အဖွဲ့လိုက်ကြီး လာကြတာလား
Vol. 1 Ch. 14
ယွီဟွေးဖေးတစ်ယောက် ချက်ချင်းဆိုသလို အဖြစ်အပျက်မှန်ကို သဘောပေါက်သွားသည်။ ဒီနှစ်ကောင် အပြင်ထွက်ပြီး အရက်သွားသောက်၊ မူးလာတော့ နွားခေါင်းက မြင်းမျက်နှာကို စီးပြီးပြန်လာ၊ အဲ့ဒါနဲ့ နှစ်ကောင်လုံး မူးပြီးယာဉ်မောင်းမှုနဲ့ အဖမ်းခံလိုက်ရတာပဲ။
အဓိကက နွားခေါင်းက သူဘာစီးလာမှန်းမသိဘူး၊ မြင်းမျက်နှာက သူ့ကိုဘယ်သူစီးသွားမှန်းမသိဘူး။
ဒါပေမဲ့ အဆုံးသတ်ကတော့ အတူတူပဲ။
ယွီဟွေးဖေးက နွားခေါင်းကိုကြည့်ပြီး ပန်းပွင့်သလို လှပတဲ့အပြုံးလေး ပြုံးပြလိုက်၏။
နွားခေါင်းက ယွီဟွေးဖေးကို ဆွဲခေါ်ပြီး ပခုံးကိုဖက်ကာ အသံကိုနှိမ့်ပြီးပြောလိုက်သည်။
“ညီအစ်ကိုအစစ်လား”
ယွီဟွေးဖေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ကုန်တင်ကားနှစ်စီးကြား ညပ်နေသလိုခံစားလိုက်ရသည်။ တစ်ကိုယ်လုံးက အရိုးတွေက “ဂျွတ်… ဂျွတ်…” နဲ့မြည်နေပြီး မျက်နှာတစ်ခုလုံး နီရဲတက်လာကာ ပါးစပ်ကနေ စကားတစ်ခွန်းမှထွက်မလာတော့ဘူး။
နွားခေါင်းက ငုံ့ကြည့်လိုက်တော့ ယွီဟွေးဖေးတစ်ယောက် သူ့လက်မောင်းကြားမှာ ညပ်ပြီးသေတော့မလိုဖြစ်နေမှန်းသိတော့ လက်ကိုအမြန်လွှတ်ပေးလိုက်သည်။ ပြီးတော့ သနားစရာမျက်နှာလေးနဲ့ ယွီဟွေးဖေးကိုကြည့်နေ၏။ အဲ့ဒီမျက်လုံးအကြီးကြီးတွေက မျက်ရည်တွေတောင်ထွက်ကျလာတော့မလိုပဲ။
ယွီဟွေးဖေးက မောဟိုက်စွာနဲ့ ပြောလိုက်သည်။ “စိတ်ချ… ညီအစ်ကိုအတွက်ဆိုရင် ဓားတောင်ကြားတောင် ဖြတ်ရဲတယ်။ ဒါပေမဲ့ ကျုပ်နဲ့တော့ အရက်မသောက်ရဘူး”
နွားခေါင်းက ယွီဟွေးဖေးကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်ပြီး မေးလိုက်၏။ “ဘာလို့ မင်းနဲ့အရက်မသောက်ရတာလဲ”
ယွီဟွေးဖေးက နွားခေါင်းရဲ့ ပေါင်နှစ်ရာကျော်လောက်ရှိမယ့် ကိုယ်လုံးကိုယ်ပေါက်ကြီးကိုကြည့်ပြီးပြောလိုက်တယ်။ “ကျုပ်ခင်ဗျားကို ထမ်းမနိုင်မှာစိုးလို့။”
နွားခေါင်း “@#¥@%... …&”
“နွားအစ်ကိုကြီး… ခင်ဗျား ဘာတွေပွစိပွစိပြောနေတာလဲ။ ကျုပ်ပြောမယ်နော်… ပြန်ရောက်သွားရင် ကျုပ်အခွင့်ကောင်းယူသွားတဲ့ ငမိုက်သားကို ရှာပေးရမယ်။ သူ့အမေတောင် သူ့ကိုမမှတ်မိအောင် ထိုးပစ်မယ်။ နွားအစ်ကိုကြီး… ဘာလို့စကားမပြောတော့တာလဲ” မြင်းမျက်နှာက ပွစိပွစိနဲ့မေးလိုက်၏။
နွားခေါင်းက ပါးစပ်ကိုမဲ့ပြီး အောင့်သက်သက်နဲ့ ခေါင်းညိတ်ကာ သဘောတူလိုက်ရသည်။
ပြီးတော့ နွားခေါင်းက အားရပါးရရယ်ပြီးပြောလိုက်၏။
“မြင်းညီလေး… ရောက်မှတော့ ရောက်လာပြီပဲ။ ခွင့်ရက်ယူတယ်လို့ပဲ သဘောထားလိုက်ပါ။ ဒီလိုမပျော်စရာကိစ္စတွေကို အရင်ဘေးဖယ်ထားလိုက်။ ပြီးတော့ ငါပြောရရင် ငါတို့နှစ်ယောက် တာဝန်ချိန်မှာအရက်သောက်တာက မှားတာပဲ။ အဲ့တော့ အပြစ်ပေးခံရတာကလည်း ဖြစ်သင့်တယ်”
“ပြီးတော့လေ… မင်းစဉ်းစားကြည့်။ မင်းအစီးခံရတာတောင်မသိဘူး။ ဒါသာ လူဆိုးတစ်ယောက်နဲ့တွေ့ရင် မင်းကိုယ်ပေါ်က အစိတ်အပိုင်းတချို့ပျောက်သွားရင်တောင် သိမှာမဟုတ်ဘူး”
“ဒါကြောင့် ငါထင်တာတော့ ဒါကို ကံဆိုးမိုးမှောင်ကျရာကနေ ကောင်းချီးမင်္ဂလာရတယ်လို့ ခေါ်ရမယ်…”
အဲ့ဒီအချိန်မှာ နွားခေါင်းက လောကမှာတစ်ယောက်မရှိတဲ့ လိမ်ညာအာဖျံကောင်ကြီးဖြစ်သွားပြီး သူ့ရဲ့သုံးလက်မလောက်ရှည်တဲ့လျှာကြီးနဲ့ လျှောက်ပြောနေတာ မြင်းမျက်နှာတောင် ခေါင်းတညိတ်ညိတ်ဖြစ်သွား၏။
ယွီဟွေးဖေးတစ်ယောက် စိတ်ထဲကနေမချီးကျူးဘဲမနေနိုင်ဘူး။
တကယ်လို့သာ စားစရာမရှိတော့ရင် ဒီကောင့်ကို MLM ကုမ္ပဏီမှာ သင်တန်းဆရာသွားလုပ်ခိုင်းရင် တစ်ညတည်းနဲ့ သူဌေးဖြစ်သွားနိုင်တယ်။
အဲ့ဒီအချိန်မှာပဲ မြင်းမျက်နှာက တစ်ခွန်းမေးလိုက်သည်။
“အစ်ကိုကြီးက ဘာလို့ဝင်လာရတာလဲ”
နွားခေါင်းက ချက်ချင်းတိတ်ဆိတ်သွားချိန် ယွီဟွေးဖေးကတော့ ပြုံးလိုက်ပြီး စိတ်ထဲကနေပြောလိုက်၏။
ငမိုက်သား… မင်းဘယ်လိုဖြေမလဲ ငါကြည့်ချင်သေးတယ်။ ဟားဟား…
နွားခေါင်းက ခဏတိတ်ဆိတ်သွားပြီး လေးနက်တဲ့မျက်နှာနဲ့ ပြော၏။
“အရက်သောက်လို့ဖြစ်တာပေါ့။ တခြားသတ္တဝါနဲ့ လွန်လွန်ကဲကဲရင်းနှီးပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေလို့တဲ့”
ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။ စိတ်ထဲကနေဘဲ တွေးလိုက်သည်။ ဒီကောင်က တကယ်ပဲ လိမ်ညာအာဖျံကောင်ကြီးပဲ။ ဒီလိုတောင်ရသလားဟ။
“ဒါဆို ခင်ဗျားလည်း ကံဆိုးမိုးမှောင်ကျရာကနေ ကောင်းချီးမင်္ဂလာရတာပေါ့” မြင်းမျက်နှာက ခေါင်းညိတ်မိသည်။ နွားခေါင်းလည်း ခေါင်းညိတ်လိုက်ပြီး နှစ်ကောင်သား ဖက်ပြီးငိုကြွေးကြတော့သည်။
ယွီဟွေးဖေးတစ်ယောက် မြင်းမျက်နှာရဲ့ ရှည်လျားတဲ့ခေါင်းထဲမှာ မျက်နှာပဲရှိပြီး ဦးနှောက်မရှိဘူးလို့ သံသယဝင်လာပြီ။ ဒီကောင်ရဲ့အပြုအမူက လုံးဝ မျက်နှာပြောင်တိုက်ပြီး ဦးနှောက်မရှိတဲ့ပုံစံပဲ။
အဲ့ဒီအချိန်မှာပဲ မျက်ပြူးကြီးက ထွက်လာပြီး ချောင်းတစ်ချက်ဟန့်ကာပြောလိုက်၏။
“မင်း မနက်ဖြန်မနက်စာ ဘာစားရမလဲဆိုတာကိုပဲ စဉ်းစားနေတာကောင်းမယ်။ အဲ့ဒီနှစ်ကောင်ရဲ့ပုံစံကိုကြည့်ရတာ ညလယ်စာတောင်စားပြီး အရက်ပါသောက်ချင်နေပုံပဲ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ချက်ချင်းမရယ်နိုင်တော့ဘူး။ ပြီးတော့ မြင်းမျက်နှာက နောက်လှည့်ပြီး ယွီဟွေးဖေးကိုလက်ယက်ခေါ်ကာပြောလိုက်သည်။
“ယွီလေး… ငါတို့ညီအစ်ကိုနှစ်ယောက်တွေ့ရတာ တော်တော်စိတ်လှုပ်ရှားတာပဲ”
“မင်းဆီမှာ အရက်ရှိလား”
“မြည်းစရာက အများကြီးမလိုဘူး။ အသားဟင်းနှစ်မျိုး၊ အရွက်ကြော်တစ်မျိုး၊ ပြီးတော့ မြေပဲဆံကြော်နဲ့ သခွားသီးသုပ်တစ်ပွဲဆိုရပြီ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ပေါက်ကွဲတော့မလို ဖြစ်သွား၏။ တကယ်ပဲ ညလယ်စာ စားချင်နေတာလား။
မြင်းမျက်နှာက ကပ်လာပြီးပြောလိုက်သည်။ “ငါတို့ ပထမဆုံးတွေ့တာလေ။ ဒီပထမဆုံးအရက်ဝိုင်းက မဖြစ်မနေသောက်ရမှာ။ ပျော်ပျော်ပါးပါးသောက်ရမယ်”
ယွီဟွေးဖေးက မျက်လုံးကိုလှန်ပြီး သူ့အိတ်ကပ်ကိုထုတ်ပြကာပြော၏။ “မင်းသာ ပိုက်ဆံရှာတွေ့ရင် မင်းသွားဝယ်လိုက်။ ရှာမတွေ့ရင် မင်းတို့ညီအစ်ကိုနှစ်ယောက် အပေါ်ထပ်တက်ပြီး အိပ်မက်ထဲမှာ အရက်သောက်၊ အသားစားကြတော့။ ငါကတော့ အိပ်ချင်ပြီ”
နောက်ခြံထဲဝင်ပြီး အပေါ်ထပ်တက်တဲ့အချိန်မှာ ယွီဟွေးဖေးတစ်ယောက် စိတ်ထဲကနေကျိတ်ပြီးပျော်နေ၏။ ဒီမြင်းမျက်နှာက စပ်စုစိတ်သိပ်မများဘူးထင်တယ်။ အနည်းဆုံးတော့ ဒီလောက်ကြာနေပြီ၊ မီးသီးကဘာလို့လင်းလဲ၊ မှန်ကဘာလို့မြင်နိုင်လဲဆိုတာ မမေးဘူး။ ဒါပေမဲ့ ယွီဟွေးဖေးက ခြေလှမ်းအနည်းငယ်လှမ်းရုံရှိသေး မြင်းမျက်နှာက လိုက်လာပြီ။
“မင်းဘာလုပ်မလို့လဲ” ယွီဟွေးဖေးက မေးလိုက်၏။
မြင်းမျက်နှာက ပါးစပ်ကိုမဲ့ပြီး ရယ်ကာပြောသည်။ “ယွီလေး… မေးခွန်းတစ်ခုမေးမလို့။ မင်းရဲ့လင်းလင်းလက်လက်ဟာက ညအခါလင်းတဲ့ပုလဲလုံးလား”
“ဘယ်လိုလုပ်ပြီး လူကထိန်းချုပ်လို့ရတာလဲ”
“ပြီးတော့ ပြတင်းပေါက်ပေါ်ကစက္ကူက ဘယ်လိုလုပ်ပြီး မြင်နိုင်တာလဲ”
“ပြီးတော့… ပြီးတော့… အဲ့ဒီပစ္စည်း၊ အထဲမှာလူက လက်ဟန်ခြေဟန်နဲ့ပြနေတာက ဘာရတနာပစ္စည်းလဲ…”
ယွီဟွေးဖေးတစ်ယောက် မေးခွန်းတွေကြောင့် နဖူးပေါ်မှာ မျဉ်းမည်းတွေပြည့်သွား၏။
သူအခု တကယ်ပဲမောနေပြီ။ ဦးနှောက်က မီးသွေးခဲနဲ့အပူပေးထားသလိုပဲ။ တော်တော်မခံမရပ်နိုင်ဖြစ်နေ၏။ စဉ်းစားဖို့နေနေသာသာ သူအခု မျက်လုံးမှိတ်လိုက်တာနဲ့ အိပ်ပျော်သွားနိုင်တယ်။ ဒါပေမဲ့ မြင်းမျက်နှာရဲ့မေးခွန်းတွေကြောင့် သူပေါက်ကွဲတော့မလိုဖြစ်နေလေရဲ့။
အဲ့ဒီအချိန်မှာပဲ နွားခေါင်းကပြေးလာပြီး မြင်းမျက်နှာကိုဖက်ကာ ဆွဲခေါ်သွားရင်းပြောလိုက်၏။
“မမေးနဲ့တော့။ များများမေးရင် လယ်ထွန်ရလိမ့်မယ်”
မြင်းမျက်နှာက ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဘာလို့ များများမေးရင် လယ်ထွန်ရတာလဲ”
“မမေးနဲ့တော့… သွားစို့။ အတိတ်အကြောင်းတွေပြန်ပြောကြမယ်”
ယွီဟွေးဖေးက နွားခေါင်းကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်ပြီး အပေါ်ထပ်တက်ကာ ကုတင်ပေါ်လှဲချလိုက်တာနဲ့ မောပန်းမှုတွေက တိုးဝင်လာပြီး ချက်ချင်းအိပ်ပျော်သွား၏။
ဒါပေမဲ့ ယွီဟွေးဖေးတစ်ယောက် အိပ်ပျော်သွားတာမကြာသေးဘူး၊ အောက်ထပ်ကနေ ဒုန်းဒုန်းနဲ့ တံခါးခေါက်သံထပ်ကြားရပြီးတော့ နွားခေါင်းရဲ့အော်သံကိုကြားရသည်။
“ယွီလေး… လူထပ်လာပြန်ပြီ။ မြန်မြန်လာပြီး တံခါးဖွင့်ပေးဦး”
ဒီကိုးထပ်ဆောင်က သာမန်လူတွေအတွက်တော့ သာမန်ခြံဝင်းကြီးတစ်ခုပဲ။ ဒါပေမဲ့ နွားခေါင်း၊ မြင်းမျက်နှာလို အလုပ်ကြမ်းသမားတွေအတွက်တော့ ဒီနေရာက ထောင်ပဲ။ နွားခေါင်းက ဘယ်လောက်ပဲအားကြီးကြီး ယွီဟွေးဖေးရဲ့ခွင့်ပြုချက်မရှိဘဲ အဲ့ဒီမည်းနက်နေတဲ့တံခါးမကြီးကို တွန်းဖွင့်လို့မရဘူး။
ယွီဟွေးဖေးတစ်ယောက် ဘာမှမတတ်နိုင်တော့ဘဲ မျက်လုံးကို အတင်းဖွင့်ပြီးထကာ အောက်ထပ်ဆင်းပြီး တံခါးဖွင့်လိုက်တော့ ချက်ချင်းတုန်သွား၏။
အဲ့ဒီရင်းနှီးနေတဲ့ အေးစက်စက်လေပြင်းတိုက်ခတ်လာတဲ့ခံစားမှုကြောင့် ယွီဟွေးဖေးတစ်ယောက် ချက်ချင်းနိုးကြားသွားပြီး စိတ်ထဲကနေအော်လိုက်သည်။
“သေစမ်း… နောက်တစ်ယောက်ထပ်လာပြန်ပြီလားဟ”
တံခါးအပြင်ဘက်မှာ လူတစ်ယောက်က အနက်ရောင်ဝတ်စုံဝတ်ထားပြီး မျက်နှာက အစိမ်းရောင်၊ သွားတွေကစွယ်တွေနဲ့ မျက်လုံးတွေက ကြမ်းတမ်းပြီး ခေါင်းပေါ်မှာ ဦးထုပ်ရှည်ကြီးဆောင်းထား၏။ ဦးထုပ်ပေါ်မှာ စာလုံးကြီးလေးလုံးရေးထားတာက လောကငြိမ်းချမ်းပါစေတဲ့လေ။
ဒီလူရဲ့လက်ထဲမှာ ဝိညာဉ်ဖမ်းသံကြိုးကိုကိုင်ထားသေး။ ဒီပုံစံကို ယွီဟွေးဖေးတစ်ယောက် မမေးဘဲနဲ့ ဘယ်သူလဲဆိုတာသိလိုက်ပြီ။
“ဟိတ်ဝူချန်… မင်းက ဘယ်လိုလုပ်ရောက်လာတာလဲ” နွားခေါင်းက အသံကျယ်ကြီးနဲ့အော်လိုက်၏။
အနက်ရောင်ဝတ်စုံနဲ့လူက သူ့ကိုတစ်ချက်ကြည့်ပြီး မျက်လုံးကိုလှန်ကာပြောလိုက်သည်။
“မင်းက ငါ့ကိုလာမေးနေသေးတယ်။ မင်းတို့နှစ်ကောင် ခွေးသေလိုမူးနေတာ။ ငါက ဒီအရက်က ဘာကောင်းလို့လဲလို့ သိချင်သွားတာ။ တစ်ငုံလောက်မြည်းကြည့်လိုက်တာ… အလုပ်ချိန်မှာအရက်သောက်လို့ အပို့ခံလိုက်ရတာပဲ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ စကားမပြောနိုင်တော့ဘူး။ ဒီလိုလည်းရသလား။
ဒီငရဲတမန်တွေက လူပြက်တွေလား။
ဟိတ်ဝူချန်က ယွီဟွေးဖေးကိုတစ်ချက်ကြည့်ပြီး လက်အုပ်ချီကာပြောလိုက်၏။
“ကျွန်တော်… ဟိတ်ဝူချန်၊ ဖန့်ဝူကျို့… အလုပ်ချိန်မှာအရက်သောက်လို့ ထောင်သုံးနှစ်ကျခံရပါတယ်”
ယွီဟွေးဖေးတစ်ယောက်လည်း စိတ်ကိုဖြေလိုက်ပြီ။ ဘာပဲဖြစ်ဖြစ် နွားတစ်ကောင်နဲ့ မြင်းတစ်ကောင်ကိုတောင် သူကျွေးမွေးမနိုင်တော့ဘူး။ နောက်တစ်ယောက်ထပ်တိုးလာလည်း အဖြေကမပြောင်းလဲတော့ဘူး။ ပျက်အစဉ် ပြင်ခဏပဲ။ ယွီဟွေးဖေးက အားရပါးရ ကျေးဇူးပြု၍ဆိုတဲ့ အမူအရာနဲ့ ပြောလိုက်သည်။
“ဝင်လာခဲ့ပါ။ ကိုယ့်ညီအစ်ကိုတွေပဲ။ ကိုယ့်ဘာသာကိုယ် နေရာရှာပြီးထိုင်ကြပါ”
ယွီဟွေးဖေးတစ်ယောက် ဟိတ်ဝူချန်ကို သိပ်မကြည့်ရဲဘူး။ ဘာလို့လဲဆိုတော့ သူ့မျက်နှာက တော်တော်ကြောက်စရာကောင်းတယ်။ အစိမ်းရောင်မျက်နှာ၊ စွယ်တွေနဲ့ အသားကလည်း အစိမ်းရောင်။ တကယ်ပဲ တည့်တည့်မကြည့်နိုင်ဘူး။
ဟိတ်ဝူချန်က မြင်းမျက်နှာလို ရင်းနှီးလွယ်တဲ့ပုံစံမဟုတ်ဘူး။ နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်နေ၏။ ယွီဟွေးဖေးဆီရောက်လာတဲ့ သူတွေထဲမှာ အစည်းကမ်းအရှိဆုံးတစ်ယောက်ပဲ။
အဲ့ဒီအချိန်မှာ နွားခေါင်းက ယွီဟွေးဖေးကို ဟိတ်ဝူချန်ရဲ့အကြောင်းကို မိတ်ဆက်ပေးလိုက်သည်။
“ဟိတ်ဝူချန်ရဲ့ နာမည်ရင်းက ဖန့်ဝူကျို့၊ ရှောင်းအဘိုးကြီး၊ သေခြင်းမှာဝေစုရှိလို့လည်း ခေါ်ကြတယ်။ အသက်ရှင်တုန်းက လူတွေက သူ့ကို ရှစ်ယောက်မြောက်အဘိုးလို့ ခေါ်ကြတယ်။ သေပြီးနောက်မှာတော့ နွားခေါင်းက သူ့ကို ဟိတ်ဝူချန်လို့ခေါ်ရတာပိုကြိုက်တယ်။ ဘာလို့လဲဆိုတော့ ပိုက်ဝူချန်က ဟိတ်ဝူချန်ထက်အကြီးဆိုတော့ ပိုက်ဝူချန်ကို အကြီးကောင်လို့ခေါ်တယ်လေ…”
“ကြားရသလောက်တော့ ဖန့်ဝူကျို့က ကတိသစ္စာကို အရမ်းတန်ဖိုးထားတဲ့လူတစ်ယောက်တဲ့။ အဲ့ဒီတုန်းက သူနဲ့ ခုနစ်ယောက်မြောက်အဘိုး ပိုက်ဝူချန်တို့နှစ်ယောက် အပြင်ထွက်ကြတယ်”
“ပိုက်ဝူချန်က ထီးမေ့ကျန်ခဲ့တာကို သတိရပြီး ပြန်သွားယူချိန် ဟိတ်ဝူချန်က အဲ့ဒီမှာဘဲ ရပ်စောင့်ရင်း ကျန်နေတာ။ မိုးက သည်းသည်းမည်းမည်းရွာပြီး မြစ်ရေကလျှံတက်လာနေပြီ။ ဒါပေမယ့် ဟိတ်ဝူချန်က ပိုက်ဝူချန်ကို မတွေ့မချင်း ဘယ်မှမသွားဘူး။ အဲ့မှာ နောက်ဆုံးတော့ ရေထဲမျောပါသွားကော”
“ပိုက်ဝူချန် ပြန်ရောက်လာတော့ အဲ့ဒါကိုသိသွားပြီး နောင်တကြီးပိုက်ရင်း ကြိုးဆွဲချ သက်သေပါလေကော။ ငရဲပြည်ရောက်တော့ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ ချစ်ခင်မှုကို ယမမင်းကသဘောကျပြီး သူတို့ကို ဝိညာဉ်ဖမ်းတမန်တော်အလုပ်ကို ပေးအပ်ခဲ့တာပေါ့”