိုဆာကား ပထမ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည့်တိုင် အလွန် အားနည်း နေခဲ့ပြီ ဖြစ်သည်။ ဒုတိယ ဓားအလင်းကို ခုခံရန် သေချာမည် မဟုတ်ပေ။
"ရပ်လိုက် ..."
ယုဝမ်ကျင်း၊ အားရှို့၊ ကျိုးကျင်းရီတို့က ယူကီရှီရိုဆာအား ကာကွယ်ရန် ကြိုးစား လိုက်ကြ၏။ သို့သော်လည်း သူတို့ကား ဓားအလင်းနှင့် ယှဉ်ပါက နှေးကွေး လွန်းလှသည်။
"ဘုန်း ..."
ရုတ်တရက် ကြီးမားသော ပုံရိပ်ကြီး တစ်ခု ကောင်းကင်မှ ကျဆင်းကာ ယူကီရှီရိုဆာ၏ ရှေ့၌ ရပ်သည်။ သူက လင်းရှု့မင်၏ ဓားအလင်းကို ခန္ဓာကိုယ် သက်သက်ဖြင့်သာ သက်သောင့်သက်သာ ခံယူလိုက်၏။
"မင်းက ချန်းစံအိမ်က လျှို့ဝှက် ခန္ဓာကိုယ် ကျင့်ကြံသူ ဖြစ်ရမယ် ..."
လင်းရှု့မင်၏ မျက်လုံး၌ အလင်းတစ်ခု လင်းလက်သွား၏။
"ကောင်းပြီလေ ... ဒါကို ခုခံစမ်း ..."
လင်းရှု့မင်က ရေရွတ်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကလန့် ..."
ရုတ်တရက် ယူကီရှီရိုဆာ၏ လက်မှ ဓားက လွင့်ပျံကာ သူ၏ လက်အတွင်း ကျဆင်းသည်။ လက်အတွင်းသို့ ဓားရောက်သည်နှင့် လင်းရှု့မင်ကား စာပေသမား အသွင် ပျောက်ကွယ်ကာ ထက်မြက်သော ဓားတန်ခိုးရှင် အသွင်သို့ ပြောင်းလဲသွား၏။
"ကလန့် ..."
လင်းရှု့မင်က ဓားအား လွှဲကာ ခုတ်ပိုင်းလိုက်၏။ ကောင်းကင်၌ ငွေရောင် ဓားအလင်းတစ်ခု ဖြစ်ပေါ်လာကာ စူးရှ တောက်ပသော ရောင်ခြည်ကို ထုတ်လွှတ်သည်။
"ဘုန်း ..."
ဓားအလင်းက ထုံရှန်း၏ ခန္ဓာကိုယ် အပေါ်သို့ တိုက်ရိုက်ပင် ကျသည်။ ထိုဓားချက်၏ အောက်၌ ထုံရှန်၏ ခန္ဓာကိုယ်က အထိန်းအကွပ် ကင်းမဲ့ကာ နောက်သို့ လွင့်ပျံထွက်သည်။
လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။
ထုံရှန်းသည် တန်ခိုးရှင် အဆင့်ကို ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ဖြင့် တက်လှမ်းခဲ့သူ ဖြစ်သည်။ သူသည် အခြားသော တန်ခိုးရှင် အဆင့်များထက် ပိုမို အစွမ်းထက်သည်။ သို့သော်လည်း သူကား လင်းရှု့မင်၏ တိုက်ခိုက်မှု တစ်ခုတွင်ပင် ရှုံးနိမ့်ရသည်။
"အစွမ်းထက်လိုက်တာ ... သူက တန်ခိုးရှင် နှစ်ယောက်ကို မျက်စိ တစ်မှိတ် အတွင်း အနိုင်ယူခဲ့တယ် ... သူက ဘယ်အဆင့်ကို ရောက်နေပြီလဲ ... မြေကမ္ဘာ အဆင့်များလား ..."
လူတိုင်းသည် လင်းရှု့မင်ကိုကြည့်ကာ ပင့်သက် ရှိုက်လိုက်မိကြ၏။
"လင်းရှု့မင် ... ငါ့ဆရာက မင်းနဲ့ မင်းမိသားစုကို ရအောင် ရှာပြီး သတ်မယ် ဆိုတာ ငါကျိန်ပြောဝံ့တယ် ..."
ဟွာရန်ဖန်းက လင်းရှု့မင်ကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ သူကား အစွမ်းကုန် အသက်ပေး၍ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် ထုံရှန်းက ကောင်းကင်သို့ တက်ကာ ဟွာရန်ဖန်း၏ ဘေးတွင် ရပ်သည်။ မြောက်ပိုင်းချုံး၏ များစွာသော အထွတ်အထိပ်များ၊ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများ ကလည်း သူတို့၏ စွမ်းအားများကို ချိတ်ဆက်ကာ တိုက်ခိုက်ရန် အဆင်သင့် ပြင်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရှု့မင်က ပြုံးလိုက်၏။ ထိုလူများ အားလုံးနှင့် ရင်ဆိုင် ရခြင်းက ပင်လျှင် သူ့အတွက် လွယ်ကူလွန်း လှသည်။
"ဒီနေ့တော့ ဒီလောက်ပဲ ... ချန်းပေ့ရွှမ်းကို ပြောလိုက် ... ငါ အရှေ့ပင်လယ် ကမ်းစပ်မှာ စောင့်နေမယ်လို့ ... သူ ပေါ်မလာရင် မင်းတို့ အားလုံးကို ငါသတ်ပစ်မယ် ..."
လင်းရှု့မင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
"ကလန့် ..."
ယူကီရှီရိုဆာ၏ ရှေ့ဟောင်းဓားက သူ၏ လက်မှ ထွက်ကာ "မြောက်ပိုင်းချုံး နန်းတော်" ဟူသော ဆိုင်းပုဒ်ကို စိုက်သည်။
ထို့နောက် သူက ငေးကြည့်နေသော လူများကို ချန်ရစ်ကာ လေထဲတွင်ပင် ပျောက်ကွယ် သွားတော့၏။
၂၀၁၂ ဇန်နဝါရီ ၄ ရက် ...
လင်းရှု့မင်သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာကာ ပါ့ကျင်းတောင်သို့ သွားခဲ့၏။ သူသည် ဟွာရန်ဖန်းနှင့် ထုံရှန်းတို့အား အနိုင်ယူကာ ချန်းပေ့ရွှမ်းကို အရှေ့ပင်လယ် ကမ်းခြေ၌ တိုက်ခိုက်ရန် စိန်ခေါ်ခဲ့၏။
ထိုသတင်းသည် လျင်မြန်စွာပင် တရုတ်နိုင်ငံ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
"လင်းရှု့မင် တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီ တဲ့ ..."
"သူက ချန်းစံအိမ်က လျှို့ဝှက် ခန္ဓာကိုယ် ကျင့်ကြံသူနဲ့ ဟွာရန်ဖန်းကို အနိုင်ယူ ခဲ့တယ်တဲ့ ..."
"လင်းရှု့မင်က ဘယ်လောက်တောင် အစွမ်းထက် နေပြီလဲ ... လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် ကတောင် တန်ခိုးရှင် ထိပ်ဆုံး အဆင့်ဆိုတော့ အခု သူက မြေကမ္ဘာ အဆင့်ကို ရောက်နေပြီလား ..."
လူတိုင်းကား လင်းရှု့မင်၏ သတင်း၏ စိတ်ဝင်တစား နားစွင့်ကြ၏။
ထိုသတင်းကား တရုတ်တွင်ပင် ရပ်တန့် မနေချေ။ ဂျပန်၊ ဥရောပ၊ အမေရိက စသည့် ကမ္ဘာ အရပ်ရပ်သို့ တောမီးအလား လျင်မြန်စွာပင် ပျံ့နှံ့သွားသည်။
လင်းရှု့မင်ကား ယခင် ကတည်းက နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက်၌ ပါခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့အား ကမ္ဘာ တစ်လုံးခု အာရုံစိုက်သည်မှာ မထူးဆန်းချေ။
"လင်းရှု့မင်က ကမ္ဘာပေါ်မှာ အစွမ်း အထက်ဆုံး တန်ခိုးရှင် ဖြစ်သင့်နေပြီ ... နောက်ဆုံး သူပြသခဲ့တဲ့ စွမ်းအားက ချန်းပေ့ရွှမ်းထက် လုံးဝ မလျော့ဘူး ... ချန်းပေ့ရွှမ်းက သူ့ကို ရင်ဆိုင် နိုင်ပါ့မလား ..."
စီအိုင်အေ၏ သီးသန့်ဖိုရမ်တွင် ပို့စ် တစ်ခု တင်ကာ မေးသည်။ သို့သော်လည်း မည်သူ့တွင်မှ ထိုမေးခွန်း၏ အဖြေ မရှိချေ။
"မြောက်ပိုင်းချုံးဂိုဏ်း အရေးပေါ် အခြေအနေကို ရောက်နေပြီ ..."
အချို့သော လူများက မြောက်ပိုင်းချုံးဂိုဏ်း အကြပ်အတည်း ဖြစ်နေသည်ကို ကြိတ်၍ ဝမ်းသာကြသည်။ ချန်းဖန်တွင် ရန်သူများစွာ ရှိရာ သူတို့က မြောက်ပိုင်းချုံးဂိုဏ်းကို မုန်တီးကြသည်။ ထိုအရာက မထူးဆန်းချေ။
"တကယ်လို့ ချန်းပေ့ရွှမ်းသာ ထွက်ပေါ် မလာရင် လင်းရှု့မင်က သူ့ရဲ့ ငှက်ကလေးတွေကို သတ်ပစ်လိမ့်မယ် ..."
"ဟီဟီး ... ချန်းပေ့ရွှမ်းက ကြောက်နေတာ ဖြစ်မယ် ... ဒါကြောင့်ပဲ သူက ပြန်လမ်းမဲ့ တောင်ကြားမှာ ပုန်းနေတာ ..."
"လင်းရှု့မင်က ဟွာရန်ဖန်းကို ဓားတောင် မသုံးပဲ အနိုင်ယူခဲ့တယ် ... ငါသာ ချန်းပေ့ရွှမ်း နေရာမှာသာ ဆိုရင်လည်း ပုန်းနေမိမှာပဲ ..."
လူအများက အင်တာနက်ပေါ်၌ ချန်းဖန် အကြောင်းကို အရသာခံကာ ပြောဆိုကြသည်။
ထိုအချိန်၌ မြောက်ပိုင်းချုံး နန်းတော်၌ များစွာသော ဂိုဏ်းဝင်များ စုရုံး နေကြ၏။ ချန်းဟွိုက်အန်း၊ ချန်းနဉ်၊ ဝမ်ရှောက်ယွင် တို့ပင် ပါ့ကျင်းတောင်သို့ တစ်ခုခု အကူအညီ ဖြစ်လိုဖြစ်ငြား ရောက်နေကြသည်။
"ဆရာ ပြန်လာပါ့ မလား ..."
ယုဝမ်ကျင်းက တီးတိုး ရေရွတ်လိုက်သည်။
သို့သော်လည်း သူမ၏ မေးခွန်းကို မည်သူမျှ မဖြေနိုင်ကြချေ။
အားရှို့သည် ယူကီရှီရိုဆာ၏ ဘေး၌ တိတ်ဆိတ်စွာပင် ထိုင်နေခဲ့၏။ သူမက ရဲ့ချင်စန်းထံမှ အကူအညီတောင်းရန် အကြံပေးသည်။
သို့သော်လည်း ရဲ့ချင်စန်းသည် အခြားလူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။ သူကား တရုတ်၏ လုံခြုံရေးကိုသာ ဂရုစိုက်သည်။
မြောက်ပိုင်းချုံး ဂိုဏ်းဝင် အားလုံးကား မျက်စိ မျက်နှာ ပျက်နေကြပြီ ဖြစ်သည်။ သူတို့တွင် မျှော်လင့်စရာ ဟူ၍ ချန်းဖန် အချိန်မီ ထွက်ပေါ်လာရန်သာ ရှိတော့၏။
"မြောက်ပိုင်းချုံးဂိုဏ်းက လင်းရှု့မင်ရဲ့ လက်မှာ ပျက်စီးရတော့မှာလား ..."
ယူကီရှီရိုဆာက သက်ပြင်း တစ်ချက်ချရင်း တွေးလိုက်မိတော့၏။
၂၀၁၂ ဇန်နဝါရီ ၅ ရက် ...
အသစ်ထွက်ပေါ်လာသော သတင်း တစ်ခုက တစ်ကမ္ဘာလုံးအား လှုပ်ခတ် သွားစေသည်။
ထိုသတင်းကား ... "ချန်းပေ့ရွှမ်းသည် စင်္ကာပူတွင် ပြန်လည် ထွက်ပေါ်လာပြီး တန်ခိုးရှင် သုံးယောက်ကို သတ်ခဲ့သည်" ဟူ၍။
***