မူးပြီးအမောင်းခံရခြင်း
Vol. 1 Ch. 13
နွားခေါင်းပြောတာက နည်းနည်းလျှောက်ပြောနေပေမယ့် လက်ပါလာတော့ တော်တော်လေးကြောက်စရာကောင်းသွား၏။ လက်တစ်ဖက်နဲ့ ဘေးကိုပုတ်ထုတ်လိုက်တော့ ဖိန်ကောရဲ့ခါးလောက်တုတ်တဲ့လက်မောင်းက သံတိုင်ကြီးတစ်ချောင်းနဲ့ ရိုက်သလိုပဲ။
နွားခေါင်းက ဘာနည်းစနစ်မှမသုံးဘူး။ လက်အကြီးကြီးနဲ့ဘေးကိုတွန်းထုတ်၊ ဘယ်ညာတစ်ချက်ဝှေ့ယမ်းလိုက်တော့ အဲ့တပည့်တွေက နတ်ဆိုးနှိမ်နင်းတဲ့တောင်ဝှေးနဲ့ အရိုက်ခံရတဲ့ မြက်ပင်လေးတွေလိုဖြစ်သွားသည်။ ပြီးတော့ နွားခေါင်းက ကြက်သွန်မြိတ်နှုတ်သလိုပဲ၊ လက်တစ်ဖက်နဲ့ တစ်ယောက်ဆွဲမပြီး တိုက်ရိုက်ကောင်းကင်ပေါ်ကို ပစ်တင်၏။
“ကယ်ကြပါဦး” ဖိန်ကောက ခြောက်မီတာအမြင့်လောက် ကောင်းကင်ပေါ်ကိုပျံတက်သွားပြီး လက်နှစ်ဖက်ကိုဝှေ့ယမ်းရင်း အဆက်မပြတ်အော်ဟစ်နေ၏။
အဲ့ဒီအချိန်မှာ ယွီဟွေးဖေး နောက်ဆုံးတော့သတိပြန်ဝင်လာပြီး အမြန်အော်၏။
“အစ်ကိုကြီးနွား… အစ်ကိုကြီးနွား… လူသတ်မှုမဖြစ်စေနဲ့ဦး”
နွားခေါင်းက အိုခနဲတစ်ချက်လုပ်ပြီး ဖိန်ကောဖင်နဲ့မြေပေါ်ကျတော့မယ့်အချိန်မှာ သူကခြေထောက်အကြီးကြီးနဲ့တစ်ချက်ကန်လိုက်တော့ ဖိန်ကောက တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ပြီး မျက်နှာနဲ့အောက်ကိုကျသွား၏။
ဖြောင်းခနဲ အသံတစ်ချက်ထွက်လာပြီး သူသေသေချာချာမြင်လိုက်တယ်၊ ဖိန်ကောအဲ့ဒီအခိုက်အတန့်မှာ ရင်ဘတ်ထားဦး၊ မျက်နှာတောင်ပြားသွားသလိုပဲ။
နွားခေါင်းရဲ့နောက်ဆုံးခြေတစ်ချက်ကန်လိုက်တာက အားအများစုကိုဖယ်ရှားပေးလိုက်တာမို့ တော်သေးတာပေါ့။ ဒါပေမဲ့ ဒီလိုဖြစ်နေရင်တောင် ဒီတစ်ချက်ကျတာကမပေါ့ဘူး၊ မြေပေါ်မှာသွေးတွေနဲ့။
တခြားလူတွေလည်း အောက်ကိုကျလာ၏။ နွားခေါင်းက လူပြက်က ပန်းသီးပစ်ဆော့သလိုပဲ တစ်ယောက်ကိုဖမ်းပြီး တစ်ယောက်ကိုပစ်၊ တစ်ချိန်တည်းမှာပဲ ခြံထဲမှာအော်ဟစ်သံတွေ ဆက်တိုက်ထွက်ပေါ်နေတော့သည်။
ခြံအပြင်ဘက်မှာ ကလေးတစ်ယောက်က အဖွားလက်ကိုဆွဲပြီး ဖြတ်သွားချိန် ရုတ်တရက်ခြံထဲမှာကောင်းကင်ပေါ်ကိုပျံတက်ပြီး အော်ဟစ်နေတဲ့လူတွေကိုမော့ကြည့်ရင်း စိတ်လှုပ်ရှားစွာနဲ့အော်၏။
“အဖွား… အဲ့မှာကစားကွင်းရှိတယ်ထင်တယ်။ သွားကစားမယ်” ပြောပြီးတော့ အဖွားကနှုတ်ခမ်းစူပြီးမထီမဲ့မြင်နဲ့ ပြောလိုက်သည်။
“ဒီကောင်တွေ ခုန်ခုန်ကစားတာကိုတောင် ကြောက်လန့်တကြားအော်နေကြတယ်။ ရှက်ဖို့ကောင်းလိုက်တာ”
ကောင်းကင်မှာပျံနေတဲ့ ဖိန်ကောတို့တွေ ဒါကိုကြားတော့ ငိုချင်စိတ်တွေပေါက်လာ၏။
ဒါက ခုန်ခုန်ကစားကွင်းမှမဟုတ်တာ။ အသက်လုနေရတာဟ။
တံခါးပြန်ဖွင့်လိုက်တော့ ဖိန်ကောတို့တစ်သိုက်က ခြေထောက်တွေပျော့ခွေပြီး နံရံကိုမှီပြီးထွက်သွားကြ၏။ ဖိန်ကောက မျက်နှာကိုအုပ်ပြီး ယိုင်နဲ့ယိုင်နဲ့နဲ့အပြင်ထွက်သွားသည်။
“ဖိန်ကော… အားရင်လာလည်ဦးနော်”
ယွီဟွေးဖေးရဲ့ အော်သံကိုကြားလိုက်ရပေမယ့် ဖိန်ကောက ဘာမှပြန်မပြောဘဲ တပည့်တွေနဲ့အတူ နံရံကိုမှီပြီး ပိုမြန်မြန်ပြေးတော့သည်။
လူတွေအကုန်သွားတော့ ယွီဟွေးဖေးလည်း နဖူးကချွေးတွေကိုသုတ်လိုက်၏။ ခုနက နွားခေါင်း လက်လွန်ပြီး ဟိုလူမိုက်တွေကို ညှစ်သတ်လိုက်မှာ သူတကယ်ကြောက်နေတာ။ အဲ့လိုသာဆိုရင် အကျိုးဆက်က တော်တော်ဆိုးမှာ၊ သူလည်း ထောင်ထဲမှာတစ်သက်လုံးနေရတော့မှာလေ။
တော်သေးတာပေါ့၊ နွားခေါင်းကထိန်းနိုင်ခဲ့တယ်။
ယွီဟွေးဖေး အမြန်တံခါးကိုပိတ်လိုက်သည်။ မဟုတ်ရင် ဒီလောက်ကြီးတဲ့လူက နွားခေါင်းတပ်ထားတာကို လူတွေဓာတ်ပုံရိုက်မိရင် သူဒုက္ခရောက်မှာ။
အနည်းဆုံးတော့ ရှင်းပြလို့မရဘူးလေ။
ဟိုလူမိုက်တွေကိစ္စကိုတော့ သူလည်းမတတ်နိုင်တော့ဘူး။
“ဟေး… ယွီလေး၊ အနိုင်ရပြီးတာတောင် မင်းဘာလို့မျက်နှာညှိုးငယ်နေတာလဲ” နွားခေါင်းက ကပ်မေး၏။
ယွီဟွေးဖေး သက်ပြင်းချပြီး”ခင်ဗျားဒီကိုလာတာက တစ်ရက်နှစ်ရက်မဟုတ်ဘူး။ နောက်ဆိုရင်နေ့တွေအများကြီးရှိသေးတယ်။ ခင်ဗျားက နွားခေါင်းအကြီးကြီးတပ်ထားတာလေ။ တကယ်လို့လူတွေမြင်သွားရင်ဘယ်လိုလုပ်မလဲ။ ကျွန်တော် မပူပန်ဘဲနေနိုင်မလား”
နွားခေါင်းကတော့ ဂရုမစိုက်တဲ့ပုံနဲ့ လက်ဖြန့်ပြီး ရှင်းပြ၏။ “အဲ့ဒါကတော့ ငါ့ကိစ္စမဟုတ်ဘူး။ မင်းဘာသာမင်းစဉ်းစားပေါ့”
“ခင်ဗျားကနတ်ဘုရားမဟုတ်ဘူးလား။ ခင်ဗျားပုံစံပြောင်းလိုက်လို့မရဘူးလား” ယွီဟွေးဖေး ထပ်မေး၏။
နွားခေါင်းကခေါင်းခါပြသည်။ “တန်ခိုးတွေအကုန်အပိတ်ခံထားရတာလေ။ အဲ့တော့ လုံးဝပြောင်းလို့မရဘူး။ ဒါနဲ့ ငါဘယ်မှာနေရမှာလဲ”
ယွီဟွေးဖေးက နောက်ခြံကနှစ်ထပ်အိမ်လေးကိုလက်ညှိုးထိုးလိုက်သည်။ “ခင်ဗျားဘာသာအခန်းရွေး”
ပြီးတော့ ဒီနွားခေါင်းပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆက်စဉ်းစားနေ၏။
နွားခေါင်းကအပေါ်တက်သွားပြီး ခဏနေတော့အော်ရယ်သည်။
“အဟား… ဒီပြတင်းပေါက်ကကြီးလိုက်တာ။ ငါဒါပဲယူမယ်”
ယွီဟွေးဖေးကြားတော့ အမြန်အပေါ်ထပ်ကိုပြေးတက်သွားပြီး နွားခေါင်းသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူ့ကိုအတင်းတစ်ထပ်ကိုဆွဲချလိုက်သည်။
“ခင်ဗျားဒီမှာပဲနေတော့။ ခင်ဗျား ဒုတိယထပ်မှာနေရင် လူတွေမြင်လွယ်တယ်၊ ကျွန်တော်အသက်ရှည်ချင်သေးတယ်”
နွားခေါင်းက မကျေနပ်ပေမယ့် သူအစီအစဉ်ကိုသဘောတူလိုက်၏။ ကိစ္စတွေပြီးတော့ ယွီဟွေးဖေး နွားခေါင်းကိုမေးမြန်းသည်။
“ခင်ဗျားက မူးပြီးမောင်းလို့ ဒီကိုပို့ခံရတာဆို”
နွားခေါင်းက ခေါင်းညိတ်၏။ “အင်း… ဘာဖြစ်လို့လဲ”
ယွီဟွေးဖေးလည်း စပ်စပ်စုစု မေးလိုက်သည်။ “ခင်ဗျားတို့ငရဲပြည်မှာ ကားရှိလို့လား”
နွားခေါင်းက ခေါင်းခါပြလိုက်တာမို့ ယွီဟွေးဖေး ကြောင်သွားသည်။ “ကားမရှိဘဲ ခင်ဗျားဘယ်လိုမူးပြီးမောင်းတာလဲ”
နွားခေါင်း သေချာစဉ်းစားပြီး “သူတို့ပြောတာက ငါမူးပြီးမြင်းစီးတာက မူးပြီးမောင်းတာနဲ့တူတူပဲတဲ့”
ယွီဟွေးဖေးက နွားခေါင်းကို ရှေးခေတ်လူအမျိုးအစားထဲထည့်ထားတော့ ရှေးခေတ်လူတွေမြင်းစီးတာကလည်း မူးပြီးမောင်းတာနဲ့တူတူပဲပေါ့။
ဒါပေမဲ့နွားခေါင်းကချက်ချင်းပြောသည်။ “ဒါပေမဲ့ငါမြင်းဝယ်ထားတာမမှတ်မိဘူး။ ပြီးတော့ ငါတို့လိုငရဲသားတွေက မြင်းစီးခွင့်မရှိဘူးလေ”
အဲ့ဒီအချိန်မှာပဲ…
ဒုန်းဒုန်းဒုန်း
တံခါးကို ထပ်ခေါက်နေတဲ့ အသံကြားလိုက်ရ၏။
အသံကသဲ့သဲ့မို့ လက်သီးနဲ့တံခါးကို ထိုးနေသလိုပဲ။
ဒီအသံကရင်းနှီးတယ်၊ နွားခေါင်းလာတုန်းကခေါက်သံနဲ့တစ်ပုံစံတည်းပဲ၊ နည်းနည်းပေါ့သွားတာပဲရှိတာ။
ဒါပေမဲ့ နွားခေါင်းကရောက်နေပြီလေ။ ဘာလို့ထပ်ပြီးလူကတံခါးလာခေါက်နေတာလဲ။
ဘေးအိမ်ကအိမ်နီးချင်းများလား။
ဒါမှမဟုတ် ဖိန်ကောတို့တကယ်ရဲတိုင်လိုက်လို့ ရဲကလာစစ်တာလား။
လူတွေမြင်သွားရင် ဒုက္ခရောက်မှာစိုးလို့ ယွီဟွေးဖေးက နွားခေါင်းကို သုံးလွှာကိုတက်ပြီး အမြန်ပုန်းခိုင်းလိုက်၏။
နွားခေါင်းပုန်းပြီးတော့မှ အသက်ကိုဝအောင်ရှူပြီး တံခါးကိုဖွင့်လိုက်သည်။
ရဲကိုတော့ မကြောက်ဘူး။ ဘာပဲဖြစ်ဖြစ် ဥပဒေချိုးဖောက်တာ ဘာမှမလုပ်ထားဘူးလေ။ ကိုယ်မှန်ရင်ဘယ်သူ့ကိုမှမကြောက်ဘူး၊ ကိုယ်သန့်ရှင်းရင် သရဲတံခါးခေါက်တာကို မကြောက်ဘူး။
ဒါပေမဲ့ပြောရရင် အခုလိုအခြေအနေမျိုးရောက်နေတော့ တကယ်သရဲတံခါးခေါက်တာကိုမကြောက်ဘူး၊ ဘာပဲဖြစ်ဖြစ် အိမ်ထဲမှာ ငရဲက နတ်ဘုရားတစ်ပါးနေနေတာလေ။ အဲ့ဒါကသရဲဘိုးဘိုးပဲ။
တံခါးကြီးကို ဖွင့်လိုက်တော့ အဲ့ဒီအခိုက်အတန့်မှာ အေးစက်စက် လေတစ်ချက် တိုက်ခတ်လာတာကိုခံစားလိုက်ရ၏။ လူကိုအရေပြားအေးစက်ပြီး အရိုးတွေအေးခဲသွားစေနိုင်သည်။ သွားတွေ တဂတ်ဂတ်ရိုက်ပြီး တုန်နေပြီ။ ဒီခံစားချက်က နွားခေါင်းလာတုန်းကနဲ့တစ်ပုံစံတည်းပဲ။
ယွီဟွေးဖေး စိတ်ထဲမှာ ညည်းလေတော့သည်။ ဘုရားရေ… နောက်တစ်ယောက်လာပြန်ပြီလား။
အောက်ကနေ အပေါ်ကိုမော့ကြည့်လိုက်တော့ လူ့ခြေထောက်၊ လူ့ကိုယ်၊ အရပ်ကနှစ်မီတာနီးပါးမြင့်တယ်၊ ကိုယ်လုံးကနွားခေါင်းထက်နည်းနည်းသေးသား။ ဒါပေမဲ့ ခေါင်းကနွားခေါင်းမဟုတ်ဘဲ ရှည်မျောမျော မြင်းခေါင်းအကြီးကြီးဖြစ်နေလေရဲ့။
ယွီဟွေးဖေးက နွားခေါင်းကိုတွေ့ဖူးတော့ အတွေ့အကြုံရှိနေပြီ။ လာတဲ့သူက ဘယ်သူလဲဆိုတာချက်ချင်း သိလိုက်သည်။
“မြင်းမျက်နှာလား”
“အို… မင်းငါ့ကိုသိတာလား။ ငါ့အစ်ကိုနွားရော” မြင်းမျက်နှာ ဒီကောင်က နွားခေါင်းထက်ပိုပြီး ခင်လွယ်တယ်။ ရှည်မျောမျောမျက်နှာကြီးက ထောင်ထားတဲ့ ဖိနပ်အောက်ခံပြားလိုပဲ။ ပါးစပ်အကြီးကြီးဖြဲလိုက်တော့ ညီညာတဲ့သွားဖြူကြီးတွေက တော်တော်လေးမျက်စိစူးတယ်။
မြင်းမျက်နှာက ကျွန်တော်ဖိတ်ခေါ်စရာမလိုဘဲ တိုက်ရိုက်ဝင်လာပြီး ကိုယ့်အိမ်ပြန်လာသလိုပဲအော်ဟစ်နေ၏။
“အစ်ကိုကြီးရေ… အစ်ကိုကြီးနွား… ငါလာပြီ။ ငါမြင်းအိုကြီးလေ”
ကျွီးအီအီဆိုပြီး သုံးလွှာတံခါးပွင့်သွားတယ်။
နွားခေါင်းက နွားခေါင်းအကြီးကြီးတစ်လုံးထုတ်ပြီး ခြံထဲကိုကြည့်လိုက်ရာ မြင်းမျက်နှာမှန်းမြင်တော့ ဟားတိုက်ရယ်တော့သည်။
“ညီလေး… မင်းဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”
နွားခေါင်းက ဒီလိုမေးတော့ ယွီဟွေးဖေးလည်းတော်တော်လေး သိချင်နေပြီ။ ဒါပေမဲ့ သူကအရင်ဆုံးတံခါးကိုပိတ်လိုက်တယ်။ မဟုတ်ရင် ဒီအေးစက်စက်လေက တော်တော်လေး အေးစက်ပြီးနေရခက်တာကိုး။
တံခါးပိတ်ပြီးတော့ နွားခေါင်းနဲ့မြင်းမျက်နှာက ဝက်ဝံဖက်ဖက်နေကြပြီ။
နွားခေါင်းရဲ့မေးခွန်းကိုကြားတော့ မြင်းမျက်နှာကနည်းနည်းရှက်ပြီးမျက်နှာနီသွားသည်။ “အဟမ်းဟမ်း… အဲ့ဒါ မူးပြီးမောင်းလို့”
နွားခေါင်းကော ယွီဟွေးဖေးပါ တစ်ပြိုင်နက်ကြောင်သွားသည်။ “မူးပြီးမောင်းလို့တဲ့လား”
မြင်းမျက်နှာကခေါင်းခါပြသည်။ “မူးပြီးမောင်းတယ်လို့လည်း ပြောလို့မရဘူး။ အတိအကျပြောရရင် မူးပြီးအမောင်းခံရတာ။ သူတို့ပြောတာက ငါ့အခြေအနေက မူးပြီးမောင်းတာနဲ့ တူတူပဲတဲ့။ ဒါနဲ့ငါ့ကိုပါ အတူတူ အပြစ်ပေးလိုက်တာ။ အခုထိတောင်အရက်နံ့ရနေတုန်း”
“ငါ့နှယ်… ငါကငရဲပြည်က နတ်ဘုရားတစ်ပါးပါဟ။ ဘယ်ခွေးမသားက ငါမူးနေတုန်း ငါ့ကိုစီးပြီးပြေးရဲတာလဲ”
ဒီစကားထွက်လာတော့ နွားခေါင်းကိုကြည့်လိုက်တေယ့ နွားခေါင်းက ကောင်းကင်ကိုမော့ကြည့်ပြီး ရေရွတ်လိုက်သည်။
“ဒီနေ့လက တော်တော်လေးဝိုင်းတာပဲ”