← Chapters

အကုန်စုံသွားပြီ

Vol. 1 Ch. 15

အကုန်စုံသွားပြီ

Vol. 1 Ch. 15

နောက်ပိုင်းအကြောင်းကိုပြောရင်း နွားခေါင်းက အသံကိုနှိမ့်ပြီး ယွီဟွေးဖေးကို ပြောလိုက်သည်။

“ဒီဟိတ်ဝူချန်က စည်းကမ်းရှိပေမယ့် တကယ်ဒေါသကြီးတာ။ မကောင်းမှုကိုမုန်းပြီး ရန်ဖြစ်ရင် ငါ့ထက်တောင်ကြမ်းသေးတယ်။ ဒါကြောင့် သူပုံမပေါ်ရင်ထားလိုက်၊ ပုံပေါ်လာရင်တော့ ဘေးဒုက္ခပဲဆောင်ကြဉ်းလာမှာ”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ခေါင်းတွေတောင်ကိုက်လာ၏။ သူလိုသာမန်လူတစ်ယောက်က ငရဲပြည်ကနတ်တွေကို ထိန်းချုပ်နေရတာ ဖိအားကအရမ်းများနေပြီ။ အခုတော့ ဘေးဒုက္ခဆောင်ကြဉ်းလာတဲ့ကောင်တစ်ယောက်ထပ်ရောက်လာတော့ သူ့ခေါင်းက နွားခေါင်းထက်တောင်ကြီးနေပြီလို့ ခံစားလိုက်ရသည်။

ထိုင်နေရင်း ယွီဟွေးဖေးတစ်ယောက် သူ့အိမ်ကမီးသီးကို ခဏခဏလှည့်ကြည့်နေမိ၏။ အခု ဒီမီးသီးကိုဖြုတ်ပြီးလွှင့်ပစ်ချင်နေပြီ။ မဟုတ်ရင် ခဏနေရင် ဟိတ်ဝူချန်က မေးခွန်းဘုရင်ဖြစ်ပြီး ဒါကဘာလို့လင်းလဲ၊ ဟိုဟာကဘာလို့မြင်နိုင်လဲလို့ မေးလာမှာစိုးလို့။

ဒါပေမဲ့ ဟိတ်ဝူချန်က စပ်စုပြီး စမေး၏။

“မင်းက မီးသီးကို ဘာလို့ခဏခဏကြည့်နေတာလဲ”

ယွီဟွေးဖေးက ကြောင်သွား၏။ “မင်း… မင်းဒါကိုသိလို့လား”

ဟိတ်ဝူឆန်က ခေါင်းညိတ်လိုက်သည်။ “ငါက ဝိညာဉ်ဖမ်းတမန်တော်လေ။ လူတစ်ယောက်က သေသင့်ပြီးမသေတဲ့အခါကျရင် ငါက လူ့ပြည်ကိုလာပြီး သူတို့ဝိညာဉ်ကိုဖမ်းရတယ်။ ဒီလူ့ပြည်ကို ခဏခဏလာနေကျဆိုတော့ ဒီမီးသီးကို ငါသိတာပေါ့”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ မျက်ရည်တွေတောင်ဝဲလာ၏။ နောက်ဆုံးတော့ နားလည်တဲ့သူတစ်ယောက်ရောက်လာပြီ။ “မင်းတို့နှစ်ယောက် ဘာမေးခွန်းရှိလဲ။ သူ့ကိုမေး ငါ့ကိုမမေးနဲ့”

မူလကတည်းက နွားခေါင်းနဲ့ မြင်းမျက်နှာက မေးခွန်းတွေအပြည့်နဲ့။ ဒါပေမဲ့ ယွီဟွေးဖေးက ရှင်းပြဖို့အားမရှိတော့ သူတို့လည်းမမေးရဲဘူး။ ယွီဟွေးဖေးရဲ့စကားကိုကြားတော့ ဘာမှမပြောဘဲ ချက်ချင်း ဟိတ်ဝူချန်ဘေးကိုကပ်ပြီး မေးခွန်းတွေစမေးတော့သည်။

“ဟိတ်… မီးသီးဆိုတာဘာလဲ”

“လျှပ်စစ်ရှိရင် လင်းတာလား”

“လျှပ်စစ်က ဘယ်ကလာတာလဲ။ မိုးကြိုးနတ်ကိုမတွေ့ပါလား”

“လျှပ်စစ်ကြိုးလား… ဘယ်မှာလျှပ်စစ်ကြိုးရှိလို့လဲ။ လျှပ်စစ်ကြိုးထဲကလျှပ်စစ်က ဘယ်ကလာတာလဲ”

“အမ်…ဓာတ်အားပေးစက်ရုံ။ ဓာတ်အားပေးစက်ရုံဆိုတာဘာလဲ”

…

ဒီလို ပွစိပွစိနဲ့ အရင်းမြစ်ထိလိုက်မေးနေတဲ့မေးခွန်းတွေကိုကြားတော့ ယွီဟွေးဖေးတစ်ယောက် စိတ်ထဲကနေကျိတ်ပြီးပျော်နေ၏။ ကံကောင်းလို့ သူကမောပြီး သူတို့မေးခွန်းတွေကိုမဖြေခဲ့တာ။ ဒါသာဖြေခဲ့ရင် သူအခု လူဝင်စားရမယ့် လမ်းပေါ်ရောက်နေလောက်ပြီ။

‘ဒီဟိတ်ဝူချန်ရဲ့စိတ်ဓာတ်က မဆိုးဘူးပဲ။ ငါသာဆိုရင် ဒီလောက်မေးတာကိုမခံနိုင်လောက်ဘူး’

‘တကယ်ပဲ… လူကိုတော့ ကိုယ်တိုင်ကြည့်မှသိမှာ။ သူများပြောတာကိုပဲ နားမယောင်သင့်ဘူး’

ဘုန်း…

အသံကျယ်ကြီးတစ်ခုထွက်လာ၏။

ဟိတ်ဝူချန်က စားပွဲကိုရိုက်ပြီးထကာ စားပွဲပေါ်ခုန်တက်ပြီး မြင်းမျက်နှာရဲ့အင်္ကျီကော်လံကိုဆွဲကာ ကြုံးအော်လိုက်သည်။

“မင်း… မပြီးသေးဘူးလားဟ။ မီးနဲ့လည်ပတ်တဲ့ ဓာတ်အားပေးစက်ရုံအကြောင်း မေးပြီးတော့ ဓာတ်အားပေးစက်က ဘယ်လိုအလုပ်လုပ်လဲလို့မေးနေတယ်။ မင်းငါ့ကိုဘာထင်နေလဲ။ စွယ်စုံကျမ်းကြီးလား”

နွားခေါင်းက ချောင်းတစ်ချက်ဟန့်ပြီးပြောလိုက်သည်။ “မြင်း… ဒါက မင်းမှားတာပဲ။ ငါပြောသားပဲ မီးနဲ့လည်ပတ်တဲ့ ဓာတ်အားပေးစက်ရုံအကြောင်း မမေးသင့်ဘူးလို့”

ဟိတ်ဝူချန်က ဒီစကားကြားတော့ မျက်နှာနည်းနည်းပြန်ကောင်းလာပေမဲ့ နွားခေါင်းက ချက်ချင်းဆက်ပြောလိုက်သည်။ “ငါတို့က စွယ်စုံကျမ်းအကြောင်းမေးသင့်တယ်။ အဟမ်းဟမ်း… စွယ်စုံကျမ်းဆိုတာဘာလဲ”

“သေစမ်း… ငါမင်းတို့ကိုသတ်ပစ်မယ်” ဟိတ်ဝူချန်က ဒေါသပေါက်ကွဲပြီး ဝိညာဉ်ဖမ်းသံကြိုးကိုဝှေ့ယမ်းကာ ရန်ဖြစ်တော့မယ်။

အဲ့ဒီအချိန်မှာ…

ဒုန်း… ဒုန်း… ဒုန်း…

တံခါးကိုထပ်ခေါက်ပြန်ပြီ။

သုံးယောက်လုံးရဲ့လှုပ်ရှားမှုတွေ ချက်ချင်းရပ်သွား၏။ ယွီဟွေးဖေးကတော့ စိတ်ထဲကနေချွေးသုတ်လိုက်သည်။ ကံကောင်းလို့ လူထပ်လာတာ။ မဟုတ်ရင် ဒီသုံးကောင်က သူ့ခြံဝင်းကိုဖြိုချပစ်တော့မှာ။

“မင်းတို့သုံးယောက် ခဏငြိမ်ငြိမ်နေ…” ယွီဟွေးဖေးက လက်ကိုဝှေ့ယမ်းပြီး နောက်လှည့်ကာ မျှော်လင့်ချက်မဲ့တဲ့မျက်နှာနဲ့အော်လိုက်သည်။

“ဘယ်သူလဲကွ။ ပိုက်ဝူချန်တော့မဟုတ်ပါဘူးနော်။ မင်းတို့က ငါ့ဆီကို အားလပ်ရက်အပန်းဖြေပြီး ဖဲရိုက်ဖို့လာကြတာလား။ လေးယောက်လေးယောက်နဲ့ အဖွဲ့လိုက်ကြီးလာကြတာလား”

တံခါးကိုဖွင့်လိုက်ချိန် အေးစက်စက်လေပြင်း တိုက်ခတ်လာလေ၏။ ဒါပေမဲ့ ဒီတစ်ခါ ယွီဟွေးဖေးရဲ့အာရုံကြောတွေက မောပန်းမှု၊ အိပ်ချင်မှု၊ အကျင့်ဖြစ်မှုတွေကြောင့် လုံးဝထုံကျင်သွားပြီ။ ခေါင်းကိုစောင်း၊ မျက်လုံးကိုစွေပြီး တံခါးဝကိုကြည့်ကာ လက်ကိုမြှောက်ပြီး ဆေးလိပ်ကမ်းပေးလိုက်၏။

“ဆေးလိပ်သောက်မလား…” နောက်တစ်ခဏမှာ ယွီဟွေးဖေးတစ်ယောက် ခုန်ပြီးအော်တော့သည်။

“သေစမ်း… တကယ်ပဲ ပိုက်ဝူချန်ကြီးလားဟ”

တံခါးဝကလူက အဖြူရောင်ဝတ်စုံဝတ်ထားပြီး မျက်နှာက ဖြူဖျော့နေ၏။ လျှာတစ်ချောင်းက ခါးအထိတွဲကျနေပြီး လက်ထဲမှာ ငိုကြွေးတုတ်တစ်ချောင်းကိုင်ထားသည်။ ခေါင်းပေါ်မှာ ဦးထုပ်ရှည်ကြီးဆောင်းထားပြီး အပေါ်မှာရေးထားတာက “တစ်ချက်မြင်ရုံနဲ့ စီးပွားတက်”။

ဒီလောက်စံချိန်မီတဲ့ ဝတ်စားဆင်ယင်မှုကို ယွီဟွေးဖေးတစ်ယောက် မကြည့်ဘဲနဲ့ ပိုက်ဝူချန်မှန်းသိလိုက်ပြီ။

ဟိတ်ဝူချန်က ပိုက်ဝူချန်ကိုမြင်တော့ ဒေါသနည်းနည်းလျော့သွားပြီး စိတ်လှုပ်ရှားစွာနဲ့မတ်တပ်ရပ်လိုက်သည်။

“ခုနစ်ယောက်မြောက်အစ်ကို… ခင်ဗျားက ဘယ်လိုလုပ်ရောက်လာတာလဲ”

လာတဲ့သူက ပိုက်ဝူချန်ပဲ။ ပိုက်ဝူချန်က ဟိတ်ဝူချန်ကိုတစ်ချက်ကြည့်ပြီး တန်းဝင်လာကာ ဖင်ချထိုင် လက်နှစ်ဖက်နဲ့ လျှာကိုလိပ်ပြီး ပါးစပ်ထဲပြန်ထည့်လိုက်မှ သက်ပြင်းချပြီးပြောလိုက်သည်။

“ငရဲပြည်မှာ အတွင်းရောအပြင်ရော စုစုပေါင်း ငရဲတမန်လေးယောက်ပဲရှိတာ။ မင်းတို့ငမိုက်သားတွေအကုန်လုံးပြေးကုန်တော့ ငါ့တစ်ယောက်တည်းကို လေးယောက်စာ ခိုင်းခံနေရတာ။ ခွေးလိုမောနေပြီ။ ဒါကြောင့် ငါအရက်နည်းနည်းသောက်ပြီး တရားသူကြီးဆီသွားအဖမ်းခံလိုက်တာ”

မြင်းမျက်နှာက ကပ်လာပြီးမေးလိုက်သည်။ “ပြီးတော့ရော”

ပိုက်ဝူချန်က ဒေါသတကြီးပြော၏။ “တရားသူကြီးငမိုက်သားက မယုံဘူး။ သူကငါမမူးဘူးတဲ့”

“ပြီးတော့ရော” ယွီဟွေးဖေးက ဝင်မေးပြန်သည်။

“အဲ့တော့ ငါက သူ့ရှေ့မှာ တစ်ခွက်ကြီးထပ်သောက်ပြလိုက်တယ်လေ”

“ပြီးတော့ရော” ဟိတ်ဝူချန်ကပါ ထပ်မေးလိုက်သည်။

“ဒါတောင် သူကငါမမူးဘူးလို့ပြောနေတုန်းပဲ”

မြင်းမျက်နှာကလည်း ဆက်သိချင်ချင်လို့ မေးပြန်သည်။ “နောက်ဆုံးတော့ရော”

ပိုက်ဝူချန်က သက်ပြင်းချပြီးပြော၏။ “သူမယုံတော့ ငါလည်းသောက်တာပေါ့… နောက်ပိုင်း… မှတ်ဉာဏ်ပြတ်သွားတယ်။ အဲ့ဒီအပိုင်းကိုမမှတ်မိတော့ဘူး။ ဒါပေမဲ့ ငါနိုးလာတဲ့အချိန်မှာ တရားသူကြီးချွေ့ရဲ့လျှို့ဝှက်ချက်ကိုတွေ့လိုက်တယ်”

“ဘာလျှို့ဝှက်ချက်လဲ” အားလုံးက စပ်စုလိုက်ကြ၏။

ယွီဟွေးဖေးလည်း ကပ်သွားပြီး နတ်သိကြားတွေရဲ့အတင်းအဖျင်းကို သိချင်နေပြီလေ။

ပိုက်ဝူချန်က ဟဲဟဲရယ်ပြီး ပြောလိုက်သည်။ “တရားသူကြီးချွေ့က ပုံမှန်ဆိုရင် လူကောင်းတစ်ယောက်လိုပဲ။ တကယ်တော့ ဒေါသကြီးတယ်။ ငါအိပ်ပျော်နေတုန်းက သူဘယ်သူနဲ့ရန်ဖြစ်လာလဲမသိဘူး။ အင်္ကျီတွေစုတ်ပြတ်ပြီး မျက်လုံးတွေက ညိုမည်းနေတာပဲ။ ဘယ်တိရစ္ဆာန်ကောင်ကများ လက်စပြောင်သွားလဲမသိဘူး။ တော်တော်ကြမ်းတာပဲ”

ဒီလိုပြောပြီး ပိုက်ဝူချန်က ခေါင်းကိုခါယမ်းပြီး ညည်းညူသည်။ “ငါလည်းကံဆိုးတာပဲ။ ဒီလိုကိစ္စနဲ့တိုးရတယ်။ အဲ့ဒီကောင်က မနိုင်ခဲ့ဘူးထင်တယ်။ မျက်နှာက ဒေါသတွေအပြည့်နဲ့။ ငါ့ကိုမြင်တော့ ရန်သူကိုမြင်သလိုပဲ။ ဒေါသအားလုံးကို ငါ့အပေါ်ပုံချပြီး ကြိမ်ဒဏ်အချက်ပေါင်းများစွာရိုက်ပြီးတော့ ငါ့ကိုဒီကိုပို့လိုက်တာ။ မင်းတို့ပြောကြည့်… သူအရိုက်ခံရတာနဲ့ ငါနဲ့ဘာဆိုင်လို့လဲ”

ယွီဟွေးဖေးက နားထင်ကို နှိပ်နယ်လိုက်သည်။ ဒီပိုက်ဝူချန်ကို အရူးလို့ပြောရမလား၊ ငတုံးလို့ပြောရမလားတောင်မသိတော့ဘူး။ ဒါတောင်နားမလည်သေးဘူးလား။

သေချာတယ်… ဒီကောင်မူးပြီး တရားသူကြီးချွေ့ကို တစ်ဝကြီးထိုးပစ်လိုက်လို့ အပို့ခံလိုက်ရတာပဲ။

ယွီဟွေးဖေးက စိတ်ထဲကနေ တိတ်တိတ်လေးမှတ်ထားလိုက်၏။ ‘မျက်စိရှေ့က ဒီငရဲတမန်လေးယောက်… အရက်သောက်ရင် စရိုက်ပျက်တယ်’

“ယွီလေး… မြန်မြန်လာ။ မတ်တပ်မရပ်နဲ့။ အတူတူထိုင်။ ငါမင်းကို ငါ့အစ်ကိုကြီးတွေနဲ့မိတ်ဆက်ပေးမယ်” နွားခေါင်းက အားရပါးရဖော်ရွေစွာနဲ့အော်၏။

ယွီဟွေးဖေးက ဘာပြောနိုင်မှာလဲ။ အခြေအနေက ဒီလိုဖြစ်နေပြီ။ မျက်စိစုံမှိတ်ပြီးရင်ဆိုင်ရုံပဲရှိတော့တယ်။ ထိုင်ချရုံရှိသေး ဘူးသီးထဲက မျက်ပြူးကြီးက ဟဲဟဲရယ်ပြီးပြောလိုက်၏။

“ပါးစပ်ခြောက်ပေါက်… မနက်ဖြန်မနက်စာ ဘယ်လိုလုပ်မလဲ”

ယွီဟွေးဖေးတစ်ယောက် ခေါင်းတွေတောင်ကိုက်လာပြီ။

အဲ့ဒီအချိန်မှာ မြင်းမျက်နှာကကပ်လာပြီး တိုးတိုးလေးပြောသည်။ “ကံကောင်းလို့ ပိုက်အစ်ကိုကြီးလည်းရောက်လာတာ”

ဒီစကားကို ယွီဟွေးဖေးက နားမလည်ဘူးတော့ မြင်းမျက်နှာက ဆက်ရှင်းပြ၏။

“ဟိတ်ဝူချန်က ပိုက်အစ်ကိုကြီးစကားကို အနားထောင်ဆုံးပဲ။ သူရှိရင် ဟိတ်ဝူချန်က သိပ်မဆိုးတော့ဘူး။ ပိုက်ဝူချန်နဲ့ ဟိတ်ဝူချန်ကမတူဘူး။ ဟိတ်ဝူချန်က ဘေးဒုက္ခပဲဆောင်ကြဉ်းလာနိုင်တယ်။ ပိုက်ဝူချန်ကတော့ ကြောက်ရွံ့မှုနဲ့ မငြိမ်သက်မှုကို ဆောင်ကြဉ်းလာနိုင်ရုံတင်မကဘူး ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာကိုလည်း ဆောင်ကြဉ်းလာနိုင်တယ်”

ယွီဟွေးဖေးရဲ့မျက်လုံးတွေက တောက်ပသွား၏။

“မင်းဆိုလိုတာက ပိုက်ဝူချန်ရောက်လာရင် ငါ့ကံကောင်းပြီး ချမ်းသာလာမှာလား”

All Chapters